Monday, November 9, 2009

ပြိုင်ဆိုင်မှု အကျိုးကျေးဇူးကို ဖန်တီးပေးနိုင်သည့် ခေတ်မှီသယံဇာတ အင်အားစုများ (အပိုင်း-၂)



ပြိုင်ဆိုင်မှု အကျိုးကျေးဇူး (Competitive Advantage) ကို ရရှိစေရန် ခေတ်မီသယံဇာတများတွင် ရင်းနှီးမြှုပ်နှံရာတွင် အခြေခံနှင့် အဆင့်မြင့် ပညာများတွင် ရင်းနှီးမြှုပ်နှံခြင်း (Investing in basic and higher institutions)၊ စွမ်းရည် ဗဟုသူတများ တိုးတက်လာစေခြင်း (Improving in general skill and knowledge)၊ သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်များ (Stimulating R & D at higher institutions) တို့အား ပြုလုပ်ပေးခြင်းဖြင့် ရရှိနိုင်စေသည်။


အခြေခံသဘာဝအင်အားစုများ (Basic Factors) ကောင်းမွန်မှုသည် ကနဦး အကျိုးကျေးဇူး (Initial Advantages) ကိုသာ ဖန်တီးပေးနိုင်သည်။ ထို Basic Factory များ မရှိလျှင်လည်း သွင်းကုန်များအဖြစ် တင်သွင်းကြခြင်းဖြင့် ရရှိနိုင်ပေသည်။ ပြိုင်ဆိုင်မှု အကျိုးကျေးဇူးကို တွန်းအားပေးသည့် အဓိက အောင်မြင်မှုများ ကို ဆက်လက်ထိန်းသိမ်းပေးနိုင်မည့် အင်အားစုမှာ ခေတ်မှီသယံဇာတအင်အားစုများ (Advanced Factors) များပင် ဖြစ်သည်။


သို့ဖြစ်ရာ နိုင်ငံများတွင် အခြေခံသဘာဝအင်အားစု (Basic Factors) များ ပြည့်စုံစွာ မရှိပါက ၎င်းနိုင်ငံသည် မည်ကဲ့သို့ ပြုလုပ်သင့်သနည်း။ နိုင်ငံများတွင် အခြေခံသဘာဝအင်အားစုများ မရှိပါက Advanced Factors များတွင် တိုးချဲ့ရင်းနှီးမြှုပ်နှံရန် ဖြစ်သည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံသည် Natural Resources တွင် ရှားပါးပြီး ဧရိယာကျဉ်းမြောင်းသော နိုင်ငံတစ်ခုဖြစ်သော်လည်း Advanced Factors များဖြစ်သော Engineering, Entrepreneurship, Skilled Labors များရရှိအောင် ဖန်တီးထားသဖြင့် ထုတ်လုပ်မှုလုပ်ငန်းများတွင် အောင်မြင် မှုများ အမြဲရရှိခဲ့သည်။


နိုင်ငံများသည် မိမိနိုင်ငံအတွက် ပြိုင်ဆိုင်မှု အားကောင်းသော၊ စဉ်ဆက်မပြတ်ဖြစ်သော၊ တိုးတက်မြန်ဆန်သော စီးပွားရေးအဆောက်အအုံ ဖြစ်ပေါ်စေရန် အခြေအနေများကို ရယူဖန်တီးရပေမည်။ နည်းပညာသည် စီးပွားရေးအဆောက်အအုံကြီး ပြောင်းလဲမှု ဖြစ်ပေါ်စေရန် အရေးကြီးဆုံး ဇစ်မြစ်ထဲတွင် ပါဝင်သည်။ သိပ္ပံနှင့် နည်းပညာ စွမ်းရည် (Capacity for Science and Technology) သည် တီထွင်မှု အားကောင်းသော၊ ပြောင်းလဲမှုများကို တိုးတက်လက်ခံနို်င်သော စီးပွားရေး လုပ်ငန်းများ လက်ထဲသို့ ရောက်ရှိစေရန် လိုအပ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးမှုနှင့် သုတေသနလုပ်ငန်းများ (Research and Development) ကို ပြုလုပ်နေသော အဖွဲ့အစည်းများ (Institutions) များနှင့် လက်တွေ့နယ်ပယ်မှ ထုတ်လုပ်မှု လုပ်ငန်းများကြား ဆက်စပ်မှုအားကောင်းစေရန် ဆက်စပ်မှုအား မြှင့်တင်ပေးခြင်း (Linkage Promotion) ပြုလုပ်ပေးရပေမည်။ များသောအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သုတေသနပြုလုပ်နေသည့် အဖွဲ့အစည်းများနှင့် လက်တွေ့အသုံးချ ထုတ်လုပ်မှု ပြုလုပ်နေသည့် လုပ်ငန်းများကြား ဆက်စပ်မှု အားနည်းနေသည့်အပြင် သုတေသန အသုံးစရိတ် (Research and Development Expenditure) လည်း သုံးစွဲနိုင်မှု အားနည်းခြင်း၊ သတင်းအချက်အလက်များကို ဖြန့်ဖြူးမှု အားနည်းခြင်း၊ မူပိုင်ခွင့်ဥပဒေများ အားနည်းခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများပေးမှုများ အားနည်းခြင်းတို့ကို တွေ့ရှိရပေသည်။


