Thursday, July 31, 2008

leader and manager

ဒီပိုစ့်လေးကတော့ ကျနော့် ဘလောက်မှာ တစ်ခါရေးဖူးပြီးသားလေးပါ တစ်ချို့လည်းဖတ်ဖူးကြမယ်ထင့်ပါရဲ့ ဒီ ဘလောက်ကလေးနဲ့ ဒီပိုစ့်လေးနဲ့က သင့်တင့်တယ်လို့ထင်တာနဲ့ ပြန်တင်ပေးလိုက်တာပါဗျာ ။ ဟောပြောပွဲ သွားတက်ရင်းနဲ့ ကြားခဲ့တာလေးတွေကို ကိုယ့်ဘာသာကိုယ် နဲနဲ လျှာ ရှည်ပြီးဖောက်သည်ပြန်ချတဲ့ သဘောပါ။ ဆရာ ဦးအောင်ထွန်းသက်ရဲ့ ဟောပြောပွဲလေးပါ

လူတွေဟာတဲ့ တခြားသူတွေကိုပြောင်းလဲအောင်လုပ်ချင်ကြတယ်။ အဲဒါဟာ လုံးဝမှားတယ် ဘာလို့လဲဆိုတော့ တခြားသူတွေကိုပြောင်းလဲအောင်လုပ်လို့ကို မရဘူးတဲ့။ ဆိုကြပါစို့ဗျာ ခင်ဗျား သိပ်ခင်တဲ့သူ တစ် ယောက်ကို အနုပညာလောက မှာ သိပ်အောင်မြင် စေချင်တယ် အထူးသဖြင့် အဲဒီလူကို အဆိုတော်တစ်ယောက် ဖြစ်စေချင်တဲ့ ဟာ ဒီကောင်က သူ့ အသံကိုက မကောင်းဘူး ဗျာ နောက်ပြီးတော့ တခြားသူတစ်ယောက်က ဆိုငါးပေါက်သံနဲ့ ဆိုထားတဲ့ သီချင်းကို သူကခြောက်ပေါက်သံနဲ့ ကြားတယ်ဗျာ။ ကဲဒီတော့ သူကဆိုရင် ခြောက်ပေါက်သံနဲ့ဘဲဆိုမယ် အဲဒီတော့ ဒီကောင်ဘယ်လိုလုပ်အဆိုတော်ဖြစ်နိုင်မလဲ ဟုတ်တယ်နော် လူတစ်ဦးချင်းဆီမှာ Talent တစ်မျိုးဆီရှိတယ် ကမ္ဘာမှာဗျာ လူဦးရေ သန်းခြောက်ထောင်ကျော် ရှိတယ် အဲဒီထဲ မှာခင်ဗျားနဲ့တူတဲ့သူတစ်ယောက်ကိုမရှာနဲ့ ရှိကိုမရှိဘူး ....ခင်ဗျားဟာ ခင်ဗျားဘဲ ......... ဆရာရဲ့ အဆိုလေးပါ

အဲဒီနေရာမှာ Manager နဲ့ Leader နဲ့ ကွာသွားတော့တာဘဲ မန်နေဂျာတွေက ဘာလုပ်သလဲဆိုတော့ သူ့
Mission အောင်မြင်ဖို့အတွက် လိုအပ်ချက်တွေကိုရှာတဲ့ နေရာမှာ သူ့အောက်မှာ ရှိတဲ့ ၀န်ထမ်းတွေရဲ့ အားနည်းချက်တွေကိုလိုက်ရှာတက်တဲ့ အကျင့်ရှိတယ်.... ဘာလို့လဲဆိုတော့ သူလူတွေရဲ့အား
နည်းချက်တွေကို ဖြည့်စွက်ပေးဖို့အတွက်ဆိုပါတော့ဗျာ ..... အဲဒီလိုအပ်ချက်တွေအတွက်သင်တန်းတွေ ပေးတယ် ဗျာ။ တကယ်တော့ အဲဒီကောင်မှာ တကယ့်Talent တွေ မရှိတဲ့ဟာမျိုးဆိုရင် ဘယ်လိုသင်တန်းပေးပေး
မရဘူးဗျ။ စင်ပေါ်ကိုတက်ကိုပြောနိုင်စွမ်းမရှိတဲ ဟာမျိုး ကိုသွားပြီးဘာမှ သင်တန်းမပေးနဲ့ မရဘူး အလကားဘဲ
အချိန်ကုန်သွားမယ် ဒါပေမယ့် အဲဒါဟာ လုပ်နေကြတာဘဲ

Leader ကောင်းတစ်ယောက်ဆိုရင်တော့ သူ့ Mission အောင်မြင်နိုင်ဖို့အတွက် သူ့ လူတွေမှာရှိတာတွေကိုဘဲထုတ်သုံးဖို့ကြိုးစားတယ် သူ့လူတွေရဲ့မတူညီတဲ့ အရည်အချင်းတွေကို သင့်လျှော်သလိုထုတ်သုံးပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်တယ်.....

မန်နေဂျာဆိုတာကတော့ဗျာ ကျားကစားတဲ့သူတွေနဲ့တူတယ်။ သူကရှင်းတယ်လေ သမရိုးကျဘဲ ကျားခုံမှာ အဖြူကွက်တွေအမဲကွက်တွေပါတယ်။ အဲဒီထဲကမှ သူ့ကျားကောင်လေးတွေကို သမရိုးကျအတိုင်းဘဲ တစောင်းလေးတွေတက်သွားမယ် သူ့မှာဘာမှ သိပ်ဖန်တီမှုမရှိဘူ:။

Leader ဆိုတာကတော့ စစ်တုရင်ကစားတာနဲ့ တူတယ် သူလက်အောက်က အကောင်တိုင်းမှာ မတူညီတဲ့ အရည်အသွေးတွေရှိတယ် ဒီအရည်အသွေးတွေကို ထိရောက်စွာ အသုံးချပြီး တဖက်ကစား သမားကို တစ်ဘက်ပြိုင်ဘက်ကိုယှဉ်ပြိုင်ရတယ် တကယ်တော့လူတွေဟာ ကျားကောင်တွေနဲ့ မတူဘူး စစ်တုရင်ရုပ်တွေလို မတူညီတဲ့အရည်သွေးတွေရှိနေတယ် လို့ ဆရာက ဆိုခဲ့သေးတယ်ဗျာ

ကင်းမြီးကောက်နဲ့ဖားပုံပြင်လေး ကြားဖူးကြမယ် ထင်တယ်နော်မကြားဖူးလည်း ထပ်ပြောတာပေါ့ဗျာ။ တစ်ခါ တုန်း ကပေါ့ဗျာ ကင်းမြီးကောက်နဲ့ဖားတစ်ကောင်ဟာ ဘော်ဒါဖွဲ့ပြီးနေကြတယ်တဲ့ ။ တစ်နေ့တော့ ဒီဘဲနှစ်ဗွေ က ချောင်းတစ်ခုကိုဖြတ်ပြီးခရီးသွားဖို့ ကြုံရောတဲ့ဗျာ။ အဲဒီမှာ ကင်မြီးကောက်က ပြောတာပေါ့ ဟေ့ကောင် ငါကတော့ရေမကူးတက်ဘူး အဲတော့မင်းက ကျောပေါ်မှာငါ့ကိုတင် ပြီးတော့ကူးပေး အဲဒါမှအဆင် ပြေမှာ....ဆိုတော့ .......ဖားက ဟ ငါကမင်းကို တင်ခေါ်တာတော့ဟုတ်ပြီ ဒါပေမယ့်မင်းငါ့ကို အမြီနဲ့ထိုးလို့တော့မဖြစ်ဘူး မင်းရေထဲမှာငါ့ ကိုအမြီးနဲ့ထိုးရင် ငါကအဆိပ်တက်မှာ အဲဒါဆို ရေဆက်မကူးနိုင်ဘူးဖြစ်မှာ ငါသေရင် မင်းလဲရေမကူးတက်တော့ မင်းပါသေမှာ ။ ကင်းမြီးကောက်က အေးပါကွာ မထိုးပါဘူးဆိုတော့ ဖားက သူ့ကျောပေါ်တင်ပြီး မြစ်ကိုကူးလိုက်တာ မြစ်လည်လည်းရောက်ရော ကင်းမြီးကောက်က ဖားရဲ့ကျောကို အမြီးနဲ့ထိုးပါလေရော ....ဖား က ဟာ မင်းဘာလုပ်တာလဲ အခုငါအဆိပ်တက်ပြီ မင်းပါသေမှာ ဟငါက ကင်းမြီးကောက်ဘဲ အဲဒီတော့ထိုးရမှာဘဲ.......

Mamager တွေက ဖားတွေလိုဘဲစဉ်းစားတယ် သူတို့ကပြောင်းလဲလို့ရမယ်လို့ထင်တယ် လူတွေရဲ့ သဘာဝ တွေကိုပြောင်းလဲဖို့ကြိုးစားတယ်။ သူတို့သာ အစွမ်းကုန်ကြိုးစားရင် ဘယ်သူ့ကိုမဆို သူတို့ပြောင်း လဲ ချင်တဲ့ ပုံစံအတိုင်း ပြောင်းလဲရမယ်ထင်တယ်။ နောက်ဆုံးတော့လဲ အားလုံးကိုမကျေနပ်ဘဲ ပြီးဆုံး သွားရသူမျိုးတွေပေါ့......

Leader တွေကတော့ အယူဆဟောင်းတွေကို စွန့်လွှတ်ပြီး လူတွေရဲ့မတူညီတဲ့အရည်သွေးလေးတွေကို ကိုင်တွယ်ပြီး မတူညီတဲ့နည်လမ်းလေတွေနဲ့ သူတို့ အရည်ချင်းတွေကိုထုပ်ဖော်ချင်လာအောင် Motivate လုပ်ပြီး ပန်းတိုင်ကိုသွားနိုင်သူတွေပေါ့ ။ လူတွေကိုများများမပြောင်းနိုင်ဘူးဆိုတော့ သူတို့ဆီက ထုပ်ယူတဲ့နည်းကိုဘဲသုံးတဲ့သူတွေပေါ့......

မန်နေဂျာတွေက လူရွေးတဲ့အခါမှာ experience တို့ Intellegence တို့ determination တို့ ကိုအဓိက ထားစဉ်းစားတက်တယ်။ သူရွေးတဲ့သူတွေလုပ်ငန်းခွင်ထဲရောက်တာနဲ့လုပ်ရမှာတွေကိုတန်းစီ ပြောပြ သင်ပြပေးတော့တာဘဲ။ သူ့လူတွေရဲ့အားနည်းချက်တွေကို ဖြည့်စွက်ဖို့ကြိုးစားတယ် သူတို့မှာမရှိတာ တွေကိုထည့်လို့ရမယ်ထင်တဲ့ဖားတွေပေါ့ဗျာ ။ ရာထူးတိုးပေးပြီး လူတွေကို develope ဖြစ်အောင် လုပ်ပေးတယ်....

leader တွေကတော့ လူတွေကိုရွေးတဲ့ အခါမှာ experience ,ntellegence ,determination ထက် Talent ကိုဘဲ အဓိကထားပြီးရွေးတယ် သူ့လူတွေရဲ့ သက်ဆိုင်ရာ Talent ကိုယုံကြည်ရတော့ ဘာလိုချင်တယ်ဆိုတာဘဲပြောတယ်။ သူတို့ရဲစွမ်းဆောင်ရည်ကိုလွတ်လွတ်လပ်လပ်ဖော်ထုပ်ခွင့်ပေးတဲ့သဘော
ပေါ့။ သူ့လူတွေကို develope ဖြစ်ဖို့အတွက်ရာထူးတိုးပေးတာထက် သက်ဆိုင်နေရာတွေမှာ အံဝင်ခွင်ကျဖြစ်အောင်ဖန်တီးပေးတယ်.....

