Tuesday, October 28, 2008

ကမ္ဘာ့ငွေကြေးဆိုင်ရာ အကျပ်အတည်း


၂၀၀၈ စက်တင်ဘာလနှင့် အောက်တိုဘာလတွင်စတင်ပြီး ယနေ့ထိတိုင် ဖြစ်နေသည့် ကမ္ဘာ့ ငွေကြေးဆိုင်ရာ အခက်အခဲမှာ ကမ္ဘာ့စီးပွားကပ်ကြီး (the Great Depression) အပြီး အဆိုးဝါးဆုံး စီးပွားရေး ခက်ခဲမှုဖြစ်သည်။ ၂၀၀၈ခုနှစ် စက်တင်ဘာတွင် အမေရိကန်နိုင်ငံ အခြေစိုက် ငွေကြေးဆိုင်ရာကုမ္ပဏီများ၏ အကြပ်အတည်းဆိုက်ရောက်မှုမှ အချို့ကုမ္ပဏီများကို အစိုးရမှ ထိန်းသိမ်းခဲ့ရခြင်းဖြင့် စတင်ခဲ့သည့် အဆိုပါ Crisis သည် ဥရောပနှင့် အမေရိကတိုက်သာမက အာရှတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘဏ်များအထိပါ ဆက်တိုက် ကြီးထွားလာခဲ့သည်။ ၄င်းအခက်အခဲသည် ငွေကြေးအဖြစ်သို့ လွယ်ကူစွာ ပြောင်းလဲခြင်း မပြုနိုင်သည့် Liquidity Problem အဖြစ် တိုးတက်လာခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်များ၊ ဘဏ္ဍာရေး ၀န်ကြီးများနှင့် ဗဟိုဘဏ်အကြီးအကဲများမှ အခက်အခဲအား ဖြေရှင်းနိုင်ရေး ပူးပေါင်းညှိနှိုင်းလုပ်ဆောင်နေကြ သော်လည်း ပြဿနာမှာ ဆက်လက်၍ ဖြစ်ပေါ်နေပါသည် ။

၂၀၀၈ခုနှစ် အစောပိုင်းမှပင် ကမ္ဘာတ၀ှမ်းစီးပွားရေးအခက်အခဲတစ်ခု ဖြစ်ပေါ်နိုင်သည့် အခြေအနေကို ဖော်ပြနေသည့် လက္ခဏာများ တွေ့လာရသည်။ ၄င်းတို့ထဲတွင် ရေနံဈေးနှုန်း ကြီးလာခြင်း၊ ကမ္ဘာတ၀ှမ်း ငွေကြေးဖောင်းပွမှု ဖြစ်လာခြင်း၊ ငွေချေးမှု အကြွေးဝယ်ယူမှုမှ ပြဿနာပေါ်ပေါက်လာခြင်းအပြင် ဘဏ်ကြီများမှ ဒေ၀ါလီခံသွားရခြင်း၊ အလုပ်လက်မဲ့နှုန်း မြင့်တက်လာခြင်းတို့ ပါဝင်ပါသည် ။

လူသုံးကုန်ပစ္စည်းများ မြင့်တက်လာခြင်း
၂၀၀၃ခုနှစ်များမှစ၍ လူသုံးကုန်ပစ္စည်းများ ရောင်းချမှုအားသည် 1980-2000 Great Commodities Depression ကာလအပြီး ပြန်လည်၍ တိုးတက်လာခဲ့သည်။ ရောင်းချမှုအား တိုးတက်လာသည်နှင့်အမျှ ဈေးနှုန်းတက်လာခဲ့ရာမှ ကုန်ပစ္စည်းအများစု၊ အထူးသဖြင့် ရေနံနှင့် စားသောက်ကုန်ပစ္စည်းများ၏ နှုန်းထားများ အဆမတန်တိုးတက်လာသဖြင့် နိုင်ငံအများ၏ စီးပွားရေးအပေါ် ထိခိုက်မှုဖြစ်ပေါ်လာပြီး Stagflation ဟုခေါ်သည့် Demand နှင့် Employment တိုးတက်လာခြင်းမရှိဘဲ ငွေကြေးဖောင်းပွမှု ဖြစ်ခြင်းများနှင့် Globalization အပေါ် ဆိုးကျိုးဖြစ်လာခဲ့သည် ။

သတင်းဌာနများ၏ ထုတ်ပြန်ချက်များအရ ၂၀၀၈ခုနှစ်၊ဖေဖော်ဝါရီမှစ၍ ကမ္ဘာတ၀ှမ်းငွေကြေးဖောင်းပွ မှုမှာ စံချိန်တင်မြင့်တက်လာခဲ့သည်။ IMF ၏ အချက်အလက်များအရ Inflation သည် ရေနံတင်ပို့ ရောင်းချသည့် နိုင်ငံများတွင် အမြင့်ဆုံးဖြစ်နေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါ တိုးတက်ဖြစ်ပေါ်နေသည် ။ ILO ၏ ခန့်မှန်းချက်များအရ ၂၀၀၉ခုနှစ်အရောက်တွင် ယခုငွေကြေးအခက်အခဲကြောင့် ကမ္ဘာတ၀ှမ်း အလုပ်လက်မဲ့ ဦးရေသည် သန်း ၂၀ အထိ ရှိလာလိမ့်မည် ဖြစ်သည် ။

အမေရိကန်နိုင်ငံ ပြည်တွင်း ငွေကြေးဆိုင်ရာအခက်အခဲ
၂၀၀၈ခုနှစ်တွင် အမေရိကန်နိုင်ငံသည် ပစ္စည်းပေါင်နှံမှုပြဿနာ (Mortgage Crisis)နှင့် ဒေါ်လာ တန်ဖိုး လျော့ကျသည့်ပြဿနာများကို ရင်ဆိုင်နေရသည့်အချိန် ဖြစ်သည်။ ၂၀၀၈ခုနှစ် အစောပိုင်း ကာလကပင် အမေရိကန်နိုင်ငံတွင် စီးပွားရေးကျဆင်းမှု စတင်ဖြစ်ပေါ်နေပြီဟု လေ့လာသူ အတော်များများမှ ယုံကြည်ထားကြသည် ။ Federal Reserve ၏ ယခင်သဘာပတိဖြစ်ခဲ့သူ Alan Greenspan မှ US တွင် လက်ရှိဖြစ်ပေါ်နေသည့် ငွေကြေးပြဿနာသည် ဒုတိယကမ္ဘာစစ် အပြီးမှစ၍ အဆိုးဆုံးဖြစ်သည်ဟု မှတ်ချက် ပြုခဲ့သည် ။

July ၁၁ရက်နေ့တွင် အမေရိကန်နိုင်ငံမှ အကြီးဆုံး အပေါင်လက်ခံသည့် Indy Mae အား အစိုးရမှ ထိန်းချုပ်လိုက်သည်။ September 13 တွင် Lehman Brothers မှ တဖန်ဒေ၀ါလီခံသွားခဲ့သည်။ အခြား ရှေ့ဆောင်ငွေကြေးဆိုင်ရာ ကုမ္ပဏီကြီးဖြစ်သော Merill Lynch အားလည်း အမေရိကန် ဘဏ်ကြီး (Bank of America) မှ ၀ယ်ယူခဲ့သည်။ ထိုသို့ Lehman Brothers ဒေ၀ါလီခံခဲ့ရသဖြင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ဖြေရှင်းနိုင်ရန်အတွက် ဘဏ်(၁၀)ခုမှ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ (၇၀)ဘီလီယံအား အရေးပေါ် ရံပုံငွေအဖြစ် မတည်ခဲ့ကြသည်။ ၄င်းအပြင် ၂၀၀၈ခုနှစ်အတွင်း September လအထိ အမေရိကန် နိုင်ငံ တ၀ှမ်း ဒေ၀ါလီခံခဲ့ရသည့် ကုမ္ပဏီစုစုပေါင်း (၈၁)ခု ရှိခဲ့သည်။