နိုင်ငံတစ်နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာတီထွင်ခြင်း တိုးတက်မှုကို တိုင်းတာနိုင်သော ညွှန်ကိန်းများထဲတွင် သုတေသန အသုံးစရိတ်လည်း ပါဝင်သည်။ သုတေသန အသုံးစရိတ်အတွက် ရင်းနှီးမှုများလေလေ၊ မိမိနိုင်ငံ၊ မိမိကုမ္ပဏီ၏ တီထွင်မှု အတိုင်းအတာမှာ များပြားလေလေပင် ဖြစ်သည်။ ထို့ကြောင့် ခိုင်မာသော သိပ္ပံ နှင့် နည်းပညာ အခြေခံနှင့် ဥစ္စာဓနကို ဖန်တီးပေးနိုင်သော နည်းပညာ တီထွင်ခြင်း (Wealth Creating Technological Innovations) နှင့်အတူ အသုံးချမှု (Application) တို့ကိုပါ တွဲဖက်အသုံးပြုနိုင်လေလေ အပြည်ပြည်ဆိုင်ရာ ပြိုင်ဆိုင်မှု ပတ်ဝန်းကျင် (Competitive International Environment )၌ မရှိမဖြစ် လိုအပ်သော စီးပွားရေး တိုးတက်မှု (Essential to Economic Growth) ကို ဖော်ဆောင်နိုင်မှု ဝေးလေလေပင်ဖြစ်သည်။


ယခုအခါ အသိပညာ၊ ဗဟုသုတ၊ ပညာတို့ကို အခြေခံသော စီးပွားရေး အဆောက်အအုံ (Knowledge Based Economy) ဖြစ်ပြီး သဘာဝသယံဇာတ အရင်းအမြစ် (Natural Resource)၊ အခြေခံကျသော သမရိုးကျ ထုတ်လုပ်မှု (Primary Processing and manufacturing) မျိုးဖြင့် ရပ်တည်၍ မရတော့ပေ။ ထိရောက်သော ထုတ်လုပ်မှုများ (Effective Production) နှင့်အတူ အသိပညာ၊ ဗဟုသုတ၊ ပညာတို့ကို အခြေခံသော ခေတ်မှီနည်းပညာာ (Advanced Technology)၊ ဈေးကွက် ရှာဖွေမှု (Marketing)၊ ရောင်းချမှု (Sales)၊ ၀န်ဆောင်မှု (Services) နှင့် ဖြန့်ဖြူးမှု (Distribution) များ ရရှိမည် ဖြစ်သည်။