အဲဒီနေရာမှာ ရာထူးတိုးပေးခြင်းနဲ့နေရာမှန်ပို့ခြင်းက သိပ်ကွာတယ်နော် ဆိုကြပါစို့ ကလေးအထူးကု တစ်ယောက် သိပ်တော်တယ် ဒီတော့ရာထူးတိုးပေးပြီး ညွှန်ချူပ်ခန့်လိုက်တယ်။ သူက ဆေးကုတော်တာ လေ management ကောင်းချင်မှ ကောင်းမှာပေါ့ သူက ညွှန်ချူပ်ဘ၀မှာ မလုပ်တက်မကိုင်တက်နဲ့ဆိုရင် သူ့ departmene ရဲ့ရည်ရွယ်ချက်လဲပျက် ပြီသူ့နေရာကိုရောက်တဲ့ကလေးဆရာဝန် ကလည်းမလုပ်တက် မကိုက်တက်ဆိုရင် ကဲကဲနေရာမှန်လူမှန် နဲ့ အကောင်းဆုံးသော leader တွေနဲ့တွေပါစေ ...... အားလုံးရဲ့ အမြင်လေးတွေကို နားဆင်နေပါရဲ့


Wednesday, July 30, 2008

ခုံပူကြီးပေါ်ကလူ (၁)


“ ခင်ဗျား အလုပ်က အေးဆေး ပဲနော်။ သက်သက် သာသာပဲ။ ကျွန်တော်တောင် အဲလို လုပ်ရ ကောင်းမလား ပဲ ဟား ဟား ဟား . . . ”

“ မင်းကိုတော့ အားကျ တယ်ကွာ။ အခန်းထဲမှာ အဲကွန်းလေးနဲ့၊ စားပွဲ ကုလားထိုင်နဲ့၊ ကွန်ပျူတာနဲ့ ဘာမှ ပူစရာ မလိုဘူး။ တို့မှာတော့ တနေ့တနေ့ ပြေးလွှား နေရတာ။ မင်းလိုမျိုး သက်သာတဲ့ အလုပ်တော့ လုပ်ချင်သားပဲ ”

“ အကိုက အခန်းထဲမှာ အေးဆေးလေး နေရတာလေ။ သမီးတို့က ရင်ဆိုင် နေရတာလေ။ အကို့လိုတော့ တခါတခါ နေရရင် ကောင်းမှာပဲလို့ တွေးမိတယ် ”

“ သူက ဘာသိမှာတုန်း ရုံးထဲမှာ ထိုင်ပြီး ဟိုလူ့ခိုင်း ဒီလူ့ခိုင်းနဲ့ သူ့လိုတော့ လူတိုင်း လုပ်တတ်တယ် ပြောမကောင်း လို့သာ ဟွန်း ”

အဲဒီ့အသံတွေကို ကျွန်တော် ကြားနေကျ ဖြစ်သွားတော့ ရိုးသွားတယ်။ ပျင်းသွားတယ် ပေါ့ဗျာ။ ကျွန်တော်ထင်ပါတယ်။ အရာရှိ တော်တော် များများ၊ CEO တော်တော် များများ၊ ပိုင်ရှင် တော်တော်များများ ဒီလို အသံတွေကို ကြားတိုင်း ပြုံးကြ လိမ့်မယ်လို့။ ဒီအသံ တွေက အဲဒီ့လူတွေ အတွက် နေ့စဉ် နေ့တိုင်း နီးပါး “မင်္ဂလာပါ” လို့ နှုတ်ခွန်းဆက် နေသလို ဖြစ်နေမယ် ဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး။ ဒါဟာ ပတ်ဝန်းကျင်က ရုတ်တရက် ကြည့်ပြီး ဖြစ်စေ၊ သေချာ မသိလို့ ဖြစ်စေ ဝေဖန်ကြတဲ့ ပြောဆို နေကြတဲ့ စောင်းမြောင်း နေကြတဲ့ စကားသံ တွေပါပဲ။ ဟုတ်ကဲ့ သူတို့တွေ အဲဒီလိုသာ ပြောနေကြတာပါ အဲဒီ့နေရာရဲ့ တကယ့်အစစ်အမှန် အရသာ၊ အစစ်အမှန် အတွေ့အကြုံတွေကို မကြုံဖူး ကြသေးလို့ပါ။ အဲဒီ့နေရာတွေကို မရောက်သေးလို့ပါ။ တကယ်တမ်း အဲဒီ့ နေရာတွေကို ရောက်သွားတဲ့ လူတစ်ယောက်၊ အဲဒီ့တာဝန်တွေကို ယူရတဲ့လူတစ်ယောက် ဖြစ်ခဲ့ရင် ဒီစကားမျိုး ဘယ်တော့မှ ထွက်လာမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် ကျိန်းသေ ပြောရဲပါတယ်။ အဲဒီ့လူ အားလုံးဆီကနေ တညီတညာထဲ ထွက်လာမယ့် အသံက တစ်ခွန်းထဲပါ “ ထိုင်ကြည့်စမ်းပါ ဒီနေရာက ခုံပူကြီးရယ် ” အဲဒီ့စကားပဲ ပြောဖြစ်မှာပါ။ ဗေဒင်မေးရင် ဆန်ကုန်တယ်။

“ အပင်မြင့်ရင် လေပို တိုက်ခံရတယ် ” အဲဒီ့စကားကို ကျွန်တော် တော်တော် နှစ်သက်ပါတယ်။ တကယ်လည်း မှန်တဲ့စကားပါ။ ရာထူးကြီး လာလေလေ တိုက်ခိုက် ခံရတာ များလာလေလေပါပဲ။ လူတွေ အမြင်မှာ အဲဒီ့လူတွေဟာ ဘာမှမသိတဲ့ သူတွေလို၊ ကိုယ်ချင်းစာ တရား မရှိတဲ့ လူတွေလို၊ သက်တောင့်သက်သာ နေချင်တဲ့ သူတွေလို ထင်မြင် နေကြတာပါ။ တကယ်တော့ သူတို့ တာဝန် တွေဟာ သူများတွေ ထင်တာထက် ပိုပြီး ကြီးပါတယ်။ CEO တစ်ယောက်၊ ပိုင်ရှင် တစ်ယောက်ဟာ သူကျင်လည်နေရတဲ့ Organization တစ်ခုလုံးရဲ့ ဝင်ရိုးပါ။ သူဟာ အဓိက အကျဆုံး အပိုင်းကနေ လှုပ်ရှားနေတာပါ။ သူထလုပ်မှ အလုပ်လုပ်တာ မဟုတ်ပါဘူး။ ထိုင်နေရင်းကလဲ သူ အလုပ်လုပ် နေတာပါပဲ။ သူတို့မှာ သူများတွေ ထက် ပိုပြီး pressure များပါတယ်။ သူတို့ဟာ ကျန်တဲ့ သူတွေထက် ပိုပြီး reponsibility များပါတယ်။ သူတို့တွေဟာ စကားတစ်ခွန်း၊ ဆုံးဖြတ်ချက်တစ်ခု အဲဒါတွေကို လွယ်လွယ် ကူကူ ပြောလို့၊ ဆုံးဖြတ်လို့ မရပါဘူး။ ဒါကို သူတို့ အောက်က ဝန်ထမ်းတွေ သူတို့ ပတ်ဝန်းကျင်က လူတွေ သတိ ထားမိချင်မှ ထားမိ ပါမယ်။ သိချင်မှလည်း သိပါလိမ့်မယ်။ သတိ မထားမိတာ၊ မသိကြတာ များပါတယ်။ ဒါကြောင့်လဲ ခုနကလို စကားသံတွေ ထွက် လာတာပေါ့။

ကိုယ့်ထက်သာရင် မနာလိုတာ လူ့သဘာဝပါ။ ဝန်ထမ်း တော်တော်များများဟာ ကိုယ့်အထက်ကလူဆိုရင် မုန်းတတ်ကြပါတယ်။ CEO အဆင့် ပိုင်ရှင် အဆင့်ဆိုရင်တော့ ဆိုဖွယ်ရာ မရှိပေါ့။ အဲဒီ့လူတွေဆိုရင် ရွံကြောက်ကြီး ဖြစ်ကြတာ များပါတယ်။ ကိုယ့်ထက် ရာထူးကြီးတော့ ကြောက်တယ်။ ကိုယ့်ကို ခိုင်းတော့ မုန်းတယ် ရွံတယ်။ သူတို့ မတွေးတဲံ အချက် တစ်ချက်ကိုတော့ ပြောပြ ချင် ပါတယ်။ အဲဒီ့ လူတွေက သူတို့ကို ဦးဆောင်နေပြီ ဆိုကထဲ အဲဒီ့လူတွေမှာ သူတို့ထက် သာတဲ့ အချက်တွေ ရှိတယ်ဆိုတာကို မတွေး တော့ ပါဘူး။ အဲဒီ့ လူတွေ ဆီကနေ ကိုယ့်မှာ လိုအပ်နေတဲ့ ပညာတွေ၊ ကိုယ့်ထက် သာနေတဲ့ အချက်တွေကို ဓမ္မဓိဌာန် ကျကျ သင်ယူ ဖို့၊ လေ့လာဖို့ မစဉ်စားတော့ပဲ ကွယ်ရာမှာ အပြစ်တွေပြော၊ ဘယ်လိုပြန်ပြီး အကြောင်းပြရမလဲ ဒါပဲ အချိန်ပြည့် စဉ်းစား နေကြ လို့ သူတို့လို နေရာမျိုး မရောက်ပဲ သူတို့ကို အတင်းပြော နေရတဲ့ ဘဝမှာပဲ ရပ်တန့် နေကြရ တာပါ။ ဒါလေးကို သေချာ သတိ ပြုမိ စေချင် ပါတယ်။ တကယ်လို့ ခင်ဗျားဟာ ခင်ဗျား အထက်ကလူကို နေ့စဉ် ဒါမှမဟုတ် အလုပ်တစ်ခု ပေးတိုင်း ကျိန်ဆဲမိ နေပြီ ဆိုရင်တော့ အပြန်ဆုံး ရပ်ပြီး ကျွန်တော် ပြောတာကို တစ်ချက် ပြန်စဉ်းစား ကြည့်ပါ။ အဖြေ တစ်ခုတော့ ရပါလိမ့်မယ်။ အဲဒီ့ အဖြေကို သေချာ သုံးသပ်နိုင်ရင် ခင်ဗျားမှာ တက်နေတဲ့ ပြဿနာတွေ အနည်းနဲ့အများ ဆိုသလို ပြေပျောက် သွားပါလိမ့်မယ်။ မယုံရင် စမ်းကြည့်ပါ။ လက်တွေ့ အကျိုးရှိ ပါလိမ့်မယ်။

ခုံပူကြီးပေါ်က လူတွေဟာ အောက်က လူတွေရဲ့ တီးတိုးသံတွေ၊ အမူအယာတွေ၊ အပြုအမူတွေကို မသိ မရှိပါဘူး။ တနည်းနည်း နဲ့တော့ သိကြ တာပါပဲ။ ထုတ်ပြောချင်မှ ပြောကြမှာပါ။ တခါတလေလဲ စကားကြုံလို့ ပြောသလို ပြောကြ ပါလိမ့်မယ်။ ဒါမှမဟုတ် တခြား တစ်ခုခုနဲ့ ဥပမာပေးပြီး ပြောကြ ပါလိမ့်မယ်။ ပြောချင်မှလဲ ပြောလိမ့်မယ်။ သူတို့က ပေါ်တင် ထုတ်ပြောလာတာမျိုးလဲ ရှိပါ လိမ့်မယ်။ အဲဒါတွေ ကတော့ သူတို့တွေ အခြေအနေနဲ့ ကိုင်တွယ်ပုံတွေမှာ စဉ်းစားပြီး ပြုမူ ဆောင်ရွက်ကြတာပါ။ တစ်ဦးနဲ့တစ်ဦးတော့ မတူနိုင်ပါဘူး။ ဒါပေမယ့် သိတာတွေကတော့ တူကြပါတယ်။ ကိုယ်က သူမသိဘူးထင်လို့ ပြောတာဖြစ်စေ၊ လုပ်တာဖြစ်စေ လုပ်ပြီးလို့ အဲဒီ့လူကို ခုံပူကြီးပေါ်က လူတွေက ခေါ်ပြောလိုက်ရင် အံ့သြ သွားကြတာ များပါတယ်။ မအံ့သြပါနဲ့ သူတို့တို့တွေ အဲဒီ့လို သိနိုင်ကြားနိုင် လုပ်နိုင်လို့လဲ အဲဒီ့ နေရာတွေမှာ မြဲနေကြတာပါ။ မျက်စိ တစ်သိန်း၊ နားတစ်သိန်း ရှိကြပါတယ်။ မပြောရင်သာ ရှိမယ် သိပြီး ကြားပြီး သားပါ။

ရာထူးကြီး လာလေလေ ခုံပေါ်က မထရလေလေ။ ခုံကပိုပြီး ပူလာလေလေပါပဲ။ သူတို့ဟာ သင်္ဘော ကပ္ပတိန်တွေနဲ့ ပိုပြီးတူပါတယ်။ သင်္ဘော စထွက်ရင် ထိပ်ဆုံးက တက်ရသလို၊ သင်္ဘောဆိုက်ရင် (သို့) သင်္ဘောပျက်ရင် နောက်ဆုံးမှ ဆင်းရ သူတွေပါပဲ။ အောက်ခြေ က တက်လာသမျှ ပြဿနာတွေ အားလုံးဟာ ကြီးကျယ် လာတာနဲ့ အမျှ ခုံပူကြီး ပေါ်ကလူက ပိုပြီး ပင်ပန်းသလို သူကပဲ အဖြေ ထုတ်ပေး၊ တာဝန်ယူပေးရတာပါ။ သူဝင်ပါရမယ့် အချိန်၊ သူဖြေရှင်းပေးရမယ့် အချိန်ကို ခုံပူကြီးပေါ်ကလူက အမြဲတမ်း စောင့်ကြည့် နေတာပါ။ ဒါကို တချို့က ဘာမှ မလုပ်သေးဘူး၊ မလုပ်တတ်ဘူးလို့ ထင်မြင် ယူဆ ကြတာကတော့ အံ့သြစရာပါပဲ။ ခုံပူကြီးပေါ်က လူဟာ သူဝင်ပါရမယ့် အချိန်၊ သူကိုင်တွယ်ရမယ့် ချိန်ကို အမြဲတမ်း သိပါတယ်။ ခုံပူကြီးပေါ်ကလူဟာ သူဝင်ပါရပြီဆိုကထဲက အဖြေထုတ် ပေးရပါပြီ။ အဲဒီ့အတွက် သူ့မှာ တာဝန်တွေ၊ ဆုံးဖြတ်ချက်တွေ၊ ကတိတွေ ပါပြီးသားပါ။ သူ လွယ်လွယ်ကူကူ ဝင်မပါ တတ်ပါဘူး။