စက်တင်ဘာလတွင် အမေရိကန်နိုင်ငံအစိုးရ Secretary of Treasury မှ တင်ပြသည့် အထူး အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ်အား သမ္မတဘုရှ်အစိုးရမှ ကွန်ဂရက်သို့ တင်ပြတောင်းဆိုခဲ့ပြီး ကွန်ဂရက်၌ အခြေအတင်ဆွေးနွေးကြပြီး $ 700 Billion ရှိ Bailout plan အား Congress မှ အတည်ပြု ပေးခဲ့ပါသည်။ အဆိုပါ $ 700 Billion နှင့်အတူ Emergency Economic Stabilization Act 2008 ကိုပါ ပြဌာန်းပြီး အမေရိကန်ပြည်ထောင်စုအတွင်း ဖြစ်ပေါ်နေသည့် Financial Crisis အား ကယ်တင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ အမေရိကန်နိုင်ငံ နည်းတူ EU နိုင်ငံများဖြစ်သော ဗြိတိန်၊ နော်ဝေး၊ သြစတြေးလျ၊ ပြင်သစ် ငွေကြေးဈေးကွက်များကို ကယ်တင်နိုင်ရန် အစီအစဉ်များ ရေးဆွဲလုပ်ဆောင်လာခဲ့ကြသည်။

အောက်တိုဘာ (၁၈)ရက်နှင့် (၁၉)ရက်နေ့များတွင် ပြင်သစ်သမ္မတ ဆာကိုဇီ၊ ဥရောပသမဂ္ဂဥက္ကဌ ဟိုဆေးမင်နူရယ်ဘာရိုဆိုတို့နှင့် တွေ့ဆုံဆွေးနွေးအပြီး သမ္မတဘွတ်ရှ်မှ လာမည့်နိုဝင်ဘာ (၁၅)ရက်နေ့တွင် ၀ါရှင်တန်၌ ငွေကြေးဆိုင်ရာ တာဝန်ရှိသူများ၏ အပြည်ပြည်ဆိုင်ရာ ညီလာခံတစ်ခုကို လက်ခံကျင်းပသွားမည့် အကြောင်း ကြေငြာခဲ့သည်။

ကွန်ရက်မှ အတည်ပြုပေးခဲ့သည့် $ 700 Billion မှ ကနဦး $ 125 Billion အား ပြီးခဲ့သည့် ရက်သတ္တပတ်တွင် အမေရိကန်ဘဏ်ကြီး (၉)ခု၏ ရှယ်ယာများအား ၀ယ်ယူရန်အတွက် သတ်မှတ်ခဲ့ပြီး နောက်ထပ် 125 Billon ဒေါ်လာအားလည်း ပိုမိုသေးငယ်သည့် ငွေချေးလုပ်ငန်းများအတွက် သတ်မှတ် ထားခဲ့သည်။ ၄င်းအပြင် ယခုအခါ U.S Treasury အနေဖြင့် နိုင်ငံအ၀ှမ်းရှိ ဘဏ်များနှင့် အခြား ငွေကြေး လုပ်ငန်းလုပ်ဆောင်သည့် ကုမ္ပဏီများအား ပစ်မှတ်ထားပြီး နောက်ထပ်အကူပေးရန်အတွက် အစီအစဉ်သစ် အဖြစ် အာမခံကုမ္ပဏီများထံမှ အပေါင်ငွေများကို ၀ယ်ယူရန်အတွက် စီစဉ်လျက်ရှိသည် ။

ထိုသို့ပြုလုပ်ခြင်းဖြင့် Treasury Secretary ဟင်နရီပေါလ်ဆင်၏ ကူညီရေးအစီအစဉ်ကို ပိုမို ကျယ်ပြန့်သွားစေမည်ဖြစ်သည် ။ ပေါလ်ဆင်အနေဖြင့် သူ၏မူလ Financial rescue program အစီအစဉ်အား ခန့်မှန်းထားကြသည်ထက် လျှင်မြန်စွာ ဈေးကွက်ပျက်စီးလာသည့်အတွက် Equity ရှယ်ယာများ ၀ယ်ယူရန်အတွက် အာရုံစိုက် လုပ်ဆောင်လာရသည် ။ ဘဏ်ကြီး (၁၀၀)၊ insurance ကုမ္ပဏီ ကြီးများ အပါအ၀င် ငွေကြေးဆိုင်ရာကုမ္ပဏီများဖြင့် ဖွဲ့စည်းထားသည့် Financial Services Roundtable မှလည်း US Treasury အား ကယ်ဆယ်ရေးအစီအစဉ်အား insurance ကုမ္ပဏီများ၊ ငွေကြေးပွဲစား လုပ်ဆောင်သူများ၊ မော်တော်ယာဉ်ထုတ်လုပ်သူများမှလည်း အစိုးရထံသို့ ၄င်းတို့၏ ရှယ်ယာများအား ရောင်းချခွင့်ရရှိစေနိုင်မည့် အစီအစဉ်များကိုပါ ထည့်သွင်းရေးဆွဲပေးရန် ဖိအားပေးလျက် ရှိသည် ။

နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများ
အာရှနှင့် ဥရောပမှ နိုင်ငံခေါင်းဆောင်ကြီးများသည် တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် (၂)ရက်ကြာတွေ့ ဆုံပြီး လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့စီးပွားရေးအခက်အခဲကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေနေကြသည်။ စနေနေ့က ပြုလုပ်ခဲ့သည့် ကြေငြာချက်တွင် ၄င်းတို့က မိမိတို့အနေဖြင့် ကျယ်ပြန့်သည့် သဘောတူညီချက် တစ်ခုကို ငွေကြေးအခက်အခဲကပ်ကြီးအား ဖြေရှင်းရန်အတွက် ရရှိထားပြီးဖြစ်ကြောင်းနှင့် ၄င်းတို့၏ အမြင်များကို နောက်လတွင် ၀ါရှင်တန်၌ ပြုလုပ်မည့် ထိပ်သီးညီလာခံတွင် ဆက်လက်တင်ပြဆွေးနွေးသွား ကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

၎င်းတို့မှ ဆက်လက်၍ ကမ္ဘာ့စီးပွားရေးကို လမ်းညွှန်မှုပေးမည့် ဥပဒေအသစ်များ ချမှတ်နိုင်ရေးနှင့် ပြဿနာနှင့် ရင်ဆိုင်နေရသည့် တိုင်းပြည်များအား အကူအညီပေးရာတွင် IMP မှ ဦးဆောင်သွားရန်ကိုလည်း သဘောတူညီခဲ့ကြသည်။

တရုတ်သမ္မတ ၀မ်ကြားပေါင်မှ ပြောကြားရာတွင် "ကမ္ဘာ့စီးပွားရေးအပေါ် ယခုငွေကြေးပြဿနာမှ အမှန်တကယ်ထိခိုက်မှု မဖြစ်စေရန်အတွက် လိုအပ်သည့်နည်းလမ်းအားလုံးကို အသုံးပြုသွားရပါမည်" ဟု ပြောကြားခဲ့သည်။ သမ္မတ၀မ်မှ ဆက်လက်ပြောကြားရာတွင် ယခုဖြစ်ပေါ်နေသည့် ပြဿနာများအနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ် ထိခိုက်မှုအနည်းငယ်သာ ရှိသေးသော်လည်း ကမ္ဘာတ၀ှမ်း ၀ယ်လိုအား လျော့ဆင်းမှုကြောင့် မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ရောသွားလိမ့်မည်ဟု ပြောကြားခဲ့သည် ။ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၄%သို့ လျော့ကျသွားခဲ့သော်လည်း ကမ္ဘာ့စီပွားရေးအင်အား ကြီးနိုင်ငံများတွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ အမြင့်ဆုံးဖြစ်သည် ။