စီးပွားရေး လုပ်ငန်းစု အဆင့်ဆင့်တွင် ပြိုင်ဆိုင်မှုသည် အရေးပါလျှက်ရှိပြီး ဈေးပေါလျှက်ရှိပြီး ဈေးပေါသော ကုန်ကြမ်းနှင့် လုပ်အား ရနိုင်မှု၊ နည်းပညာရနိုင်မှု၊ ဈေးကွက်ရနိုင်မှု တို့သည် ပြိုင်ဆိုင်မှုကို တွန်းအားပေးသော အရာများ ဖြစ်ခဲ့သော်လည်း ပညာခေတ် (Knowledge Era) တွင် တွန်းအားပေးနိုင်သော တွန်းအားစုအသစ် (New Drivers for Competitiveness) အဖြစ် ၀ယ်ယူသူများကို တန်ဖိုးထားခြင်း (Customer Value) ကို တွေ့ရှိရပေမည်။ ၀ယ်သူများကို တန်ဖိုးထားခြင်းတွင် ဒီဇိုင်းနှင့် ကုန်အမှတ်တံဆိပ် ပိုင်ဆိုင်မှု (Ownership of Designs and Brands)၊ ဈေးကွက် ရှာဖွေမှု စွမ်းရည် (the excellence of marketing skills) နှင့် ၀ယ်သူများ၏ လိုအင်ဆန္ဒကို ချဉ်းကပ်မှု (Focus on Customer Demands) တို့ ပါဝင်ပေသည်။ ထို့ကြောင့် ပုံစံကျနသော ထုတ်လုပ်မှု ဖြစ်စဉ် (Smart Production Process) သည် အလွန်အရေးပါလာခဲ့သည်။ နည်းပညာ စီမံခန့်ခွဲမှု (Management for Technology)၊ တီထွင်မှု (Innovation) နှင့် သတင်းအချက်အလက် (Information) တို့မှာ ၂၁ရာစု၏ အဓိက လိုအပ်ချက်များ ဖြစ်လာခဲ့သည်။


ထို့ကြောင့် စီးပွားရေး တိုးတက်မှုနှင့် အပြည်ပြည်ဆိုင်ရာ ပြိုင်ဆိုင်မှု ရရှိရေးတို့သည် အပြန်အလှန် ဆက်စပ်လျှက်ရှိပြီး ပညာဗဟုသုတ၊ နည်းပညာ လွဲပြောင်းရေး (Generation and Transfer of Knowledge and Technology) တို့အပေါ်တွင် မူတည်လျှက်ရှိသည်။ ပညာဗဟုသုတနှင့် နည်းပညာများမြှင့်တင်ခြင်း၊ စဉ်ဆက်မပြတ်တီထွင်မှုများ ပြုလုပ်နိုင်ခြင်း (Sustained Innovation) တို့သည် စက်မှုနှင့် စီးပွားရေး လုပ်ငန်းများအတွက် ပြဿနာများကို အောင်မြင် ကျော်လွှားစေနိုင်ပြီး နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို အထောက်အကူ ပြုနိုင်ပေသည်။

ပြိုင်ဆိုင်မှုအကျိုးကျေးဇူးကို ဖန်တီးပေးနိုင်သည့် ခေတ်မှီသယံဇာတ အင်အားစုများ - အပိုင်း ၁


၂၀ ရာစု ကုန်ခါနီးအချိန်မှ စတင်၍ ကမ္ဘာ့စီးပွားရေး အဆောက်အအုံအတွင်း တွင် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ကုန်စည်နှင့် ၀န်ဆောင်မှု၊ ဘဏ္ဍာငွေ စီးဆင်းမှု၊ အရင်းအနှီး နှင့် နည်းပညာများ စသည်တို့သည် နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ အလွယ်တကူ ၀င်ထွက်သွားလာနိုင်ကြသည်နှင့်အမျှ ယနေ့ကမ္ဘာ ပေါ်တွင် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်မှ စ၍ နှိုင်းယှဉ်အကျိုးကျေးဇူး များ (Comparative Advantage)ကို မှီခို အားကိုး၍ မရတော့ဘဲ ကမ္ဘာ့ ဈေးကွက်တွင် အပြိုင်အဆိုင် ဈေးကွက်ရှာဖွေမှုမှ တဆင့် ပြိုင်ဆိုင်မှု အကျိုးကျေးဇူး (Competitive Advantages) ကို ရရှိအောင် ဖန်တီးလျှက်ရှိသည်။


ပြိုင်ဆိုင်မှု (Competitiveness) ဆိုသည့် ဝေါဟာရကို စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေးဘာသာ ရပ်နယ်ပယ်၊ နိုင်ငံရေးနယ်ပယ်များတွင် အသုံးများလာ သည်ကို တွေ့ရှိရသည်။ စီးပွားရေးရှုထောင့်အရ ပြိုင်ဆိုင်မှု (Competitiveness) ဆိုသည်မှာ အမြတ်၊ ဈေးနှုန်း၊ ရင်းနှီးမြှုပ်နှံမှုတို့၏ ပြန်ရချက်၊ ထုတ်ကုန်အရည်အသွေး စသည်တို့၏ ရလဒ်များ ကြောင့် စီးပွားရေး လုပ်ငန်းနယ်ပယ်အတွင်းမှာ ဆက်လက်ရှင်သန် ရပ်တည်နေနိုင်ပြီး အသစ်အသစ်သော ဈေးကွက်များအထိ တိုးချဲ့နိုင်သော လုပ်ငန်း၏ စွမ်းရည်ကို ခေါ်ဆိုသည်။

