Sunday, August 31, 2008

စိတ်ကူးယဉ်သမား

စွန့်ဦးတီထွင် တဲ့သူ ဆိုတာ တစ်ကယ်တော့ စိတ်ကူးယဉ်သမား တစ်ယောက်ပါပဲ။

ဘာဖြစ်လို့လည်း ဆိုတော့ စွန့်ဦးတီထွင်လို့အမည်နာမတပ်ခံထားရတဲ့သူတိုင်းဟာအခုထလုပ်၊ အခု ချက်ချင်း အောင်မြင် သွားကြတဲ့ သူတွေ မဟုတ်ပါဘူး။ သူတို့မှာ သူများတွေ မမြင်နိုင်တဲ့၊ တခြားသူတွေ မတွေးတဲ့ အတွေး တွေကို တွေးပြီး လေထဲမှာ တိုက်အိမ် ဆောက်ခဲ့တဲ့ သူတွေ ချည်းပါပဲ။

ဒါဆိုရင် အဲလို သူများ မတွေးတာ တွေကို ထိုင်တွေး နေရုံနဲ့ စွန့်ဦးတီထွင်သူ ဖြစ်ရော လားကွာဆို ရင်တော့ ဘယ် ဖြစ်နိုင် မလဲ။ စွန့်ဦး တီထွင်သူ တစ်ယောက် ဖြစ်ဖို့အတွက်တော့ အများကြီး လိုအပ် ပါတယ်။

စွန့်ဦး တီထွင်ချင်တဲ့ သူဟာ စိတ်ကူးယဉ် တတ်တဲ့ စိတ် ရှိရပါ့မယ်။ စိတ်ကူး ထားတဲ့ အတိုင်း လိုက်ပါ လုပ်ဆောင် နိုင်တဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် လည်း ရှိရပါမယ်။ စိတ်ကူး ချည်းပဲရှိပြီး၊ လက်တွေ့ က နောက်က ပါမလာ ရင်တော့ စိတ်ကူးနဲ့ ဆောက်ထားတဲ့ တိုက် အိမ်ကြီးက လေထဲမှာပဲရှိပြီး အကောင်အထည် အဖြစ် ပေါ်လာစရာ အကြောင်း မရှိပါဘူး။ စိတ်ကူး ကတော့ လူတိုင်းယဉ်ဘူး ကြတဲ့ သူတွေ ချည်းပါပဲ. ( အချစ်နဲ့ မဆိုင်ပါ ) ။ တစ်ချို့က ပြောကြတယ်။ စိတ်ကူးယဉ်တယ် ဆိုတာ အရူးတွေ အလုပ်။ ဒို့ကတော့ လက်တွေ့ သမားပဲ။ စိတ်ကူး ယဉ်ရတာ ဝါသနာ မပါဘူးဆိုပြီး ပေါ့။ ဒါဆိုရင် သူတို့ ပြောတဲ့ လက်တွေ့၊ လက်ငင်း၊ လက်တလောဆိုတာအခု ကိုယ့် အနီးအနား မှာ ရှိတဲ့ အခြေအနေကို ပြောတာလား။ ဒါဆိုရင်တော့ အမြင် ကျဉ်းမြောင်း သွားပါလိမ့်မယ်။

မိမိ စိတ်ကူး ထားတာကို လက်တွေ့နဲ့ ပေါင်းစပ်ဖို့ ဆိုတာ ကလည်း တစ်ကယ်တော့ အပြော လွယ်သလောက် အလုပ် ခက်ပါတယ်။ တစ်ချို့တွေ ရှိကြပါတယ် လုပ်ငန်းတစ်ခုကို ကိုယ်ကစပြီး စဉ်းစားမိတယ်။ ဒါပေမဲ့ မစွန့်စားရဲဘူး။ စိတ်ကူး တဲ့အတိုင်း လက်တွေ့က မလုပ်ဆောင် ရဲတော့ မိမိနဲ့နီးစပ် တဲ့သူ၊ ရင်းနီးတဲ့သူ တစ်ယောက်ယောက်ကို ပြောပြပြီး အကြံဉာဏ် တောင်းတာမျိုးတွေ ရှိတတ် ကြပါတယ်။ စစ်ကူ တောင်းတဲ့ သဘောပေါ့။ အဲဒီ ကိုယ်ပြောပြတဲ့ သူက ချကွာ၊ လုပ်ကွာဆိုရင်တော့ လုပ်မိ ကောင်း လုပ်မိသွားပေမဲ့ အဲလူက “နေပါဦးကွာ၊ စဉ်းစားပါဦးကွာ။ စဉ်းစားတာ မမှားပါဘူး” ဆိုတာမျိုး။ “မင်း တွေးတဲ့ အတွေးမျိုး တစ်ခြား သူတွေလည်း တွေးမိမှာပေါ့။ သူတို့တောင် မလုပ်ပဲ မင်းက လုပ်မယ် ဆိုတော့” လို့များ ပြောမိ လာကြမယ် အကြံပေး လာကြမယ် ဆိုရင်တော့ မိမိ ကိုယ်တိုင် လည်း ဟုတ်ပါတယ် လေ ... ငါ့ထက် တော်တဲ့ သူတွေ အများကြီးပါ။ သူတို့ တောင် မလုပ်ကြဘူး ဆိုတော့ အဆင်မပြေ လို့ပဲ ဖြစ်မှာပါ ဆိုပြီး နောက်ဆုတ် သွားတတ် ကြပါတယ်။ တစ်ခါ တစ်လေ လည်း တစ်ခြားသူတွေက ကိုယ် စတွေးခဲ့တဲ့ ကိစ္စကို ထလုပ်ပြီး အောင်မြင် သွားတော့မှ ငါမလုပ်လိုက် ရလေခြင်း ဆိုပြီး နောင်တ ရနေတဲ့ သူတွေ လည်း အများကြီးပါ။ အဲဒီအချိန်မှ မချိတင်ကဲ ဖြစ်နေရင်လည်း ဘာမှ လုပ်လို့ မရတော့ ပါဘူး။ အချိန်တွေ နောက် ကျ သွားပါပြီ။ လူတိုင်းမှာ စိတ်ကူး ကောင်းလေး တွေ ရှိကြ စမြဲပါပဲ။ ကျွန်တော့်မှာ လည်း ရှိတယ်။ စာဖတ်သူ လူကြီးမင်း မှာလည်း ရှိတယ်။ ကွာခြား သွားတာက မိမိ စိတ်ကူးကို မိမိကိုယ်တိုင် ယုံယုံကြည်ကြည် ရဲရဲဝင့်ဝင့် မလုပ် ဆောင်ခြင်းကပဲ လူတွေကို ကွာခြား သွားစေတာပါ။

မိမိကိုယ်ကို မယုံကြည်မှုက ကျွန်တော်တို့ကို အောက်ဆွဲ ချနေခြင်း ဖြစ်ပါတယ်။

"တိုက်ရမလား ဆုတ်ရမလား မကွဲပြား သည့် အခါတိုင်း ကျွန်ုပ် တိုက်ရန် ဆုံးဖြတ်မြဲ ဖြစ်သည်" ဆိုတဲ့ စကားကို ပြောခဲ့တဲ့ သူကတော့ နပိုလီယန်ရဲ့ ရေတပ်ကို အနိုင်တိုက်ခဲ့တဲ့ အင်္ဂလိပ်ရေကြောင်း ဗိုလ်ချုပ် နယ်လ်ဆင်ပဲ ဖြစ်ပါတယ်။ စွန့်ဦးတီထွင် လူတစ်ယောက် ဖြစ်ချင် တယ် ဆိုရင် တော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်တဲ့ စိတ်စွမ်းအား တစ်ခုတော့ ရှိရပါ့မယ်။ ကြက်သား နဲ့ ဝက်သား ဘယ်ဟာ စားရမလဲ။ ဝက်တော့ ကြောက်တယ် ဆိုပြီး အတွေးတွေ မလွန်စေချင်ပါဘူး။ အရင်ဆုံး မိမိလုပ်ဆောင်မယ့် ကိစ္စကို သေသေချာချာ စဉ်းစား ဆုံးဖြတ် ပါ။ လက်တွေ့ နဲ့ ယှဉ်ပြီး စဉ်းစားပါ။ စဉ်းစားပြီးပြီ ဆိုရင်တော့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချပြီး မိမိကိုယ်ကို ယုံကြည့်မှု အပြည့်နဲ့ လုပ်ဆောင်မယ် ဆိုရင် တစ်နေ့နေ့ တစ်ချိန်ချိန် မှာတော့ သင်နဲ့ ထိုက်တန်တဲ့ နေရာတစ်ခု ရလာမှာ အသေအချာ ပါပဲ။

စာကြွင်း။ ။ ဖေမြင့်ရဲ့ “အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း” စာအုပ်မှ စကားလုံး အချို့အား ယူသုံး ထားပါသည်။

Saturday, August 30, 2008

နှလုံးသားထဲက Entrepreneur (1)

လူတိုင်းဟာ Entrepreneur ဖြစ်ချင်သလားလို့ အမေး ခံရမယ် ဆိုရင် ကျနော်ထင်ပါတယ် အားလုံး ကတော့ ဖြစ်ချင်ကြမှာပါဘဲ ။ ဒီဘလောဂ့်လေးကို ရောက်နေထဲက ဒီအကြောင်းကို စိတ် ၀င်စား လို့ပေါ့။

Entrepreneur တစ်ယောက်ဖြစ်ဖို့လို့ ပထမဆုံးအနေနဲ့လိုအပ်ချက်ဟာဆန္ဒပြင်းအားပါဘဲ။ ကျနော်က ဗုဒ္ဓကိုတောင်မှ Entrepreneur ပါလို့ ပြောမယ်ဆိုရင် စာဖတ်သူ လူကြီးမင်းတို့နဲ့ သဘောထားများ တူပါ့မလား မသိဘူး။ ကျနော်ကတော့ ဗုဒ္ဓကို Entrepreneur လို့ ဆိုချင် ပါတယ်။ ဘာလို့လဲ လို့ ဆိုရင်ပေါ့ ဗုဒ္ဓဟာ လူသား တွေ အားလုံး သံသရာမှာ လွတ်မြောက်နိုင်သော တရားကို စတင် ရှာဖွေ တွေ့ရှိခဲ့သော ပုဂ္ဂိုလ်လေ။ ဒီတော့ ဗုဒ္ဓလဲ စွန့်ဦး တည်ထွင်သူ ဆိုပါတော့။ ဒါဆို ဗုဒ္ဓအနေနဲ့ ဒီတရားတွေကို ရှာဖွေဖို့ အတွက် သူ့ကို ဘယ်အရာ တွေက စေ့ဆော်ခဲ့သလဲ ။ ဗုဒ္ဓရဲ့ ဆန္ဒပြင်းအားသည် ဘယ်အရာလဲ ။ ဒီနေရာမှာ ဗုဒ္ဓဘာသာ ၀င်တိုင်း သိပြီးသားပါ ဗုဒ္ဓဟာ သူအို သူနာသူသေ နိမိတ်တွေ ကိုတွေ့တယ်။ တွေ့တော့ လူဆိုတာ အိုရမယ် နာရမယ် သေရ မယ် ဆိုတာကို သိတယ်။ သူ ချစ်သော ယသော်ဓရာ သူချစ်သော ခမည်းတော် သူကိုယ်တိုင်လဲ ဒီလို သေရမယ် ဆိုတော့ ဒီမှာ သိပ်ထိတ်လန့် သွားတယ် အဲဒီမှာတင် ဒီ သေခြင်း က လွန်မြောက်နိုင်ဖို့ တရားကို ရှာဖို့ ပြင်းအား ဖြစ်လာတယ် လို့ ယူဆ တယ်။ ဒီပြင်းအားကြောင့်ဘဲ သေခြင်းက လွတ်မြောက် နိုင်တဲ့ တရားကို ရှာဖွေ တွေ့ရှိ ခဲ့တယ် ဆိုပါတော့ ။ ဒီတော့ ပြောချင်တဲ့ဟာ ပထမ ရွှေဥပဒေသ ကတော့ မိမိ ဘာဖြစ်ချင်သလဲ မိမိ ဘာ လုပ်ချင်သလဲ မိမိရဲ့ ပြင်းပြသော ဆန္ဒဆွဲအား သည်သာလျှင် သင့်အောင်မြင်မှုရဲ့ ခရာ သင်သွားရာ လမ်းရဲ့ ရိက္ခာ ဖြစ်ပါတယ်။

ဒီပြင်းအားကို စာဖတ်သူ လူကြီးမင်း အနေနဲ့ ရှာဖွေ တွေ့ရှိ သွားခဲ့ပြီ ဆိုရင်တော့ဖြင့် လူကြီးမင်း သွားချင်တဲ့ နေရာကို ရောက်အောင် သွားဖို့ အတွက် လူကြီးမင်း အနေနဲ့ အူလှိုက် သဲလှိုက် ယုံကြည် ထားတဲ့ ယုံကြည်ချက် ဆီကို ရောက် အောင်သွားဖို့ လမ်း တစ်လျှောက် မှာ လူကြီးမင်းရဲ့ ခရီးဖော် နောက် တစ်ယောက်ကတော့ ဘာလဲလို့ဆိုရင် Courage ပေါ့ ။ သတ္တိ လိုလာဘီ။ ဒီနေရာမှာ သတ္တိက သိပ် အရေးကြီးတယ် ။ ဥပမာ ပေါ့ ... တပ်တစ်တပ်က တိုက်ပွဲ ထွက်ရတဲ့အခါ တိုက်ပွဲတိုလေး တစ်ခု ဖြစ်ကြတယ်ပေါ့ အဲဒီမှာ ကိုယ့်ဘက်က တစ်ယောက် ကို ရန်သူပစ် လိုက်တဲ့ ကျည်က ရှပ်ထိ သွားတယ်။ ဆေးတပ်သား ကလဲ သူ့ကို ဆေးစည်း ပေးထား တာပေါ့။ တောထဲမှာ ဆိုတော့ ပါလာတဲ့ ဆေးဝါးက မပြည့်စုံ ဆောင်းတွင်း ဆိုတော့ အေးက အေးနဲ့ အဲဒီ ဒဏ်ရာရတဲ့ စစ်သားက ညလဲ ကျရော အနာက ကိုက် အပူတက်ပြီး တဟီး ဟီး နဲ့ ညီးပါလေရော အဲဒီအချိန်မှာ ဒီကောင့် နေရာမှာ ငါများဆိုရင်လို့ မတွေးမိတဲ့သူ ဘယ်သူမှ မရှိဘူး ။ အဲဒီလို တွေးလိုက်တာနဲ့ တစ်ပြိုင်နက် ဒီကောင် သတ္တိကို ဆွဲသုံး လိုက်ရတယ်။ အဲဒီမှာ သတ္တိနဲတဲ့ သူက ခနလေးနဲ့ ကုန်သွားတယ်။ သတ္တိကောင်းတဲ့ ကောင်က တောင့်ခံ နိုင်တယ်။ စီးပွားရေး လောကမှာ လဲဒီသဘောမျိုးဘဲလေ။

ကိုယ်နဲ့အလုပ် သဘာဝတူတွေ ကျရှုံးတာကို မြင်ရင် ကိုယ်လဲ သူ့လို ဖြစ်ရင် လို့ တွေးမိ ကြတာဘဲ ။ ကိုယ်ကိုယ်တိုင် လုပ်ငန်းအခက် ခဲ ကြုံတဲ့ အခါမျိုးမှာ ငါသာ အရင် အလုပ်ကလေး ဆက်လုပ်နေရင် အကောင်းသား လို့ တွေးလိုက်တာနဲ့အတိတ်လွမ်း လိုက်တာနဲ့ သတ္တိ တွေကို ထုတ်သုံး လိုက်ရဘီ။ ဆရာကြီး ဦးအောင်သင်း ပြောသလိုပေါ့ ... လောကကြီးမှာ သတ္တိ ကောင်းတဲ့သူတွေ အတွက်ဘဲ နေရာ ရှိတယ် တဲ့ သစ်သား ထဲကို သံရိုက် ထည့်လိုက်ရင် သံက ဒိုင်းကနဲ ၀င်သွားတယ် ကျောက်တုံး ပေါ်ကို ရိုက်လိုက်ရင် အဲဒီသံ ဖြောင်းကနဲ ကွေးသွားတယ် ။ Entrepreneur ဖြစ်လာမယ့် စာဖတ်သူ လူကြီးမင်းကော သံလား ကျောက်တုံးလား သစ်သားလား တွေးရင်းနဲ့ နှလုံးသားထဲက Entrepreneur ဒုတိယပိုင်း မှာ ဆုံကြ ရအောင်ဗျာ

Wednesday, August 27, 2008

Managerial Ethics (3)

Globalization ဖြစ်ထွန်း လာမှုကြောင့် ဆိုရ မလားပဲ။ လူတွေရဲ့ တွေးခေါ်မှုတွေဟာလည်း ပြောင်းလဲ လာခဲ့ပါပြီး ၊ သူတို့ရဲ့ လက်ခံနိုင်မှု တွေဟာ လည်း ပြောင်းလဲလို့ လာပါပြီ ၊ ပိုပြီး အသွင် မတူတာတွေ ဖြစ်လာပါပြီ၊ အရင် တုန်းက တခဏတာ အကျိုးကိုသာ ကြည့်သော်လည်း အခု လုတွေဟာ Future Effect ကိုပါထည့် စဉ်းစား လာပါပြီ။ SAVE OUR SOCIETY ဆိုတာ လက်ခံ လာကြပါပြီ။ social demand တွေများလာတဲ့အခါ တချို့ organization တွေက ပြန်ဖြည့်ဆည်း ပေးနိုင်သလို တချို့တွေက လိုက်မလုပ် ပေးနိုင်တာတွေ ရှိလာကြပါတယ်။

ဥပမာ ... ရေခဲသေတ္တာ ပဲဆိုကြပါစို့ .... ... ... သူဟာ အိုဇုန်းလွှာ ထိခိုက်မှုမှာ အများကြီး ပါဝင် လုပ်ဆောင် ပါတယ်။ ဒါကြောင့် သုံးစွဲ သူတွေဟာ အသုံးလိုလို့သာ သုံးကြတယ် ဒီထက် ကောင်းပြီး ပတ်ဝန်းကျင်မ ထိခိုက်မဲ့ ရေခဲသေတ္တာကို တောင်းတ လာကြ ပါတယ်။ ဒါကို organization တွေဟာ လိုက်လျောဖို့ ကြိုးစား ကြသလို မသိမသာ ဒီအတိုင်းလေးပဲ နေသွား ကြတာရှိပါတယ် ။ လောင်စာဆီသုံး မော်တော်ယာဉ် တွေကြောင့် ကမ္ဘာကြီးကို ပိုမို ပူနွေး လာစေတယ်လို့ social demand တွေ တက်တဲ့အခါ Toyota က လျှပ်စစ်သုံး မော်တော်ကားကို ထွင်လိုက် ပါတယ်။ အဲ့တော့ organization တွေအနေနဲ့ social demand တွေနဲ့ တွေ့ကြုံ လာတဲ့အခါ ဘယ်လို တုံပြန် လုပ်ဆောင် ကြသလဲဆိုတာ လေ့လာ ကြည့်ဖြစ်ပါတယ်။