IMF အနေဖြင့်လည်း အိုက်စလန်မှ စ၍ ပါကစ္စတန်အထိ နိုင်ငံပေါင်း ၁၂နိုင်ငံထံသို့ ချေးငွေထုတ်ချေး နိုင်ရေး ညှိနှိုင်းလျက်ရှိသည်။ အစိုးရများအနေဖြင့်လည်း ဒေါ်လာ 4 Billion ခန့်အထိကို ဘဏ်လုပ်ငန်းများ အပါအ၀င် ငွေကြေးဈေးကွက် ပြန်လည် နလန်ထူလာရေးအတွက် ပမာဏပြရန်အတွက် ကတိက၀တ် ပြုထား ခဲ့သည်။

ယခုအခါတွင် ကမ္ဘာ့ငွေကြေးပြဿနာသည် ဆင်းရဲချမ်းသာ မရွေး တိုင်းပြည်အများ ခံစားနေရပြီ ဖြစ်သည်။ စီးပွားရေးအခက်အခဲမှာ ကြာရှည်စွာဖြစ်မည်ကို စိုးရိမ်လျက်ရှိသည့်အတွက် ကမ္ဘာတ၀ှမ်းနှင့် ရှယ်ယာများ သောကြာနေ့တွင် ထိုးဆင်းသွားစေခဲ့သည်။ အာရှတွင် နီကေ Average သည် ၅နှစ်အတွင်း အောက်ဆုံးအဆင့်အဖြစ် ၉.၆% ထိုးဆင်းသွားခဲ့သည် ထို့အတူ ဟောင်ကောင်၊မွန်ဘေနှင့် ဆိုးလ်မြို့တို့ တွင်လည်း အလားတူ ရှယ်ယာများ ကျဆင်းသွားခဲ့သည်။

ဥရောပတွင်လည်းကောင်း၊ US တွင်လည်းကောင်း၊ အလားတူ ဖြစ်ခဲ့သည့် ဂျပန်၊ယမ်းငွေများမှာမူ ၁၃နှစ်အတွင်း အမြင့်ဆုံးအဖြစ် ၊ US ဒေါ်လာတွင် ၉၄.၆ ယမ်း အထိ ထောင်တက်ခဲ့သည် ။

ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံအားလုံးတို့အနေဖြင့် ယခုဖြစ်ပေါ်နေသည့် ငွေကြေး အခက်အခဲအား ပူးပေါင်း ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေလျက်ရှိသော်လည်း ပြဿနာမှာ ရပ်တန့်သွားမည့် အရိပ် အခြေအနေ မတွေ့ရှိရေးသေးပေ ။

လင်းဦး(စိတ်ပညာ)

Saturday, October 25, 2008

စမာနဂိုရ်က နွားမပေါင်ကျိုးလိမ့်မည်လော (အပိုင်း-၄)



စမာနဂိုလ်ကနွားမ အခြေအနေ

နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုတာက normative concept တခုဖြစ်ပါတယ်။ ကွဲပြားခြားနားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ရှိနေမှာပါပဲ။ ဘောဂဗေဒပညာရပ်ကတော့ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို agreed-on measurement criteria တွေနဲ့ တိုင်းတာသတ်မှတ်ပါတယ်။ ဒီညွန်ပြကိန်းကဏန်းတွေဟာ ပြီးပြည့်စုံတဲ့ complete picture တခုကိုတော့ မပေးနိုင်ပါဘူး။ ဒါပေမယ့် တိုးတက်မှုကို တိုင်းတာရေး၊ ပြဿနာများ ဖော်ထုတ်ရေး၊ ရည်မှန်းချက်ဆိုင်ရာ ပေါ်လစီရေးရာတွေနဲ့ ပတ်သက်ပြီး evidence-based decision making လုပ်ရာမှာတော့ အသုံးဝင်လှပါတယ်။


Conventional measurement approach အရ တိုင်းပြည်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို စီးပွားရေးရာ indicators များနဲ့ ဆန်းစစ်ချက်လုပ်ကြပါတယ်။ ကမ္ဘာ့ဘဏ်ကတော့ တိုင်းပြည်တွေရဲ့ စီးပွားရေးအဆောက်အအုံကို Atlas method အသုံးပြုတွက်ချက်ရတဲ့ Gross National Income (GNI) per capita နဲ့ တိုင်းတာပါတယ်။ တိုင်းတာချက်များအရ low income economy, low middle income economy, upper-middle income economy နဲ့ high income economy ဆိုပြီး ခွဲခြားပါတယ်။ ၂၀၀၈ခုနှစ်၊ ကမ္ဘာ့တိုးတက်မှုအစီအရင်ခံစာအရ GNI per capita ဒေါ်လာ ၉၃၅နဲ့ အောက်ဆိုရင် low income economy, ဒေါ်လာ ၉၃၅ ကနေ ၃၇၀၅ အထိကြားမှာဆိုရင် low middle income economy, ဒေါ်လာ ၃၇၀၆ နဲ့ ၁၁၄၅၅ ကြားမှာဆိုရင် upper middle income economy နဲ့ ဒေါ်လာ ၁၁၄၅၆ အထက်မှာဆိုရင် high income economy ဆိုပြီး ခွဲခြားထားပါတယ်။


ဒီသတ်မှတ်ချက်တွေထဲမှာ မြန်မာနိုင်ငံဟာ low income economy အမျိုးအစားထဲမှာ ဖြစ်ပြီး၊ ၂၀၀၆ခုနှစ်ရဲ့ GNI per capita ဟာ ဒေါ်လာ ၂၈၁ ဖြစ်ပါတယ်။ အောက်ဖော်ပြပါဇယားမှာ အရှေ့တောင်အာရှနိုင်ငံများရဲ့ ၂၀၀၆ခုနှစ်၊ GNI per capita ကို အများဆုံးကနေ၊ အနည်းဆုံးအလိုက် စီစဉ်ဖော်ပြထားပါတယ်။



နိုင်ငံများ

GNP per capita ($)

စင်ကာပူ

၂၈၇၃၀

ဘရူနိုင်း

၂၆၉၃၀

မလေးရှား

၅၆၂၀

ထိုင်း

၃၀၅၀

အင်ဒိုနီးရှား

၁၄၂၀

ဖိလစ်ပိုင်

၁၃၉၀

ှဗီယက်နမ်

၇၀၀

လာအို

၅၀၀

ကမ်ဘောဒီးယား

၄၉၀

မြန်မာ

၂၈၁

(source: www.adb.org)


့ဒီဇယားကို ကြည့်ခြင်းအားဖြင့် အရှေ့တောင်အာရှမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံး နိုင်ငံတနိုင်ငံဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံ၊ တချိန်က အရှေ့တောင်အာရှရဲ့ ဆန်အိုးကြီးလို့တောင် တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ နိုင်ငံတနိုင်ငံဟာ အုပ်ချုပ်သူများရဲ့ ဘက်ပေါင်းစုံ စီးပွားရေးစီမံခန့်ခွဲခြင်းညံ့ဖျင်းမှုအောက်မှာ ပြားပြားဝပ်သွားခဲ့ရပါပြီ။


နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးတည်ငြိမ်မှုမှာ အရေးကြီးဆုံးဖြစ်တဲ့ ငွေကြေးဖောင်းပွမှုနှုန်း (inflation rate) အကြောင်း ဆက်လက်ဖော်ပြပါမယ်။ အောက်မှာ ဖော်ပြထားတဲ့ ဇယားကို အရင်ကြည့်ပါ။ ၂၀၀၇ခုနှစ်ရဲ့ GDP deflator (Inflation rate) အခြေအနေပါ။


နိုင်ငံများ

GDP deflator (%)

ဘရူနိုင်း

0.9

ဖိလစ်ပိုင်

2.8

လာအို

3.2

ထိုင်း

3.4

စင်ကာပူ

4.0

မလေးရှား

5.2

ကမ်ဘောဒီးယား

6.5

ဗီယက်နမ်

8.2

အင်ဒိုနီးရှား

11.5

မြန်မာ

18.5

(source: www.adb.org)