နိုင်ငံ၏ ပြိုင်ဆိုင်မှု (National Competitiveness) ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ဈေးကွက်များတွင် မိမိနိုင်ငံထုတ်ကုန်စည်နှင့် ၀န်ဆောင်မှုများကို ကမ္ဘာ့ဈေးကွက်တွင် ဖန်တီးထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းဝယ်နိုင် သော နိုင်ငံတစ်ခု၏ စွမ်းရည်ပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတစ်ခု၏ ယှဉ်ပြိုင်မှုကို အရှင်းဆုံးဖွင့်ဆိုရလျှင် ကမ္ဘာ့ဈေးကွက်တွင် ဆက်လက်ရှင်သန်ရပ်တည်နိုင်စွမ်းရှိသော လုပ်ငန်း၏ စွမ်းရည်ပင် ဖြစ်ပေသည်။


နိုင်ငံတစ်ခု၏ ပြိုင်ဆိုင်မှု တိုးတက်စေရန် အဓိကကျသော အင်အားစုများမှာ -

Ø သဘာဝသယံဇာတအင်အားစု (Factor Endowment)

Ø ပြည်တွင်းဝယ်လိုအား အခြေအနေ (Demand Condition)

Ø ၎င်းလုပ်ငန်းနှင့် ဆက်စပ်ပတ်သက်လျှက်ရှိသော၊ အထောက်အပံ့ ပြုလျှက်ရှိသော စက်မှုလုပ်ငန်းများ ( Related and Supporting Industries)

Ø လုပ်ငန်းစု၏ မဟာဗျူဟာ၊ လုပ်ငန်းပုံသဏ္ဍာန် နှင့် လုပ်ငန်းပြိုင်ဆိုင်မှု (Firm Strategy၊ Structure and Rivalry) တို့ ဖြစ်ကြသည်။


ဤအင်အားစုများ အားကောင်းလေ နိုင်ငံ၏ ပြိုင်ဆိုင်မှု အင်အားကောင်းလေ ဖြစ်သည်။ သို့သော် ဤအင်အားစုများသည် လုပ်ငန်း၏ အတွင်းအင်အားစုများ (Internal Factors) များဖြစ်ပြီး အခွင့်အလမ်း (Chance) နှင့် အစိုးရ၏ ထိန်းချုပ်မှုနှင့် မူဝါဒ (Government Control and Policy) ကဲ့သို့သော လုပ်ငန်း၏ ပြင်ပမှ ထိရောက်စေသော အင်အားစုများ (External Factors) များလည်း ရှိသည်။


နိုင်ငံများအကြားတွင် မိမိနိုင်ငံထုတ်ပစ္စည်းများ၊ ၀န်ဆောင်မှုများကို ကမ္ဘာ့ဈေးကွက်အတွင်း ရှယ်ယာ အပြိုင်အဆိုင်ရယူနိုင်ရန် တီထွင်မှုများ (Innovation) ဆက်တိုက်လိုအပ်လာသည်။ ထို့ကြောင့် နိုင်ငံများအကြား ပြိုင်ဆိုင်မှု အကျိုးကျေးဇူးကို ရရှိခံစားနိုင်ရန်၊ ပြိုင်ဆိုင်မှု အကျိုးကျေးဇူးသည် မည်သည့်အကြောင်းအရာများပေါ် မူတည်နေသနည်း၊ မည်သို့စီမံခန့်ခွဲလျှင် ရနိုင်မည်နည်း ဆိုသည်ကို နိုင်ငံများအကြား အပြိုင်အဆိုင် လေ့လာ သုံးသပ်မှုများ ပြုလုပ်လာခဲ့သည်။ အာရှနိုင်ငံများဖြစ်သော စင်္ကာပူနှင့် ဟောင်ကောင်တို့သည်လည်း အမေရိကန် နှင့် ပြိုင်ဆိုင်မှု ကွာဟချက် (Competitiveness Gap) ကျဉ်းမြောင်း လာခဲ့သည်။