(၁) Obstructive response
“ ဘူး တစ်လုံး ဆောင် အိုတောင် မဆင်းရဲ” ကို လက်ခံ ကျင့်သုံး သူတွေပါ။ သူ့အပြစ်ကြောင့် မဟုတ်ဘူးလို့ ငြင်းဆန်၊ ခေါင်းရှောင် နေကြ သူတွေပါ။ ဒါကတော့ companyရဲ့ ရေရှည် ရပ်တည်မှုကို အများကြီး ထိခိုက် စေပါတယ်။ လတ်တလောမှာတော့ အပြစ်လွတ်အောင် ခေါင်းရှောင်လို့ ရကောင်းရနိုင်ပေမယ့် လုပ်ငန်းရဲ့ goodwill , reputation ကို များစွာ ထိခိုက် နိုင်ပါတယ်။

(၂) Defensive response
သူကတော့ obstructive လို လုံးဝ ငြင်းဆန်တာတော့ မဟုတ်ပါဘူး၊ Denfensive managerတွေက ဒီ လုပ်ရပ် တစ်ခုက သူတို့ လုပ်ငန်းက လုပ်လိုက်တာ မှန်ပေမယ့် မရှောင် မလွဲသာသော အခြေအနေ တွေကြောင့်ပါ။ အရာ အကြောင်း ကြောင်း တစ်ခုကြောင့် ဖြစ်ပေါ် လာရတာ ဖြစ်တဲ့အတွက် မည်သူတစ်ဦး တစ်ယောက်မှာမှ အပြစ် မရှိပါ လို့ ငြင်းဆိုမှုပါ။ ဒီလိုတုံ့ပြန်မှုမျိုးကို သုံးမယ်ဆိုရင်တော့ manager ဟာ အကျိုးအကြောင်း အချက် အလက်ကို ပိုင်နိုင်စွာ သိထားဖို့ လိုအပ်ပါတယ်။

(၃) Accomodative response
ဒီတုံပြန်မှုမျိုးကတော့ တာဝန်ယူမှုပါ။ ဖြစ်လာတဲ့ ပြသနာအပေါ် တာဝန်ယူ ဖြေရှင်းပေးမှုပါ။ လုပ်ငန်းဟာ social အပေါ် သူ့ကြောင့် ethically အရ ထိခိုက် သွားမယ်ဆိုရင် သူ့အနေနဲ့ social responsibility ရှိတယ်လို့ ခံယူပြီး သူ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ဖြေရှင်း လုပ်ဆောင်ပေးပါတယ်။ လုပ်ငန်း အတော်များများဟာ သာမန်ရိုးကျ အားဖြင့်တော့ ဒီနည်းလမ်း နဲ့ပဲ များသော အားဖြင့် တုံ့ပြန်ကြပါတယ်။

(၄) Proactive response
ဒီနည်းလမ်းကတော့ ပြသနာ မပေါ်ခင်ကတည်းက issues တစ်ခုရယ်လို့ မဖြစ်ခင်ကတည်းက ကြိုတင် ဆောင်ရွက် ထားပေးမှုပါ။ မြန်မာနိုင်ငံ မှာလည်း လတ်တလောက ကြောညာ တစ်စောင်မှာ တွေ့လိုက် ရပါတယ်။ မြန်မာတို့ရဲ့ မြန်မာ အစီအစဉ်လေးပါ ကရုဏာ မြန်မာတဲ့၊ မြန်မာဘီယာက volunteer လုပ်ပြီး ဆောင်ရွက်တဲ့ အစီအစဉ်လေးပါ။ Myanmar Beer ဟာ ကြော်ငြာတွေ ကြော်ငြာပြီး marketing ဖြန့်တဲ့အခါ မြန်မာ အမျိုးသမီး မော်ဒယ်များ၊ မသင့်လျှော်သော ၀တ်စားဆင်ယင်မှုများကို သုံး၍ ကြော်ငြာမှုများ ဆောင်ရွက်ပြီး marketing ကောင်းလာပါတယ်။ သူ့ကြောင့် social ကို အများကြီး ထိခိုက်မှုတွေ ဖြစ်လာပါတယ်။ ဒါကို social က သတိမပြုမိခင်မှာ social responsibility တာဝန်ယူမှုအနေဖြင့် လူမှုရေး လုပ်ငန်းအနေဖြင့် ထောက်ပံမှု အသင်းပုံစံမျိုး ဖွဲ့စည်း၍ လူမှုရေး ဆောင်ရွက်ချက်များကို လုပ်ဆောင်တာကို လေ့လာ မိပါတယ်။ ဒါ စဉ်းစားစရာပါ ... ... သူက proactive ပုံစံမျိုး သွားနေတာလား ဆိုတာပါ။

ပညာနှင့်ပညာတတ် (၃)

ဒီတစ်ခါတော့ technician များနဲ့ပတ်သက်ပြီး သုံးသပ်ရေးသားပါမယ်ခင်ဗျာ။ technician များ ဆိုသည်မှာ မိမိတို့၏ ကျွမ်းကျင်မှုများအလိုက် စနစ်တကျ လုပ်ကိုင်သူတွေပါပဲ။ ယေဘုယျ အားဖြင့် အင်ဂျင်နီယာတွေ ဆရာဝန်တွေ၊ စက်မှုလက်မှု ပညာရှင်တွေ ကျောင်းဆရာတွေ လို့အကြမ်းဖျင်း သတ်မှတ် နိုင်ပါတယ်။ technician များသည် သီအိုရီ၊ နည်းစနစ် များကို အလေးထား ကြပြီး မိမိတို့လိုချင်သော ရလဒ်ရအောင် ဖန်တီးစီစဉ် နိုင်ကြသူများ ဖြစ်လေ့ရှိသည်။ ဥပမာ ... အင်ဂျင်နီယာသည် မိမိ ဆောက်မည့် အိမ်ပုံစံအား ကြိုတင် ရေးဆွဲနိုင်ပြီး မတူတူအောင် ဆောက်နိုင်ခြင်း၊ ဆရာဝန်သည် ရောဂါအတွက် မည်သည့် ကုထုံးသုံးပြီး မည်သို့ပျောက်အောင် ကုသနိုင်သည် စသည်တို့ ဖြစ်သည်။ ယင်းတို့သည် စနစ်တကျ လုပ်ကိုင် ချင်ကြသူများ ဖြစ်ကာ တိကျသော အဖြေ ပေးနိုင်ရန် ကြိုးစားလေ့ ရှိသည်။

သီအိုရီများတွင် သက်တမ်း (life-span) များ ရှိတတ်ရာ (academic) သီအိုရီများ ထက်စာလျှင် ( technical) သီအိုရီများ မှာ သက်တမ်း ပိုတို တတ်ပါသည်။ အကြောင်းရင်းမှာ ယင်းသီအိုရီ များသည် စနစ်တကျ ပြုစုထားသော ပညာရပ်ဆိုင်ရာ မှတ်တမ်းများမှတဆင့် ဆက်လက် သုတေသန ပြုကာ ရလဒ်သစ် တင်ပြ နိုင်ချိန်တွင် အကယ်ဒမစ် သီအိုရီများသည် သက်သေပြရန် အချိန် လိုအပ်ခြင်း၊ အခြေ အနေ နှင့် အချိန်အခါ အရ မှားနိုင်သော သီအိုရီသည် နောင်တစ်ချိန် ပြန်မှန် လာနိုင်ခြင်း စသည့် သုံးသပ်ရခက်သည့် သဘော ရှိခြင်း ကြောင့် ဖြစ်သည်။ technician များအဖို့ စနစ်တကျ ခွဲခြမ်း စိတ်ဖြာတတ်သည့် ဦးနှောက်နှင့် အတူ ကိုယ်ပိုင် တန်ဖိုး ယူဆချက် (value judgement) နည်းပါး တတ်ကာ၊ ယုတ္တိကျကျ တွေးခေါ် တတ်သူများ (rational thinkers) များ ဖြစ်ကြသည်။ technician များကြောင့် မိမိတို့ လူမှု အဖွဲ့အစည်းတွင် တိုးတက် ပြောင်းလဲမှုများ အဆက်မပြတ် ဖြစ်ပေါ် နေရာ လူသားများ အတွက် တန်ဖိုးရှိလှသော လူ့စွမ်းအား အရင်းအမြစ်ကြီးအဖြစ် မြင်မိပါကြောင်း ။ ။

Tuesday, August 26, 2008

သမိုင်းထဲက Entrepreneur

ကျနော် ကြံကြံဖန်ဖန် စဉ်းစားမိတာပါ။ ခုခေတ်မှသာ entrepreneur၊ entrepreneur နဲ့ တညာထဲ ညာနေကြတာ ရှေးခေတ်တုန်းကရော ကျနော်တို့ မြန်မာသမိုင်းမှာ entrepreneur တွေ မရှိခဲ့ဘူးလာရယ်လို့ပါ။ သိပ်ရှိပါရောလားဗျာ။ ကျနော်လက်လှမ်းမှီသလောက် လိုက်လေ့လာပြီးတော့ ရေးပြတာပါ။ သမိုင်းပညာရှင် မဟုတ်တော့ အချက်အလက် သိပ်များများစားစားတော့ ချမပြနိုင်ဘူးခင်ဗျ။ ခွင့်လွှတ်ပါ။

ပုဂံခေတ်က အနော်ရထာမင်းကြီးရဲ့ လက်အောက်မှ entrepreneur တစ်ဦး ရှိခဲ့ဖူးပါတယ်ခင်ဗျာ။ ဘယ်သူ ဖြစ်မယ်လို့ ထင်ပါသလဲ? ကျနော်ပြောလိုက်ရင် ခင်ဗျားတို့က သူလား တို့သိတာပေါ့လို့ ပြောလိမ့်မယ်။ တစ်ခြား လူတော့ မဟုတ်ပါဘူး။ တရားခံက..... အဲလေ.. Inzar အအေးမိပျောက်ဆေး ကြော်ငြာနဲ့ ရောသွားလို့။ အဲဒီလူက ငလုံးလက်ဖယ်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ အများစု သိထားကြတာက ငလုံးလက်ဖယ်ဟာ အနော်ရထာရဲ့ လက်အောက်က သူရဲကောင်းလေးဖော်ထဲက တစ်ဦးပေါ့။ ခွန်အား အလွန်ကြီးတယ်။ နွားအရှဉ်းတစ်ရာဖြင့် တစ်ပြိုင်နက်တည်း လယ်ထွန်နိုင်တယ်ဆိုတဲ့ အချက်ကတော့ ကလေးတိုင်းလိုလို သိကြပါတယ်။ (ခုခေတ်ကလေးတော့ မပြောတတ်ပါ။ ကျန်စစ်သားတောင်မသိ ကျန်ကျောင်းပဲ သိတဲ့ခေတ်ကိုး။) ဒါပေမယ့် လူသိပ်မသိတဲ့ အကြောင်းအရာလေးတွေကို နည်းနည်းပြောပြချင်ပါတယ်။

အဲဒီ ငလုံးလက်ဖယ်ဆိုတာက ပုဂံဒေသမှာ ကျနော်အထင် ယုံလွှတ်ကျွန်းထင်တယ် (မသေချာပါ။ :( ) မှာ အတော်ဆင်းရဲတဲ့ လယ်သမားလေးတစ်ယောက်ပါ။ သူ့နာမည်က ငလုံးပါ။ လက်တစ်ဖက်က ပယ်နေလို့ (ကပ်နေတာကို ဆိုလိုတာပါ။) ငလုံးလက်ဖယ်လို့ ခေါ်ကြတာပါ။ လူဆင်းရဲပေမယ့် သူ့မှာ ပညာတော့ မဆင်းရဲ ဘူးဗျို့။ entrepreneur ကိုးဗျ။

အဲဒီခေတ်က ပုဂံဒေသဆိုတာ အင်မတန် မိုးခေါင်တဲ့ဒေသပါ။ (အခုလည်း သိပ်မထူးပါ။) တစ်နှစ်ပတ်လုံးမှာ မိုးတွင်းကာလပဲ စပါးစိုက်ပျိုးနိုင်ပါတယ်။ တစ်သီးစားပေါ့ဗျာ။ ဒါကြောင့် ကျန်တဲ့အချိန်မှာ လယ်သမားတွေဟာ ဆင်းရဲကြပါတယ်။ မိုးတွင်း ရှာထားသမျှကို တစ်နှစ်ပတ်လုံး လောက်ငှအောင် သုံးကြရပါတယ်။

အဲဒီမှာ ကျနော်တို့ရဲ့ entrepreneur ကြီး ငလုံးက တွေးပါတယ်။ "တို့လယ်သမားဆိုတာ ရေကို အားထားရတာ။ ဒီရေကလည်း မိုးတွင်းမှာမှ ဖြိုင်ဖြိုင်ရတာ။ ကျန်အချိန်တွေမှာဆို ရေဆိုတာ သောက်ဖို့တောင် အတော် ရှာယူကြရတယ်။ ဒီတော့ ဒီရေကို မိုးရွာတုန်းခံထားမယ်။ မိုးမရွာတဲ့အချိန် လှောင်ထားတဲ့ရေကို သုံးမယ်။ နောက် ရေရှိတဲ့အရပ်က ရေကို သွယ်ယူမယ်။ ဒါဆိုရင် ငါ့လယ်ကွက်တွေ တစ်နှစ်ပတ်လုံး ရေရနိုင်မပေါ့"။ ဒီလို စဉ်းစားပါတယ်။

ဒီလိုနဲ့ ငလုံးဟာ သူများတွေက မိုးရွာအောင် အရည်းကြီးတွေကို ပူဇော်ပသနေကြချိန်၊ ယစ်ပူဇော်နေကြချိန်မှာ ကြိုးစားပမ်းစားနဲ့ ဧရာဝတီမြစ်ရေကို မြောင်းဖောက် သွယ်ယူပြီး သူ့လယ်ကွက်အနီးမှာ ရေကန်တူးလို့ လှောင်ထားပါသတဲ့။ ဒါကို ကျန်ပုဂံသားတွေက ကဲ့ရဲ့ကြတာပေါ့။ အားလုံးသိကြတဲ့အတိုင်း entrepreneur ဆိုတာ မအောင်မြင်ခင်တော့ အရူးထင်ခံကြရတာချည်းပဲလေ။ ဆိုင်ရာပိုင်ရာတွေကို မပူဇော်ရင် နင် ဒုက္ခ တွေ့မယ် ဘာညာနဲ့ပေါ့။ ငလုံးတို့ကတော့ မမှု။ ကိုယ့်ယုံကြည်ချက်အတိုင်း ဆက်လုပ်သတဲ့။ ဒီလိုနဲ့ မိုးကုန်လို့ ရေရှားတဲ့အချိန် လယ်သမားအများစု လက်မှိုင်ချနေကြရချိန်မှာ ငလုံးရဲ့လယ်တွေက တစ်သီးမက နှစ်သီးစား ဘ၀နဲ့ စိမ်းစိုနေပါသတဲ့ဗျာ။ (အဲဒီခေတ်က သုံးသီးစားဖြစ်အောင်တော့ မစိုက်နိုင်ကြသေးပါ။)

ဒီလိုနဲ့ ပုဂ္ဂါရာမ နေပြည်တော်တလွှား သတင်းမွှေးရာကနေ ထင်ပေါ်လို့ စင်တော်ကကောက်တော့ ဘုရင် အနုရုဒ္ဓါရဲ့ သူရဲကောင်းဖြစ်ခဲ့ပြီး အမှုတော်ထမ်းတဲ့အချိန်မှာလည်း ဘုရင်ကို တိုင်းပြည်အတွက် ဆည်တွေ၊ တူးမြောင်းတွေ တည်ဆောက်ဖို့ အကြံပြုခဲ့ပါတယ်။ မြန်မာရာဇ၀င်မှာ ပထမဆုံး ဆည်မြောင်းတွေ စတင် တည်ဆောက်ခဲ့တဲ့ခေတ်ပေါ့။ ဒါကြောင့် ငလုံးလက်ဖယ်ဟာ မြန်မာ့ဆည်မြောင်းရဲ့ ဖခင်ကြီးလို့ သတ်မှတ်ရင် ရနိုင်ပါတယ်။ ကဲ... ဒါကတော့ ကျနော် မှတ်သားမိတဲ့ ရာဇ၀င်ထဲက entrepreneur တစ်ယောက်ရဲ့ အကြောင်းပါ။ မြန်မာတွေဟာ ရှေးပဝေသဏီကတည်းက မညံ့ကြပါဘူး။ ကျနော်တို့တွေလည်း ကြိုးစား ကြတာပေါ့ဗျာ။

View on Overseas Myanmar Workers

စာပေဝေဖန်ရေးနှင့် နာမည်ကြီးသည့် ရန်ကုန်မြို့က စာရေးဆရာကြီး ဦးအောင်သင်းသည် လူငယ်များ တိုးတက်ရေးကို စိုက်လိုက် မတ်တတ် ဟောပြော ရေးသားနေသည့် ပုဂ္ဂိုလ်တဦးဖြစ်သည်။ အသက်အရွယ် ထောက်လာသည့်တိုင် နိုင်ငံခြားရောက် လူငယ်များ မိမိတို့ စိုက်ထုတ် ရင်းနှီးခဲ့သည်များကို ချင့်ချိန်တတ်အောင် အကြံပေးလိုသည့်ဆန္ဒ ရှိနေသည်။ ရန်ကုန်မြို့မှ စာရေး ဆရာကြီး ဦးအောင်သင်း အား ခေတ်ပြိုင်ဂျာနယ် အယ်ဒီ တာချုပ် ဦးစိန်ကျော်လှိုင်က နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်ကိုင်နေသည့် အထူးသဖြင့် ကာယ လုပ်သား မြန်မာလူမျိုး လူငယ်များအနာဂတ်ကိစ္စ စတင်မေးမြန်းရာ ဆရာအောင်သင်းက ယခုကဲ့သို့ ဖြေကြားသည်။