ဒီဇယားကို ကြည့်ခြင်းအားဖြင့် အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး တည်ငြိမ်မှု မရှိဆုံးဖြစ်နေတဲ့ အခြေအနေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုကြောင့် ဒီလိုဖြစ်နေတာပါလို့ ဆိုလို့မရပါ။ ဘာလို့လဲဆိုတော့ ငွေကြေးဖောင်းပွနှုန်းဆိုတာက ဘောဂဗေဒ ပညာရှင် မိုက်ကယ်အီဗင်ဆိုခဲ့သလိုပဲ အစိုးရ ပေါ်လစီများရဲ့ အားသာချက်၊ အားနည်းချက်ကို ည့န်ပြနေတဲ့ indicator ဖြစ်နေတာကြောင့်ပါပဲ။ သုတေသနပညာရှင် Glesakos က စစ်အသုံးစရိတ်မြင့်မားမှုကြောင့် ဖြစ်လာတဲ့ budget deficit တွေ၊ public sector လစာတိုးမြှင့်မှုတွေဟာ ငွေကြေးဖောင်းပွမှုကို အဓိကမြှင့်တင်ပေးနိုင်တဲ့ အရာတွေဖြစ်ကြောင်း ဆိုထားခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာ လေ့လာရေးအဖွဲ့ကြီး (International Institute for Strategic Studies) မှ နှစ်စဉ်ထုတ်ဝေတဲ့ military Balance စာတမ်းများပါ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံရဲ့ နှစ်စဉ်စစ်အသုံးစရိတ်ဟာ ၁၉၈၅ ခုနှစ်မှာ US$ 171 million ပဲ ရှိရာက တစတစမြင့်တက်လာပြီး၊ ၂၀၀၀ ခုနှစ်မှာဆိုရင် US$ 2000 million ကျော်အထိ နှစ်စဉ်သုံးစရိတ်ဖြစ်နေပါပြီ။ ဒီလိုစစ်အသုံးစရိတ်တိုးမြင့်လာမှုကြောင့် မြန်မာ့စီးပွားရေးအပေါ် ဘယ်လောက်ထိ ဆိုးဝါးစွာ သက်ရောက်ခဲ့တယ်ဆိုတဲ့ အကြောင်းကို လက်ရှိရေးနေတဲ့ ကာကွယ်ရေးအသုံးစရိတ်၏ မြန်မာ့စီးပွားရေးအပေါ်သက်ရောက်မှုများ စာတမ်းပြီးသွားတဲ့အခါ econometric analysis က ထွက်လာတဲ့ အဖြေများနဲ့အတူ ရှင်းလင်းစွာ ဖော်ပြပေးပါမယ်။


Inflation rate အကြောင်းဆက်ကြည့်ကြရအောင်ပါ။ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်နိုင်တာက စနစ်ကျတဲ့ monetary policy နဲ့ တည်ငြိမ်မှုရှိတဲ့ inflationary expectations တွေအပေါ်မှာ အများကြီး မူတည်ပါတယ်။ နအဖအာဏာသိမ်းထားစဉ် ကာလတလျှောက်မှာ မြင့်တက်လာတဲ့ ငွေကြေးဖောင်းပွမှုနှုန်းတွေ၊ ကုန်ပစ္စည်းဈေးနှုန်းတက်မှုတွေကို အရေးပေါ်ကုထုံးအနေနဲ့ လစာတိုးမြင့်တဲ့ ကိစ္စတရပ်တည်းကိုသာ စွဲစွဲမြဲမြဲ ပြုလုပ်ခဲ့ပါတယ်။ လစာတိုးပေးထားရင် ၀န်ထမ်းတွေကြားက အာဏာရှင်စနစ်အပေါ် မကျေနပ်မှုတွေကို ထိန်းကွပ်ထားနိုင်မယ်ဆိုတဲ့ အယူအဆ၊ တပ်သားတွေကို လစာနဲ့ ရပိုင်ခွင့်တွေပေးပြီး ထိန်းချုပ်ထားမယ်ဆိုတဲ့ အယူအဆတွေနဲ့ လစာတိုးမြှင့်မှုတွေကို မဆင်မခြင် အရမ်းကာရော လုပ်ခဲ့ပါတယ်။ ရလာဘ်ကတော့ လစာတိုးတာနဲ့ ကုန်ပစ္စည်းဈေးတွေက တခါထပ်တက်သွားပြီး ငွေကြေးဖောင်းပွမှုနှုန်းကို ဘယ်လိုမှ ထိန်းချုပ်နိုင်ခြင်း မရှိတော့ပါဘူး။


ဒီနည်းလမ်းမျိုးနဲ့ စီးပွားရေးပြဿနာကို ဖြေရှင်းမယ်ဆိုရင် အခြေခံ condition တွေ ရှိထားရပါမယ်။ ပထမတချက်က productivity growth ရှိနေရပါမယ်။ ဒုတိယအချက်က inflationary expectations လျော့နည်းရပါမယ်။ ဒီလိုလျော့နည်းဖို့ဆိုတာကလဲ monetary policy ရဲ့ credibility ဖြစ်မှု၊ deficit ratio၊ အစိုးရဥပဒေလုပ်ထုံးလုပ်နည်းများနဲ့ ငွေကြေးတန်ဖိုး စတာတွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ ဒီအချက်နှစ်ချက်မရှိပဲ လစာတိုးမြင့်မှုများလုပ်ရုံနဲ့ စီးပွားရေးပြဿနာတွေကို မဖြေရှင်းနိုင်ပါဘူး။


တခါ လွတ်လပ်စွာကုန်သွယ်မှုကို commitment ထားပြီး၊ foreign markets competition ကို enhance လုပ်ဖို့ ကြိုးစားတယ်ဆိုရင်လဲ တပြိုင်နက်တည်းမှာ monetary authorities တွေအနေနဲ့ ငွေကြေးတန်ဖိုးကို equilibrium value နဲ့ နီးနိုင်သမျှနီးအောင် commitment ရှိနေရမှာ ဖြစ်ပါတယ်။ တကယ်တော့ inflation rate မြင့်မားလာမှုကို ထိန်းချုပ်နိုင်ဖို့ဆိုတာကို monetary authorities များကသာ တတ်နိုင်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ဆိုတာမှာလဲ ငွေကြေးဖောင်းပွနှုန်းမြင့်တက်လာစေနိုင်တဲ့ တခြားအကြောင်းအရာတွေကို နည်းနိုင်သမျှနည်းနေမှ ဖြစ်နိုင်ပါတယ်။ ဥပမာ- product market နဲ့ factor market တွေမှာ အစိုးရ၀င်ရောက်နှောင့်ယှက်မှုတွေ သိပ်များနေရင် ဗဟိုဘဏ်က offset ၀င်မလုပ်သရွေ့ ငွေကြေးဖောင်းပွမှုဟာ တစထက်တစ မြင့်တက်လာမှာဖြစ်ပါတယ်။