ခုံပူကြီးပေါ်က လူတွေ အကြောင်းကို သေချာမသိ၊ အဲဒီ့လို နေရာကိုသာ လိုချင်နေတဲ့ လူတွေကို မြင်တိုင်း ရီ(ရယ်)ချင်ပါတယ်။ အဲဒီ့ လူ ခိုင်းတာ ကိုတောင် မလုပ်နိုင် သေးပဲနဲ့ သူ့နေရာ၊ သူ့အလုပ်တွေ တာဝန်တွေကို ယူချင်တယ် ဆိုရင်တော့ လှေကားထစ်ကို ပထမထစ်ကနေ စပြီးမတက်ပဲ ထိပ်ဆုံး တန်းရောက်ချင်တဲ့ သူလို ဖြစ်နေ ပါလိမ့်မယ်။ “ စိုင်ကော်လို့ ခြုံပေါ်ရောက်တဲ့ လူ” တွေ အတွက် တော့ မပြောတတ်ဘူး ပေါ့လေ။ ဒါပေမယ့် အဲဒါကလဲ သေချာ စဉ်းစားကြည့်ပါအုံး။ စိုင်ကော်လိုက်လို့ အမြင့်ပေါ် ရောက်သွား တယ် ပေါ့လေ။ ဒါပေမယ့် ရောက်တဲ့ အမြင့်ကလဲ ခြုံ။ ခြုံဆိုမှတော့ ဘယ်မှာ လာပြီး အောက်ခြေ ခိုင်ပါ့မလဲ။ အင်း အဲဒီလိုလူတွေ ခြုံပေါ်က ပြုတ်ကျရင် “ဘုန်း” ကနဲ အသံကြီးကြားရပြီး အကျ နာတတ်ပါတယ်။ သတိထား စေချင်ပါတယ်။ ကျွန်တော်ပြောနေကျ စကား တစ်ခွန်းရှိပါတယ် “ ထိုင်ကြည့်လေ၊ ဒါပေမဲ့ ခုံကတော့ပူတယ် ” လို့။ ကျွန်တော့်လိုပဲ ခုံပူကြီးပေါ်က လူတွေလဲ ပြောကြ မယ်လို့ ထင်ပါတယ်။ နောက်မှ ပဲဆက်ပြီး အဲဒီ့ အတွေ့အကြုံတွေကို ဆက်ရေးပါ့မယ့်။ အခုတော့ ဒီလောက်ပဲပေါ့။ တော်သေးပြီ။

Tuesday, July 29, 2008

ဒေါက်တာနုနုယဉ်ပြောပြတဲ့ Entrepreneurship (၁)

ကိုစိုးထက်ကြီးက ကျနော့်ကို ဒီဘလော့ဂ်မှာ contribute လုပ်ဖို့ email ကနေ invite လုပ်လာတာနဲ့ စိတ်ဝင်တစား ကြည့်ဖြစ်တော့ ဘလော့ဂ်နာမည်က Myanmar Entrepreneurs ဆိုပဲဗျ။ ဒါနဲ့ ကျနော် တော်တော် စိတ်ဝင်စားသွားတယ်။ ကျနော်ဆိုတဲ့လူကလည်း Entrepreneur သိပ်ဖြစ်ချင်တဲ့သူကိုး။ အခြေအနေအရသာ မလုပ်နိုင်သေးတာလေ။ ဒါနဲ့ ကျနော် ဘာအကြောင်းအရာ ရေးပေးရမလဲပေါ့။ စဉ်းစားလိုက်တာနဲ့ ခေါင်းထဲတန်းပေါ်လာတာက ၂၀၀၆ ခုနှစ်တုန်းက Myanmar Info-Tech မှာ လုပ်သွားတဲ့ Seminar တစ်ခုမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲရေးဌာနက ပါမောက္ခ/ဌာနမှူး ဆရာမကြီး ဒေါက်တာနုနုယဉ် ပြောပြသွားတဲ့ Entrepreneurship & Small Business Management ပို့ချချက် ကလေးပါပဲ။ ကဲ… ဖတ်ကြည့်ကြရအောင်။

Entrepreneur ဆိုတာ ဘာလဲ?

မြန်မာလိုတော့ အမျိုးမျိုး ဘာသာပြန်ကြပါတယ်။ 'စွန့်ထွင်ဦးစီး'၊ 'စွန့်ဦးတီထွင်' စသဖြင့်ပေါ့။ ဆိုလိုတာက စွန့်စားကြတယ်၊ ဦးစီးကြတယ်၊ တီထွင်ကြတယ်ပေါ့။ ဒါပေမယ့် ဒီကနေ့ထိတော့ တရားဝင်သတ်မှတ်ထားတဲ့ ဝေါဟာရ မရှိသေးပါဘူး။ ပထမ ဖွင့်ဆိုချက်အရ Entrepreneur ဆိုတာ သူ့ရဲ့အမူအကျင့်ကိုက အမြဲတမ်း အသစ်အဆန်းကို တီထွင်မယ်၊ အတွေးအခေါ်ကအစ creative idea ရှိမယ်၊ innovate လုပ်မယ်၊ လူတွေ အတွက် အင်မတန်မှ တန်ဖိုးရှိတဲ့ ကိစ္စရပ်တွေကို ပေးလာတဲ့ အခွင့်အလမ်းအပေါ်မှာ မူတည်ပြီး ရအောင် အကောင်အထည်ဖော်သွားမည့်သူမျိုး ဖြစ်ပါတယ်။

ဒုတိယ ဖွင့်ဆိုချက်တစ်မျိုးကတော့ Entrepreneur ဟာ ဘယ်သူ့ကို ရွေးရမလဲဆိုတာ သိတယ်။ သူများနဲ့ မတူပါဘူး။ အမျိုးတော်လို့ ခေါ်ခန့်လိုက်တတ်တဲ့သူမျိုး မဟုတ်ဘူး။ ဘယ်လိုလူမျိုးကို ဘယ်နေရာအတွက် ခန့်မလဲ၊ ဘာအလုပ်ကို ခိုင်းမလဲ၊ ဘယ်သူနဲ့ ပေါင်းမလဲ စသဖြင့် ရွေးတတ်ပါတယ်။ အလုပ်လုပ်တဲ့အခါမှ အင်မတန်ကောင်းတဲ့ အဖွဲ့အစည်းလေးဖြစ်အောင် သူက ဖွဲ့စည်းနိုင်ပါတယ်။ ပြီးတော့ နှောင့်နှေးတာမျိုး မရှိဘူး။ တစ်ခုခုလုပ်ရင် မြန်မြန်ဆန်ဆန် လုပ်တတ်ပြီး အရာရာကို ဖြစ်အောင် အကောင်အထည်ဖော်တတ်သူ ဖြစ်ပါတယ်။

နောက်ထပ် ဖွင့်ဆိုချက်တစ်မျိုးကတော့ Talent (ပင်ကိုယ်စွမ်းရည်/ပါရမီ)၊ Temperament (ပင်ကိုယ် စိတ်နေသဘောထား) နဲ့ Technique (နည်းပညာတတ်ကျွမ်းမှု) ဆိုတဲ့ T သုံးလုံးကို မှန်မှန်ကန်ကန် အချိုးကျ ပေါင်းစပ်ဆောင်ရွက်နိုင်သူ၊ သူများထက်ကို ထူးခြားတဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်နိုင်တဲ့သူပဲ ဖြစ်ပါတယ်။

(ကဲ… ဒီဖွင့်ဆိုချက်တွေကို ဖတ်ပြီးတဲ့အခါမှာ ကိုယ်ဟာ ဒီလိုလူစားမျိုးထဲမှာ ပါသလား၊ ဒါမှမဟုတ် ကိုယ့် ပတ်ဝန်းကျင်၊ ကိုယ့် လုပ်ငန်းခွင်ထဲမှာ ဒီလိုလူမျိုး ရှိနေသလား တွေးကြည့်ပါ။ ကိုယ့်မှာ entrepreneur အရည်အချင်းမျိုး မရှိလို့ စိတ်ညစ်မသွားပါနဲ့။ ကျနော် ဆက်ရေးမည့်ဟာလေးတွေ ပြီးအောင်တော့ ဖတ်သွားပါဦးဗျာ။ ဟဲ… ဟဲ…။)

ခုခေတ်ကမ္ဘာမှာ globalization ဖြစ်လာပြီး အထူးသဖြင့် တိုးတက်ပြီးတဲ့ နိုင်ငံတွေမှာ entrepreneur ဆိုတဲ့ စကားကို အမြဲပြောနေကြတော့ entrepreneur က အရေးပါလာပြီးပေါ့။ ဒီဆယ်စုနှစ်ရဲ့ စီးပွားရေး တိုးတက်မှုအတွက် အရေးအကြီးဆုံးအချက်က ဒီ entrepreneur spirit ပေါက်ဖွားလာမှုပါပဲ။ တကယ်လို့သာ စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေ အားလုံးဟာ သာမန်လူတွေမဟုတ်ဘဲ entrepreneur တွေဖြစ်မယ်၊ စိတ်ဓါတ် ကိုယ်က entrepreneur spirit ဖြစ်မယ်ဆိုရင် အဲဒီတိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေဟာ တိုးတက်လာဖို့ အလားအလာ ရှိပါတယ်။ ဒါကြောင့် အထူးသဖြင့် လူငယ်တွေကို ဒီစိတ်ဓါတ် သွင်းပေးဖို့ လိုအပ်ပါတယ်။ (ကဲ.. ကျနော် မပြောလား။ ခင်ဗျားမှာ ဒီအရည်အချင်းမရှိရင် မွေးယူလို့ ရပါတယ်ဗျ။ ဆက်ဖတ်.. ဆက်ဖတ်..။)

Entrepreneur ဆိုတာ ဘယ်လိုလူတွေလဲ?

Entrepreneur ဆိုတဲ့လူတွေကို သုတေသနလုပ်မယ်ဆိုရင် ကဏ္ဍသုံးမျိုး ခွဲခြားလေ့လာလို့ ရပါတယ်။ အဲဒါတွေက သူတို့ ဘယ်လိုလူမျိုးတွေလဲ (Personal Factors)၊ သူတို့ ဘယ်ကလာကြသလဲ၊ ဘယ်လို အသိုင်းအ၀ိုင်းက ပေါက်ဖွားလာကြတာလဲ (Environmental Factors) နဲ့ သူတို့ ဘာတွေလုပ်ကြသလဲ (Action Factors) တို့ပဲ ဖြစ်ပါတယ်။

Personal Factor တွေမှာ သဟဇာတဖြစ်မှု (Adaptability)၊ ပြိုင်ဆိုင်မှု (Competitiveness)၊ မိမိကိုယ်ကို ယုံကြည်မှု (Confidence)၊ ရိုးသားမှု (Honesty)၊ မဆုတ်မနစ်စိတ်ရှိမှု (Perseverance)၊ ဆွဲဆောင်စည်းရုံးမှု (Persuasiveness)၊ စွန့်စားမှု (Risk Taking) နဲ့ မျှော်မှန်းချက်မြင့်မားမှု (Vision) ဆိုတဲ့ အချက် (၈) ချက် ပါဝင် ပါတယ်။ Environmental Factor တွေမှာ မိသားစု ကျောထောက်နောက်ခံ (Family background)၊ ပညာ အရည်အချင်းနှင့် အသက်အရွယ် (Education & Age) နဲ့ လုပ်ငန်းအတွေ့အကြုံ (Work experience) ဆိုပြီး (၃) ချက် ပါဝင်ပါတယ်။ Action Factor တွေကိုတော့ (၁၀) မျိုးခွဲထားပါတယ်။

(နောက်ထပ် post တွေမှာ ဒီအချက်တွေအကြောင်းကို ပုံလေးတွေ diagram လေးတွေနဲ့ အသေးစိတ် ရေးပြပါမယ်။ post တစ်ခုထဲမှာ အကြောင်းအရာအများကြီး တင်ပေးလိုက်ရင် ဖတ်ရတဲ့သူ ငြီးငွေ့ သွားနိုင်လို့ နည်းနည်းချင်းစီ တင်မယ်ဗျာ။ နော့။ ကိုရီးယားကားတွေလိုပေါ့။ အခန်းဆက်နဲ့ရေးမယ်။ စိတ်ရှည်ရှည်နဲ့ စောင့်ဖတ်မယ်မဟုတ်လား။)