ဖြေ။ ။ကိုစိန်ကျော်လှိုင်ရေ။ ဒီဆုံးမသြ၀ါဒရယ်လို့ ကျနော်မပြောပါရစေနဲ့။ ကျနော့်စိတ်ထဲမှာ ဒီကလေးတွေဟာ ဘာပဲဖြစ်ဖြစ် အခြေအနေအရ ရပ်ဝေးမြေခြားမှာ သွားပြီးတော့ စီးပွားရှာကြ တယ်။ ဘ၀ကို တည်ဆောက်ကြတယ်ဆိုတော့ ကျနော့်စိတ်ထဲမှာ အင်မတန် သနားတယ်။ ချစ် လည်းချစ်တယ်။ ကျေးဇူးလည်းတင်တယ်။ နောက်ပြီးတော့ သူတို့အပေါ်မှာ အထင်လည်းကြီး တယ်ဆိုပါတော့နော်။

ဘာကြောင့်လဲဆိုတော့ ကိုစိန်ကျော်လှိုင် သတိထားမိလားမသိဘူးခင်ဗျာ့။ ကျနော်တို့ မြန်မာလူမျိုး တွေဟာ များသောအားဖြင့် အိုးနဲ့ အိမ်နဲ့ သိပ်မခွာချင်ကြဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်ကနေ ရပ်ဝေးမြေခြား သိပ်မသွားချင်ကြဘူး။ ဒါပေမယ့် အဲ့ဒီကြားထဲမှာ သွားပြီးတော့ ဒီလိုလုပ်တဲ့ အတွက်ကြောင့် ကျနော် သူတို့ကို တကယ်ချီးကျူးပါတယ်။ တကယ်လေးစားပါတယ်။

အော် ငါတို့ထက်တော်တဲ့ ကလေးတွေပါလားလို့ ကျနော့်စိတ်ထဲမှာ မေတ္တာထားမိပါတယ်။ ဒါကြောင့် ကျနော်တို့ သူတို့ကို စကားပြောချင်တာက ပြောတဲ့အခါမှာ အဆုံးအမရယ်လို့ မဟုတ် ဘဲနဲ့ သူတို့ရဲ့အဖိုး၊ သို့မဟုတ်လို့ရှိရင်လည်း အင်မတန်ရင်းနှီးတဲ့ ဘကြီး၊ ဦးကြီးအဖြစ်နဲ့ ကျနော် ပြောချင်တာပါ။

မေး။ ။ဟုတ်ကဲ့ အဲဒီလို ပြောတဲ့နေရာမှာ ကျနော်တို့ အခု ဆရာပြောတဲ့ လူငယ်အမျိုးအစား တွေကို ပြန်ကြည့်တဲ့အခါကြတော့ မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကြတယ်ဆိုတဲ့ နေရာမှာ အထူးသဖြင့် ကိုရီးယားတို့၊ ဂျပန်တို့၊ နောက်တခါ မလေးရှားအစရှိတဲ့ နိုင်ငံတွေမှာ ပုံစံ အမျိုးမျိုးနဲ့ လုပ်အားကို အသုံးချပြီး အထူးသဖြင့် ကိုယ်ကာယ လုပ်အားကို အသုံးချပြီး လုပ်ကြ ရတဲ့ လူငယ်တွေ အတော်လေးများပါတယ်။ ဆိုတော့ အရေအတွက် အတော်လေးများများလာ ပါတယ်။ အထူးသဖြင့် စီးပွားရေး ကြပ်တည်းတဲ့အခါမှာ မလွှဲမရှောင်သာ ခုနဆရာပြောသလို ကိုယ့်အိမ်ကိုယ့်ယာ ခွာချင်လို့ မဟုတ်ဘဲနဲ့ မလွဲမသွေ ခွာဖို့ ဖြစ်လာ တဲ့ အကြောင်းတွေရှိလာလို့ ခွာကြတဲ့ လူတွေလည်း ပါပါလိမ့်မယ်။ ဘာများ ဆရာ့အနေနဲ့ ပြောချင်ပါလဲခင်ဗျာ။

စွန့်တယ်ဆိုတာ စားရဖို့

ဖြေ။ ။အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ဘ၀လေးတွေကို ကျနော် ခဏခဏစဉ်းစားမိပါတယ်။ စဉ်းစားလိုက်တဲ့အခါကြတော့ သူတို့မှာလေ အရင်းအနှီး တော်တော်ကြီးပါတယ်။ အရင်းအနှီး ဆိုတာ ကိုစိန်ကျော်လှိုင်ရေ… ရင်းနှီးလိုက်ပြီဆိုရင် အမြတ်လိုချင်လို့ပဲ။ အကျိုးအမြတ်လိုချင်လို့ပဲ။ အဲတော့ အရင်းအနှီးဆိုတာ ကုန်ဆုံးသွားတာ။ ဥပမာဆိုပါတော့။ ကိုစိန်ကျော်လှိုင်က ဘူးသီးစိုက် တယ်။ စပါးစိုက်တယ်။ အဲဒီစပါးကို ရောင်းလိုက်ရတယ်ဆိုတာ ကိုယ်က ပေးလိုက်ရတာပဲ။ ပြီး တော့မှ ရလာတဲ့ဥစ္စာ အကျိုးအမြတ်။ အဲဒီလိုဆိုတဲ့အခါကြတော့။ အရင်းအနှီးဆိုတာက ကိုယ်က ပေးလိုက်ရတာပဲ။ အဲဒီပေးလိုက်ရတဲ့ ဥစ္စာက အကျိုးအမြတ်ရှိမှ စွန့်စားရကျိုး နပ်မှာပေါ့။

သဘောကတော့ စွန့်တယ်ဆိုတာ စားရမှာပေါ့ ကိုစိန်ကျော်လှိုင်ရယ်။ ဟုတ်လား။ မစားရပဲနဲ့ စွန့် တယ်ဆိုတာ အဓိပ္ပာယ်မှမရှိဘဲနဲ့။ ဒါကြောင့် သူတို့တွေကို ကျနော် ပထမဦးဆုံး သတိပေးချင်တာ ကတော့ ကိုယ်စိုက်ထားရတဲ့ အရင်းအနှီး နို့မဟုတ်လို့ရှိရင် ကိုယ့်ဘက်ကနေ ဆုံးရှုံးခံလိုက်ရတဲ့ အရင်းအနှီးကို တွက်စေချင်တယ်။ အဲဒါကို ပထမဦးဆုံး သတိပေးခြင်ပါတယ်။

လူငယ်များရင်းနှီးခဲ့သည့် အရင်းအနှီးအမျိုးအစား

အဲဒီ့သတိပေးခြင်တာ ပထမဦးဆုံး နံပါတ် (၁) မြင်သာတဲ့ အရင်းအနှီးက ဘာလဲဆိုလို့ရှိရင် ဥပမာ- ငွေ (၅) သိန်းပဲ ကုန်မယ်၊ (၁၀) သိန်းပဲကုန်မယ်။ (၁၅) သိန်းပဲကုန်မယ် အဲဒီငွေဟာ ဘယ်လိုရင်းနှီး ရတယ်ဆိုတာ ပုံစံ တယောက်နဲ့ တယောက်မတူဘူး။ တချို့ကြတော့ မိဘကပေးနိုင်လို့၊ တချို့ ကြတော့လည်း ကိုယ်ပိုင်ပိုက်ဆံရှိလို့၊ ငွေကြေးရှိလို့၊ တချို့ကြတော့လည်း ချေးငှားပြီးတော့ သွား ရတယ်။ ချေးငှားသွားတဲ့အခါမှာလည်း အတိုးက ကြီးသလား၊ နည်းသလား၊ အဲဒီလိုဆိုတော့ အဲဒီ ဟာတွေက မြင်သာတဲ့ အရင်းအနှီးတွေပါ။ အဲဒီ့ မြင်သာတဲ့ အရင်းအနှီးအကြောင်းကိုတော့ ကျနော် မပြောတော့ဘူး။ သူတို့ဘာသာသူတို့ မြင်တတ်တယ်။ ငါ ဒီလောက်ငွေကုန်ထားပြီ။ ဘယ်လောက် အရင်းအနှီးရှိတယ်။ ငါဘယ်လောက် စိုက်ထုတ်ရလိမ့်မယ်။ ဘယ်လောက် အကျိုးရှိမှဖြစ်မယ် ဆိုတာ သူတို့ တွက်နိုင်ပါတယ်။ ကျနော် အခုပြောချင်တာက မမြင်သာတဲ့ အရင်းအနှီးတွေကို သတိပေးချင်ပါတယ် ကိုစိန်ကျော်လှိုင်။

အရွယ်အရင်းအနှီး

အဲဒါတွေထဲမှာ ပထမဦးဆုံးကတော့ ကိုစိန်ကျော်လှိုင်ရေ သူတို့ကိုယ်သူတို့ သတိမထားမိတဲ့ အရင်း အနှီးကို ကျနော်ပြောချင်ပါတယ်။ အဲဒါကတော့ အရွယ်၊ အသက်အရွယ်ဆိုတာ အရေးကြီးပါတယ်။ ဆိုပါတော့ ကိုစိန်ကျော်လှိုင်ရယ်။ ကလေးတယောက်က အသက် (၂၂) နှစ်မှာ နိုင်ငံခြားကို ထွက် တယ်။ အဲဒီ (၂၂) နှစ်ဆိုတော့ (၃) နှစ် လုပ်မယ်ဆိုလို့ရှိရင် သူပြန်လာတဲ့အချိန်မှာ အသက် (၂၅) နှစ် ဖြစ်သွားပြီ။ တကယ်လို့ အသက် (၂၅) နှစ်မှာ ထွက်မယ်။ (၃) နှစ်ဆိုရင် သူပြန်လာတဲ့အခါကြ အသက် (၂၈) နှစ် ဖြစ်သွားပြီ။

အသက် (၂၅) နှစ်ကြမှ ထွက်ဖြစ်တယ်ဆိုရင် (၅) နှစ်နေမယ်ဆိုရင် အသက် (၃၀)။ ကိုယ့်အရင်း အနှီးက အဲဒီ့ (၃) နှစ်၊ (၅) နှစ်ပေးလိုက်တဲ့ အရင်းတွေသည် အရွယ်ကောင်းတွေဖြစ်နေတော့ အင်မတန်ကောင်းတဲ့ အရွယ်ကို ကိုယ်ပေးလိုက်ရတာ။ ပေးလိုက်ရတာအခါကြတော့ ဥပမာ အသက် (၃၀) ကျော်သွားမယ်ဆိုလို့ရှိရင် နောက်တခါ ပြန်သွားတဲ့အခါကြ သင်္ဘောဆိုလို့ရှိရင် လည်း သင်္ဘောသားဆိုရင်လည်း လက်မခံတော့ဘူးနော် ကိုစိန်ကျော်လှိုင်။

အဲဒီတော့ ပြောချင်တာက အဲဒီအရွယ်အရင်းအနှီးကို ကြပ်ကြပ်ကြီး သတိထားဖို့လိုမယ်လို့ ကျနော် ပြောချင်ပါတယ်။ အဲဒီတော့ ပထမဦးဆုံး အရွယ်အရင်းအနှီးပါ။ အဲဒီ့ အရွယ်အရင်းအနှီးကို ဆုံးရှုံး လိုက်တဲ့ ကိစ္စဟာ ပေါ့ပေါ့သေးသေး မထင်နဲ့။ နောက်တခါပြန်ပြီး အလုပ်တခုကို စဖို့လို့အတွက်ကို တော်တော်လေး အခက်အခဲကြုံသွားတတ်ပါတယ်။ ဥပမာဆိုပါတော့ အသက် (၂၂) နှစ်နဲ့ အသက် (၃၀) ဆိုလို့ရှိရင် တော်တော်ကွာသွားပြီ။ အသက် (၂၅) နှစ်နဲ့ (၃၀) ဆိုရင်လည်း တော်တော် ကွာသွားပြီ။

အဲဒီတော့ အလုပ်ရှင်တွေ လိုချင်တဲ့ ဥစ္စာက ငယ်ငယ်အရွယ် သန်တုန်းမြန်တုန်းကို လိုချင်တာပေါ့။ အထူးသဖြင့် ကာယကိုအားပြုပြီး၊ အားစိုက်ပြီးလုပ်ရတဲ့ သူတွေဆိုလို့ရှိရင် ပိုပြီးတော့ အဲဒီဟာကို တန်ဖိုးထားကြတယ်။ အဲဒီတော့ အရွယ်အရင်းအနှီးဟာ သိပ်ပြီးတော့ အရေးကြီးတယ်ဆိုတာကို ပထမဦးဆုံး သိဖို့လိုပါတယ် ကိုစိန်ကျော်လှိုင်ရေ။ ဒါ သူတို့ သတိထားဖို့ပါ။ ကောင်းပြီ။ အဲဒီတော့ ကျနော်ဒါတွေပြောနေတာ တခြားကြောင့်မဟုတ်ဘူးနော်။ နောက်ပိုင်းရောက်တဲ့အခါကြတော့ ပိုပိုပြီး ထင်ရှားလာလိမ့်မယ်။ သိပ်အရေးကြီးပါတယ်။

ဦးနှောက်အရင်းအနှီး

နောက်တခုက ဘာလဲဆိုတော့ ဦးနှောက်အရင်းအနှီး။ ဦးနှောက်အရင်းအနှီးဆိုတာက နိုင်ငံခြားကို သွားလိုက်တယ်။ ဥပမာဆိုပါတော့။ ပညာနဲ့ အလုပ်လုပ်ဖို့သွားလိုက်တယ်။ အဲ့ ပညာနဲ့။ အခုဆို ပါတော့ ကျနော့် တပည့်တပန်းတွေထဲက၊ ကျနော့်ဆွေမျိုးသားချင်းလို ဖြစ်နေတဲ့ ကလေးတွေထဲက ဥပမာ- ကုလသမဂ္ဂမှာ သွားအမှုထမ်းတယ်။ သူတို့က ဆည်းပူးနိုင်တယ်။ ဟိုမှာ ဆည်းပူးစရာ ပညာတွေရှိတယ်။ ပညာတိုးတိုးနေတာ။ မဆည်းပူးလို့လည်းမရဘူး။

သူတို့လုပ်ငန်းက ကာယလုပ်ငန်းအနေနဲ့ ထွက်တဲ့အခါကြတော့ ဆည်းပူးဖို့ အချိန်မရှိဘူး။ မရှိတဲ့ အခါကြတော့ သူတို့က ခိုင်းတာလုပ်တာကြီး အကျင့်ပါသွားတယ်။ အဲဒီတော့ ကိုယ်ကိုယ်တိုင်က ဒီဦးနှောက်နဲ့ ကြံစည်တွေးတောတဲ့ဘက်မှာ သူက ခြောက်ခန်းသွားတယ်။

ဆိုကြပါစို့။ သံချည်သံကွေး လုပ်တယ်ဆိုပါတော့။ သံချည်သံကွေး လုပ်ပြီးတော့ သံချည်သံကွေးရဲ့ ဟိုဘက် ဘာတတ်စရာရှိသေးလဲ။ ဥပမာ- ဘာမှတတ်စရာ သိပ်မရှိတော့ဘူး။ စားပွဲထိုးဆိုပါတော့။ စားပွဲထိုး ကျွမ်းကျင်တယ်။ ကောင်းပြီ။ ဒါမှမဟုတ်လို့ရှိရင်လည်းပဲ စက်ရုံအလုပ်သမားလုပ်တယ်။ စက်ရုံမှာ အလုပ်ကြမ်းလုပ်ရတယ်။ သူ့အတွက် ဘာပညာတိုးတက်ဖို့ရှိလဲ။

ဥပမာ- ကားမောင်းတယ်။ ကားမောင်းတာကနေပြီးတော့ ပိုက်ဆံတော့ရနေတာပေါ့။ ဒါပေမယ့် သူ့ရဲ့အဖို့မှာ ဘာဖြစ်သွားလဲဆိုတော့ ရှေ့ဆက်ဖို့လို့အတွက်ကို သိပ်ပြီးတော့ တော်တော်ခက် သွားတယ်။ ဒါကြောင့်မို့လို့ ပညာမတိုးဘဲနဲ့ သူများခိုင်းတာသာလျှင် လုပ်ရတဲ့ ဦးနှောက်ကို ထုတ်ပေးနေရတဲ့ဟာ။ ကိုယ့်ဦးနှောက်နဲ့ ကြံစည်ဖို့ အချိန်မရဘူး။ အဲဒီလို ဖြစ်သွားတတ်တယ်။ ဒါကြောင့်မို့လို့ အဲဒီဦးနှောက် အရင်းအနှီးပေါ့။ အင်္ဂလိပ်လိုပြောရင်တော့ creative thinking ပေါ့နော်။ ကိုယ့်အတွက် ငါဘာလုပ်မလဲဆိုတော့ စဉ်းစားပြီးတော့ တီထွင်ကြံစည်တဲ့ စိတ်ကူး စိတ်သန်း ခေါင်းပါးသွားတတ်တယ်။ တီထွင်ဥာဏ်တုန်းသွားတတ်တယ်။ အဲဒီအရင်းအနှီးက တော်တော်ကိုကြောက်ဖို့ကောင်းပါတယ်။

ဘယ်လောက်ထိ ကြောက်ဖို့ကောင်းသလဲဆိုလို့ရှိရင် ကိုယ့်တိုင်းကိုယ့်ပြည်ကို ပြန်လာလိုက်တယ်။ ပြန်လာလိုက်တဲ့အခါကြတော့ အဲဒီ ကိုယ်နေခဲ့တဲ့ (၄-၅) နှစ် အတောအတွင်းမှာ သူငယ်ချင်းတွေက သူ့လို ငွေရင်း ငွေနှီး မရှိတဲ့အတွက် ကြောင့်မို့လို့ ပြည်ပကို မသွားနိုင်ဘူး။ မသွားနိုင်တဲ့အတွက်ကြောင့် ကိုယ့် ပြည်တွင်း မှာပဲ နေတယ်။

နေတဲ့အခါကြတော့၊ ဥပမာဆိုပါတော့။ မြေပဲစိုက်ခင်းလုပ်တဲ့ ကလေးတယောက်ရှိတယ်။ မြေပဲကို ဒီအတိုင်းရောင်းတယ်။ နောက်ကြတော့ ငါ ဒီအတိုင်းနေလို့ရှိရင် ငွေအမြတ်နည်းတယ်။ အဲဒီတော့ ဒီမြေပဲကို ငါကိုယ်တိုင်သွားပြီးတော့ မုံရွာကနေပြီးတော့ မန္တလေးကို သွားချမလား။ နို့မဟုတ်ရင် ရန်ကုန်အထိအောင် ဆင်းမလား။ ဒါတွေ စဉ်းစားလာတယ်။ အဲဒီတော့ ကူးသန်းရောင်းဝယ်ရေးကို သူသဘောပေါက်လာတယ်။