ဒီတော့ ဗဟိုဘဏ်နဲ့ ပတ်သက်ပြီး ပြောစရာရှိလာပြန်ပါတယ်။ နိုင်ငံတခုမှာ ဗဟိုဘဏ်နဲ့ ပတ်သက်ပြီး အစိုးရက ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေက အရမ်းကို အရေးကြီးပါတယ်။ ငွေကြေးအပေါ်မှာ demand ရှိနေရုံနဲ့ မပြီးပါဘူး။ Money supply function ရှိရပါမယ်။ Money supply ကို ဗဟိုဘဏ်ကသာ determine လုပ်ရပါတယ်။ ဘောဂဗေဒပညာရပ်အရ money demand နဲ့ supply ဟာ equilibrium interest rate မှာ အတူတူပဲဖြစ်ပါတယ်။ interest rate များနေရင် excess supply ဖြစ်ပြီး၊ interest rate နည်းနေရင် excess demand ဖြစ်ပါတယ်။ ဗဟိုဘဏ်ရဲ့ အဓိကတာဝန်က money supply ကို တိုက်ရိုက်ထိန်းချုပ်မှုလုပ်ရတာဖြစ်ပါတယ်။ Monetary Policy ဆိုတာက ပေါ်လစီရည်မှန်းချက်တွေ (ဥပမာ- ၀င်ငွေမြင့်တက်လာမှု၊ ငွေကြေးဖောင်းပွခြင်းထိန်းချုပ်မှု) စတာတွေနဲ့ ပတ်သက်ပြီး ရည်မှန်းချက်ပြည့်မှီစေဖို့ money supply ကို manipulate လုပ်ရတာဖြစ်ပါတယ်။ ဗဟိုဘဏ်တွေက interest rate များချမှတ်ခြင်း၊ foreign currency တွေ၊ bond တွေ ၀ယ်ယူရောင်းချခြင်းစတဲ့ နည်းလမ်းတွေနဲ့ money supply ကို steering လုပ်ရတာဖြစ်ပါတယ်။ အစိုးရဆိုတာတွေကလဲ အိမ်ထောင်စုတွေ၊ စီးပွားရေးတွေလိုပါပဲ၊ revenues နဲ့ expenditures ကို balance လုပ်ယူရပါတယ်။ ဒီလိုမဟုတ်ရင် government budget deficit ဖြစ်ပါတယ်။ ဒီလို deficit တွေကို အစိုးရများက money creation နဲ့ ဖြေရှင်းတတ်ကြပါတယ်။ ငွေစက္ကူတွေ ရိုက်ထုတ်ပြီး၊ money supply ကို မြှင့်တင်ပစ်ခြင်းပါ။ ဒီတော့ ငွေကြေးဖောင်းပွမှုတွေက မတရားတက်လာပါလေရော။ ဒီနေရာမှာ Money supply ကို တိုက်ရိုက်ထိန်းချုပ်နေရတဲ့ ဗဟိုဘဏ်ကသာ independent ဖြစ်နေတယ်ဆိုရင် money financing လို့ဆိုတဲ့ ဒီနည်းလမ်းကို အစိုးရက တောင်းဆိုလာပေမယ့် deficit ratios dynamics ကို ဆန်းစစ်ပြီး လက်ခံမှု၊ ငြင်းဆိုမှုတွေ ပြုလုပ်နိုင်ပါတယ်။


ဒါကြောင့်လဲ ဗဟိုဘဏ်ဟာ လုံးဝ independence မဖြစ်ရင်တောင်မှ Government Interferences အနည်းဆုံးဖြစ်တဲ့ optimal independence တော့ ဖြစ်နေရပါမယ်။ အစိုးရအပေါ်မှာ dependent နည်းလေလေ၊ စီးပွားရေးတိုးတက်မှုအတွက် ကောင်းကျိုးဖြစ်လေလေပါပဲ။ မြန်မာပြည်မှာကျတော့ ဗဟိုဘဏ်လုပ်ငန်းဆောင်တာများအားလုံးကို စစ်အုပ်စုက ကြိုးကိုင်ထားပါတယ်။ ဒီတော့ effective monetary policy ချမှတ်အကောင်အထည်ဖော်နိုင်ဖို့ဆိုတာက လုံးဝမဖြစ်နိုင်တော့ပါဘူး။ တခါ စစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ်တာဝန်မခံသော ကြီးမားလှတဲ့ စစ်အသုံးစရိတ်တွေ၊ အုပ်ချုပ်ရေးယန္တရားတခုလုံးက လာဘ်ပေးလာဘ်ယူမှုတွေ၊ စစ်ဗိုလ်စစ်သားများကို အဆမတန်လစာတိုးမြှင့်ပေးထားမှုတွေကြောင့် ပေါ်ပေါက်လာတဲ့ deficit ပြဿနာကိုလည်း money financing ပုံစံကိုသာ အသုံးပြုဖြေရှင်းနေတာကြောင့် currency value ကလဲ အဆမတန်ထိုးကျနေပါတော့တယ်။


ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် မြန်မာပြည်ရဲ့ စီးပွားရေးအခြေအနေဘက်ပေါင်းစုံက ပျက်ယွင်းနေမှုဟာ နိုင်ငံအုပ်ချုပ်နေသူများရဲ့ monetary, fiscal policy ရေးရာ နားမလည်မှုတွေ၊ ပညာရှင်များလုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေမှာ အသိဥာဏ်မရှိပဲ ၀င်ရောက်ကြိုးကိုင်စွက်ဖက်မှုတွေကြောင့် ဆိုတာဟာ “မပြေးသော်ကန်ရာရှိ” ဆိုသလိုပဲ ထင်ရှားနေပါတယ်။ အခြားသော macroeconomic indicator တွေကို အသုံးပြုပြီး မြန်မာ့စီးပွားရေးလက်ရှိအခြေအနေကို ဆက်လက်လေ့လာကြည့်ကြရအောင်ပါ။


(ရှေ့ဆက်ဖော်ပြပါမည်)


ခင်မမမျိုး (၂၅၊ ၁၀၊ ၂၀၀၈)

Thursday, October 23, 2008

စမာနဂိုရ်က နွားမပေါင်ကျိုးလိမ့်မည်လော (အပိုင်း-၃)



သူလဲလေလောကီသားပေမို့

Global Financial Crisis (2008) စတင်လာတာနဲ့ တပြိုင်နက် အာရှတိုက်အပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ ဆိုတဲ့အချက်ဟာ အာရှရေးရာလေ့လာသူများနဲ့ ဘောဂဗေဒ ပညာရှင်များအကြားမှာ ရေပန်းအစားဆုံး ဆွေးနွေးချက်တခုဖြစ်လာခဲ့ပါတယ်။ policy makers များအတွက်လဲ အလွန်ပင် ခေါင်းခဲစရာ ဖြစ်လာခဲ့ပါတယ်။


တချို့သော ပညာရှင်များက ပြဿနာရဲ့ ပင်မရင်းမြစ်ဟာ အမေရိကနဲ့ ဥရောပ ငွေကြေးစနစ်တွေမှာ ဖြစ်နေတာရယ်၊ အာရှငွေကြေးစနစ်က ၁၉၉၇ financial crisis အပြီးမှာ reform လုပ်ပြီးသာ ဖြစ်နေတာရယ်ကြောင့် အာရှကို ထိခိုက်မှုနည်းမယ်လို့ ယူဆကြပါတယ်။ အာရှအရှေ့ပိုင်းနိုင်ငံများ အချင်းချင်းကြားက Inter-trade flows ခိုင်မာမှုကိုလဲ ထောက်ပြကြပါမယ်။ သို့ပေမယ့်လဲ အာရှနိုင်ငံများကြားက trade flows ဟာ integrated production networks ပုံသဏ္ဍာန်အဖြစ်သာ ရှိနေပြီး ကုန်ပစ္စည်းများရဲ့ နောက်ဆုံးဦးတည်ရာ destination ကတော့ အမေရိကနဲ့ ဥရောပသာ ဖြစ်နေတာကြောင့် ရိုက်ခတ်မှုဟာ မလွဲမသွေဖြစ်နိုင်ကြောင်း ပြန်လှန်ငြင်းဆိုမှုတွေ ထွက်လာခဲ့ပါတယ်။


UN conference on Trade and Development (UNCTAD) ရဲ့ ညွှန်ကြားရေးမှူးဟောင်းတဦးဖြစ်တဲ့ Dr Yilmaz Akyuz ကတော့ ၂၀၀၈ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့က ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ UN Economic and Social Commission for Asia and the Pacific (ESCAP) ministerial session မှာ အာရှတိုက်ကို ရိုက်ခတ်နိုင်မယ့် ဂယက်တွေကို စာတမ်းတင်သွင်းဖတ်ကြားခဲ့ပါတယ်။ သူ့စာတမ်းရဲ့ အနှစ်ချုပ်ကတော့ အာရှနိုင်ငံတော်တော်များမှာ foreign reserves များရှိနေပြီး၊ domestic savings မြင့်မားတာကြောင့် domestic consumption တက်အောင် ပြုလုပ်နိုင်မယ်ဆိုရင် financial crisis ကြောင့် export sector မှာ ဖြစ်ပွားလာမယ့် စီးပွားရေးနှောင့်နှေးမှုတွေကို offset လုပ်လာနိုင်လိမ့်မယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် credit bubbles နဲ့ asset bubbles တွေတော့ ဖြစ်လာနိုင်တာကိုတော့ စိုးရိမ်ဖွယ်ရာရှိကြောင်း ပြောဆိုထားခဲ့ပါတယ်။