Sunday, July 27, 2008

Entrepreneur

Entrepreneur - စွန့်ဦးတီထွင် စီးပွားရေးလုပ်သူ။ ဈေးကွက်အခွင့်အလမ်းများကို ကြိုတင်တွက်ဆ သိမြင်ပြီး ကုန်ထုတ်စွမ်းအားစုများကို လုပ်ငန်းအတွက် စီစဉ်အသုံးချတတ်သော စီးပွားရေးလူသား (Economic Agent)။ စီပွားရေးတစ်ရပ်ကို စတင် လှုပ်ရှားသွားစေသူအဖြစ် ဘောဂဗေဒ အစဦးပိုင်းကပင် သတိပြုမိဖော်ပြခြင်း ရှိခဲ့ပါသည် (R. Catillon, J. B. Say)။ သို့သော် မကြာသေးမီက Mark Casson က ထောက်ပြရာတွင် ခေတ်သစ်ဘောဂဗေဒ သီအိုရီများအထိ ၎င်းတို့ ပေါင်းစပ်ပါဝင်နိုင်ခြင်း မရှိသေးဟုဆိုပါသည်။ သတင်းအချက်အလက် အပြည့်အစုံ အချိန်နှင့်အမျှရရှိနိုင်ပြီး ဝင်ရောက်လုပ်ကိုင်နိုင်ရန် လွတ်လပ်မှု အပြည့်အဝရှိသော ရေသေကျမ်းရိုးဆန်းသစ် ဘောဂဗေဒ၏ “ပြိုင်ဆိုင်မှု အပြည့်သီအိုရီ”တွင် စွန့်ဦးတီထွင်သူဟူ၍ မရှိနိုင်ပေ။ F. Knight ၏ နောက်ပိုင်းတွင် စွန့်ထွင်ဦးစီးနှင့် ၎င်းလုပ်ကိုင်သော ကုမ္ပဏီကို ခွဲခြား၍ မရဟုဆိုပါသည်။

အစဉ်ပြောင်းလဲနေသော ပြီးပြည့်စုံသည်ဟူ၍ မရှိသော လက်တွေ့လောကတွင် စွန့်ဦးလုပ်ကိုင်ရမှု၊ တီထွင်နေရမှု၊ ကြိုတင်မှန်းဆနေရမှုတို့ အမြဲရှိနေရမည်။ အမြတ်ဆိုသည်မှာ မသေချာ မရေရာမှုများ အန္တရာယ်စွန့်စားရမှုများမှ ပြန်ရချက်ဖြစ်သည်။ ထို့ကြောင့် စွန့်ထွင်ဦးစီးတစ်ယောက်၏ အမြတ်များစွာရရှိအောင် လုပ်ကိုင်နိုင်မှုသည် ၎င်းအားစတုတ္ထမြောက်ကုန်ထုတ်စွမ်းအားစု (လုပ်အား၊ မြေယာ၊ အရင်းအနှီးအပြင်) Fourth Factor ဟု လက်ခံလာစေပါသည်။ စီးပွားရေးပညာရှင်များက စွန့်ဦးတီထွင်များသည် စွန့်စားလုပ်ကိုင်မှုသာမက တီထွင်မှု၊ စီမံခန့်ခွဲမှု ကာလရှည် အရင်းအနှီး စွန့်စားမှု Risk capital or venture capital များလည်း ပြုလုပ်ရသည်ဟု သတ်မှတ်ကြသည်။

(ဦးကြည်မြင့်၏ အားလုံးအတွက် စီးပွားရေးပညာ အဘိဓာန် မှ)

Global & Local

အင်း ကိုစိုးထက်ကြီးကတော့ Glocalization တဲ့ ဘလော့မှာ ပါဝင်ရေးသားဖို့တော့ ဖိတ်ခေါ်လိုက်ပြီ။ ခက်နေတာက ကျွန်တော်က စီးပွားရေးသမားလည်း မဟုတ်၊
နည်းပညာ ပညာရှင်လည်း မဟုတ်တော့ ဘာရေးလို့ ရေးရမယ် မသိနဲ့ ခေါင်းတော်တော် ခဲတယ်။ ဒါနဲ့ ရှေ့က နောင်တော်ကြီးတွေ ဘာတွေရေးသလဲ။ သူတို့ ရေးတာ
တွေကို ကြည့်ပြီးမှ လိုက်ရေးမယ်ဟဆိုပြီး နေတာ။ အခုဆို ပို့ ၅ခုတောင် တက်နေပြီ။ ဘာရေးရမယ်ဆိုတာ စဉ်းစားလို့မရသေးဘူး။ ရေးလိုက်ပြန်ရင်လည်း စာဖတ်
သူတွေ အတွက် အကျိုးတစ်စုံတစ်ရာ မရှိမှာလည်း ဆိုးနဲ့ ... ပထမဆုံး ခြေလှမ်းစဖို့ကို မဝံ့မရဲ ဖြစ်နေတယ်။

Global ဆိုတဲ့ စကားနဲ့ Local ဆိုတဲ့ စကားကတော့ လူတိုင်းနဲ့ ရင်းနှီးနေပါပြီ။ ပြီးတော့ Glocalization ဆိုတဲ့ စကား။ အဲဒီစကားကတော့ သိတဲ့သူရှိတယ်။ အမှုမဲ့
အမှတ်မဲ့ နေတဲ့သူလည်း ရှိသလို၊ လုံးဝမှ မသိပေမဲ့ အဲဒီ စကားလုံး အတိုင်း အသက်မွေးနေကြတဲ့ လူတွေလည်း အများကြီးပေါ့။ အရင်က သိပ်ပြီး မတိုးတက်သေးတဲ့ ခေတ်ကြီးမှာတော့ သူများနိုင်ငံမှာ ဘာတွေလုပ်နေတယ်။ ဘာတွေ ဖြစ်နေတယ် ဆိုတာ ကို သိရှိဖို့ဆိုတာ ချက်ချင်းမဖြစ်နိုင်ပေမဲ့ အခုခေတ်ထဲမှာတော့ ကမ္ဘာပေါ်မှာ
ဖြစ်ပျက်နေတဲ့ အရာအားလုံးကို တစ်နေရာတည်းမှာ၊ တစ်ထိုင်တည်းမှာပဲ သိရှိလာနိုင်ပါပြီ။ လူတွေအားလုံးလည်း Globalization ဆိုတဲ့ စကားနဲ့ အတူကမ္ဘာမြေပြင်
အနှံ့ ခြေဆန့်နေတဲံ သူတွေလည်း အများကြီးပါ။ ဟို. နိုင်ငံမှာတော့ ဒီလိုရှိတယ်။ ဒီ. နိုင်ငံမှာတော့ ဒီလိုဖြစ်နေတယ် ဆိုပြီး Global လှည်းကြီးနောက်ကို တစ်
ကောက်ကောက်ပါအောင် လိုက်နေကြပြီး မိမိတို့ စတင်ထွက်ခွာခဲ့တဲ့ Local ဆိုတာကို ပြန်လှည့်ကြည့်ဖို့ မေ့နေတတ်ကြတယ်။

အခြေနေ အချိန်အခါအရ ကျွန်တော်တို့ ဟာ ကမ္ဘာနဲ့ ယှဉ်ပြီး နောက်မကျကျန်ခဲ့အောင် အမှီတော့ လိုက်ရမှာပဲ။ ဒါပေမဲ့...ကမ္ဘာကြီးတစ်ခုလုံးနဲ့ ယှဉ်ပြီး အသက်မွေးမဲ့
သူဆိုတာ အရမ်းရှားပါတယ်။ ပြီးတော့ မြန်မာလူမျိုးတွေ ဖြစ်တော့ ပိုဆိုးတယ်။ နိုင်ငံချစ်စိတ်၊ အမျိုးချစ်စိတ်ကြောင့် ၊ နွေးထွေးပြီး ချစ်စရာကောင်းတဲ့ မြန်မာ့ဓလေ့
စရိုက်တွေကြောင့် ဘယ်နေရာမှာပဲ ရောက်ရောက်၊ ဘယ်လိုတွေ နေရတယ်ပဲ ပြောပြော အားလုံးရင်ထဲမှာတော့ ကိုယ့်မြေပေါ်မှာပဲ အသက်မွေးချင်ကြတာပါ။ အခုဆို
မြန်မာ လူငယ် တော်တော်များများ မိမိတို့နဲ့ ကိုက်ညီမယ့် အခြားတိုင်းပြည် နေရာဒေသအသီးသီးမှာ ပညာတွေသင်တယ်။ စီးပွားရေးတွေ သွားလုပ်နေကြတယ်။ ဒါ...
ကမ္ဘာနဲ့ အမှီလိုက်နိုင်အောင် ကြိုးစားနေကြပေမဲ့ အချိန်တန်ရင်တော့ သူတို့လည်း မြန်မာမှာပဲ အသက်မွေးဝမ်းပြုကြမှာပါ။ တစ်ချို့တစ်လေကတော့ ... မကိုက်ညီတဲ့
အခြေအနေအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာပဲ ဆက်ပြီး နေထိုင်ကြသလို၊ မိမိတို့ရခဲ့တဲ့ ပညာနဲ့ လုပ်ကိုင်စားသောက်ဖို့ ကွာဟမှုလေးတွေ ရှိနေတာကြောင့် ပြန်မလာ
တော့ပဲ ပညာသင်ကြားခဲ့တဲ့ဆီမှာပဲ ဆက်လက်ရပ်တည်နေခဲ့ကြတယ်။ တစ်ကယ်စဉ်းစားကြည့်တော့ ကျွန်တော်တို့ လူငယ်တွေအားလုံး သူများနိုင်ငံမှာ လာနေပြီး
ပညာသင်တယ်။ အလုပ်လုပ်တယ်ဆိုတာတွေဟာ နောက်ကျကျန်ခဲ့တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကို တစ်ဖက်တစ်လမ်းက ကူညီဖို့ပဲလေ။ ကွာဟနေတဲ့ တိုင်းပြည်နဲ့
ကမ္ဘာကြီးကို အတတ်နိုင်ဆုံး ညှိပေးသင့်ပါတယ်။

တစ်ချို့က ပြန်လာကြတယ်။ ပြီးတော့ မကိုက်ပါဘူးကွာဆိုပြီး ပြန်သွားတတ်ကြတယ်။ ဟုတ်ပါတယ် ခင်ဗျားတို့ နေထိုင်ခဲ့တဲ့ အရပ်ဒေသနဲ့ ကွားခြားနေတယ်ဆိုတာ။
ကွာဟမှုဆိုတာ နေရာတိုင်းမှာ ရှိကြတာပါ။Global နဲ့ ရင်းနီးခဲ့ပြီး Local နဲ့ ပြန်လည် ညှိတဲ့အခါမှာ အခုလိုတွေဖြစ်ကုန်တာပေါ့။တစ်ကယ်ဆိုရင်ကျွန်တော်တို့အားလုံးက
ကမ္ဘာနဲ့ယှဉ်ပြီး ကိုယ် သိထားတဲ့ တတ်ထားတဲ့ အရာတွေကို မိမိတို့ နေထိုင်ရာ အရပ်ဒေသမှာ သင့်တင့်စွာ သုံးစွဲသင့်တယ်။ အခြေအနေ အမျိုးမျိုးကြောင့် အပြည့်အဝ
တော့ သုံးစွဲခွင့်ရရင်မှ ရမယ်ပေါ့။

ရိုးရိုးလေးပဲ တွေးကြည့်ပါ။ ကျွန်တော်တို့ ငယ်ငယ်က ဆော့ရင်းပြေးရင်း ချောလဲသွားရင် ဘာလုပ်လဲ။ အနားမှာရှိတဲ့ ဖုန်၊သဲ၊တံတွေးနဲ့ အနာပေါ်ထွေးပြီး စီးထားတဲ့
ဖိနပ်လေးနဲ့ ဆတ်ဆတ်လေး ရိုက်သိပ်လိုက်တာပဲမလား။ အဲဒါ ဒေသန္တရကြောင့်။ ကျွန်တော်တို့ အဲလိုလုပ်တာကိုသာ ကိုစိုးထက်ကြီးတွေ့ကြည့်ပါလား။ ဟကောင်...
အဲလို မလုပ်နဲ့လေ။ အာကွာ...မေးကိုင်ပိုးဝင်တော့မှာပဲဆိုပြီး တားမှာပဲ။ သူပါသာ တားချင်တား ၊ မတားချင်နေ ကျွန်တော်ကလည်း ပြန်ပြောလိုက်မှာပေါ့။ အခုမှ လာ
ပြောနေတယ်။ အရင်ကလည်း ဒီလို ခဏခဏ လုပ်နေတာပဲ ဆိုပြီး။ အဲဒါ ကျွန်တော့်မှာ ကမ္ဘာနဲ့ဆိုင်တဲ့ ဆေးပညာ ဗဟုသုတ မရှိလို့။ အဲနေရာမှာ ကိုစိုးထက်ကြီးက
သူသိထားတဲ့ ပညာတွေကို ဒေသန္တရ အခြေနေနဲ့ လိုက်လျောညီထွေစွာဖြစ်အောင်. အေးပါကွာ..လုပ်ချင်လည်း လုပ်။ ဟုတ်လား ဒါပေမဲ့ ငါပေးတဲ့ဆေးလေးတော့
သောက်လိုက်နော်ဆိုပြီး ချော့တိုက်ရင် ကျွန်တော်သောက်မှာပေါ့။ အဲလိုမှ မဟုတ်ဘူး ...ဟေ့ကောင် မင်းကို မေးကိုင်ပိုးဝင်မှာဆိုးလို့ စေတနာနဲ့ပြောနေတာကွ။ အဲလို
မလုပ်နဲ့ လာ...မင်းကို မေးကိုင်ပိုးကာကွယ်ဆေးထိုးပေးမှ ဖြစ်မယ်ဆိုပြီး ပြောကြည့်ပါလား။ ဖြစ်ဖြစ်ဗျာ ...မထိုးဘူးဆိုပြီး အော်တောင် ပြေးလိုက်ဦးမယ်။ ဒါဆိုရင်
ကိုစိုးထက်ကြီးတတ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ဆေးပညာအသိကြီးက ဘယ်လိုလုပ်ပြီး အသုံးချလို့ ရတော့မလဲ။ အဲတော့ ကိုယ်သိတယ်၊ တတ်တယ်ဆိုပေမဲ့ အခြေနေ
ပတ်ဝန်းကျင်ပေါ်မှာလည်း ပြောင်းလဲယူတတ်ရမယ်လေ။

တော်တော်လည်း လေကြောရှည်နေပါပြီ။ အဓိက..ကတော့ ကမ္ဘာနဲ့ယှဉ်ပြီး အသုံးချနိုင်အောင် Global ကြီးနောက်ကို လိုက်သင့်သလို၊ တစ်ဖက်ကလည်း Local နဲ့
မျှတစွာ နေထိုင်၊သုံးစွဲသင့်ပါကြောင်း....