ဒါမှမဟုတ်လို့ရှိရင် မြေပဲကို ဒီအတိုင်း ရောင်းမလား။ နို့မဟုတ်လို့ရှိရင် လှော်ပြီးတော့ ရောင်းမ လား။ အထုပ်လေးတွေနဲ့ ရောင်းမလား။ စသည်အားဖြင့် added value ပေါ့နော်။ နောက်ထပ် ကိုယ်ရောင်းတဲ့ပစ္စည်းကို ကိုယ်လုပ်တဲ့လုပ်အားကို ပိုပြီး ကောင်းသထက်ကောင်းအောင် တီထွင်လာတဲ့အခါကြတော့ အဲဒီ နိုင်ငံခြားသွားပြီးတော့ စီးပွားရှာပြီးတော့ ပြန်လာတဲ့ကလေးက
ဒီ (၄-၅) နှစ်ရှိလို့ ပြန်ရောက်လာတဲ့အချိန်မှာ သူ့ သူငယ်ချင်းက သူ့ထက်ကြီးပွားတိုးတက်နေတာ၊ ဖြစ်ထွန်းနေတာ ဖြစ်သွားတတ်တယ်။

အဲဒီတော့ ကိုယ်က တီထွင်မှုခေါင်းပါးသွားတဲ့ ဥစ္စာဟာ အန်မတန်ကြောက်စရာကောင်းတယ်။ ဒါကြောင့်မို့လို့ တီထွင်မှု ခေါင်းပါးသွားတဲ့ဟာမျိုး၊ ဦးနှောက်အရင်းအနှီးမျိုး ကုန်မသွားစေချင်ဘူး။ ဒါကျနော် သူတို့အတွက် စိုးရိမ်တဲ့အချက် ဖြစ်ပါတယ်။

ဦးနှောက်အရင်းအနှီး မတုံးစေလိုလျှင်

မေး။ ။အဲလိုမျိုး တီထွင်တဲ့ ဦးနှောက်တုံးမသွားအောင် အခုလောလောဆယ်မှာ အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာ ကိုယ်ကာယကို အားပြုလုပ်ရတဲ့ လူငယ်တွေအနေနဲ့ ဘာလုပ်သင့် တယ်လို့ ဆရာအကြံပေးခြင်လဲခင်ဗျ။

ဖြေ။ ။ ဒီလိုခင်ဗျ။ ကျနော် အဲဒီဟာနဲ့ ပတ်သက်ပြီး တော်တော်လေး စဉ်းစားပါတယ်။ သူတို့ က ပင်ပန်းတဲ့အခါကြတော့ စာဖတ်ဖို့ အချိန်မရဘူး။ ဥပမာ- ပြန်သွားတယ်ဆိုလို့ရှိရင် လုပ်အားပေး ရ အချိန်ပိုဆင်းရတာတွေရှိတယ်။ ပြန်သွားရပြီဆို သူတို့က အိပ်ချင်ပြီ။ တနင်္ဂနွေ တပတ်ကလေးမှာ တရက်တလေ ရပြန်တော့လည်း အပျော်အပါးလေး ဘာလေး သွားချင်၊ လာချင် အဲလိုကုန်ကုန် သွားတယ်။ အဲဒီတော့ အဲဒီအချိန်တွေဟာ သူတို့ကုန်နေတဲ့အချိန်တွေကို တန်ဖိုးထားတတ်ဖို့ အရေးကြီးပါတယ်။

အဲဒီတော့ကို ဥပမာ- ကျနော်အကြံဥာဏ်ပေးခြင်တာက သူနဲ့ အနီးစပ်ဆုံး အထက်ဆင့် လုပ်ငန်း ပေါ့ ဥပမာ- သူသံချီ သံကွေးကို သူလုပ်နေတယ်။ သံချီသံကွေးကို သူလုပ်နေရင်းကနေပြီးတော့ အထက်ဆင့်ဖြစ်တဲ့ ပန်းရံကိုင်တဲ့လုပ်ငန်း။ အထူးသဖြင့် သံချီသံကွေးအတွက် မူလ ဘောင်ချပေး တဲ့ စီမံကိန်းလုပ်ငန်း၊ ဘယ်လိုဘယ်လိုရှိရတယ် ဘယ်လိုဘယ်လိုလုပ်ရတယ်ဆိုတာတွေ။ အနီးစပ် ဆုံးလုပ်ငန်းတွေကို သူကနောက်တဆင့် နောက်တဆင့် တက်တက်ပြီးတော့ သိအောင် လုပ်နေ ရင်းကနေ အနားမနေဘဲနဲ့ ဦးနှောက်နဲ့ မျက်စိကို အနားမနေဘဲနဲ့ ဆက်ပြီးတော့ ကြိုးပမ်းသွားမှ သာလျှင် သူတို့ဟာ ရပြီးသားဖြစ်လိမ့်မယ်လို့ တွက်တယ်။

ဥပမာ ကားမောင်းတယ်ဆိုပါတော့။ ကားမောင်းတဲ့လုပ်ငန်း လုပ်နေရတာပဲ။ သူက ကားမောင်းနေ ရတာပဲ။ ဒါပေမယ်လို့ သူနဲ့ အနီးစပ်ဆုံးက စက်ပြင်တဲ့ လုပ်ငန်း။ အဲဒီ စက်ပြင်တဲ့လုပ်ငန်းကို ဆက်လက်ပြီး ဆည်းပူးသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဥပမာ- ကွန်ပျူတာလုပ်ငန်းကို လုပ်နေ တဲ့ကလေးဟာ ဒီကွန်ပျူတာနဲ့ ပတ်သက်ပြီးတော့ စာစီစာရိုက်၊ စာရင်းအင်းပေါ့။ တွက်တာလောက်၊ စာရင်းသွင်းတာလောက်၊ ထုတ်တာလောက်၊ အဲလောက်လေးတင်မကဘဲနဲ့ အဲဒီထက်ပိုပြီးတော့ မြင်တဲ့ ဥပမာ- ပရိုဂရန်းမင်းလို ဟာမျိုး။ ဟုတ်လား အဲဒါမျိုးထိအောင် ဆက်ပြီးလေ့လာတာမျိုး။

သခင်စိတ်ထားပါ သူခိုးစိတ်မထားပါနှင့်

ပြောချင်တာက သီးခြားကြီး မလုပ်နိုင်တော့ဘူးဆိုရင် ကိုယ်နဲ့မပြတ်တဲ့ နောက်တဆင့်ကို ဆက်ပြီး တော့ အမြဲတန်း မပြတ်လေ့လာနေပါလို့ ကျနော်ပြောချင်ပါတယ်။ အဲဒီ့ဥစ္စာက ဘာလဲဆိုလို့ရှိရင် မိမိကိုယ်မိမိ ရိုသေပြီးတော့နေတဲ့ သခင်စိတ်နဲ့ ကြိုးပမ်းနေတာပေါ့။ သူများ ခိုင်းတာတင် လုပ်နေ တယ်ဆိုလို့ရှိရင် အဲဒါ ကျွန်စိတ်နဲ့ တာဝန်ကျေအောင်လုပ်နေတာတင်ပဲ ဖြစ်မယ်။

အဲဒီကြားထဲမှာမှ ကိုယ်က တတ်နိုင်သမျှ အသက်သာခိုပြီးတော့ ကပ်ပြီးတော့နေမယ်ဆိုလို့ ရှိရင် အဲဒါ သူခိုးစိတ်ခေါ်တယ်။ ကျနော့်စိတ်ထဲမှာ သူခိုးစိတ်မဖြစ်စေချင်ဘူး။ နောက်ပြီးတော့ ကျွန်စိတ် လည်း မဖြစ်စေချင်ဘူး။ သခင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပိုင်နိုင်အောင်လေ့လာစေချင်တယ်။ ကိုယ် ရတဲ့ ဥစ္စာသည် ငွေကြေးတွင်မကဘဲနဲ့ ငါသည် ပညာမပါဘဲနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကို မပြန်ဘူးဆိုတဲ့ စိတ်မျိုးနဲ့ လေ့လာစေချင်တယ်။ အကောင်းဆုံးနည်းကတော့ ကိုယ့်လုပ်ငန်းနဲ့ အနီးစပ်ဆုံး နေရာ မှာရှိတဲ့ အဆင့်မြင့်ဆုံးပညာကို ရနိုင်သမျှရအောင် ကြိုးပမ်းခြင်းသည် ပြန်လာလျှင် အင်မတန်ကြီး တဲ့ အမြတ်ဖြစ်လိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။

မေး။ ။ဟုတ်ကဲ့ဆရာ။ အဲတော့ တဘက်ကလည်း ပြန်ကြည့်လို့ရှိလျှင် ကနေ့လူငယ်တွေ အများစုပေါ့နော် အခုလို နိုင်ငံရပ်ခြားမှာသွားပြီးတော့ အလုပ်လုပ်ကြရတယ်ဆိုတာ အများအားဖြင့် ပြည်တွင်းမှာ စီးပွားအကျပ်အတည်းတွေဖြစ်ပြီးတော့မှ သွားကြရတာများပါတယ်။ ဆရာပြောသလို အရင်းအနှီးတွေလည်း တော်တော်များပါတယ်။ သို့သော် တဘက်က ဆရာ့အနေနဲ့ နောင်နိုင်ငံခြား သွားမယ့်လူငယ်လေးတွေကို စိုးရိမ်မိတော့ သူတို့အတွက် အားပျက်သွားစေနိုင်မယ့် အနေအထား မျိုး ရှိနိုင်မယ်လို့များ ယူဆမိလားခင်ဗျ။

ဖြေ။ ။ကိုစိန်ကျော်လှိုင်ပြောတာ ဟုတ်ပါတယ်။ အားပျက်တယ်ဆိုတာနဲ့ အားပျက်သွားမယ် ဆိုတာနဲ့ အသင့်ပြင်တာနဲ့ဆိုတာက တမျိုးစီပါ။ တကယ်လို့ အားပျက်သွားမယ် ဆိုလို့ရှိလျှင် ပျက်နိုင်တယ်။ ပျက်တယ်ဆိုတာ တကယ့်ကို ပျက်သွားမယ်ဆိုလို့ရှိလျှင် အခြေအနေအကုန်လုံးကို ကိုယ့်အခြေအနေ အကုန်လုံး။ ပတ်ဝန်းကျင်အခြေအနေ အကုန်လုံးကို ကြည့်ပြီးတော့မှ ပျက်သွား ပြီး မသွားဖြစ်တာဟာ သွားပြီး ဒုက္ခရောက်တာနဲ့စာရင် အင်မတန်သက်သာပါတယ်။

တကယ်လို့ သွားမယ်ဆိုလို့ရှိလျှင် အားမပြတ်စေတဲ့ နည်းလမ်း အဲဒါတွေ အကုန်လုံးတွက်၊ ဒါတွေ ငါရင်ဆိုင်နိုင်သလား၊ အဲဒီအရင်းအနှီးတွေ ငါပေးနိုင်သလားတွက်၊ တွက်ပြီးမှ သွားလို့ရှိလျှင် ဒီ (Prepare) နော်။ ကိုယ့်ကိုယ်ကိုယ် အသင့်ပြင်သွားတဲ့အတွက်ကြောင့် အဲဒီလိုကလေးမျိုးအတွက် ပိုပြီး အကျိုးရှိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

မိသားစုပတ်ဝန်းကျင်အရင်းအနှီး

မေး။ ။ဟုတ်ကဲ့ အများကြီးကောင်းပါတယ်ဆရာ။ အခုလို ဆွေးနွေးပြောပြတာလေ။ လူငယ် တွေအတွက်ကို။ နောက်ထပ်ရော ဆရာ့အနေနဲ့ ဒီထက်ပိုပြီးတော့ လူငယ်တွေကို ဘာများမှာကြား ချင်သေးလဲခင်ဗျ။

ဖြေ။ ။ကျနော်ပြောမယ် ကိုစိန်ကျော်လှိုင်ရေ။ ကျနော် ခုနဥစ္စာပြန်ဆက်ချင်တယ်။ အဲဒီဆုံးရှုံး မှုတွေဆိုလိုက်တဲ့ ကိစ္စထဲမှာနော်။ အရင်းအနှီးတွေအထဲမှာ ပထမဦးဆုံး စပြီးတော့ အရင်းအနှီးက ဘာလဲဆိုတော့ မိသားစု ပတ်ဝန်းကျင်။ ကိုယ့်မိသားစုနဲ့ ကိုယ်ကင်းကွာသွားပြီးတော့ အဲဒီကင်းကွာ သွားတဲ့ (၅) နှစ်အတွင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်နိုင်တယ်။ ညီမလေးက အိမ်ထောင် ကျသွားနိုင်တယ်။ အကိုဖြစ်တဲ့သူက အိုးခွဲသွားနိုင်တယ်။ မိဘဖြစ်တဲ့သူက ကျန်းမာရေးချို့တဲ့လာ နိုင်တယ်။ အမျိုးမျိုးဖြစ်သွားနိုင်တယ်။

အဲဒီဥစ္စာမျိုးတွေမှာ ကိုယ်က တာဝန်ယူရတဲ့ဟာမျိုးတွေ ပါလာနိုင်တယ်။ တာဝန်မယူဘဲနဲ့ နေနိုင် တာလည်း ပါလာနိုင်တယ်။ အဲတော့ တာဝန်ဆက်ယူရမယ်ဆိုလို့ရှိရင် အဲဒီ့အရင်းအနှီးအတွက်က လည်း သူက ပြင်ဆင်ရတော့မယ်။

အဲဒါ ခုနက ပြောတဲ့ မိသားစုပတ်ဝန်းကျင် အရင်းအနှီး။ ပြီးတော့ ဆိုကြပါစို့။ မိဘကနေပြီးတော့ မကျန်းမာဘူးဆိုလို့ရှိလျှင် ကိုယ်က ပစ်ထားလို့လည်းမရဘူး။ တတ်နိုင်သမျှ တဘက်တလမ်းက တာဝန်ယူရတော့မယ်။ အဲဒီအရင်းအနှီးတွေကလည်း ရှိသေးတယ်။ အဲဒါ ကျနော် မိသားစုအရင်း အနှီး။ နောက်တခုက ဘာလဲဆိုတော့ ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေ။ အဲဒီ့ အပြောင်းအလဲ တွေရဲ့ အရင်းအနှီးတွေ။ ဥပမာဆိုကြပါဆို့။ ကိုယ်သွားတုန်းက စီးပွားရေးဝန်းကျင်ကတမျိုး။ ခု ကိုယ်ပြန်လာတော့ တမျိုး။ စီးပွားရေး ၀န်းကျင်က ပထမတုန်းက ကိုယ်သွားတဲ့လမ်းတွေက ရေလမ်း။ ခုကားလမ်းဖြစ်သွားပြီ။ ပထမတုန်းက ကိုယ်သွားတဲ့ ကားလမ်းတွေ ခုကျ ရထားလမ်း ဖြစ်သွားပြီ။

အဲဒီတော့ ကိုယ့်အတွက်က ကုန်သွယ်မယ်ဆိုရင် စီးပွားရေး လမ်းကြောင်းတွေက တော်တော် များများပြောင်းလဲကုန်ပြီ။ အများကြီး။

နောက်တခုက ပတ်ဝန်းကျင်ကြီးတခုလုံးက ပြောင်းသွားတာတွေလည်းရှိသေးတယ်။ ဥပမာဆို ပါတော့။ ကိုယ်သွားတုန်းက ကိုယ့်ပတ်ဝန်းကျင်က ကွင်းပြင်ကြီး ခုကြတော့ ကွန်ဒိုမီနီယံတိုက် ခန်းတွေဖြစ်နေတတ်တယ်။ တခါတရံကျတော့ ကိုယ်နေခဲ့တဲ့ ရွာလေးက ပျောက်သွားတယ်။ အဲဒါက ခုနကပြောတဲ့ စီမံကိန်းထဲမှာပါသွား။ ကိုယ်သွားတုန်းက ရွာလေးမဟုတ်တော့ဘူး။ စိုက်ပျိုးရေးဝန်းကျင်ကြီး ဖြစ်သွားတတ်တယ်။ မွေးမြူရေးဝန်းကျင်ကြီး ဖြစ်သွားတတ်တယ်။

ကိုယ်သွားတဲ့အခါတုန်းက ကျေးရွာ။ အခုကျတော့ ရေကြီးလို့ ဘာကြီးလို့ အစရှိသဖြင့် အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ်။ အဲဒီ ပတ်ဝန်းကျင်အပြောင်းအလဲတွေကလည်း ရှိပါသေးတယ်။ အဲဒါကလည်း တချက်စဉ်းစားရမယ်နော်။

နောက်တခုက ဘာလဲဆိုတော့ ကိုယ်က စုဆောင်းထားတဲ့ငွေက ဘယ်မှာထားလဲ။ ကိုယ့်ဆီမှာ ထားသလား။ ဘဏ်မှာထားသလား။ ကိုယ့်လက်ထဲမှာ စုထားသလား။ အိမ်ပြန်ပြီးပို့ရလား။ ပို့ရ လို့ရှိလျှင် အဲဒီငွေကြေးကို ထိန်းသိမ်းတဲ့သူက ဇနီးလား၊ မိဘလား။ ဆွေမျိုးသားချင်းထဲကလား။ သို့မဟုတ်လို့ရှိလျှင် အပေါင်းအသင်းထဲကလား။ သို့မဟုတ်လို့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေလား။

အဲဒီတော့ ဇနီးသည်ဆီ ပို့မယ်ဆိုပါတော့။ ဇနီးသည်က ငွေကြေးထိန်းသိမ်းတဲ့ ဥစ္စာမလိမ္မာဘူး ဆိုပါတော့။ ကိုယ်ပြန်လာတဲ့အခါကြတော့ အဲဒီဘာမှမရှိတော့ဘူး။ ကိုယ့်လက်ထဲမှာ ယူပြီးပြန် လာတဲ့ငွေက (၂) သိန်း၊ (၃) သိန်းပဲရှိလျှင် အဲဒါလေးပဲ။ အဲဒါလေးနဲ့ သူငယ်ချင်းအပေါင်းအသင်း တွေနဲ့ တလလောက် စားလိုက်သောက်လိုက်တဲ့အခါကြတော့ ပိုက်ဆံ သုံးစရာမရှိတော့ဘူး။ အရင်းအနှီး ဘာမှလုပ်စရာမရှိတော့ဘူး။ မရှိတော့ကို နောက်ထက်တခါချေးပြီးတော့ တခါပြန် ထွက်ရတယ်။