ဘဏ္ဍာရေးလောကမှာ borrower တွေ ငွေကြေးအမြောက်အမြားချေးယူပြီး အကြွေးတွေ ပြန်မဆပ်နိုင်တော့တဲ့ အခြေအနေမျိုးဆိုက်ရောက်လာတာကို credit bubble လို့ သုံးနှုန်းပါတယ်။ များသောအားဖြင့် state of economy ဟာ ဒီလိုဖြစ်လာတယ်ဆိုရင် bankrupcy ခံမှုတွေ၊ financial crisis တွေနဲ့ နိဂုံးချုပ်သွားတတ်ပါတယ်။ Asset Bubble ဆိုတာကတော့ investment (သို့) security တွေရဲ့ ဈေးနှုန်းတွေ ကြောက်မယ်ဖွယ်ရာကောင်းအောင် ရုတ်ခြည်းခုန်တက်သွားတာကို ဆိုလိုပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ ကိန်းဂဏန်းများအရ အာရှနိုင်ငံများကို စီးဝင်တဲ့ private capital inflows ခြောက်ဆယ်ရာခိုင်နှုန်းကျော်ဟာ equity investment မှာဖြစ်ပြီး၊ ၂၅ ရာခိုင်နှုန်းကျော်က investment bank lending မှာဖြစ်ပါတယ်။ ကျန်တဲ့ရာခိုင်နှုန်းတွေကတော့ အခြား debt flows တွေဖြစ်တဲ့ bonds နဲ့ carry-trade related ချေးငွေတွေမှာ ဖြစ်ပါတယ်။ ဒီလို capital inflows များကြောင့် liquidity expansion ဖြစ်ပြီး bubbles တွေဖြစ်စေါတယ်။ အိမ်ခြံမြေဈေးကွက်မှာလဲ အရမ်းကာရော boom ဖြစ်သွားတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဒီ bubbles တွေကြောင့် domestic fragility တွေ ဖြစ်လာစေနိုင်ပါတယ်။


ဒီလို fragility တွေ၊ financial crisis ကြောင့်ဖြစ်လာတဲ့ ကုန်သွယ်မှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ shocks တွေဟာ policy makers တွေအတွက်တော့ တကယ့် challenges တွေပါပဲ။ ဒီလိုအခြေအနေမျိုးတွေမှာ domestic demand ကို fiscal stimulus ကတဆင့် ချဲ့ထွင်တာဟာ အသင့်လျော်ဆုံးပေါ်လစီ response ဖြစ်ပြီး၊ ဘဏ္ဍာရေးကဏ္ဍမှာ အခက်အခဲတွေ မြင့်တက်လာတာနဲ့ 'lender of last resort' financing ကို အစိုးရများမှ စီမံဆောင်ရွက်ပေးဖို့လိုကြောင်း ပညာရှင်များက အကြံပြုထားကြပါတယ်။ အိုင်အမ်အက်ဖ်ကလဲ fiscal policy ကို countercyclical tool အနေနဲ့ သုံးဖို့လိုကြောင်း အောက်တိုဘာလထုတ် World Economic Outlook (WEO) Financial Stress, Downturns and Recoveries စာတမ်းမှာ ဖော်ပြထားပါတယ်။


အခုလို နိုင်ငံတကာမှာ ပေါ်လစီရေးရာတွေ ချမှတ်ရေးဆွဲနေကြချိန်မှာပဲ subprime crisis ရဲ့ သွယ်ဝိုက်သက်ရောက်မှုများကတော့ အာရှနိုင်ငံများဆီကို တစတစ ကူးစက်လာပါတော့တယ်။ ရှန်ဟိုင်း composite index ဟာ အောက်တိုဘာလ ၊ (၂၀၀၇) ခုနှစ်နဲ့ စာရင် ခုနစ်ဆယ်ရာခိုင်နှုန်းထိုးကျသွားပါတယ်။ အာရှရဲ့ capital outflows ဟာ ပထမပိုင်း ရှစ်လမှာတင် $38 billion ကျော်သွားတယ်။ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားက bond auctions တွေ failure ဖြစ်ကုန်တယ်။ အာရှငွေကြေးတွေဖြစ်တဲ့ အင်ဒိုနီးရှား rupiah, ကိုးရီးယား won, ထိုင်း baht, ဗီယက်နမ် dong နဲ့ အိန္ဒိယ rupee တွေမှာ downward pressure တွေဖြစ်လာတယ်။ အိန္ဒိယမှာဆိုရင် နိုင်ငံရဲ့ အကြီးဆုံး ပရိုက်ဗိတ်ဘဏ်ကနေ ငွေအပ်သူတွေက ပိုက်ဆံပြန်ထုတ်နေကြတယ်။ ပါကစ္စတန်မှာ balance of payment crisis က အကြီးအကျယ်ဖြစ်လာတယ်။ စင်ကာပူနဲ့ Baharian တို့မှာ ၀ါရင့်နိုင်ငံရေးသမားများကို စီးပွားရေးတိုးတက်မှုနဲ့ဘဏ်စနစ်ခိုင်မာမှုရေးရာ ပါဝင်ဆောင်ရွက်ဖို့ ပလက်ဖောင်းတခုခွင့်ပြုတဲ့ verbal intervention ကို engage လုပ်လာရတယ်။


အောက်တိုဘာလ (၁၆) ရက်နေ့မှာ Kazakhstan နိုင်ငံမြို့တော် Astana မှာ ကျင်းပခဲ့တဲ့ Pan-Asia ministerial forum မှာ အာရှနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်တဲ့ co-ordinated measures တွေကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့ကြတယ်။ အောက်တိုဘာလ (၂၃) ရက်နေ့မှာ တရုတ်ပြည် ဘေဂျင်းမှာ ကျင်းပတဲ့ ASEM Summit မှာ EU President Jos'e Manuel Barriso က " The eye of the storm was in the US, but it is a global storm and there will be ripple effects all over the world. Simply we swim together or we sink together” လို့ ပြောကြားလာခဲ့တယ်။


တကယ်တော့ သူလဲလေလောကီသားပေမို့ ဆိုတဲ့အတိုင်း ကမ္ဘာတ၀ှမ်းလုံးမှာ financial crisis ဖြစ်ပွားနေချိန်မှာ အာရှနိုင်ငံတွေကို ရိုက်ခတ်မှုများဟာလဲ မလွဲမသွေ ကြုံတွေ့ရင်ဆိုင်ကြရမှာပါပဲ။ တရုတ်နဲ့ အိန္ဒိယအပါအ၀င် အာရှနိုင်ငံများရဲ့ export market ဟာ အမေရိကန်၊ ဥရောပနဲ့ ဂျပန် (G3) တို့ဖြစ်နေတာကြောင့် ဒီနိုင်ငံများမှာ စီးပွားရေး ကျဆင်းတယ်ဆိုတာနဲ့ spill over effects တွေ ဖြစ်ပွားလာမှာကတော့ အသေအချာပါပဲ။ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် ADBရဲ့ chief economist ကတော့ 'If the global slowdown extends beyond 2009, the repercussions for the region could be severe' လို့ အဆိုပြုထားခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ၊ Institute of Political Studies က ဘုတ်အဖွဲ့ဝင် Reihana Mohideen ကလဲ 'If the western economies get the flu, not only will Asia sneeze, but it could catch a fever' လို့ အတည်ပြုဆိုထားလိုက်ပါပြီ။