ကျွန်တော်ပြောသော အကြောင်းအရာများ ... မကောင်းဘူး။ ဘာမှလည်း မဆိုင်ဘူး ဆိုရင် ... ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါသည်။

Saturday, July 26, 2008

Risk Taking နဲ့ ကျွန်တော်


အလုပ်လုပ်မှတော့ မြတ်ချင်ကြတာပေါ့။ မြတ်တာမှ မျိုးမျိုးမြတ်မြတ်လေး စားချင်ကြတာကိုး ဟုတ်တယ်မဟုတ်လား။ မြတ်ချင်တာတော့ သိတယ် ရှုံးမှာတော့ ကြောက်ကြတယ်လေ။ လူတွေက အလုပ်လုပ်ရင် အရှုံးထက် အမြတ်ကို တွက်လုပ်တာများတယ်။ အဲဒါကြောင့်လဲ စီးပွါးရေးမှာ ဇောက်ထိုးတွေဖြစ်ကုန်ကြတာ။ အမြတ်ကို မတွေးရဘူးလို့ မပြောလိုပါဘူး တွေးရပါတယ်။ ဒါမဲ့ ရှုံးနိုင်တယ်ဆိုတာလဲ တခါတည်းသိထားသင့်တယ်။ အခုပြောချင်တာက Risk Taking ပေါ့ဗျာ။ ဒီမှာ ဖြစ်နေတဲ့ ပြဿနာထဲက တစ်ခု Entrepreneur တွေအတွက်လဲ အရေးကြီးဆုံး အချက်ထဲမှာ ပါပါတယ်။ Risk Management ကို နားလည်ရင် ခံရရင်တောင် သက်သာတယ်။ အဲဒါတော့ သေချာတယ်လို့ ပြောချင်ပါတယ်။

အလုပ်အားလုံးမှာ Risk ရှိပါတယ်။ မရှိတဲ့ အလုပ်မတွေ့သေးပါဘူး။ ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်က သေချာပေါက်မြတ်မယ် လုံးဝရှုံးစရာ မရှိဘူး လို့ ဆိုလာခဲ့ဖူးတယ်။ ကျွန်တော်ပြောလိုက်ပါတယ် သေချာပေါက်မြတ်တယ် လုံးဝမရှုံးဘူးဆိုရင် မင်းပဲလုပ် ငါမလုပ်တော့ဘူးလို့။ ဟုတ်တယ် ကျွန်တော် အဲဒီလို Profit မျိုးကို စိတ်မဝင်စားပါဘူး။ ကျွန်တော့်ကို သေချာတယ် မရှုံးဘူးလို့ ပြောလေ ကျွန်တော်ကြောက်လေပါပဲ။ ပြီးတော့ အရင်းနည်းပြီး အမြတ်များတယ်ဆိုတာမျိုး လောင်းကစားဆန်လွန်းတယ်လို့ ထင်တယ်။ ဒါဆို လုပ်ဖို့ အတော်စဉ်းစားရတော့မယ်။ ရင်းတာက တစ်ကျပ်မြတ်မှာက တစ်ရာဆိုရင် သဘာဝမကျတော့ပါဘူး။ လောင်းကစားမှာတောင် ကျွန်တော်က ၅၀% ဆီ စွန့်စားမှုရှိတဲ့ ဘောလုံးပွဲလိုဟာမျိုးကို ပိုသဘောကျပါတယ်။ ၂ လုံးထီလို ချဲထီလို အဆပေါင်းမြောက်များစွာ ရတာမျိုးကို သဘောမကျပါဘူး။ ဖြစ်နိုင်ချေကလည်း ပိုပြီး နည်းပါးပါတယ်။ သေချာစဉ်းစားကြည့်ပါ။ ပြောရင်း စကားက ချော်ထွက်သွားပြီ ဝါသနာဘက်ရောက်သွားပြန်တယ် အဟက်ဟက်ဟက် :D ။

ကျွန်တော်တို့တွေ Risk တွေကို တတ်နိုင်သလောက် သတိထားသင့်ပါတယ်။ ကျွန်တော်ခု လုပ်လက်စတချို့ဆိုရင် Risk များပါတယ်။ ဥပမာ Phoewa Portal (www.phoewa.com) လိုမျိုးပေါ့။ ရေရှည်အတွက်သွားရတာပါ ချက်ချင်းထပြီး မဖြစ်ပါဘူး။ လူတွေထဲ အဲဒီ့နာမည် ပြန့်နှံ့ဖို့တောင် အတော်ကြီးကို လုပ်ယူခဲ့ရပါတယ် ဒါတောင် ခုထိ တချို့မသိသေးဘူး။ ငွေပြန်ဝင်ဖို့ဆိုတာ လိုသေးတယ် စောင့်ပေဦးပေါ့။ ဒါပေမယ့် ကျွန်တော့်မှာ သေချာတဲ့ Plan ကရှိပြီးသားမို့ ဒီ Risk ကို လက်ခံပြီးလုပ်တာပါ။ ဆိုလိုတာက ၁၀၀ ရင်းပြီး ၁၀၀ မြတ်ချင်တာ မဟုတ်ဘူး ၁၀၀ ရင်းပြီး ၁၀ မြတ်ဖို့တောင် အချိန်ကာလကိုပါစောင့်ရပါသေးတယ်။ ကျွန်တော်တို့တွေ Risk ယူတဲ့ အထဲမှာ အချိန်၊ နိုင်ငံရေး၊ ရာသီဥတု၊ လူတန်းစားအလွှာ၊ ပြန့်နှံ့မှုပမာဏတွေကိုပါ ထည့်ပြီးတွက်ရပါတယ်။ အဲလိုမှ မတွက်ရင် အလုပ်မဖြစ်ပါဘူး။ လွယ်လွယ်လေးတွေးပြီး ရတယ်ချ မြတ်မယ်ဆိုရင် ခင်ဗျားလုပ်ငန်းကို ပြန်ဆင်ခြင်ကြည့်ပါ တခုခုတော့ သေသေချာချာ လွဲနေပါပြီ။

နောက်တစ်ခု မျက်စိစုံမှိတ်ပြီး အရဲမကိုးဖို့ ငါက Entrepreneur ပဲ ဒီလို Risk တော့ ယူရမပေါ့ ဆိုတာမျိုး ဒါကို လက်မခံပါဘူး စွန့်ဦးတီထွင်တာလဲ ဦးနှောက်သုံးရပါတယ်။ ကိုယ့် Customer တွေနဲ့ အဟပ်ကွာနေမယ့် ပစ္စည်းအမျိုးအစား ဥပမာ ခင်ဗျားက ဒီနိုင်ငံမှာ လေယာဉ်ထုတ်ပြီး ရောင်းမယ်ဆိုပါစို့ ဈေးကွက်ကိုကြည့်ပါ ဖြစ်နိုင်ပါ့မလား။ တနေ့တော့ ဝယ်လာမှာပေါ့ဆိုရင် ဘယ်နှစ်ဦးဝယ်မှာလဲ အဲဒီ့ အချိန်က ဘယ်တော့လဲ ဒီကလူတွေက ဘတ်စ်ကားတောင် အလုအယက်တိုးစီးနေတာ စဉ်းစားလေ ဟုတ်တယ်ဟုတ်။ နောက်တစ်ခုက ကိုယ်က စွန့်ဦးတီထွင်ဆိုတဲ့ နာမည်ရချင်ဇောနဲ့ ပေါက်ကရအတွေးမျိုးတွေ မလုပ်သင့်ပါဘူး ဆိုလိုတာက ကွမ်းယာကို Packing လှလှလေးထုတ်ပြီး ရေခဲစိမ်ပြီးတော့ Super Market မှာရောင်းမယ် (ရေခဲစိမ် ကွမ်းယာတော့ ရှိပါတယ် ကပ်ပြောချင်တဲ့လူ ပြောလို့ရအောင်) ဆိုကြပါစို့ရဲ့ ရှိပြီးသား လုပ်ငန်းပေါ်မှာ ထပ်ပြီး ဆန်းသစ်လိုက်တာလေ ပြောရရင်တော့ စွန့်ဦးတီထွင်ပေါ့ အဲဒါမျိုးက ဖြစ်နိုင်ပါ့မလား ကွမ်းယာစားတဲ့လူက အဲလိုနေရာမှာ ဝယ်တာမြင်ဖူးသလား လမ်းဘေးမှာပဲ ဝယ်စားနေတာလေ ကိုယ်က အဲလိုလုပ်လိုက်တော့ အပိုဖြစ်ပြီး ဈေးကြီးသွားတာပဲ ဖြစ်နေမှာပေါ့ (ဖြစ်နိုင်မယ်ထင်ရင်တော့ စော်သာစော် :D ဤကားစကားချပ်)။ တွေးသင့်ပါတယ်။ ငါလုပ်တာဈေးကွက်ရော ရှိရဲ့လားဆိုတာပေါ့။ ခုနကပြောခဲ့တဲ့ နှစ်မျိုးလုံးရဲ့ Risk က လုပ်ငန်းတစ်ခုလုံးကို စုတ်ပြတ်သွားစေနိုင်သလို ခင်ဗျားရဲ့ Entrepreneur စိတ်ဓါတ်ကိုလဲ ပျက်စီးစေနိုင်ပါတယ်။ တချို့ Risk တွေဆိုရင် မယူသင့်ပဲ ယူခဲ့လို့ ဘဝပါ ပျက်သွားတဲ့ အထိတွေ့ခဲ့ဖူးပါတယ်။ ဒါက သေချာ ကြောင်းကျိုးဆက်စပ် မစဉ်းစားခဲ့လို့ ဖြစ်ကြရတာပါ။

ခုနကလို အမြဲတမ်းတွေးကြောက်နေရင်ရော Entrepreneur ဖြစ်ပါအုံးမလား ဟုတ်ကဲ့ မဖြစ်နိုင်ပါဘူး။ တွေးကြောက်နေရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ဆင်ခြင်ပါ ချင့်ချိန်ပါလို့ ဆိုလိုချင်တာပါ။ အလုပ်တစ်ခုမှာ Risk ဆိုတာက ရှိကိုရှိပါတယ်။ ဒါပေမယ့် အဲဒီ့ Risk က ယူသင့်တာလား မယူသင့်ဘူးလား Risk ယူခဲ့ရင်လဲ အဲဒီ့ Risk ကို ဘယ်လိုမျိုး Management လုပ်မှာလဲ ဒါပါထည့်တွေးပါ။ ကျွန်တော်က အလုပ်ကို တအားရမ်းမလုပ်စေချင်တာပါ။ ရမ်းတာနဲ့ စွန့်စားတာက ကွာပါတယ်။ သေချာကွဲပြားအောင် လေ့လာပါ။ ကျွန်တော် အလုပ်စလုပ်တုန်းက ရမ်းပါတယ် ဖြစ်ချင်ဇောများပါတယ်။ risk ကိုနားမလည်ပါဘူး။ ပေါ့ပေါ့ပါးပါးတွေးပါတယ်။ ဖြစ်ရမယ်ဆိုပြီး လုပ်ပါတယ်။ ခုတော့ ချင့်ချိန်ပါတယ်။ ဒီ risk က ယူသင့်တဲ့ဟာ ဟုတ်မဟုတ် ပြန်တွေးပါတယ်။ အချိန်အတိုင်းအတာအရ စောင့်ရမယ်ဆိုရင် Stay in Charter stage မှာ ထားပါတယ်။ ကိုယ့်အိုင်ဒီယာကိုတော့ အပျောက်မခံပါဘူး။ ဒီအိုင်ဒီယာက ဒီမှာ အသုံးမဝင်ပေမယ့် နောက်တစ်ခုမှာ ပြန်အသုံးတည့်တတ်တာ လက်တွေ့အရ သိခဲ့ရပါတယ်။