အဲဒီလို အဖြစ်မျိုးတွေလည်း ကျနော့်မျက်စိအောက်မှာ တွေ့တွေ့နေရတယ်။ အဲဒါ ဇနီးသည် မလိမ္မာလို့ရှိလျှင် ပြောတာ။ ဇနီးသည်က လိမ္မာလို့ရှိလျှင်တော့ ပို့လိုက်တဲ့ငွေကို ပြန်ပြီးတော့ တိုးပွားအောင်၊ ခိုင်မြဲအောင် လုပ်ထားနိုင်တယ်။ ဒါ အားကိုးရတဲ့အခြေအနေ။

ကောင်းပြီ မိဘကထိန်းမယ်။ မိဘက ထိန်းမယ်ဆိုတဲ့အခါကျတော့ မိဘလက်ထဲမှာ အမြဲတန်းရှိ နေမှလား။ သို့မဟုတ် တခြားသော သားချင်းတွေရဲ့ ပြဿနာတွေ ပေါ်လာနိုင်သလား။ ဥပမာ- အကိုအကြီးဆုံးဖြစ်တဲ့သူက စီးပွားရေးပျက်သွားလို့၊ အလုပ်ပြုတ်သွားလို့ (သို့မဟုတ်) အချုပ်ထဲ
ဝင်သွားရလို့ ပိုက်ဆံကုန်သွားတယ်ဆိုပါတော့။ ဒီဟာ စိုက်ထုတ်ပြီး မိဘက သုံးလိုက်ရတယ်ဆိုပါ တော့။ ကိုယ်ဘယ်လိုလုပ်မလဲ။

ကျနော်ပြောချင်တာက ကိုယ့်အခြေအနေ။ ကိုယ်လုပ်ထားတဲ့ စီးပွားဟာ ကိုယ့်နေရပ် ဇာတိမြေမှာ ဘယ်လောက်ထိအောင် ခိုင်လဲဆိုတာ ပြန်တွက်မိရဲ့လား။ ဒါတွေလည်း စဉ်းစားဖို့လိုမယ်လို့ ကျနော်ထင်ပါတယ်။

လူမှုရေးဝန်းကျင်အပြောင်းအလဲ

နောက်တခုက လူမှုရေးဝန်းကျင်အနေနဲ့ ပြောင်းသွားတာရှိတယ်။ လူမှုရေးဝန်းကျင်တွေနဲ့ စီးပွား ရေးဝန်းကျင်တွေနဲ့ ရောပြီးတော့ ပြောင်းသွားတာ။ ဥပမာ- အရင်တုန်းက လူမှုရေးဝန်းကျင်တွေက လဖက်ရည်ဆိုင်ထိုင်တယ်။ ပျော်ပွဲရွှင်ပွဲတွေရှိတယ်။ အခုကျတော့ ကျေးရွာမှာ ဘိလိယက်ခုံတွေက ရောက်နေပြီ။ ဥပမာ- ကာယာအိုကေတွေခေတ်စားလာတယ်။ အဲဒါမျိုးတွေက အများကြီး။ အဲဒီ တော့ အဲဒီ့အချိန်မှာသွားပြီးတော့ စီးပွားရေးလုပ်တဲ့သူငယ်ချင်းတွေက ကိုယ့်ထက်ကြီးပွားချင် ကြီးပွားနေတတ်တယ်။ ပြောချင်တာက စီးပွားရေးဝန်းကျင်ကြောင့်မို့လို့ ကိုယ့်ပတ်ဝန်းကျင်က ပြောင်းသွားတတ်တယ်။ အဲဒီတော့ ကိုယ်ပြန်လာတဲ့အခါမှာ ဆုံးရှုံးရတဲ့အရင်းအနှီးတွေ မျက်ခြေ ပြတ်သွားတတ်တယ်။

ကိုယ်မျက်ခြေပြတ်သွားတဲ့အချိန်မှာ ကိုယ်ပြန်လာတဲ့အချိန်မှာ အပြောင်းအလဲတွေကြားမှာ ကိုယ်က အူကြောင်ကြောင် ဖြစ်နေတတ်တယ်။ နောက်တခါ ထပ်ပြီးတော့ နိုင်ငံခြားရောက်သလို ပြန်ဖြစ် သွားတတ်တယ်။ ဖြစ်သွားတဲ့အခါကြတော့ ဘယ်နေရာကနေစပြီးတော့ ဘယ်ကိုဦးတည်ရာမှန်း မသိဖြစ်သွားတတ်တယ်။ အဲဒါကြောင့်မို့လို့ ကိုယ့်အရပ် ကိုယ့်ဒေသကို မျက်ခြေမပြတ်အောင် ဘာတွေဖြစ်နေသလဲဆိုတဲ့ဟာကို အမြဲတန်းမပြတ် သိနေအောင် နိုင်ငံခြားကနေပြီးတော့ ကြိုးစား သင့်တယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါတချက်။

နောက်တချက်က ဘာရှိသေးလဲဆိုတော့ ကိုယ်က နိုင်ငံခြားမှာနေရင်းကနေ တယောက်ယောက်နဲ့ တွေ့ရော အဲဒါ အိမ်ထောင်ရက်သားကျချင်ကျတတ်တယ်။ ကျတဲ့အခါကြတော့ ဘယ်လိုလုပ်မလဲ။ ကိုယ့်အမျိုးသမီးက ဗမာအမျိုးသမီးပဲလား။ နေရပ်ကိုပြန်မှာလား။ ဒါမှမဟုတ်လို့ရှိရင် နိုင်ငံခြားမှာပဲ အခြေချတော့မလား။ နိုင်ငံခြားမှာပဲ အခြေချတော့မယ်ဆိုလို့ရှိရင် အဲဒီနိုင်ငံတွေက ဘယ်နိုင်ငံလဲ။ အဲဒီက ဘာသာရေး၊ ကိုးကွယ်ရေး ယဉ်ကျေးမှုတွေနဲ့ ကိုယ့်ရဲ့ အသက်ကြီးတဲ့ဘ၀မှာ ပျော်နိုင်မ လား။ ဒါတွေအကုန်လုံး စဉ်းစားရတော့မယ်။

အဲဒီတော့ ပြောချင်တာက နိုင်ငံခြားမှာ အခြေချတော့မယ်ဆိုချင်တောင်မှ ကိုယ့်ဒေသ ပတ်ဝန်းကျင်နဲ့ လည်း တော်တော့်ကို ကွာနေပြီ။ ကိုယ့်သား၊ ကိုယ်သမီးရဲ့ ပတ်ဝန်းကျင်နဲ့လည်း ကွာသွားပြီ။ ကိုယ့်သားသမီးတွေ ထွန်းကားလာတဲ့အခါမှာ ဗမာအမျိုးသားတယောက်က မျှော်လင့်တဲ့ မိဘဘ၀ မျိုးကို မမျှော်လင့်နိုင်ဘူး။ နိုင်ငံခြားသားတယောက်ရဲ့ မိဘအဖြစ်နဲ့ ကိုယ်ရောက်သွားတော့မယ် ဆိုတာကို ကြိုပြီးတော့ စဉ်းစားထားဖို့ဆိုတာ လိုတယ်လို့ ကျနော် ထင်ပါတယ်ခင်ဗျာ။ ။

Friday, August 22, 2008

Marketing Mix ဆိုတာ ဒီလိုပါ-- အပိုင်း (၅)

အပိုင်း (၄) မှာ ဖော်ပြခဲ့သလို ဈေးကွက်အတွင်း ကိုယ့် Product ရဲ့ ကြော်ငြာဟာ Product ရဲ့ Information ကို အတိအကျ ပေးနိုင်ရန် လိုအပ်ပါတယ်။ ကြော်ငြာတွေကြောင့် Product ရဲ့ ရောင်းအားတွေ တက်စေနိုင်သလို ရောင်းအားတွေ ကျဆင်းသွားတဲ့ အခါမျိုးလည်း ရှိသင့်ပါတယ်။ ကြော်ငြာလုပ်ငန်းတွေ ခေတ်စားလာချိန်မှာ ကြော်ငြာအပေါ် ဝေဖန်မှုအမျိုးမျိုး ပေါ်ခဲ့ပါတယ်။ အချို့ဆိုရင် ကြော်ငြာတာဟာ လိမ်လည်မှု ပုံစံတစ်မျိုးဟူ၍ စွပ်စွဲခြင်းမျိုးလည်း ရှိပါတယ်။ Advertising ကနေ Product ရဲ့ information ကို အပြည့်အ၀နဲ့ ထိရောက်စွာ ပေးနိုင်တဲ့အတွက် ဈေးကွက်တုန့်ပြန်မှု ကောင်းစွာ ရရှိသွားစေတာမျိုးလည်း ရှိပါတယ်။

Appeton Teengrow ကြော်ငြာလေးကို လူတိုင်းနီးပါး ကြည့်ဖူးလိမ့်မယ်လို့ ထင်ပါတယ်။ ဒီကြော်ငြာမှာ သူပေးချင်တဲ့ Information က ဒီဆေးကို သောက်ရင် ဆယ်ကျော်သက်တွေ အရပ်ရှည် ဖွံ့ ဖြိုးမှုတွေ ရမှာ ဖြစ်ပါတယ်။ ကြော်ငြာကလည်း Information ကို အတိအကျ ပုံဖော်ပေးနိုင်ပါတယ်။ ကပွဲသွားပြီး Gentle Man တစ်ယောက်နဲ့ တွဲပြီးကဖို့ စိတ်ကူးယဉ်နေတဲ့ အမျိုးသမီးလေးဆီ ရောက်လာတဲ့သူက လူပုလေးရယ်ပါ။ နောက်တော့ ဆေးရဲ့ အာနိသင်တွေနဲ့ Gentle Man ဖြစ်သွားတာကို ပုံဖော်ထားတာပါ။

ကြော်ငြာလေးရဲ့ ထိရောက်မှုက ဈေးကွက်ထဲမှာ ဆေးရဲ့ ရောင်းလိုအားတွေ အတိအကျကို တက်ခဲ့တာပါ။ (ကျွန်တော် ကိုယ်တိုင်က ဆေးဈေးကွက်နဲ့ မစိမ်းတော့ ဆေးရဲ့ ရောင်းလိုအားကို သိတာပါ။) ဘယ်လောက်တောင် ကြော်ငြာက ထိရောက်ခဲ့သလဲဆိုတော့ ၁၀တန်းတက်နေသူတွေ (အထူးသဖြင့် မိန်းကလေးတွေပါ) ဆေးကို ၀ယ်သောက်ခဲ့ပါတယ်။ ၁၀တန်းဆိုတာ စာလည်းများပြီး အရေးလည်းကြီးတော့ လူတိုင်းက အားဆေးတွေ ဆိုရင် ရွေးချယ်ပြီးမှ သောက်ပါတယ်။ ဆေးရဲ့ side effect နဲ့ အိပ်ချင်တာတွေကိုလည်း သတိထားပါတယ်။ ဒါပေမယ့် အသက်၁၈နှစ်ကျော်သွားရင် ဆေးကို သောက်လို့ မရတော့ဘူးဆိုတော့ ၁၀တန်းဖြစ်လည်းဝယ်သောက်ပါတယ်လို့ ဆေးဈေးကွက်နဲ့ နီးစပ်သူ တစ်ဦးက ပြောကြားခဲ့ပါတယ်။ ကြော်ငြာက Information ကို ထိရောက်စွာ ပေးနိုင်ခဲ့ခြင်း၏ အကျိုးသက်ရောက်မှုပါ။

နိုင်ငံခြားက ကြော်ငြာကိုး။ ကောင်းတာပေါ့လို့ ပြောကြမှာပါ။ မြန်မာပြည်က အချို့သော ကြော်ငြာများသည်လည်း Information ကို ကောင်းစွာ ပေးနိုင်ပါတယ်။ အနည်းအပါးထဲက တစ်ခုအဖြစ် မြန်မာလေညှင်း company က ကြော်ငြာတဲ့ Now How တံဆိပ် Cosmetic ကြော်ငြာလေးကို သုံးသပ်ကြည့်ရအောင်ပါ။ ကြော်ငြာကို မတင့်နဲ့ အူဝဲက ကြော်ငြာတာပါ။ ကြော်ငြာမှာ Music ကိုတအားမသုံးဘဲ Product ရဲ့ information ကို ပေါ်လွင်အောင် ကြော်ငြာတာပါ။ Now How နှုတ်ခမ်းနီ- စိုပြီး အိနေတာပဲ လို့ စကားသံ ပေါ်တဲ့အခါ နှုတ်ခမ်းတစ်ဝိုက်ကိုပဲ ပုံဖော်ခဲ့တာပါ။ Cosmetic တွေကိုလည်း အမျိုးအစား စုံလင်အောင် ဖော်ပြပေးထားပါတယ်။ ကျွန်တော်ဆိုရင် မိတ်ကပ်ဘူးတွေ၊ cream park ဘူးတွေ၊ နှုတ်ခမ်းနီဘးတွေ ပြတဲ့အချိန်မှာ လိုချင်သွားပါတယ်။ cream park ဘူးဆိုရင် မိတ်ကပ်သားက အ၀ါနုရောင်လေးကို တအားမှတ်မိသွားပါတယ်။ နောက်နေ့ သွားဝယ်ဖြစ်တဲ့ အထိပေါ့။ Now How Comestic Group က ယနေ့ခေတ်ပျိုမေတွေကြားမှာ အတော်ကလေး နာမည်ကြီးတယ်လို့ ပြောလို့ရပါတယ်။ ဒီကြော်ငြာလေးမှာ Model နဲ့ Music ကို ဦးစားမပေးဘဲ Product ရဲ့ Information ကို ပေါ်လွင် အောင် သရုပ်ဖော်ထားတာပါ။ ဒါကြောင့် ထိုင်းနိုင်ငံကနေ စတင်တင်သွင်းပြီး အချိန်တိုတိုအတွင်း ဈေးကွက်တစ်ခု ဖော်ဆောင်သွားနိုင်တာပါ။

အခုဆိုရင် ကြော်ငြာခြင်းရဲ့ အားသာချက်နဲ့အတူ ကြော်ငြာတစ်ခုရဲ့ လွမ်းမိုးနိုင်မှု၊ သတင်းအချက်အလက် ပေးနိုင်မှု၊ ဈေးကွက်တုန့်ပြန်နိုင်မှုတွေကို လက်လှမ်းမီသရွေ့၊ နားလည်သရွေ့ တင်ပြထားတာပါ။ Marketing သဘောတရားတွေက ကျယ်ပြန့်တော့ ကျွန်တော့် အယူအဆတွေပေါ်မှာ ထပ်မံ ဖြည့်စွက်ဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်။

Thursday, August 21, 2008

Marketing Mix ဆိုတာ ဒီလိုပါ-- အပိုင်း(၄)


ဈေးကွက်မိတ်ဆက် - ဈေးကွက်တည်ဆောက် - ဈေးကွက်တိုးချဲ့ - Promotion Mix

ကုန်စည် တစ်ခုကို ထုတ်လုပ်မှုပိုင်း၊ ဈေးနှုန်း သတ်မှတ်ချက်များအရ ပြီးပြည့်စုံသွားချိန်တွင် ဈေးကွက်ကို မိတ်ဆက်ပေးရန် လိုအပ်လာပါသည်။ ဈေးကွက်မိတ်ဆက်မှုများအနေဖြင့် Advertising , Personal Selling, Sale Promotion, Public စသည့်ဖြင့် နည်းလမ်းမျိုးစုံ ကျင့်သုံးနိုင်သည်။ စီးပွားရေးလုပ်ငန်းတိုင်းသည် မိမိတို့ ကုန်စည်မိတ်ဆက်မှုတွင် Promotion Mix များထဲမှ တစ်ခုကောင်း သုံးစွဲ၍ မရနိုင်ပေ။ Mix တစ်ခုစီတိုင်းတွင် အားသာချက်၊ အားနည်းချက်စသည်ဖြင့် ယှဉ်တွဲနေပေရာ လိုအပ်သလို စီစဉ်သုံးစွဲတတ်ရန် လိုအပ်သည်။

ADVERTISING

ကုန်စည်တစ်ခုကို Advertising လုပ်ခြင်းဖြင့် မိမိကုန်စည်သည် ဈေးကွက်တွင်ရောက်ရှိနေကြောင်း ကြော်ငြာခြင်းဖြင့် သိရှိစေနိုင်သည်။ ဤတွင် Advertising ၏ အားသာချက်အဖြစ် အချိန်တိုတိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် မြောက်များစွာသော Customer တို့ထံ သတင်းအချက်အလက်ကို ပေးနိုင်သည်။ ကြော်ငြာရာတွင် ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းစသည့်ဖြင့် ကြားခံများစွာကို အသုံးပြုနိုင်သည်။ ဤတွင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များသည် ကြော်ငြာကဏ္ဍတွင် အားသာချက်များရှိနေသည်။ ( တီဗွီ ဖန်သားပြင်မှ ထုတ်လွှင့်နေသော Channel နည်းခြင်း (အခြားသော နိုင်ငံများတွင် ထုတ်လွှင့်သော Channel များစွာရှိခြင်း၊ လူကြိုက် များသော Channel ကို ရွေးချယ်ပါ ၀န်ဆောင်ခ ပိုပေးရခြင်း)၊ ကိုရီးယား၊ တရုတ် ဇာတ်လမ်းတွဲများကို စဉ်ဆက်မပြတ် ထုတ်လွှင့် ပေးနေခြင်း၊ မြန်မာ ပရိတ်သတ်များသည် ဇာတ်လမ်းတွဲများကို စိတ်ရှည်စွာ စောင့်ဆိုင်း ကြည့်ရှုခြင်း စသည့် အားသာ ချက်များ ဖြစ်သည်။)