ဆက်လက်ပြီး Global Financial Crisis (2008) ဟာ နဂိုကတည်းက ယိုင်လဲလုနီးပါးဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအဆောက်အအုံ အပေါ်မှာကော ဘယ်လို ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်မလဲဆိုတာကို လေ့လာကြည့်ကြရအောင်ပါ။ ရိုက်ခတ်မှုတွေအကြောင်း မဆန်းစစ်ခင် လက်ရှိမြန်မာနိုင်ငံ စီးပွားရေးအဆောက်အအုံရဲ့ ပကတိအခြေအနေမှန်ကို တင်ပြချင်ပါတယ်။ နအဖကတော့ စီးပွားရေးဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများလို့ ဆိုပါတယ်။ ဒီအချက်မှန်မမှန်ကို ကိန်းဂဏာန်းများ၊ ကားချပ်များက အခုလို ညွှန်းဆိုပြသပါလိမ့်မယ်။


(ရှေ့ဆက်ဖော်ပြပါမည်)


ခင်မမမျိုး (၂၃၊ ၁၀၊ ၂၀၀၈)

Monday, October 20, 2008

စမာနဂိုရ်က နွားမပေါင်ကျိုးလိမ့်မည်လော (အပိုင်း-၂)


ညောင်ဦးကမ်းပါး ပြိုခြင်းအစ

(၂၀၀၈)ခုနှစ် Global Financial Crisis ရဲ့ အစကနဦးကတော့ subprime crisis ပဲဖြစ်ပါတယ်။ ချေးငွေထုတ်ပေးသူတွေဟာ ကြွေးမြီပြဿနာရှိမှုနဲ့ လုံလောက်သောဝင်ငွေမရှိမှုတို့ကြောင့် ordinary prime loans တွေ မရနိုင်သူတွေကို subprime loans တွေ ထုတ်ချေးပါတယ်။ ဒီချေးငွေတွေရဲ့ အတိုးနှုန်းက ပထမပိုင်းနှစ်နှစ်၊ သုံးနှစ်မှာ teaser rate ဆိုတဲ့ လေးရာခိုင်နှုန်းပဲ သတ်မှတ်တာကြောင့် လစဉ်ပြန်ပေးချေရမယ့်ဆပ်ငွေက နည်းပါတယ်။ သုံးနှစ်လောက်လဲကြာရော prevailing rate အနေနဲ့ တက်သွားပါတယ်။ တခါတရံ ရှစ်ရာခိုင်နှုန်းလောက်အထိ တက်သွားတာကြောင့် လစဉ်ပြန်ပေးရမှာက နှစ်ဆလောက်ဖြစ်သွားပါတယ်။ များသောအားဖြင့် ချေးငွေထုတ်ပေးတဲ့ဘက်က down payment လဲ သတ်မှတ်ထားတာ မဟုတ်တာကြောင့် ဘဏ္ဍာရေးလောကမှာ negative amortization လို့ခေါ်ဆိုတဲ့ ဖြစ်စဉ်တရပ်ဖြစ်လာပါတယ်။ ဒီဖြစ်စဉ်ဟာ ချေးငှားသူတွေရဲ့ ကြွေးမြီတွေကို တစတစ မြင့်မားလာစေပါတယ်။ Standard Mortgage မှာ အကြွေးက တစတစ လျော့သွားတာ ဖြစ်သွားပေမယ့် Subprime Mortgage မှာကျတော့ အကြွေးက တစတစနဲ့ လည်ပင်းထိနစ်အောင် တက်လာတာမျိုးပါ။ ဒီလိုနဲ့ ၂၀၀၄ ခုနှစ်ထဲမှာ အိမ်ဈေးတွေက ၂၀ ရာခိုင်နှုန်းလောက် ထပ်တက်သွားတယ်။ ၂၀၀၅ ခုနှစ်မှာဆိုရင် အသစ် home mortgage များရဲ့ ၂၂ရာခိုင်နှုန်းဟာ subprime တွေဖြစ်နေပြီ။ အိမ်ဈေးတွေက တောက်လျောက်ဆက်တက်လာတယ်။ ဘဏ္ဍာရေးသဘောတရားအရ ဒီလိုဖြစ်လာတာဟာ bubble ဖြစ်လာတာ။ အမေရိကန်ပြည်သူတွေရဲ့ ၀င်ငွေကတော့ တက်မလာဘူး။ တန့်နေတယ်။ ဒီလို အတိုးနှုန်းမြင့်တာလာမှုနဲ့ ၀င်ငွေကတသမတ်တည်းဖြစ်နေမှုတွေ ဖြစ်လာတာနဲ့ foreclosures ဆိုတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ Foreclosure ဆိုတာက အကြွေးနဲ့ ၀ယ်ထားသူက လစဉ်ပေးဆောင်ရမယ့် ငွေကို မပေးတော့တဲ့အခါ ချေးငွေထုတ်ထားပေးတဲ့ ဘဏ် (သို့) အခြားသော lenders များက property ownership ကို လွှဲပြောင်းယူရတာဖြစ်တယ်။ ဘဏ္ဍာရေးဆိုင်ရာ ဘောဂဗေဒ ပညာရှင်တွေက ဒီပြဿနာကို သတိပေးလာကြရတယ်။ ဒါပေမယ့် lenders တွေက ဆက်ချေးနေဆဲပဲ။ foreclosures တွေက ပိုများလာတယ်။ lenders တွေက loans တွေကို mortgage-backed securities တွေအနေနဲ့ အသွင်ပြောင်းလိုက်ကြတယ်။ ဒီနည်းနဲ့ financial risks တွေကို investors တွေရဲ့ ပခုံးပေါ်လွှဲလိုက်ကြတယ်။ ဘဏ္ဍာရေးအင်ဂျင်နီယာတွေက mortgage pools တွေနဲ့ တခြား securities အမျိုးအစားတွေကို စုပေါင်းလိုက်ပြီး investment-grade securities ကို synthesize လုပ်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေလာကြတယ်။


၂၀၀၇ ခုနှစ်အစပိုင်းလဲရောက်ရော အမေရိကန်ဈေးကွက်မှာ အိမ်ဈေးတွေထိုးကျလာတော့တယ်။ ဧပြီလမှာ နိုင်ငံရဲ့ အကြီးဆုံး subprime lender ဖြစ်တဲ့ New Century Financial က Chapter 11 bankruptcies ခံသွားတယ်။ သြဂုတ်လလဲရောက်ရော credit crunch ပြဿနာက financial institutions တွေဆီ ပျံ့ကုန်ပါလေရော။ Mortgage-backed securities တွေမှာ အရှုံးပြလာတယ်။ American Home Mortgage လဲ Chapter 11 bankruptcy ခံလိုက်တယ်။ နှစ်ကုန်ပိုင်းရောက်တော့ ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးတွေဖြစ်တဲ့ UBS, Citigroup, Merrill Lynch, HSBC တို့တွေမှာ ဘီလီယံနဲ့ချီပြီး အရှုံးပြလာတယ်။ ၂၀၀၈ခုနှစ်ထဲရောက်တော့ တစတစပိုဆိုးလာတယ်။ ဇန်န၀ါရီလ (၁၅)ရက်နေ့ထုတ် citigroup ရဲ့ report မှာပါခဲ့တဲ့ စတုတ္ထသုံးလပတ်အရှုံးဟာ ဒေါ်လာ ၁၈.၁ ဘီလီယံအထိ ဖြစ်လာတယ်။


ဒီလိုနဲ့ အတိုးနှုန်းမြင့်တက်လာမှု၊ အိမ်ဈေးထိုးကျမှုနဲ့ အမေရိကန်ပြည်သားများရဲ့ ၀င်ငွေတွေ flat ဖြစ်နေမှု အခြေအနေသုံးရပ်ဟာ Global Financial Crisis ကို trigger လုပ်ပစ်လိုက်ပါတော့တယ်။


ဘယ်သူလာလို့ကယ်ပါ့မယ်

၂၀၀၈ခုနှစ် နှစ်လည်ပိုင်းရောက်တော့ financial crisis ရဲ့ သက်ရောက်မှုတွေကို ထင်ရှားစွာ မြင်နေကြရပြီ။ စတော့ဈေးကွက်ကျဆင်းလာတယ်။ financial institutions ကြီးတွေ collapse ဖြစ်ကုန်တယ်။ တချို့ကျတော့ competitors တွေက ၀ယ်လိုက်ကြတယ်။ ချမ်းသာတဲ့နိုင်ငံကြီးတွေမှာ သက်ဆိုင်ရာအစိုးရတွေက bail out packages တွေ လုပ်လာကြရတဲ့။ Free Market သဘောတရားကို ဆန့်ကျင်ပြီးGovernment Intervention လုပ်လာကြရတယ်။