ကမ္ဘာ့စီးပွားရေးအဆောက်အအုံတွင် စီးပွားရေးလုပ်ငန်းများ၊ ကုမပဏီများသည် ပြိုင်ဆိုင်မှု အကျိုးကျေးဇူးကို ရရှိနိုင်ရန် အတွက် အပြိုင်အဆိုင်ရှာဖွေကြသည်။ ထိုသို့ ရှာဖွေကြရာတွင် -

Ø ကုန်ကြမ်းဇစ်မြစ်ကို သေချာစွာ ထိန်းသိမ်းခြင်း (Maintaining a Secure Source of Materials)

Ø ထုတ်လုပ်မှု အခြေအနေအား ပြိုင်ဆိုင်မှု ရှိအောင် ထိန်းသိမ်းခြင်း (Maintaining a Competitive Manufacturing Position)

Ø ဈေးကွက်ချဲ့ထွင်ခြင်းကို ဖြစ်ထွန်းစေရန် ၀ယ်ယူသူများအကြား ၀န်ဆောင်မှု (Customer Service) နှင့် ဈေးနှုန်းအားဖြင့် လျော့ချ ရောင်းချခြင်း (Lower Price) ဟူ၍ ဈေးနှုန်းအရ ပြိုင်ဆိုင်မှု (Price Competition) နှင့် ဈေးနှုန်းအရ မဟုတ်သော ပြိုင်ဆိုင်မှု (Non- Competitive Competition) ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။


ဤနေရာတွင် ဈေးနှုန်းအရ ပြိုင်ဆိုင်မှုဆိုသည်မှာ ဈေးနှုန်းကို အပြိုင်အဆိုင် လျော့ချခြင်းအားဖြင့် ရောင်းအား မြှင့်တင်ခြင်းဖြစ်ပြီး ဈေးနှုန်းအရ မဟုတ်သော ပြိုင်ဆိုင်မှု ဆိုသည်မှာ ထုတ်ကုန်အရည်အသွေးကို မြှင့်တင်ခြင်း (Promotion of Quality Product) ၊ ထုတ်ကုန်ဒီဇိုင်းအသစ်များ တီထွင်ခြင်း (Innovation of new design products)၊ ၀န်ဆောင်မှုပေးခြင်း (Services)၊ ကြော်ငြာခြင်း (Advertising) တို့ပင်ဖြစ်သည်။ နိုင်ငံများ၊ စီးပွားရေး လုပ်ငန်းများအဖို့ ပြိုင်ဆိုင်မှု အကျိုးကျေးဇူးဟု ခေါ်၍ ထိုစိန်ခေါ်များကို ရင်ဆိုင်နိုင်ရန် အသင့်ဖြစ်ပြီလားဟု (Are you up for the challenges?) ဟူ၍ စဉ်းစားစရာပင် ဖြစ်ပေသည်။


သဘာဝသယံဇာတအင်အားစုကို Heckscher-Ohlin သီအိုရီအရ အခြေခံသဘာဝအင်အားစု (Basic factors) နှင့် ခေတ်မှီ သယံဇာတအင်အားစု (Advanced Factors) ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ အခြေခံ သဘာဝအင်အားစု (Basic Factors) တွင် သဘာဝသယံဇာတ (Natural Resources)၊ ရာသီဥတု (Climate)၊ နေရာ (Location) တို့ပါဝင်သည်။ ခေတ်မှီသယံဇာတအင်အားစု (Advanced Factors) တွင် ဆက်သွယ်ရေး (Communication)၊ ကျွမ်းကျင်လုပ်သား (Skilled Labor)၊ နည်းပညယ (Technology) တို့ ပါဝင်သည်။


ပြိုင်ဆိုင်မှု အကျိုးကျေးဇူး (Competitiveness Advantages) ကိုရရှိစေရန် ခေတ်မှီသယံဇာတ အင်အားစုများက ပိုမိုအရေးပါကြောင်း တွေ့ရသည်။ ခေတ်မီသယံဇာတ အင်အားစုများသည် လူများ၊ စီးပွားရေး လုပ်ငန်းစုများနှင့် အစိုးရတို့မှ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ရရှိလာနိုင်စေသော ရလဒ်များပင် ဖြစ်သည်။