သို့ဆိုလျှင် Advertising ၏ အားနည်းချက်ကား Customers များထံမှ မိမိကုန်စည်နှင့် ပတ်သက်သော Feed Backကို လျှင်မြန်စွာ မရခြင်းတို့ပင် ဖြစ်သည်။ Advertising တွင် အားသာချက် များစွာ ရှိသော်လည်း Advertising Strategy သုံးစွဲမှုတွင် အနည်းငယ်သော လိုအပ်ချက် များကြောင့် ကုန်စည်၏ သတင်း အချက်များကို လွှမ်းမိုးခြင်း ခံလိုက်ရသည်။ သို့ဖြစ်ရာ Marketer များအနေဖြင့် မိမိကုန်စည်ကိုေ၀၀ါး သွားစေတတ်သော လွှမ်းမိုးမှု များကို ကြိုတင် တွက်ဆကာ ကောင်းမွန် ပြည့်စုံသည့် Advertising မျိုးဖြစ်စေရန် လုပ်ဆောင် လိုအပ်လှသည် (ကြော်ငြာခြင်းကို ၀င်ရောက် ဆုံးဖြတ်နိုင်လျှင်)။ ကျွန်တော် ဆိုလိုရင်းများ ပိုမို ရှင်းလင်းမှု ရှိစေရန် သာဓက အချို့ကို တင်ပြ လိုက်ပါသည်။

လွန်ခဲတဲ့ သုံးလေးနှစ် လောက်တုန်းက ကြော်ငြာတစ်ခုကို အများစု မှတ်မိကြပေလိမ့်မည်။ ထိုကြော်ငြာမှာ ထက်ထက်မိုးဦး (မြန်မာပြည် ကြော်ငြာ လောကတွင် ထိပ်တန်းမှ ဦးဆောင်နိုင်ခဲ့သူ) နှင့် ကြော်ငြာသော Aphrodite Cosmetic ကြော်ငြာဖြစ်ပါသည်။ ထိုကြော်ငြာကို ပြန်စဉ်းစား ကြည့်လျှင် Cosmetic အမျိုးအစား မည်မျှ ကြော်ငြာခဲ့သည်။ ဘယ်လို Cosmetic များကို ကြော်ငြာ တာလဲ။ ခေါင်းလိမ်းဆီ လား၊ ရေမွှေး လား၊ Make-up လား စသည်ဖြင့် မမှတ်မိစွာ ဖြစ်ရသည်။ ဒါပေမယ့် ကောင်းစွာ မှတ်မိနေတာ တစ်ခုက ကြော်ငြာတုန်းက ထက်ထက်မိုးဦး လက်မှာ ၀တ်ထားတဲ့ စိန်လက်စွပ်ပါပဲ။ အရမ်းလှလို့ပါ။ နောက်ပြီးတော့ လက်သည်းနီ နက်ပြာရင့်ရင့် သူစပြီးဆိုးတာ၊ လှလွန်းလို့ နောက်တစ်ကြိမ် ကြော်ငြာ လာတိုင်း စောင့်ပြီးကြည့်ရတာ Aphrodite Cosmetic တွေ မဟုတ်ပါဘူး။ လက်စွပ်နဲ့ လက်သည်းနီ ရယ်ပါ။ စာဖတ်သူ တွေလည်း မိမိကိုယ်ကို အားမနာတမ်း ဝေဖန်ကြည့်ပါ။ မှတ်မိနေတာ ဘာတွေလဲ --- Cosmetic အမျိုးအစား တွေလား။ ဆိုလိုချင်တာက ကြော်ငြာတစ်ခု ဖန်တီးတော့မယ်ဆိုရင် ကိုယ့်Product ရဲ့ Information ကို ဖုံးလွှမ်း သွားစေမယ့်၊ မှေးမှိန် သွားစေတာ မျိုးတွေကို ရှောင်နိုင်ရပါမယ်။

နောက်တစ်ခုက Spa ဆပ်ပြာကြော်ငြာပါ။ အားလုံး သိနိုင် လိမ့်မယ်လို့ ထင်ပါတယ်။ Spa ဆပ်ပြာဟာ အသီးနဲ့ အပြင် အပွင့် နဲ့ပါ ထုတ်ထားတာပါ။ အစင်းလေးတွေ ပါတယ်လို့ သိရပါတယ်။ အနံ့လေးက အတော်မွှေးပါတယ်။ အဲဒီကြော်ငြာ ကြေငြာတုန်းက စိုင်းစိုင်းက ရေချိုးခန်းထဲမှာ ရေချိုးနေရင်း ကြော်ငြာ တဲ့ပုံပါ။ ရေချိုးခန်းထဲမှာ ဆပ်ပြာအမြှုပ်တွေက ပခုံး၊ လည်ပင်းနဲ့ လက်ထဲမှာပေါ့ ။ အဲဒီအချိန်မှာ လူအများ စိတ်ဝင်စားတာက ဆပ်ပြာရဲ့ပုံစံ၊ အရောင်၊ အမျိုးအစား ဒါတွေမဟုတ်ပါဘူး။ စိုင်းစိုင်းရဲ့ လည်ပင်းပေါ်က ပလက်တီနမ် ဆွဲကြိုး ကိုပါ။ ပခုံးပေါ်က အမြှပ်တွေ အမြန်လျှောကျ ပါစေလို့ အများက ဆန္ဒရှိကြမှာပါ။ ဘာလို့လဲဆိုတော့ ဆပ်ပြာတွေကျသွားရင် လည်ပင်း ပေါ်က ဆွဲကြိုးမှာ လက်စွပ်မောင်းကွင်းလေး ရှိ၊ မရှိ ကြည့်ချင်တာပါ။ ဘာလို့လဲဆိုတော့ စိုင်းစိုင်းရဲ့ ၀မ်းနည်း မှတ်တမ်း ထဲမှာက လက်စွပ်ကို လက်မှာ မ၀တ်တော့ပဲ ဆွဲကြိုးမှာ ပြောင်းဆွဲမယ်လို့ ပြောခဲ့လို့ပါ။ ဒါပေမယ့် ကံဆိုးစွာနဲ့ ကြော်ငြာဆုံးသွားတဲ့ အထိ ဆပ်ပြာမြှပ်တွေ ကျမသွားလို့ လက်စွပ်ရှိ မရှိ မသိဒါဟာ ထူးဆန်းစွာ တိုက်ဆိုင်သွားတာ ဖြစ်နိုင်ပါတယ်။ တော်တဲ့ Marketer လည်း သတိလွတ် သွားနိုင်ပါတယ်။ ဒါကြောင့် Advertising လုပ်တဲ့အခါ Product ကိုဦးစားပေးတာမျိုး ဖြစ်သင့်ပါတယ်။ သီချင်း၊ မော်ဒယ် တွေကို ဦးစားပေးလွန်းရင် Product ရဲ့Information တွေကို ပျောက်ကွယ် သွားစေနိုင်ပါတယ်။

နောက် post မှာ Product ရဲ့ Information ကို ပေါ်လွင်စေတဲ့ ကြော်ငြာတွေကို တင်ဆက်ပါမယ်။

ဆက်လက်ဖော်ပြပါမည်။

Tuesday, August 19, 2008

Marketing Mix ဆိုတာ ဒီလိုပါ (၃)

Brand တစ်ခုဈေးကွက်အတွင်း ထိုးဖောက်ဝင်ရောက်ခြင်း

Brand တစ်ခုကို တည်ဆောက်ဖို့ ကိုယ့်ဈေးကွက်က ဘာလဲဆိုတာ ကောင်းစွာ အကဲဖြတ် သုံးသပ်တတ်ဖို့ လိုအပ်ပါတယ်။ ပြည်တွင်း ဈေးကွက်၊ ပြည်ပဈေးကွက် သတ်မှတ်ပြီး နာမည်အခေါ်အဝေါ်ကလည်း လွယ်ကူ မှတ်မိတာမျိုး ဖြစ်ဖို့လိုပါတယ်။ (နာမည် အခေါ်အဝေါ် ခက်ခဲ ပေမယ့် ဈေးကွက်ထိုးဖောက်မှုကောင်းပြီး ဈေးကွက်အတွင်းယှဉ်ပြိုင်မှုနည်းပါးသော ကုန်စည်မျိုးဖြစ်ပါက အခေါ်ခက် နေပေ မယ့် လည်း ဈေးကွက် အနေအထား အောင်မြင်နေတာမျိုးလည်း ရှိပါတယ်။) Brand ဆိုတာက ကိုယ့်ပစ္စည်းရဲ့ အမည်၊ Figure အားလုံးကို ကိုယ်စား ပြုတာကြောင့် ကိုယ်ရွေးချယ်ထားတဲ့ နာမည်ကလည်း ကောင်းစွာ ရပ်တည် နိုင်ဖို့လိုပါတယ်။ Brand နာမည်နဲ့ Product ရဲ့ အရည် အသွေး ကောင်းစွာ ညီညွတ်ဖို့လည်း လိုအပ်ပါတယ်။ Brand နာမည် စွဲအောင် Design အပိုင်းကလည်း အားဖြည့်ဖို့ လိုအပ် ပါတယ်။ စားသုံးသူတွေက Brand ရဲ့ နာမည်လေးကို ကြားလိုက်တာနဲ့ စားချင်သွားတာမျိုး၊ သောက်ချင်သွားတာမျိုး ဖြစ်ဖို့ လိုအပ် ပါတယ်။ နာမည်ရွေးချယ်၊ ဒီဇိုင်းပြင်ဆင်၊ ဈေးကွက်ကို Sampling နဲ့တင်ဆက်၊ ပြီးရင် ဈေးကွက်ကို ထိုးဖောက်ဖို့ ဘယ်လို နည်းဗျူဟာ တွေ သုံးမယ်ဆိုတာ ကောင်းစွာ ပြင်ဆင်နိုင်ပြီဆိုရင် ဈေးကွက်ထဲမှာ Brand ကို ကောင်းစွာ တည်ဆောက်နိုင်ပြီ ဖြစ်ပါတယ်။ Brand Building လုပ်တဲ့အခါမှာ ကုန်ပစ္စည်းရဲ့ အရည်အသွေး၊ လူတွေပိုသိအောင် လုပ်ဆောင်ရမယ့် Marketing Mixတွေ၊ အထူးသဖြင့် Promotion Tools သုံးစွဲမှုတွေဟာ ကောင်းစွာ သပ်ရပ်နေဖို့လိုအပ်ပါတယ်။ ဈေးကွက်ထဲမှာ Brand ကိုကောင်းစွာ တည်ဆောက် ပြီး သွား ရင် စောင့်ထိန်းရမယ့် အချက်တွေလည်း ရှိပါသေးတယ်။ ကိုယ့်ရဲ့ Product ရဲ့ အရည်အသွေး၊ ၀န်ထမ်းပိုင်း၊ ကြော်ငြာပိုင်းစသည် အခက် တွေကို စဉ်ဆက်မပြတ် ဂရုစိုက်နေဖို့လိုပါတယ်။ ကိုယ့် Brand နဲ့ပတ်သက်ပြီး ဈေးကွက်ထဲကို သွားနေချိန်တွင် Brand သိက္ခာ ကျမယ့် အပြုအမူ၊ အပြောအဆိုတွေ မလုပ်ရပါဘူး။ ကုန်စည်အရည်အသွေး၊ ထုတ်ပိုးမှုအပိုင်း စသည်ဖြင့် ကောင်းစွာရှိနေရပါမယ်။ ကိုယ့် Product အတွက် Promotion လုပ်တဲ့အခါ လက်ဆောင်ပေးရာတွင် ကိုယ့် Brand ကို မထိခိုက်စေတဲ့၊ စားသုံးသူတွေလည်း အသုံး တည့်ပြီး Brand ကို အထောက်အကူ ပြုတဲ့ ပစ္စည်းမျိုးကို ရွေးချယ်ပြီး ပေးသင့်ပါတယ်။

ကျွန်တော် ကြွားချင်တာ တစ်ခုရှိသေးတယ်ဗျ။ ကျွန်တော်တို့ ဘလော့လေးက စွန့်ဦးတီထွင်ဆိုတော့ မြန်မာနိုင်ငံက စွန့်ဦးတီထွင် တစ်ဦး ကို မိတ်ဆက် ပေးပါရစေ။ ပိုပြီး ဂုဏ်ယူစရာ ကောင်းတာက ကုန်စည် မှာတင် စွန့်ဦးတီထွင် ခဲ့တာမဟုတ်ပါဘူး။ မြန်မာတွေရဲ့ ယဉ်ကျေးမှု ကိုပါ အသွင်တစ်မျိုးနဲ့ ဆန်းသစ် စေခဲ့တာပါ။ အဲဒီကုန်စည်ကတော့ PREMIER Coffee ပါ။ အဲဒီကော်ဖီတံဆိပ်လေးကို ဈေးကွက်နဲ့ မိတ်ဆက် တဲ့အချိန်မှာ ဈေးကွက်ထဲမှာ 3 in 1 instant ကော်ဖီအတော်များများက နေရာယူပြီးသားပါ။ အဲဒီအချိန်မှာ PREMIER က 2 Plus 1 Pure Coffee ကို စတင် မိတ်ဆက်ခဲ့တာပါ။ instant တွေ ခေတ်စားနေတဲ့အချိန်မှာ ဈေးကွက်ထဲကို Pure Coffee နဲ့စွန့်ဦး တီထွင် ခဲ့တာပါ။ 2 plus 1 ဟာ ရိုးရိုးကော်ဖီမှုန့်အကြမ်းကို သကြားနဲ့ နို့မှုန်နဲ့ ရောထားတာလို့ လူအများ လက်ခံ နေတဲ့အချိန်မှာ PREMIER ရဲ့ Pure ကို စွန့်ဦးတီထွင် မိတ်ဆက် ခဲ့တာပါ။ ဈေးကွက် စတင်ထိုးဖောက်ချိန်မှာ PREMIER Pure ကို အတော် များများက လက်မခံ သေးပါဘူး။ အနုပညာသမားတွေ၊ စာပေသမားတွေ၊ ကွန်ပျူတာ ပညာရှင်တွေ၊ ဆရာဝန်တွေ စသူတို့က လောက်သာ လက်ခံခဲ့တာပါ။ ဒါပေမယ့် စွန့်ဦးတီထွင် သမားတွေက ယုံကြည်ချက်တစ်ခုအပေါ်မှာ ဇွဲကောင်းသူတွေဆိုတော့ အရှုံးကို ရင်ဆိုင်ပြီး ဈေးကွက် နေရာရအောင် ကြိုးစားခဲ့ပါတယ်။ မြန်မာပြည်မှာက ကော်ဖီယဉ်ကျေးမှု အရမ်းမထွန်းကားသေးပါဘူး။ ကော်ဖီနဲ့ ပတ်သက်ပြီး ဈေးကွက်တွေ အများကြီး ကျန်ပါသေးတယ်။ PREMIER က ဘယ်လောက်တောင် စွန့်ဦးတီထွင်လဲဆိုရင်လေ PREMIER COFFEE လှည်းလေးပါ ဈေးကွက်သို့ ပို့ဆောင်ပေးပြီး Moving Shop ကိုပါချဲ့ထွင်ခဲ့ပါတယ်။ ငွေကြေးအရင်းအနှီး အတန်အသင့်နဲ့ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းလေးကိုပါ တင်ဆက်ထားခဲ့တာပါ။

Monday, August 18, 2008

ဒေါက်တာနုနုယဉ်ပြောပြတဲ့ Entrepreneurship (၄)

စီးပွားရေးလုပ်ငန်းဆိုတာ လွယ်လွယ်လေးနဲ့ လုပ်ကိုင်နိုင်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ အခက်အခဲတွေကို ကျော်လွှားဖို့အတွက် ဘာတွေလုပ်ရမလဲ။ Entrepreneur တွေရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ နည်းနည်းလေး တစ်ဆင့်တက်ပြီး စဉ်းစားကြည့်ရအောင်။

ငယ်ငယ်လေးကတည်းက သမိုင်းမှာသင်ခဲ့ရတဲ့ တီထွင်သူ Inventor ဆိုတာ ကြားဖူးကြမှာပါ။ ဒီတီထွင်တဲ့လူတွေဟာ entrepreneur ဖြစ်လာတယ်ဆိုတာ နည်းနည်းရှားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့က တီထွင်နိုင်တယ်။ သူတို့ အားသာတာက idea ပိုင်းပါ။ Idea နဲ့ တီထွင်ပါတယ်။ ဒါပေမဲ့ idea itself ပဲ။ စီးပွားရေးလုပ်ငန်းမှာ အောင်အောင်မြင်မြင် ဖြစ်လာဖို့ဆိုတာ opportunity-spotter ဆိုတဲ့ လူမျိုးတွေ လိုလာပါတယ်။ ဒီလူတွေက idea လည်း ရှိတယ်၊ အဲဒီအပြင် အခွင့်အလမ်း ဘာရှိလဲဆိုတာလည်း သိတယ်၊ ပြီးတော့ သူတို့ဟာ တစ်စိတ်တစ်ဒေသ အခွင့်အလမ်းနဲ့ သူတို့ idea ကို ဆက်စပ်လိုက်နိုင်တဲ့ အနေအထားရှိပါတယ်။ အဲဒီကနေမှ Project Champion ဆိုတဲ့ တကယ်အကောင်အထည်ဖော်တဲ့သူ၊ တကယ် တန်ဖိုးရှိတဲ့အရာတစ်ခုကို ထုတ်လုပ်နိုင်ပါတယ်။ ဒီတော့ inverntor၊ opportunity-spotter နဲ့ project champion တွေထဲမှာ နောက်ပိုင်းနှစ်ခုကို entrepreneur လို့ သတ်မှတ်လို့ရပါတယ်။

နည်းနည်းပြန်စဉ်းစားကြည့်ပါ။ တစ်ခါတစ်လေ ကိုယ့်မှာ idea ရှိတယ်၊ ဒါပေမယ့် တစ်ခါမှ အကောင်အထည် မဖော်ခဲ့တာတွေ ရှိနိုင်ပါတယ်။ တစ်ခါတစ်လေ idea လည်းရှိတယ်၊ အခွင့်အလမ်းလည်းတွေ့မယ်၊ သို့သော်လည်း ဒီနှစ်ခုကို ဆက်စပ်မှု မလုပ်နိုင်ဘူးဆိုရင် ဘာမှ ဖြစ်မလာပါဘူး။ ဒါကြောင့်မို့ idea ရော၊ opportunity ရောကို ဆက်စပ်ပြီးတော့ မရရအောင် လုပ်နိုင်တယ်ဆိုတဲ့ဟာနဲ့ ပေါင်းမှသာလျှင် entrepreneur ဖြစ်လာမှာပါ။