ပြဿနာနဲ့ပတ်သက်ပြီး စတင်ဖြစ်ပွားခဲ့တဲ့ Wall Street ကို လူတွေက အပြစ်ဆိုလာကြတယ်။ ဘွတ်ခ်ျအစိုးရရဲ့ အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးစနစ်အတွက် $700 billion bailout package နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အများအပြား ပေါ်ထွက်လာတယ်။ နိုဘယ်ဆုရ ဘောဂဗေဒပညာရှင် Joseph Stiglitz ကဆိုရင်

The administration come up with a bill that is based on trickle-down economics. You throw enough money at Wall Street, and some of it will trickle down to the rest of the economy. It's like a patient suffering from giving a massive blood transfusion while there is internal bleeding; it doesn't do anything about the basic source of hemorrhaging, the foreclosure problem. But it is better than doing nothing and hopefully after the election, we can repair the very many mistakes in it” လို့ ရေးသားခဲ့ပါတယ်။ (Stiglitz, Bail out Wall Street Now, Change them later, Democracy Now!, October 2, 2008)


ဒီလို အမေရိကန်မှာ ရိုက်ခတ်နေတဲ့ ဘဏ္ဍာရေးပြဿနာဟာ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးရဲ့ Transworld character ကြောင့် ဥရောပတိုက်နဲ့ တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဆက်လက်ပျံ့နှံ့သွားတယ်။ ဥရောပတ၀ှမ်းမှာ Financial institutions တော်တော်များများ fail ဖြစ်ပြီး၊ တချို့ဟာဆိုရင် အလျင်အမြန်ကယ်ဆယ်ရမယ့် အခြေအနေတွေ ဖြစ်ကုန်တယ်။ crisis ပျံ့နှံ့မှုက အသွင်သဏ္ဍာန်နှစ်မျိုးနဲ့ဖြစ်လာတယ်။ ပထမတခုက အန္တလန်တိတ်ကနေ ဥရောပဖြစ်ပြီး နောက်ပုံစံတမျိုးကတော့ ဘဏ္ဍာရေးဈေးကွက်ကနေ စီးပွားရေးအဆောက်အအုံတခုလုံးဆီ ပျံ့နှံ့လာတာဖြစ်တယ်။


ဥရောပမှာဆိုရင် သုံးရက်အတွင်းမှာကို နိုင်ငံခုနစ်ခုက ဘဏ်ငါးခုကို bail out လုပ်လိုက်ရတယ်။ ဂျာမဏီမှာ Hypo Real Estate, ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်ခ်နဲ့ နယ်သာလန်မှာ Fortis, ဗြိတိန်မှာ Bradford & Bingley, ဘယ်လ်ဂျီယံ၊ ပြင်သစ်နဲ့ လူဇင်ဘတ်ခ်မှာ Dexia, အိုက်စလန်မှာ Glitnir တို့ဖြစ်ကြပါတယ်။


The Economist Magazine က ဥရောပဘဏ်များဟာ အမေရိကန်ထက်ပိုပြီး vulnerable ဖြစ်ကြောင်း သုံးသပ်ရေးသားပါတယ်။ ဒါကလဲ ပြီးခဲ့တဲ့ အပတ်များတုန်းက အမေရိကန်ရဲ့ အကြီးဆုံး thrift တခုဖြစ်တဲ့ Washington Mutual နဲ့ စတုတ္ထမြောက်အကြီးဆုံး ကော်မာရှယ်ဘဏ်ဖြစ်တဲ့ Wochovia တို့ကို forced sale လုပ်ခဲ့တာကြောင့်ပါပဲ။


ဒီပြဿနာဟာ ဥရောပမှာတင် ရပ်နေတာတော့ မဟုတ်ပါဘူး။ ဟောင်ကောင်၊ အိန္ဒိယနဲ့ ရုရှားက ဘဏ်များကိုပါ ရိုက်ခတ်လာပါတယ်။ ပြဿနာအရပ်ရပ်ဟာ money market မှာ အမြစ်တွယ်နေတာကြောင့် ကမ္ဘာ့စီးပွားရေးအဆောက်အအုံကြီး တခုလုံးကို ကူးစက်နေပါပြီ။ စတော့ဈေးကွက်များ funck ဖြစ်နေပါတယ်။ Interbank market မှာ ဘဏ်အချင်းချင်း ချေးငွေအတွက်ပေးရတဲ့ ဈေးနှုန်းက အရမ်းမြင့်မားလာပါတယ်။ Emerging market တွေမှာ local currencies တွေ plunge ဖြစ်နေပါပြီ။ ဖွံ့ဖြိုးဆဲနိုင်ငံသုံးဆယ်အထိ Balance of Payment ပြဿနာတွေ ပေါ်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဌက ခန့်မှန်းပြောဆိုထားပါတယ်။


စားသောက်ကုန်ပစ္စည်းဈေးတက်မှုတွေ၊ ဖွံ့ဖြိုးပြီးနိုင်ငံများရဲ့ ဘဏ္ဍာရေးမတည်ငြိမ်မှု၊ မရေရာမှုကနေ ပေါ်ထွက်လာမယ့် Knock-on effects တွေ၊ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးအတွက် ပူပန်စိုးရိမ်မှုတွေဟာ ဖွံ့ဖြိုးဆဲတိုင်းပြည်များဆိုင်ရာ ဆန်းစစ်သူပညာရှင်တွေအတွက် စိုးရိမ်ဖွယ်ရာ လက္ခဏာရပ်တွေပဲ ဖြစ်ပါတယ်။


ဘောဂဗေဒပညာရှင် Kanaga Raja က နိုင်ငံတကာ commodity ဈေးကွက်မှာ ဖြစ်ပွားနေတဲ့ price booms တွေကြောင့် commodities-dependent economies တွေဟာ external shocks များကို ခံစားလာရဖွယ်ရှိကြောင်း ဆိုထားခဲ့ပါတယ်။ မက်စ်ဝါဒီများကတော့ စီးပွားရေး ကပ်ဆိုက်မှုများဟာ အရင်းရှင်စနစ်ရဲ့ သွင်ပြင်လက္ခဏာရပ်ဖြစ်ပြီး imperialism နဲ့ underdevelopment အကြား၊ capital နဲ့ labor ကြားက contradictions များအပေါ် အမြစ်တွယ်နေကြောင်း ရှင်းလင်းပြောဆိုကြပါတယ်။ အရင်းရှင်ဝါဒဟာ ဒီလို contradictions များကို အမြင့်ဆုံးအဆင့်ရောက်အောင် တွန်းပို့တာကြောင့် တခြားသော ကပ်ဆိုက်မှုများလဲ ထပ်မံဖြစ်ပွားလာရတယ်လို့ ဆိုကြတယ်။ ဥပမာ- စက်မှု နိုင်ငံကြီးများဟာ oil resources ရှားပါးမှုကို ကိုင်တွယ်နိုင်ဖို့ agricultural food ထုတ်လုပ်မှုကို ဇီဝလောင်စာထုတ်လုပ်နိုင်အောင် ပြောင်းလဲပစ်တာကြောင့် အစားအစာ ထုတ်လုပ်မှုမှာ shortage ဖြစ်ပြီး ဈေးနှုန်းတွေလဲ မြင့်တက်လာတယ်လို့ ထောက်ပြကြပါတယ်။ ဆက်လက်ပြီး အာရှဈေးကွက်ဂယက် ရိုက်ခတ်နိုင်မှုများ အကြောင်းကို ရေးသားဖော်ပြပါမယ်။


(ရှေ့ဆက်ဖော်ပြပါမည်)


ခင်မမမျိုး (၁၉၊ ၁၀၊ ၂၀၀၈)