လူတွေက ငွေကိုရင်းဖို့ စဉ်းစားပြီးရင် ကိုယ်ရင်းထားတဲ့ ငွေပမာဏထက်ပိုတဲ့ ငွေကိုပြန်လိုချင်တာပါ။ အဲဒီ့လောဘက အလုံးစုံပျက်စီးရေးကို ဦးတည်စေပါတယ်။ ခင်ဗျားတို့ သေချာစဉ်းစားကြည့်ပါ တချို့ ကုမ္ပဏီကြီးတွေ ငွေသန်းပေါင်းမြောက်များစွာ ရင်းပြီး နည်းနည်းပဲ မြတ်တာ တွေ့ရပါမယ် သူတို့က သေချာတဲ့ အမြတ်ကိုပဲ ယူတာပါ မျက်စိမှိတ်ပြီး မတန်တဆ မလိုချင်ကြတာများပါတယ်။ တချို့လုပ်ငန်းတွေဆို ၃ ကျပ်တိုးတောင် မကိုက်ပါဘူး။ ဒါပေမယ့် လုပ်ကြပါတယ်။ ၃ ကျပ်တိုးတောင် မကိုက်ဘူး မလုပ်ဘူးကွာဆိုပြီး အတိုးပေးစားကြည့်လေ ချီးတဲ့ကောင် ဘတ်ပြေးတော့ ဘာလုပ်မလဲ အကုန်ဆုံးရောမဟုတ်လား။ အဲဒါကြောင့် တချို့တွေဆို ရင်းနှီးမြှုပ်နှံမှုများပေမယ့် အမြတ်ရာခိုင်နှုန်းနဲတာပဲ လုပ်ပါတယ်။ သေချာတာကတော့ အဲဒီ့အလုပ်တွေက ခိုင်မာလို့ သူတို့လုပ်ကြတာပါ တွေးစရာကောင်းပြီး ဆင်ခြင်စေ့ချင်ပါတယ်။

လုပ်ငန်းတစ်ခုမှာ သေချာစေချင်တာကတော့ ကောင်းမွန်တဲ့ Plan သေချာတဲ့ အစီအစဉ်နဲ့ စွန့်စားသင့်တဲ့ အတိုင်းအတာ Risk ပါပဲ။ ဒါတွေကို သေချာကိုင်တွယ်နိုင်ပြီဆိုရင် ခင်ဗျားလုပ်ငန်းက အောင်မြင်ဖို့ မဝေးတော့ပါဘူး။ လုပ်ရင်ဖြစ်ရမယ်ဆိုတဲ့ စိတ်ကတော့ အထူးပြောနေစရာ မလိုပါဘူး ထည့်ထားရမှာပါပဲ။ ထပ်ပြီးမှာချင်တာကတော့ Risk ယူတာကို မျက်စိစုံမှိတ်ပြီး အတင်းမလုပ်ဖို့ပါပဲ။ ဒါကို မကိုင်တွယ်နိုင်ရင် လုပ်ငန်းတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်မှာပါ။ နောက်မှ ဆက်ပွါးပါ့မယ် :D

လာလေလာလေ ဖိတ်ခေါ်တယ်

အားလုံးဘဲမင်္ဂလာပါဗျာ
ကျနော် ဒီဘလော့လေးမှာ ပိုစ့်အသစ်ကလေးတွေမြင်ရတိုင်း အရမ်းကြည်နူးမိတယ်။ တကယ်တော့ ကျနော်ဟာ
စွန့်ဦးတီထွင်ဆိုတဲ့စကားလုံးကိုပြောပြနိုင်ခွင့်ရှိလောက်အောင် ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ဘူးဆို တာ ကိုအရင်ဆုံးဝန်ခံပါရစေ။ ဒီဘလော့လေး အခုလိုအသက်ဝင်လာတာကလဲ ကိုကြီးစိုး နဲ့ အားလုံးရဲ့ ကျေးဇူး တွေကြောင့်ပါ။
ဒီတော့ အခုပေါ့ အားလုံးဝင်ရောက်ရေးသားကြတဲ့ ပုဂ္ဂိုလ်အားလုံးကို အထူးကျေးဇူးတင်ပါတယ် ။ နောက်တစ် ခုကဒီဘလော့ကလေးကိုကျနော် ဘာကြောင့်စဖန်တီးဖြစ်ခဲ့လဲဆိုတော့ ကျနော့်စိတ်ထဲမှာ ဗျာ အတော်လေးကို အသည်းယားနေတဲ့ဟာတစ်ခုရှိတယ် ။ ဘာလဲလို့ဆိုတော့ outsoruce နဲ့ပါတ်သက်တာမျိုးတွေပေါ့ ။ နောက်တစ် ခုက ကျနော်တို့ဆီမှာ လူငယ်တွေ လူတော်တွေ အများကြီးရှိပါတယ် ။ ဒါပေမယ့် အတော်များများက နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြရတယ်။ ဒါကလဲ ခောတ်ရဲ့ စီးကြောင်းတစ်ခုကြောင့်ဘဲလေ။ (သူများကို အပြစ်တင်လို့မရဘူး ကိုယ်တောင် ဘယ်တော့ဒီလိုဖြစ်မလဲဆိုတာမသေချာဘူးလေ)။ ဘာလို့လဲ ဆိုတော့ ဒီမှာက နိုင်ငံတကာနဲ့ ဆက်စပ်မိတဲ့လုပ်ငန်းတွေကလဲနဲပေတာကိုး ။ ဒီတော့ လူငယ်လူတန်းစားတစ်ရပ်အနေနဲ့က ဘ၀ရပ်တည်ရေး အတွက် ကြိုးစားကြတာ ဟာအားမပေးသင့်တဲ့အရာမျိုးလဲမဟုတ်ဘူးလေ။ ဘယ်သူမဆို ဖြစ်နိုင်ရင် ကိုယ့်မိသားစု ကိုယ့်မြေလေးပေါ်ကနေပြီးတော့ အိုးမကွာအိမ်မကွာနဲ့ ဘ၀တွေကိုရပ်တည်ချင်ကြတဲ့သူတွေကြီးဘဲလေ။ သူများ တိုင်းပြည်မှာသွားပြီး ဘယ်သူက အလုပ်လုပ်ချင်မှာလဲနော်။ ဒီတော့ တစ်နေ့ကိုကြီးစိုးနဲ့ အွန်လိုင်းမှာတွေ့တော့ ကျနော်လဲ စိတ်ထဲရှိတာတွေ ထုတ်ပြောဖြစ်တယ်။အဲဒီမှာသူနဲ့ကျနော် တိုင်ပင်ကြရင်းနဲ့ ဒီဘလောက်ကလေး လုပ်ဖြစ်ဖို့ ဖြစ်လာခဲ့တယ်ဗျာ ။ ပြီးတော့ အထက်မှာ ဖော်ပြခဲ့သလိုကျနော်ဟာ ဒီလိုကျယ်ဝန်းတဲ့ နယ်ပါယ်တွေနဲ့ ပါတ်သက်လို့ကျွမ်းကျင်သူမဟုတ်ဘူး ။ ဒါပေမယ့် ကျနော်ယုံကြည်ချက်လေးတစ်ခုနဲ့လုပ်ခဲ့တာပါ။ အဲဒါဟာ ဘာလဲဆိုတော့ နယ်ပါယ်အသီးသီးက လူတော်တွေ ဒီနေရာမှာ စုမိမယ်နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် လုပ်ငန်းအတွေ့အကြုံတွေဖလှယ်ကြမယ်။ နောက်တစ်ခါ အဝေးရောက် မြန်မာပညာရှင်တွေနဲ့ ဒီကလူငယ်တွေ ချိတ်ဆက်ပြီးတော့ လုပ်ငန်းသစ်တွေထွက်လာခဲ့ရင် မင်္ဂလာစက်ဝန်းကြီးပေါ့ဗျာ ။
အိုးမကွာအိမ်မကွာနဲ့ Do local, think global သာဆိုရင်သိပ်ဝမ်းသာစရာကောင်းတဲ့အနေအထားတွေပေါ့။ ဒီတော့ဒီလိုဖြစ်လာဖို့ဆိုတာ ကျနော်တစ်ယောက်ထဲရဲ့ အင်အားနဲ့ မဖြစ်နိုင်တာမို့ အားလုံးဝိုင်းဝန်းကူညီကြပါလို့ ဘဲ အကူညီတောင်းခံပါရစေ။ နောက်တစ်ခုက ပေါ့လေ ကျနော့် အနေနဲ့ တောင်းဆိုချင်တာလေးတစ်ခုပေါ့ အဲဒါဘာလဲဆိုတော့ mmentrepreneur@gmail.com ကိုပေါ့လေလိုအပ်သလိုဆက်သွယ်ပြီးတော့ ကိုယ့် ရဲ့ ရောက်နေတဲ့နိုင်ငံ ကိုယ့်သက်ဆိုင်ရာနယ်ပါယ် နဲ့ ကျွမ်းကျင်မှုလေးတွေကို ဖြစ်နိုင်ရင် လာရောက် မိတ်ဆက်ပေး ကြပါဦး ။ ဒါမှ ကျနော်တို့ ပိုပြီး စည်းစည်းလုံးလုံးနဲ့ အလုပ်အကိုင်အခွင့်လမ်းသစ်တွေ ဖန်တီပေး နိုင်အောင်လို့ ပါ ခင်ဗျာ... နောက်ဒီဘလောက်လေးမှာ ၀င်ရောက်ရေးသားပြီး အတွေးအမြင် တွေလည်းလာရောက်ဖလှယ်ဖို့ လုပ် ငန်းနယ်ပါယ် အသီးသီးက ပညာရှင် အားလုံးကိုလဲ ဖိတ်ခေါ်ပါတယ်...

လေးစားစွာဖြင့်
ကိုဝေ

Friday, July 25, 2008

Think Global Work Local :D


အဲဒီ့ခေါင်းစဉ်တော့ကြိုက်တယ်။ လန်းလွန်းလို့ ဒါလဲ အမှန်ပဲလေ။ ဟုတ်တယ် ကျွန်တော်တို့တွေ တွေးသင့်တယ် ကျွန်တော်တို့တွေ လုပ်သင့်တယ်။ ဒါကို အပြည့်အဝထောက်ခံပါတယ်။ ကျွန်တော်တို့ အတွေးတွေ International ဖြစ်သင့်တာပေါ့။ လုပ်ရင်လဲ နိုင်ငံတကာ စံချိန်စံညွှန်းအညီ လုပ်ကြရမှာပေါ့။ ဒါပေမယ့် အဲဒီ့မှာ ပြဿနာတစ်ခု တက်လာတယ်။ မြန်မာမှု ပြန်ပြုရတော့မယ်လေ။ အင်္ဂလန်မှာ ဖြစ်နေသလို ကျွန်တော်တို့ လုပ်လို့ရပါ့မလား။ အမေရိကားလို customer ကျွန်တော်တို့ တွေ့ပါ့မလား။ ဒါတွေကတော့ အတော်ကြီးကို စဉ်းစားရမယ့် အချက်ပါပဲ။

အခုနောက်ပိုင်း ကျွန်တော်နဲ့ သီအိုရီ ကျွမ်းကျင်တဲ့ စာတတ်ပေတတ် လူငယ်ပိုင်းတွေ ဆုံဖြစ်ကြတယ်။ သူတို့လည်း ကျွန်တော် အရင်က တွေးတဲ့ ပုံစံမျိုးတွေးကြ ပြောကြတယ်။ ကျွန်တော့်ထက်တော့ ပိုသပ်ရပ်ပါတယ်။ အတွေးတွေကအစ ပိုပြီး international ဖြစ်ပါတယ်။ တစ်ခုပဲ သူတို့ကျွန်တော့်လို လက်တွေ့ပိုင်းမှာ သိပ်မရှိကြသေးဘူး။ ကျောင်းပြီးခါစတွေ လုပ်ငန်းခွင်ထဲ ဝင်ခါစတွေပေါ့။ အဲဒီ့မှာ ကျွန်တော်သူတို့ကို ပုံစံပြောင်းရပါတယ်။ လက်တွေ့မှာ အလုပ်ဖြစ်တဲ့ ကိစ္စနဲ့ အလုပ်မဖြစ်တဲ့ ကိစ္စတွေကို ယှဉ်ပြရပါတယ်။ ဟုတ်တယ်လေ အဲလိုမှ မပြရင် သူတို့ သိမှာ မဟုတ်ဘူးကိုး။ ကျွန်တော်လဲ ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော့်တုန်းကလဲ အဲလိုတွေးပြီး ဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့လုပ်ခဲ့တာပါ။ တကယ်တမ်းမှာတော့ ယဉ်ကျေးမှုတွေ ထုံးတမ်းစဉ်လာတွေ လူနေမှုအဆင့်တွေ အင်မတန် ကွာခြားလွန်းတော့ လုပ်ငန်းက အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ပါဘူး။ တချို့အရာတွေဆို စလို့ကို မရခဲ့တာပါ project ကတော့ stay in charter ပေါ့။ အဲလို project တွေ ကျွန်တော့်မှာ တစ်ပုံကြီးပါ။ လွန်ခဲ့တဲ့ ၄ နှစ်လောက်က စဉ်းစားခဲ့တာ တချို့ကို အခုမှ ပြန်လုပ်နေရတာလဲ ရှိပါတယ်။ ဘာပဲ ဖြစ်ဖြစ် အိုင်ဒီယာ အသစ်တစ်ခုရရင်တော့ ရဲရဲရင့်ရင့်တွေးပြီး အနည်းဆုံး document အနေနဲ့ သိမ်းထားရင် နောင်ကိုယ်တကယ်လုပ်မယ့် အချိန်မှာ အကျိုးများတာ သေချာပါတယ်။ (မယုံရင်လုပ်ကြည့်)