Entrepreneur ဖြစ်ဖို့ 'T' သုံးလုံးလိုပါတယ်လို့ အပိုင်း (၁) မှာ ပြောခဲ့ပါတယ်။ ပထမ 'T' ကတော့ Talent ပါ။ ဒီလူတွေမှာ innate ability ပင်ကိုယ်စွမ်းရည် ရှိပါတယ်။ strength စွမ်းအားလည်း ရှိတယ်။ expertise ကျွမ်းကျင်မှု ရှိတယ်။ ability စွမ်းဆောင်နိုင်စွမ်း ရှိတယ်။ ဒုတိယ 'T' ကတော့ Temperament ဖြစ်ပါတယ်။ စိတ်နေစိတ်ထားပါ။ ကလေးဘ၀ရဲ့ အတွေ့အကြုံဟာ တစ်ခါတစ်လေ ရည်မှန်းချက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါဟာ သိပ်ကို အရေးကြီးပါတယ်။ တော်တော်များများ entrepreneur တွေဟာ သူတို့ရဲ့ ကလေးဘ၀အတွေ့အကြုံကိုပြောရင် တော်တော်စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူတို့ရဲ့ ကလေးဘ၀အတွေ့အကြုံအရ သူတို့ရဲ့ Temperament၊ သူတို့ရဲ့ Mood တွေဟာ ပြောင်းလဲလာနိုင်ပါတယ်။

တတိယ 'T' ကတော့ Technique ပါ။ နည်းပညာပိုင်းကိုလည်း တတ်ဖို့လိုပါတယ်။ ဘယ်လောက်ပဲ talent ရှိတယ်၊ ဘယ်လောက်ပဲ စိတ်ရှိတယ်ဆိုပေမယ့် နည်းပညာမတတ်ရင် အကောင်အထည်ဖော်ဖို့ ခက်ခဲပါတယ်။ အဲဒီတော့ entrepreneur တွေက 'T' သုံးလုံး အချိုးကျကျ မှန်မှန်စပ်ပြီးတော့ သုံးတတ်တဲ့အတွက် အောင်မြင်တဲ့လုပ်ငန်းရှင်တွေ ဖြစ်လာတယ်လို့ ပြောထားပါတယ်။ Talent ပါတယ်။ ဒါပေမယ့် အပျင်းနိုင်နေရင် အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါဘူး။ တစ်ချို့က Temperament စိတ်ဓါတ်တော့ ရှိပါရဲ့ Talent ပါမလာဘူးဆိုရင်လည်း လုပ်ဖို့က ခက်ပါတယ်။ တစ်ချို့ကျတော့လည်း Technique ကို လေ့လာနိုင်တဲ့ အနေအထားမရှိတဲ့အတွက် အကောင်အထည် မဖော်နိုင်တာတွေလည်း ရှိပါတယ်။ ဒါကြောင့် entrepreneur တွေဟာ ဒါတွေကို သေသေချာချာ အချိုးအဆညီညီ သုံးနိုင်တဲ့အတွက် သူတို့ရဲ့စွမ်းဆောင်မှုအရ အောင်မြင်တဲ့လုပ်ငန်းရှင်တွေ ဖြစ်လာတာပါ။

အဲဒီတော့ တစ်ခါတစ်လေ entrepreneur ဟာ by nature မွေးရာပါ အရည်အချင်းလား၊ ဒါမှမဟုတ် by nurture ပြုစုပျိုးထောင်ပြီး လုပ်ယူတာလား ဆိုပြီးတော့ အမျိုးမျိုး ငြင်းခုံကြတဲ့အခါမှာ ဘာတွေ့လဲဆိုတော့ Nature-Nurture Model ဆိုပြီး ပညာရှင်တွေက ဖော်ထုတ်လိုက်ပါတယ်။ တစ်ချို့က by nature ဖြစ်တယ်လို့ ယူဆပေမယ့် nurture မပါရင် အောင်မြင်ဖို့ ခဲယဉ်းပါတယ်။ တကယ်လို့ nature နည်းရင်တောင်မှ nurture လုပ်တဲ့အပိုင်းမှာကောင်းရင် အောင်မြင်မှုကို ရနိုင်ပါတယ်။

ပုံရဲ့အောက်ဆုံးကနေ စကြည့်ရအောင်ပါ။ Inborn လို့ပြောတဲ့အတွက် ပါလာတာကိုပြောတာပါ။ တချို့ကလေးငယ်တွေက ငယ်ငယ်လေးနဲ့ကို စက်ကိရိယာကိုင်တာကို ၀ါသနာပါတာ ရှိပါတယ်။ သို့သော်လည်းပဲ ဒီ inborn talent & temperanment ကနေ ဘယ်ကို ပြန်သွားလဲဆိုရင် ငယ်ငယ်လေးကတည်းက သင်ကြားဖို့အတွက် ကျောင်းတက်ကြတယ်။ ဒါကို structured learning and experiences လို့ ခေါ်ပါတယ်။ ဒါကြောင့် formal education ရတယ်။ သင်တန်းတွေ တက်ကြတယ်။ ဒါဟာ leading to skill set ဆိုတော့ ဒီကျွမ်းကျင်မှုကို လူငယ်တွေဟာ ဖြတ်သန်းလာခဲ့ပြီးပါပြီ။ Unstructured learning ပီပီပြင်ပြင် ကျောင်းကို သွားတက်တာမျိုး မဟုတ်ပေမယ့် အတွေ့အကြုံအရလည်း တစ်နည်းနည်းနဲ့ တတ်သွားတာမျိုးလည်း ရှိပါတယ်။ structured learning & unstructured learning တို့က တွန်းအားပေးလိုက်တဲ့အခါမှာ အရင်က inborn ပါလာတဲ့ talent ကလည်း develop ဖြစ်သွားနိုင်ပါတယ်။ နောက် စိတ်ဓါတ်ရေးရာ temperament မှာလည်း manage လုပ်သွားသလို technique ပိုင်းမှာလည်း ပိုပြီးတော့ ကျွမ်းကျင်လာတာ ဖြစ်နိုင်ပါတယ်။ ဒီကနေပြီးတော့ unstructured နဲ့ structured ပူးပေါင်းလိုက်တဲ့အတွက် အကျိုးသက်ရောက်မှု၊ အောင်မြင်မှုဆိုတဲ့ အနေအထားကို ရောက်သွားပါတယ်။ ဒါကြောင့် by nature ပါလာရုံနဲ့ မရသေးပါဘူး။ ပြုစုပျိုးထောင်ပေးပြီး သင်ကြားမှုနဲ့ အတွေ့အကြုံတွေ ရှိမှသာ အောင်မြင်မှုကိုရမှာ ဖြစ်ပါကြောင်း။ ။

(ဤတွင် သတင်းများကို ကြေငြာလို့ ပြီးပါပြီခင်ဗျာ။ :P ဒေါက်တာဒေါ်နုနုယဉ်ပြောပြတဲ့ entrepreneurship ဆောင်းပါးရှည်ကြီးကတော့ ဒီတင်ပဲ ပြီးဆုံးသွားပါပြီ။ နောက်ထပ် အကြောင်းအရာသစ်တွေ ဆက်ရေးသွားမှာမို့လို့ စောင့်ဖတ်ကြပါဦးလို့ ပြောချင်ပါတယ်ခင်ဗျာ။)

Managerial Ethics (2)

တခါတရံမှာ စီးပွားရေးလုပ်ငန်းများအနေနဲ့ တချို့သောဆုံးဖြတ်ချက်များကို ဆုံးဖြတ်ရာမှာ အတော်အခက်တွေ့ရပါတယ်။ ဥပမာ -လုပ်ငန်းက သူရဲ့ကုန်စည်အရည်အသွေးပဲဆိုကြပါစို့ ။ သူ့ကုန်စည်က စားသုံးသူအများစုက သာမန်လူတန်းစားပဲ ဆိုကြပါစို့။ low cost ကို ဦးစားပေးရင်းနဲ့ ကုန်စည်ဟာ customer ကို future မှာ side effect တွေဖြစ်လာနိုင်စရာတွေ တွေ့တဲ့အခါ managerတစ်ယောက်အနေနဲ့ အခက်တွေ့ရတာပေါ့ ။ လုပ်ငန်းရဲ့ အကျိုး၊အမြတ်ကိုပဲ သူစဉ်းစားမလား ။ သူ့customerရဲ့ social demand ကို ဦးစားပေးမလား ၊လူသားချင်းပဲ စာနာထောက်ထားစိတ်ထားမလား၊ ခေါင်းကိုက်ရတော့တာပေါ့။ အဲ့တော့ မန်နေဂျာတစ်ယောက်အနေနဲ့ (လူတစ်ဦး၊ လုပ်ငန်းတစ်ခု)အနေနဲ့ ဒီလိုမျိုး ethical decisionတွေနဲ့တွေ့ကြုံလာရင် ဘယ်လို ဆုံးဖြတ်ကြလဲဆိုတာကို ဆက်လေ့လာဖြစ်ပါတယ်။ သီအိုရီ အရ အရင်ဆုံးပြောရရင်တော့ ဆုံးဖြတ်သူ ( decision maker )ဟာ သူ့ရဲ့ စံနှုန်း၊ တန်ဖိုးထားမှုတွေပေါ်လိုက်ပြီး နည်းနာ (၄) ရပ်ရှိတယ်လို့ဆိုပါတယ်။
(၁) Utilitarion Approach
ဒီနည်းနာက ၁၉ ရာစုလောက်က စတင်ပေါ်ပေါက်လာပါတယ် ။ Jeremy Bentham နဲ့ John Stuart Mill ကို ကြံဆခဲ့တာပေါ့။ အရိုးရှင်းဆုံးလေးပါ ။ လူအများကြီးပေါ်မှာ အကောင်းဆုံးအကျိုးသက်ရောက်မှုရှိမယ့် အပြုအမူကို ရွေးချယ်သင့်တယ်လို့ဆိုပါတယ်။ သူကတော့ ဆုံးဖြတ်ချက်တရပ်အတွက် သက်ရောက်သူအကုန်လုံးကို ထည့်စဉ်းစားပေးပါတယ်။ တကယ်တော့ ဒီနည်းဟာ မလွယ်တဲ့ကိစ္စပါ ။ လူအမျိုးမျိုး စိတ်အထွေထွေပေါ့။ Different People have different wantsပါ။ မြန်မာစကားပုံတောင်ရှိပါတယ်။ လူ့အလို နတ်တောင်မလိုက်နိုင်တဲ့။ လူအများကြီးအတွက် ပြေလည်စေမယ့် ဆုံးဖြတ်ချက်ဖြစ်ဖို့ဆိုတာ အတော်အခက်တွေ့စရာပါ။
(၂) Individualism Approach
ဒီနည်းကတော့ လူတစ်ဦး၊ တယောက်စီရဲ့ ရေရှည်အကျိုးကိုပဲ ကြည့်ပါတယ်။ ဆုံးဖြတ်ချက်တစ်ခုရဲ့ သက်ရောက်မှုဟာ တစ်ဦးတစ်ယောက်စီမှာ ဖြစ်ပေါ်သွားနိုင်တဲ့ အဆိုး၊ အကောင်းကို အချိုးချပြီး individual 's long term interest ကို ဦးစားပေး ဆုံးဖြတ်ပါတယ်။ အဲ့မှာ စအငြင်းပွားစရာတွေ ဖြစ်တော့တာပါ။ လူတွေက ဒီနည်းဟာ တကိုယ်ကောင်းဆန်လွန်းတယ်ပေါ့ ။သူရဲ့ အခြေခံယူဆချက်ကတော့ မိမိအရင်ကောင်းအောင်လုပ်၊ အဲ့လို လူတိုင်းလိုက်လုပ်မယ်ဆိုရင် ဒါဆိုရင် သူများကလည်း မိမိအပေါ်ကောင်းလာမယ်။ အဲ့ကတဆင့် အဖွဲ့အစည်း ကောင်းလာမယ်။ လူ့ဘောင်ဝန်းကျင်ကောင်းလာမယ်ပေါ့။
(၃) Moral - Rights Approach
ဒါကတော့ လူသားတစ်ယောက်အနေနဲ့ သူလုပ်သင့် လုပ်ထိုက်တာ ၊ ရရှိတဲ့ အခွင့်အရေး(လူ့အခွင့်အရေး)ပေါ်မှာ လုပ်ဆောင်တာပါ။ ဒီနည်းနာနဲ့ ethical decision တွေကို ဆုံးဖြတ်မယ်ဆိုရင် decision ကြောင့် သက်ရောက်သူတွေရဲ့ လူ့အခွင့်အရေးကို ထိန်းသိမ်းနိုင်မယ်ဆိုရင် မှန်တယ်လို့ ယူဆပါတယ်။
(၄) Justice Approach
သူကတော့ ညီမျှမှု (equity)၊ တရားမျှမှု (fairness) ၊ ဘက်မလိုက်မှု (impartiality )တွေပေါ်မှာ အခြေခံပါတယ်။ ဥပမာဆိုရလျှင် - အလုပ်တစ်ခုမှာ ယောက်ျားနဲ့မိန်းမဟာ ရာထူးတူမယ်၊ အရည်အချင်းတူမယ်ဆိုရင် ခံစားခွင့်လည်း တူသင့်တယ်။ ယောက်ျားမို့လို့ လစာပိုရတာတွေ မဖြစ်သင့်ဘူး။မိန်းမမို့လို့ ဒီလိုခံစားခွင့်မရှိဘူးဆိုတာ မဖြစ်သင့်ဘူး၊
ဒီတော့ manager တစ်ယောက်အနေနဲ့ ethical decision တွေနဲ့ ကြုံရင် ဘယ်လိုလုပ်သင့်သလဲ။ သူဟာ လုပ်ငန်းရဲ့ အကျိုးအမြတ်ကိုပဲ ဦးစားပေးမလား ၊ လူ့အခွင့်အရေးတွေကို ချိုးဖျောက်မလား ၊ ညီညွှတ်မျှတမှုရှိစေမှာလား .................................
(ဆက်လက်ဖော်ပြပါဦးမည်။ )


ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားမှ


ဈေးကွက်ဆိုင်ရာမျှော်လင့်ချက်အိပ်မက်များပျောက်ဆုံးခြင်း


Trade liberalization ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ ပါဝင်ခဲ့ကြသည့် အဓိကရည်ရွယ်ချက်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဈေးကွက်များသို့ ၄င်းတို့၏ ပို့ကုန်များ အလွယ်တကူ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်ဖြစ်သည်။ သို့ရာတွင် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စည်းမျဉ်းဆိုင်ရာ ကစားပွဲများသည် ယင်းတို့၏ ပို့ကုန်တိုးမြှင့်ရေးမျှော်လင့်ချက်များကို ပိတ်ဆို့ပစ်ခဲ့သည်။


ဥရုဂွေးသဘောတူညီချက်အရ လယ်ယာထုတ်ကုန်ပစ္စည်းများ တင်သွင်းမှုတွင် quota များအား လျှော့ချပစ်ရမည်ဖြစ်သည်။ သို့ရာတွင် မည်သည့်နိုင်ငံကမျှ မိမိတို့၏ လယ်သမားများအား free trade risks များအကြားသို့ expose မလုပ်ခဲ့ကြပါ။ quota များအား အလားတူ tariffs များဖြင့် အစားထိုး၍ တဖြည်းဖြည်း လျှော့ချရေးကိုသာ ပြုလုပ်ခဲ့ကြသည်။ ထိုကဲ့သို့ အလားတူ tariffs များဖြင့် အစားထိုးရန် နိုင်ငံများအား မိမိတို့ဘာသာ လုပ်ဆောင်ခွင့်ပေးလိုက်ခြင်းသည် ကြီးမားလှစွာသော စည်းမျဉ်းဆိုင်ရာ အမှားအယွင်းကြီး ဖြစ်ခဲ့ရသည်။ ထိုအချိန်မှစ၍ နိုင်ငံအများစုသည် tariffs များ ချမှတ်ရာတွင် သာမန်ထက် လွန်စွာမြင့်မားသောနှုန်းများဖြင့် ချမှတ်ကြရာ အချို့သောပစ္စည်းများအတွက် တန်ဖိုး၏ အဆနှစ်ရာ၊ သုံးရာအထိ ချမှတ်လိုက်သည်များအထိပင် ဖြစ်ပွားလာခဲ့လေသည်။ ထိုသို့ချမှတ်ခြင်းဖြင့် အဆိုပါနိုင်ငံများသို့ တင်သွင်းသော သွင်းကုန်များ၏ တန်ဖိုးသည်လည်း အဆနှစ်ရာ၊ သုံးရာ မြင့်တက်သွားသည်ဖြစ်ရာ၊ ပြည်တွင်းထုတ်ကုန်များနှင့် ဈေးကွက်တွင် မည်သို့မျှ ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ပေ။ ဥရောပသမဂ္ဂနှင့် ဂျပန်နိုင်ငံများသည် ဆန်တင်သွင်းမှု tariffs ကို အဆပေါင်း ၅၅၀ ထိတိုးမြှင့်ချမှတ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည်ကား အဆိုပါ ဖြစ်စဉ်များတွင် အဆိုးဝါးဆုံးသော offender ဖြစ်သဖြင့် 'dirty tariffication' ဟုပဲ အများကသတ်မှတ်ခေါ်ဆိုကြလေသည်။ ထိုသို့အစပိုင်းတွင် အမြင့်မားဆုံးနှုန်းများဖြင့် ချမှတ်လိုက်ကြသဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးတွင် သဘောတူညီထားသော tariffs လျှော့ချခြင်းမှာ အဓိပ္ပာယ်မဲ့ဖြစ်သွားခဲ့လေသည်။


ထိုကဲ့သို့သော ဈေးကွက်ဝင်ရောက်ယှဉ်ပြိုင်နိုင်မှုအား ထိန်းချုပ်မှုများအကြားတွင် ထပ်မံဆိုးရွားလာသော ဖြစ်ရပ်ကား ဖွံ့ဖြိုးပြီးနိုင်ငံအစိုးရများသည် ၄င်းတို့လယ်သမားများအား subsidies အဖြစ်ပေးသည့် ငွေကြေးနှုန်းအား၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ လယ်သမားများနှင့် ယှဉ်ပြိုင်နိုင်ရန် အကြောင်းပြ၍ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အလားတူထောက်ပံ့ကြေးများအား အစိုးရများမှ မပေးနိုင်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ လယ်သမားများသည် ဈေးသက်သာသော ထုတ်ကုန်များကို ထုတ်လုပ်နိုင်သော်လည်း ဈေးကွက်တွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်ကား မဖြစ်နိုင်တော့ပေ။ ထိုသို့သော ပြဿနာများကြောင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးတွင် သဘောတူညီချက်များ မည်သို့ပင် ရှိနေစေကာမူ လယ်ယာထုတ်ကုန်ကဏ္ဍတွင် သိသာထင်ရှားသော trade liberalization ဖြစ်စဉ်များ မရှိလာခဲ့ပါ။အဆိုပါကိစ္စများအား (၂၀၀၂) ခုနှစ်တွင် Johannesburg ၌ကျင်းပသော Earth Summit တွင် အကြီးအကျယ် ငြင်းဆိုဆွေးနွေးခဲ့ကြသည်။ သို့ပေမယ့် tariffs များကား ကြီးစွာသောနှုန်းထားများဖြင့် ဆက်လက်ရှိနေဆဲသာဖြစ်သည်။