သူငယ်ချင်းတစ်ယောက်ရှိတယ် သူနဲ့ကျွန်တော်အတော် ပြောဖူးတယ် အလုပ်တွေအကြောင်း အနောက်နိုင်ငံတွေအကြောင်း တော်တော်စုံပါတယ် ခုထိလဲ လက်တွဲအလုပ်လုပ်နေစဲပါပဲ။ သူပြောဖူးတာလေးက စဉ်းစားစရာဗျ။ ငါတို့တွေ ဖတ်နေတဲ့ Phlip Kotler တို့ Peter Druker တို့က သူတို့ နိုင်ငံတွေ အထူးသဖြင့် အမေရိကရဲ့ အောင်မြင်တဲ့ စီးပွါးရေးတွေပေါ့လေ အဲဒါတွေကို ရေးထားတာ ငါတို့က နေတာက အာရှ။ အာရှမှာတောင် ဖွံ့ဖြိုးမှု အားနည်းနေသေးတဲ့ နိုင်ငံမှာနေ နေကြတာလေတဲ့။ ငါတို့က သူတို့စာတွေ ဖတ်ပြီး တခါတခါ သူတို့လိုတွေ လျှောက်လျှောက်တွေးပြီး လုပ်နေတော့ ခံရတာပေါ့ တို့တွေဆီမှာ ဖြစ်ဖို့ လိုသေးတယ်တဲ့။ အင်မတန် မှန်သောစကားပါ။ နောက်ပြောတာ တစ်ခုက မင်းစဉ်းစားကြည့်တဲ့ မုန့်ဟင်းခါးစားပြီး ဟင်းရည် အဆစ်တောင်းတာ ငါတို့လူမျိုးပဲ ရှိတယ်တဲ့။ ဒါလဲမှန်တာပဲ။ အဲဒီ့နောက်ပိုင်း ကျွန်တော်တို့တွေ ကျွန်တော်တို့ နိုင်ငံမှာ အလုပ်ဖြစ်မယ့် ပုံစံတွေကို ဦးစားပေးစဉ်းစားဖြစ်တယ်။ စာအုပ်တွေ မဖတ်တော့ဘူးလားဆိုတော့ ဖတ်ပါတယ်။ ယူသင့်တာပဲ ယူတယ်။ တွေးတာကတော့ အင်တာနေရှင်နယ်ပါ သို့ပေမယ့် ဗမာမှုပြန်ပြုပေးရတယ်။ အဲလိုမှ မလုပ်ရင် ကျွန်တော်တို့တွေ အနေနဲ့ လိုက်လျောညီထွေ လုပ်နိုင်မှာမဟုတ်ဘူး။ အမေရိကားမှာ အဆင်ပြေတဲ့ service တစ်ခုက ဒီမှာ အဆင်ပြေချင်မှ ပြေမယ်။ ဒီမှာ အဆင်ပြေတဲ့ လုပ်ထုံးလုပ်နည်းက တရုတ်ပြည်အတွက် ဟာသ တစ်ခုဖြစ်ချင် ဖြစ်နေမယ်။ ဒါပေမယ့် သေချာတာကတော့ သူ့အရပ်နဲ့ သူ့ဇာတ်ဆိုတာကို ထည့်တွက်ရမှာပဲ။

လုံးဝမကိုက်ညီဘူးလို့ ပြောချင်တာ မဟုတ်ပါဘူး။ စုတုပြုဖို့ အကြံပေးတာပါ။ ဒါကိုလက်ခံချင်လဲ လက်ခံပါ လက်မခံလဲ ဘယ်သူမှ ရိုက်ပြီး အတင်းမလုပ်ခိုင်းပါဘူး။ ဆက်ပြောပါ့မယ်။ ခုပြောမယ့် ဟာကတော့ နဲနဲကီးမြင့်ပါတယ် မုန်းကြပါလိမ့်မယ် မတတ်နိုင်ပါ ကိုယ်ထင်တာ ကိုယ်ပြောတဲ့အတွက် မုန်းလဲ ခံပါမည်။ သေချာစဉ်းစားစေချင်တာကို ပြောတာပါ။ ကိုစိုးထက်ရေးသွားတဲ့ Glocalization ထဲမှာ ဖတ်လိုက်ရတယ် နိုင်ငံခြားထွက်တဲ့လူတွေ များတယ် ဒီမှာကျန်ခဲ့တဲ့ ပညာရှင်နည်းသွားတယ်။ ဟုတ်ကဲ့ ဒါကိုလက်ခံပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကြတယ် ပညာသင်ကြတယ်ပေါ့ဗျာ။ ပြီးရင်တော့ အားလုံးနီးပါး (တချို့လဲ ဟိုမှာ အခြေချမယ်) ဒီကိုပြန်လာပြီး အလုပ်ပြန်လုပ်ကြမယ်လို့ ခံယူကြတယ်။ တချို့ကတော့ professional တစ်ခု တတ်မြောက်ပြီး ပြန်လာမယ်ပေါ့။ တချို့ကတော့ ဒီမှာ စီးပွါးရေး ပြန်လာလုပ်ကြမယ်ပေါ့။ အဲဒီ့မှာ ပြောချင်တာက ဒီကိုပြန်လာပြီး ကိုယ်ပိုင်စီးပွါးရေးလုပ်မယ့်လူတွေကို အဓိကထားပြောချင်တာပါ။

စဉ်းစားပါ အခု သူများနိုင်ငံမှာ အလုပ်သွားလုပ်တယ် ဘာအနေနဲ့လဲ အလုပ်သမားအနေနဲ့ပါပဲ ပိုက်ဆံစုတယ် ပြန်လာတယ် ဒီမှာ အလုပ်လုပ်မယ်ဆိုတော့ အဟပ်ကကွာနေပြီ ကိုယ်ထိတွေ့လာတာက နိုင်ငံခြားက အတွေ့အကြုံ ဒီရောက်တော့ ဒီက ကိစ္စတွေနဲ့ အဟပ်ကွာသွားပါပြီ ဘာလုပ်ရကောင်းမလဲ ထိုင်စဉ်းစားရင်းနဲ့ ပါလာတဲ့ ပိုက်ဆံ ထိုင်သုံးလိုက်တာ နောက်ဆုံး ကုန်သွားတော့ ပြန်ပြီးသွား အလုပ်ပြန်လုပ် ပိုက်ဆံ ပြန်စု အဲဒါနဲ့ သံသရာလည်ရော ကျွန်တော်အဲဒီ့လို လူတွေ တော်တော်များများ တွေ့ဖူးပါတယ်။ ကျွန်တော့် အဖေ အပါအဝင်ပါပဲ။ ကျွန်တော့်အဖေလဲ အဲလိုပဲ ဖြစ်ခဲ့တယ်။ သူကျွန်တော့်ကို အဲလို မဖြစ်စေချင်ဘူး။ ဟိုမှာ အလုပ်လုပ်နေပြီ ဆိုကထဲက ဒီမှာ ဘာပြန်လုပ်လို့ရမလဲ ဆိုတာမျိုးကို သေသေချာချာ ရည်မှန်းချက်ထားသင့်တယ်။ စွန့်ဦးတီထွင်ဆိုတာထက် ရင်းနှီးမြှုပ်နှံဖို့ကိုပဲ စဉ်းစားကြည့်ပါအုံး။ ဟိုမှာ အလုပ်လုပ်တုန်းက ပုံမှန်ဝင်ငွေရတယ် ဒီပြန်ရောက်တော့ အဲလို မဟုတ်တော့ဘူး အလုပ်လုပ်ရင် အရှုံးအမြတ်ဆိုတာ ရှိတယ် risk ရှိပါတယ်။ ဒါပေမယ့် မရင်းချင်ကြတော့ဘူး ဒါကမဖြစ်သင့်တဲ့ ကိစ္စပါ။ အဲဒီ့ အကြောင်းကို ကျွန်တော် risk taking မှာ သေချာပြန်ရေးပါ့မယ်။ ခုကထဲက သေချာစဉ်းစားပါ ငါ ငါ့နိုင်ငံပြန်အလုပ်လုပ်မှာက လုပ်ငန်းရှင်အနေနဲ့လား အလုပ်သမားအနေနဲ့လား သေချာစဉ်းစားကြစေချင်တယ်။ ငါ့မှာတော့ ပိုက်ဆံတွေပါလာပြီ ဗမာပြည်ပြန်ရောက်ရင် ငါတော့ ကုမ္ပဏီတစ်ခု ထောင်ပြီး အလုပ်လုပ်လိုက်မဟဲ့ဆိုရင် သေချာလေ့လာခဲ့ ပြီးရင် ဒီက လုပ်ငန်းတွေ (ကိုယ်လုပ်မယ့် ကိုယ်ရည်ရွယ်ထားတဲ့ လုပ်ငန်းတွေ) ကို မျက်ချည်မပြတ် လေ့လာပါ။ ခု အင်တာနက်ခေတ်ပါ enter တစ်ချက်ခေါက်ရင် ဟိုဘက် ဒီဘက် ဆွဲချုံ့လို့ ရနေပါပြီ။ အဲလိုမှ မလုပ်ထားရင်တော့ ကိုယ်ဟိုမှာ ပင်ပင်ပန်းပန်းလုပ်ထားတဲ့ ငွေတွေကို ရေထဲ အားရပါးရ ပစ်ချလိုက်ပါ "ပလုံ" ဆိုတာလေး ကြားရပါလိမ့်မယ်။ ဒါက ကျွန်တော့်အယူအဆပါ ဒါကို ငြင်းနိုင်ပါတယ် တွေးမိတာလေး ပြောပြတာပါ ဆရာလုပ်တာ မဟုတ်ဘူး။

နိုင်ငံခြားကို အလုပ်ရှင်အနေနဲ့ သွားတဲ့လူဦးရေ ကျွန်တော်ထင်တယ် လက်ချိုးရည်လို့ရတယ်။ အလုပ်သမား အဖြစ်နဲ့သွားကြရတာပါ။ တနေ့မှာ ကိုယ့်နိုင်ငံပြန်အလုပ်လုပ်ကြမယ်ဆိုရင် အလုပ်ရှင်ပဲ ဖြစ်ချင်ကြတာမဟုတ်လား အင်း ဒါဆို ဒီက လုပ်ငန်းတွေ အခြေအနေတွေကိုလည်း မျက်ချည်မပြတ်ပါစေနဲ့ Think Global ဟုတ်ကဲ့ ကြိုက်သလောက်တွေးပါ။ Work Local ဒီအပိုဒ်တော့ နည်းနည်းခက်တယ် ထင်တာပါပဲ။ နောက်မှ ကျွန်တော်သိတဲံ risk taking အကြောင်းကို ထည့်ရေးပြီး ထပ်ဆွေးနွေးပါအုံးမယ်။ ကဲ ဒီလောက် ဖတ်လိုက်ရတော့ ကျွန်တော့်ကိုလည်း အတော် သောက်ညင်ကပ်လောက်ပြီ။ တော်သေးပြီ :D။

Old Skool and New Skool

ကဲ ကိုစိုးထက်က ကြိုက်တာရေးဆိုလို့ ဝင်ရေးလိုက်ပါပြီ။ စစချင်းဆောက်နဲ့ ထွင်းသလို ဖြစ်ရင် ခွင့်လွှတ်ပါ။ ဘာရေးရမလဲ စဉ်းစားနေတာ ခုတော့ Old Skool နဲ့ New Skool ဆိုတာလေး ရေးလိုက်ပါတယ်။ ကျွန်တော် တွေ့တွေ့နေရတဲ့ ပြဿနာတွေထဲက အဓိကအကြောင်းအရင်းပါပဲ။ ကျွန်တော်အလုပ်လုပ်တဲ့ သက်တမ်းတစ်လျှောက်မှာ တက်နေတဲ့ ပြဿနာကလဲ အဲဒါပဲ။ လုပ်ငန်းရှင် အသစ်နဲ့ အဟောင်းဆိုတာထက် အသက်ကြီးကြီး လုပ်ငန်းရှင်တွေနဲ့ အသက်ငယ်ငယ်လုပ်ငန်းရှင်တွေ ကြားထဲက ပြဿနာလို့ ပြောရင် ပိုသင့်တော်မယ် ထင်တာပဲ။ အားလုံးကို ပတ်ရမ်းပြီးပြောတာတော့ မဟုတ်ဘူး ကျွန်တော် ကြုံခဲ့ဖူးတာတွေကို ပြောပြတာပါ။ တခြားသူတွေအတွက် အယူအဆမှန်ချင်မှ မှန်မယ် ကျွန်တော့်အတွက်တော့ မှန်ခဲ့ပါတယ်။

ဒီလိုဗျ။ ကျွန်တော် အလုပ်တွေလုပ်တော့ လူတွေတော်တော်များများနဲ့ ဆက်ဆံရတယ်။ company တစ်ခုနဲ့ တစ်ခု ဆက်ဆံကြပြီဆိုတာနဲ့ ဟိုဘက်ပိုင်ရှင် ဒီဘက်ပိုင်ရှင် ပါလာတဲ့ အခန်းကဏ္ဍရောက်ရင် စပြီ အဲဒီ့ဇာတ်က။ ကျွန်တော် အသက်၂၃ လောက်ကထဲက ကျွန်တော့် ကိုယ်ပိုင်လုပ်ငန်းတွေ ကျွန်တော်လုပ်တယ်။ အသက်က ၂၃ နှစ် လုပ်တဲ့ အလုပ်က တခါတလေ ကြီးနေတော့ ပြဿနာကတက်ပါတယ်။ ဝန်ထမ်းတွေကို လွှတ်ပြီးတော့ appointment တွေယူတယ် ပြီးရင် ကျွန်တော်ဝင်ပါရမယ့် နေရာရောက်ရင် ဝင်ပါပါတယ်။ ဘာပြဿနာက စသလဲဆိုရင်။ နှစ်ဘက်တွေ့ကြရင် ကျွန်တော်က ချာတိတ်လေး ပြောနေတဲ့ စကားလုံးတွေက ကြီးတယ်ပေါ့။ လူကို မြင်ကထဲက ဟိုဘက်က နည်းနည်းတော့ ကျွဲမြီးတိုချင်နေပြီ။ ချာတိတ်လေး တစ်ယောက်က အစည်းအဝေးထဲမှာ presentation တွေလုပ် လုပ်ငန်းသဘောတရားတွေပြော အင်းတချို့ကလဲ စိတ်ဝင်တစား နားထောင်ကြသလို တချို့လဲ သူတို့ သိပြီးသားပါဆိုတဲ့ အချိုးတွေနဲ့။ ကျွန်တော်ကတော့ အားရပါးရ တက်တက်ကြွကြွ ရှင်းပြတယ် နည်းပညာပိုင်းက ဘယ်လို လုပ်ငန်းသဘာဝကဘယ်လို ဒီနေ့လူငယ်တွေက ဘယ်လို ဘာညာပေါ့လေ။ အဲဒီ့အစည်းအဝေးတွေမှာ Old Skool ကြီးတွေက လုံးဝကို အသံထွက်မလာတော့ဘူး ပြီးရင်တော့ လာပါပြီ negative view တွေနဲ့ ဆော်တော့တာပါပဲ။ ကျွန်တော်လဲ တတ်သလောက် မှတ်သလောက် ပြန်ရှင်းပြပါတယ်။ ဒါပေမယ့် မရပါဘူး ငြင်းပါတယ်။ တခါတလေ သူတို့ ငြင်းတာက အဓိပ္ပါယ်လုံးဝ မရှိဘူးဆိုတာ သူတို့ကိုယ်တိုင်သိပါတယ်။ ဒါပေမယ့် အသက်အရွယ်အရ ငါလူကြီးပဲဆိုပြီး ဆော်တာများပါတယ်။ ကျွန်တော် တော်တော် စိတ်ပျက်ပါတယ်။ နောက်တော့ အဲဒီ့အလုပ်တွေကိုပဲ သူတို့ဘာသာ ဆက်လုပ်ကြတယ်။ ကျွန်တော် ဦးနှောက်ကို ဖောက်စားသွားတာပါပဲ။ သူတို့က အင်အားကလဲကြီး လူလည်လဲဖြစ်နေတော့ ခံပေါ့။ ကျွန်တော့်လို ခုမှစတဲ့ ချာတိတ်က ဘာပြန်ပြောနိုင်မှာလဲ။ ဟင်း . . . ငါ့အိုင်ဒီယာကြီးကွာ တောက် . . . ဆိုတာကလွဲပြီး အဲဒီ့အချိန်တွေမှာ ပြန်ကို မပြောနိုင်ခဲ့ပါဘူး။

နောက်တစ်ခု အသင်းအဖွဲ့တွေမှာ အဲဒီ့ Old Skool ကြီးတွေ ထိပ်ကနေ ထိုင်ပြီး ဘုပြောနေတဲ့ ကိစ္စ။ အဲဒါကို သောက်ညင်ကပ်လို့ ကျွန်တော် အသင်းအဖွဲ့တော်တော် များများကနေ ပေါ်တင်ပဲ ထွက်ခဲ့တယ်။ new comer ကို ကြိုဆိုဖို့ နေနေသာသာ သူတို့ ထိုင်ခုံပျောက်မှာ စိုးလို့ လိုက်ပြီးကာကွယ်နေတာ ကြာတော့ ကြည့်ရတာ စိတ်ပျက်လာတယ်။ သူတို့က ရှေ့ဘာဖြစ်မယ် ဘယ်လိုဆိုတာထက် သူတို့ အကျိုးအမြတ်ကိုပဲ အဓိကထားတတ်တယ် တချို့ကိုပြောတာနော် တချို့ကိုပြောတာ။ အကုန်လုံးကို သိမ်းကြုံးပြောနေတာမဟုတ်ဘူး။ ဘိုးတော်ကြီးတွေ ဘွားတော်ကြီးတွေထဲမှာ လူငယ်တွေနဲ့သင့်မြတ်တဲ့လူတွေ ရှိပါတယ်။ ဒါပေမယ့် ရှားပါတယ်။ ခုနောက်ပိုင်းတော့ အဲဒီ့ အဖြစ်အပျက်တွေ နည်းနည်းရှားသွားပါပြီ။ အင်းလေ ကျွန်တော် အလုပ်တွေလဲ သူ့ဘာသာသူ လည်ပတ်နေပြီကိုး အလုပ်တွေလဲ တွဲလုပ်ခဲ့ကြပြီးပြီဆိုတော့ အဆင်ပြေလာတာပေါ့။ အရင်ကလောက်တော့ မဆိုးတော့ဘူး။

နောက်ပိုင်းဘာလုပ်ရသလဲဆိုတော့ သူတို့နဲ့ အစည်းအဝေးလုပ်ရင် ဆွေးနွေးရင် ကိုယ့်ဘက်က အမြဲတမ်း တစ်ကွက်တော့ချန်ရတယ်။ သူတို့က ကိုယ့်ထက် ဓနအင်အား လုပ်သက် အကုန်သာတာကိုး သတိထားရတာပေါ့။ ကျွန်တော့် အထင်အရတော့ Old Skool တွေက New Skool တွေကို လက်ကမ်းကြိုသင့်တယ် ထင်တာပါပဲ။ လူငယ်ခြေတက်တွေ ပေါ်လာတိုင်း သူတို့ နေရာပျောက်သွားတာမှ မဟုတ်တာ နည်းပြတော့ ပြန်လုပ်လို့ ရပါသေးတယ်။ သူတို့ အတွေ့အကြုံတွေက ကျွန်တော်တို့ လူငယ်တွေအတွက် အင်မတန် တန်ဖိုးရှိပါတယ်။ သူတို့တွေ မှားခဲ့ဖူးရင် အဲဒီ့အမှားတွေထဲက ကျွန်တော်တို့ ပြန်ပြီး သင်ခန်းစာယူလို့ရပါတယ်။ ဒါပေမယ့်ပေါ့ဗျာ ကျွန်တော်တို့ ဆီမှာ အဲဒီ့ကိစ္စအင်မတန်မှ အားနည်းပါသေးတယ်။ ပင်လယ်ရေကို လုသောက်တုန်း ပင်လယ်ရေလို့ သဘောမထားနိုင်သေးဘူး။ ကျွန်တော်တို့ ကြီးလာရင်ရော သူတို့လို အဖြစ်ခံမလား ကျွန်တော်ကတော့ လုံးဝ မဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ Old Skool ကြီးကကွာဆိုတဲ့ ဟာမျိုးတွေကို အပြောမခံရအောင် ရှောင်ပါမယ်။ ဟုတ်တယ်ဟုတ် :D

Thursday, July 24, 2008

Glocalization !



Think Global and Work Local ဆိုပြီး ဆောင်ပုဒ်လို လုပ်ထားပေမယ့် ကျွန်တော် တို့ တစ်ကယ် သုံးနေကျ စကားက Think Globally and Act Locally ဖြစ်ပါတယ်။ တစ်နေ့ ကိုဝေ နဲ့ အွန်လိုင်းမှာတွေ့ တော့ ကျွန်တော် တို့ မြန်မာ နိုင်ငံ က လူငယ် တွေ နိုင်ငံ ပြင်ပ ကို ပဲ အလုပ် ထွက် လုပ် နေကြတာ များနေပါတယ်။ ပြည်တွင်း မှာ ကျန်ခဲ့တဲ့ လူငယ် ပညာရှင်တွေ အရမ်း နည်းလာတဲ့ အကြောင်း ပြောဆို ဆွေးနွေး ဖြစ်ပါတယ်။ အဲဒီ နောက် မှာ ဘလော့ လေး တစ်ခုလုပ် အကြံဉာဏ် နဲ့ သတင်း အချက်အလက် လေးတွေ စုပြီး တင်ပေး ထားနိုင် အောင် လုပ်ဖြစ်ဖို့ စလိုက်ပါတယ်။ တစ်ကယ် စဖြစ်ဖို့ တွေ့တဲ့ လူတွေ လိုက်ပြော စည်းရုံး ပါတယ်။ စိတ်ဝင်စား ကြပေမယ့် တစ်ကယ် လုပ်ဖို့ ကျ လုပ်လက်စလေး ကို မရှိတော့ အားနည်း နေပါတယ်။ ကိုဝေ က အသက် ကြီးတဲ့ ကိုစိုးထက် ကြီး ကပဲ စရေး ပေးပါ ဆိုတာ နဲ့ စရေးဖြစ် သွားပါတယ်။ ဒါတောင် ... စပြောဖြစ်တဲ့ အချိန်ကနေဆို တစ်လကျော် ကြာသွားပါပြီ။ အဟဲ ... ကိုဝေ ကို တောင်းပန်ပါတယ်။

Glocalization ဆိုတဲ့ စကားလုံး က ကမ္ဘာမှု ပြုခြင်း လို့ ပြောပြောနေကြတဲ့ Globalization နဲ့ ဒေသန္တရမှု ပြုခြင်း Localization ကို ပေါင်းထားတဲ့ ဖက်စပ် စကားလုံး တစ်ခု ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ် ၀န်းကျင် ကတည်းက ဂျပန် စီးပွားရေး ပညာရှင်တွေ စတင် သုံးစွဲခဲ့တဲ့ စကားလုံး ဖြစ်ပါတယ်။ နိုင်ငံတစ်ကာ စံချိန်မီ အဆင့် အတန်းရှိ ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှု တစ်ခု ထုတ်လုပ် လိုက်ပေမယ့် ဒေသ က သတ်မှတ်တဲ့ စံနဲ့ လက်ခံတဲ့ ယဉ်ကျေးမှု အစဉ်အလာ ကို ကိုက်ညီအောင် လုပ်ဖို့ က မလွယ်ပါဘူး။ ဒေသန္တရ ဈေးကွက်နဲ့ အဆင်ပြေ ညီညွတ်စွာ လက်ခံ လာအောင် ပြုလုပ်ပေးရတဲ့ ဒီ Gocalization အခြေအနေ ကို တွန်းပို့ ပေးလိုက် ပါတယ်။

မက်ဒေါနယ် McDonald ဆိုင်တွေ ကမ္ဘာအနှံ့ လျင်မြန်စွာ တိုးတက် များပြားလာတာ ကို Globalization နဲ့ ဥပမာပေးထားပြီး အဲဒီ ဆိုင်တွေ ရဲ့ အစားအသောက် စာရင်း နဲ့ အရသာ ပုံစံ ကို ဒေသ အလိုက် လက်ခံ လာအောင် ကြိုးစား ညှိနှိုင်း ပြင်ဆင် ပေးတာကို တော့ Glocalization လို့ သာဓက ပြပါတယ်။

အခု ကျွန်တော်တို့ ရဲ့ ရည်ရွယ်ချက်က ဒင်္ဂါး တစ်ပြားရဲ့ နှစ်ဖက်လုံးက Global နဲ့ Local ကို ပူးပေါင်းပြီး စဉ်ဆက်မပြတ် တိုးတက် လက်ခံလာကြတဲ့ Glocalization ဖြစ်စဉ်မှာ ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းတွေ ကို မိမိနိုင်ငံ တွင်းကနေ အမိအရ ရှာဖွေ ဆုပ်ကိုင် ဆောင်ရွက် နိုင်စေလိုတာ ဖြစ်ပါတယ်။

ကမ္ဘာ့ အဆင့် လုပ်ငန်းကြီးတွေ ကနေ Outsourcing ထွက်လာတာ ကို လက်ခံ လုပ်ကိုင် တာက အစပြုပြီး Franchising လုပ် ပြီး ပြည်တွင်းမှာ နိုင်ငံတစ်ကာ အဆင့်မီ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု တွေ ထုတ်လုပ် သုံးစွဲ နိုင်ပြီး ဝင်ငွေ ယှဉ်လာနိုင်တဲ့ အထိ ရည်ရွယ် ပါတယ်။

ကျွန်တော် က စီးပွားရေး ပညာရှင် မဟုတ်သလို လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အပိုင်း လည်း မကျွမ်းကျင် ပါဘူး။ ဈေးကွက် အကြောင်း နားမလည် သလို နည်းပညာ က လည်း ချို့ တဲ့ပါတယ်။ ဘယ်သူမှ တော့ ပြီးပြည့်စုံတဲ့ လူရယ် မရှိပါဘူး။ ဒါကြောင့် အားလုံးကို ဖိတ်ခေါ် ပါတယ်။ တတ်နိုင် သလောက် ဝိုင်းဝန်း ကူညီပြီးတော့ ပါဝင် ရေးသား ပေးကြပါ ... သတင်း အချက်အလက် ကလေးတွေ ပို့ပေးကြပါ ... လို့ မေတ္တာရပ်ခံ တိုက်တွန်း နှိုးဆော် လိုက်ရ ပါတယ် ခင်ဗျာ ...