အလားတူစွာပင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အထည်အလိပ်ပို့ကုန်လုပ်ငန်းရှင်များနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများအကြားတွင်လည်း ကြီးစွာသော ပဋ္ဋိပက္ခများ ရှိနေဆဲပင်ဖြစ်သည်။ အထည်အလိပ်ကုန်သွယ်မှုတွင်လည်း ဥရုဂွေးသဘောတူညီချက်များတွင် proviso နှင့် loophole များ ရှိနေခဲ့ပါသည်။ သဘောတူညီချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံများမှ မျှော်လင့်ထားသည်အချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ထုတ်ကုန်များကမ္ဘာ့ဈေးကွက်တွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် (၁၉၉၅) တွင်ချမှတ်ထားသော quantitative restrictions များအား ဆယ်နှစ်တာကာလနောက်ပိုင်းတွင် ၄၉% လျှော့ချပေးရန် ဆိုသည့်အချက်သာဖြစ်ပါသည်။ သဘောတူညီချက်များလက်မှတ်ရေးထိုးစဉ်၌ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဤအချက်မှာ သဘောတူညီချက်၏ ချက်ချင်းသက်ရောက်မှုကို ဆွဲဆန့်ထားသော proviso မှန်းမသိခဲ့ကြ။ ပိုဆိုးသည်ကား ဖွံ့ဖြိုးပြီး နိုင်ငံများမှ အရေအတွက်အရ ထိန်းချုပ်ထားသည့်သွင်းကုန်များအား ထိန်းချုပ်မှုဖယ်ရှားချိန်တွင် ဖွံ့ဖြိုးဆဲနိုင်ငံသွင်းကုန်များ မည်သို့မျှ မယှဉ်ပြိုင်နိုင်တော့မည့် targets များချမှတ်ထုတ်လုပ်ထားခြင်းပင်ဖြစ်သည်။


တဖန် ဖွံ့ဖြိုးပြီးနိုင်ငံများသည် ဥရုဂွေးသဘောတူညီချက်အရ စက်မှုလုပ်ငန်းရှင်များအတွက် tariffs များ လျှော့ချပေးသည်မှန်သော်လည်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများက တင်သွင်းသော စက်မှုထွက်ကုန်များအပေါ်တွင် ပိုမိုမြင့်မားသော tariffs များ ချထားခဲ့သည်။ ထို့အပြင် degree of processing မြင့်မားသော ကုန်ပစ္စည်းများအတွက်လည်း ပိုမိုမြင့်မားသော tariffs များ ချထားခဲ့သည်။ ဥပမာ- ဥရောပသမဂ္ဂနိုင်ငံများသို့ cigar တင်သွင်းမှုသည် raw tobacco တင်သွင်းမှုထက် ပို၍ tariffs များပြီး၊ processed food များသည် unprocessed food များထက် ပို၍ tariffs များလေသည်။ အထည်အလိပ်ပစ္စည်းများတွင်လည်း fabrics များသည် thread ထက်ပို၍ tariffs များများ သတ်မှတ်ခြင်းခံရလေသည်။


ထိုကဲ့သို့သော Tariff escalation လုပ်ခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ၄င်းတို့၏ အစဉ်အလာ ကိုလိုနီခေတ် ကုန်သွယ်ရေး ပုံစံဖြစ်သော ကုန်ကြမ်းများနှင့် ရိုးရှင်းသောစက်မှုထုတ်ကုန်များ တင်ပို့ခြင်းတွင်သာ ဖက်တွယ်ထားစေရန်အားပေးနေသကဲ့သို့ဖြစ်သည်။ သို့ဖြစ်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများသည် processed product များအား ဖွံ့ဖြိုးပြီးနိုင်ငံများထက်ပိုမိုချိုသာသော ဈေးနှုန်းများဖြင့် ထုတ်လုပ်နိုင်စေကာမူ၊ ဖွံ့ဖြိုးပြီးနိုင်ငံများသို့တင်သွင်းရာတွင် မြင့်မားသော tariffs များကို ရင်ဆိုင်ရသဖြင့် ဈေးကွက်တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အခက်အခဲများစွာကို ဖြစ်ပွားစေတော့သည်။

(ဆက်လက်ဖော်ပြပါမည်)


ခင်မမမျိုး (၁၇၊ ၈၊ ၂၀၀၈)


Friday, August 15, 2008

Marketing Mix ဆိုတာ ဒီလိုပါ -- အပိုင်း (၂)

ကျွန်တော် အပိုင်း(၁) မှာ တင်ပြခဲ့တဲ့ Marketing Mix ရဲ့နောက်ဆက်တွဲပါ။

ကုန်စည်တွေ အနေနဲ့ အရည်အသွေး၊ အမျိုးအစား စသည်တို့မှာ ပြည့်စုံ လာပြီဆိုရင် ထုတ်ပိုးမှုပိုင်း ကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ စီးပွားရေး လုပ်တယ်ဆိုတာ အကျိုးအမြတ်ရဖို့ လုပ်ကြတာပါ။ ကုန်စည်နဲ့ ပတ်သက်ပြီး ကုန်ကျ စရိတ်ကို အသက်သာဆုံး ဖြစ်ချင်တာ လုပ်ငန်းတိုင်းရဲ့ သဘာဝပါ။ ဈေးကွက် ယှဉ်ပြိုင်မှု အားမကောင်းခင် အချိန်တုန်းက ကုန်စည်ရဲ့ ထုတ်ပိုးမှုကို အရမ်းပြင်ဆင်ဖို့ မလို ပါဘူး။ ဒါပေမယ့် ဈေးကွက် သုတေသန လုပ်ဆောင်ချက်တွေ အရ စားသုံးသူများ အနေဖြင့် ကုန်စည်ရဲ့ ထုတ်ပိုးမှု အတွက် စရိတ်ကို ကျခံ ပေးချင် ကြပါတယ်။ ဆိုလိုတာက ထုတ်ပိုးမှု မကောင်းဘဲ ဈေးသက်သာ တာထက် ထုတ်ပိုးမှု ကောင်းပြီး ဈေး အနည်းငယ် ပိုပေး ရတာမျိုး ကို ပေးချင်တဲ့ ဆန္ဒရှိပါတယ်။ ထုတ်ပိုးမှု အတွက် ကုန်ကျမယ့် ကုန်ကျစရိတ်ကို ကုန်စည်တွေ အပေါ်မှာ ခွဲဝေပြီး ကျခံတာမျိုး ဆိုရင် ကုန်ကျ စရိတ်လည်း မများတဲ့အတွက် ပိုပြီး ဈေးကွက် ၀င်နိုင်ပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့ တရုတ် ပြာကြီးရဲ့ ဈေးကွက် ကျဆင်း သွားခြင်း ဟာလည်း ထုတ်ပိုးမှုပိုင်းမှာ လိုအပ်ချက်တွေ များလာလို့ပါ။ ကျွန်တော့် ယူဆချက်အရ တရုတ်ပြာကြီးကို ထုတ်လုပ်တဲ့ လုပ်ငန်းသည် Low Cost ကို ဦးစားပေး ဟန်ရှိ ပါတယ်။

ကုန်စည်တစ်ခုဟာ ဈေးကွက်ထဲမှာ နေရာရလာပြီဆိုရင် Brand ကိုလည်း စားသုံးသူများနဲ့ ရင်းနှီးစေရပါမယ်။ Brand Loyalty ကို မိမိ ကုန်စည်ပေါ်မှာ အပြည့်အ၀ ရှိအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဘယ်လို လုပ်ဆောင်ရလဲဆိုတာ Marketing Mix အားလုံး ဖတ်ပြီး သွားတဲ့အခါ နားလည် လာပါလိမ့်မယ်။ Marketer တွေအနေနဲ့ ကုန်စည်နဲ့ ပတ်သက်ပြီး Labelling ကို ကောင်းစွာ သတိထား ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်း အများစုဟာ Labelling ကို တံဆိပ်တပ်ခြင်း အဖြစ်သာ ရှုမြင် ကြပါတယ်။ ဒါပေမယ့် Labelling ဟာ မိမိ ကုန်စည်ရဲ့ အရည်အသွေး ဆိုင်ရာ သတင်း အချက်အလက် များကို ဖော်ပြခြင်း ဖြစ်ပါတယ်။ အချို့သော ကုန်စည် တွေ အပေါ်မှာ Labelling ကို ကောင်းစွာ မလုပ်ခဲ့ရင် ဈေးကွက် ၀ယ်လိုအားကို ထိခိုက် စေပါတယ်။

ဥပမာ - စားသောက်ကုန်တွေမှာ လူမျိုးမရွေးဘာသာမရွေး စားသုံးနိုင်တယ်ဆိုတဲ့ Label မျိုး လိုအပ်ပါတယ်။ Marketer တွေအနေနဲ့ သတိထားဖို့လိုတာက Labelling လုပ်တဲ့အခါ မိမိကုန်စည်ရဲ့ အရည်အသွေးမှန်ကိုသာ ဖော်ပြသင့်ပါတယ်။ ကြော်ငြာသဘောမျိုး Label လုပ်တာမဖြစ်သင့်ပါဘူး။ စားသုံးသူတွေအနေနဲ့ ၀ယ်ယူသုံးစွဲပြီး Label လုပ်ထားတဲ့အတိုင်း အရည်အသွေးမမီခဲ့ရင် ကုန်စည်အပေါ် Customer တွေရဲ့ Trust ဆုံးရှုံးသွားနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ Trust ပျက်သွားရင် ငွေကြေးဆုံးရှုံးမှုထက် သာလွန်တဲ့ ဆုံးရှုံးမှုကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သို့ဖြစ်ရာ မိမိကုန်စည်၏ Label ကို အပိုအလိုမရှိ တိကျစွာ ပေးတတ်ရန်လိုအပ်ပါသည်။
ဆက်လက် ဖော်ပြပါမည်။

စာကြွင်း။ ။ ကျွန်တော် လေ့လာမိသလောက် ကုန်စည်နဲ့ ပတ်သက်ပြီး ဈေးကွက်အ၀င် ခြေလှမ်းသပ်ရပ်သော ကုန်စည်များစွာ မြန်မာနိုင်ငံ၌ ရှိပါသည်။

ပညာနဲ့ပညာတတ်(၂)

ပညာနဲ့ ပညာတတ် (၁) မှာ ပညာရဲ့ သဘော သဘာဝကို မိမိ နားလည်သလို တင်ပြ ထားပြီး နောက် ပညာရှင်တွေ လျှောက်ရာ လမ်းများ ကိုလည်း အကြမ်းဖျင်း (သာမန်မျှသာ) လေး ခွဲကြည့် မိပါတယ်။ ဒီတော့ အကယ်ဒမစ် ( academic ) နဲ့ ( technique ) လိုင်းဆိုပြီး သတိထား မိလေရဲ့။ လျှောက်တဲ့ လမ်းကြောင်းနဲ့ ဘာသာရပ် သဘောတရား အရ (academician ) နဲ့( technician ) ဆိုပြီး ရပ်တည် ကြကုန် ပါတယ်။ ယေဘုယျ အားဖြင့်တော့ အကယ်ဒမစ် ဆိုတာ အတွေး အခေါ်ကို ပိုပြီး ဦးစား ပေးတတ်ပါတယ်။ လွတ်လပ်တယ်၊ ကွန့်မြူးတယ်၊ ကိုယ်ပိုင် တန်ဖိုး ယူဆချက် ( value judgment ) အားသန် တယ်လေ။ အထူးသဖြင့် လူမှု သိပ္ပံ ဘာသာရပ်တွေ၊ အနုပညာရပ် တွေ မျိုးပေါ့။ သူတို့ဟာ အဖြေတစ်ခုတည်း ပေးနိုင်ဖို့ မကြိုးစား ကြဘူး။ ဖြစ်ပျက် နေတာတွေကို နားလည်အောင် ကြိုးစားတယ်။ လူတွေကို နားလည်အောင် ရှင်းပြဖို့ ၀န်မလေး ပေမယ့် နားမလည် ရင်လည်း လက်ခံ ပေးနိုင် ကြတယ်လေ။ ရလဒ် တစ်ခုကို ရဲရဲကြီး အာမခံ မပေးချင်တော့ တစ်ချို့ အလုပ်တွေ ဆိုရင် အကယ်ဒမစ် ဆန်ဆန် တွေးတောသူတွေ မလိုချင်ပါဟု ဗြောင်ဖော်ထုတ် ကြတာ တွေ့ရပါတယ်။ မည်သို့ပင် ဖြစ်စေ လူမှု သိပ္ပံဆိုင်ရာ ပြဿနာ များမှာ လူသားများ တွင်သာ အရင်းခံလာရာ အကယ်ဒမစ် ပညာရှင်များ မှာလည်း တစ်ထောင့် တစ်နေရာမှ ကူညီ ဖြေရှင်း ပေးနေမည် ဖြစ်ပါ ကြောင်း ။ ။ ... ... ။

"technician" နှင့် ပတ်သက်၍ ဆက်လက် တင်ပြ သွားပါမည် ခင်ဗျာ။
( လိုအပ်ချက်များ ထောက်ပြ၊ ထပ်မံ ဖြည့်စွက် ကြရန် မျှော်လင့်လျက် ... ကိုကိုဖရီး)

Marketing Mix ဆိုတာ ဒီလိုပါ -- အပိုင်း (၁)

ကျွန်တော်လေ့လာသင်ကြားခဲ့ရဖူးတဲ့(Marketing Mix ) သီအိုရီတွေ အကြောင်း အနည်းငယ်တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ စီးပွားရေး လောကမှာ အိုင်ဒီယာကောင်းကောင်းနဲ့ ဈေးကွက်သဘောတရားများကို မှန်ကန်စွာ အသုံးချနေတဲ့ စီးပွားရေး လုပ်ငန်းအချို့အကြောင်း ကြွားလုံးထုတ်ခြင်းလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းအများစုဟာ မိသားစုလုပ်ငန်းဆန်ပါတယ်။ တချို့ လုပ်ငန်းတွေက မိဘလက်ငုတ်လက်ရင်းကို လက်ဆင့်ကမ်းခဲ့တာမျိုးပါ။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် ဈေးကွက်လုပ်ဆောင်ချက်တွေကို ကောင်းစွာ သဘော ပေါက်ပြီး လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် ပိုပြီးအောင်မြင်နိုင်ပါတယ်။ ဒီသဘောထားလေးနဲ့ ( Marketing Mix) ခေါင်းစဉ်ကို သိသမျှ တင်ပြလိုက်ရပါတယ်။

စီးပွားရေး လုပ်ငန်းတွေ စတင်ဆောင်ရွက်မယ်ဆိုရင် ဒီခေတ်၊ ဒီစနစ်ရဲ့ အကြောင်းတွေကို လေ့လာဖို့ လိုအပ်ပါတယ်။ ဈေးကွက်ထဲမှာ ရပ်တည်တဲ့ စီးပွားရေး လုပ်ငန်းတွေက ထုတ်လုပ်မှုလုပ်ငန်း (Manufacturing Industry)၊ ကုန်သွယ်မှုလုပ်ငန်း (Trading Organization)၊ ၀န်ဆောင်မှုလုပ်ငန်း(Service) ဆိုပြီး ခွဲခြားကာ လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ၀န်ဆောင်မှုကို နွယ်သော အခြားသော လုပ်ငန်းတွေလည်းရှိပါသေးတယ်။ ဘယ်လို ကုန်စည်၊ ၀န်ဆောင်မှုကို ဖြစ်စေ ဈေးကွက်ထဲသို့ အရောက်ပို့ဆောင်ရာမှာ ဈေးကွက်ထဲကို လွယ်ကူ၊ မြန်ဆန်၊ ထိရောက်စွာ စားသုံးသူများ ရှေ့မှောက်ပို့ဆောင်နိုင်ရန် လိုအပ်ပါတယ်။ ဒါကြောင့် စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ဈေးကွက်ကို ကောင်းစွာ ဆန်းစစ်နိုင်ရန် လိုအပ်ပါတယ်။

PRODUCT MIX

ဈေးကွက်အတွင်းကို ရောက်အောင်ပို့ဆောင်မယ့် ကုန်စည်များ၊ ဈေးကွက်အတွင်း ရှိနေပြီးသား ကုန်စည်များအတွက် ဈေးကွက်ရပ်တည်နိုင်မှုကို ထိန်းရာတွင် ကုန်ပစ္စည်း၏ အရည်အသွေးကို ကောင်းစွာ ထိန်းသိမ်းရမည်။ ယခုအချိန်တွင် ဈေးကွက်လိုအပ်ချက်အရ အရည်အသွေးဆန်းစစ်မှု (Quality Control)ကို မိမိကုန်စည်တစ်ခုတည်း အပေါ်တွင်သာ အာရုံစိုက်၍ မရနိုင်ပေ။ ဈေးကွက်အတွင်း မိမိ၏ ပြိုင်ဖက်ကုန်စည်များ၏ အရည်အသွေး ကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

ဈေးကွက်၏ လိုအပ်ချက်များအရ မိမိကုန်စည်၏ ရရှိပြီးသား ဈေးကွက်ရှယ်ယာများကို ထိန်းနိုင်ရန်၊ အသစ်ဝင်ရောက်လာမည့် ပြိုင်ဖက်ကုန်စည်များ၏ ယှဉ်ပြိုင်မှုကို ကာကွယ်နိုင်ရန်၊ အခြားလုပ်ငန်းများနှင့် ကွဲပြားခြားနားသော အသွင်သဏ္ဍာန်ကို ဆောင်ရန် မိမိကုန်စည်သည် အမျိုးအစားများစွာ နှင့် ဈေးကွက်ထဲတွင် ရပ်တည်နိုင်ရန်လိုအပ်သည်။ ဥပမာအနေဖြင့် သွားတိုက်ဆေးဈေးကွက်ကို ရှုမြင်ကြည့်ပါစို့။

ဈေးကွက်ထဲတွင် ကာလကြာရှည် အိမ်ရှင်မများ ရွေးချယ်ခဲ့သော သွားတိုက်ဆေးအမျိုးအစားမှာ တရုတ်ပြာကြီးဖြစ်သည်။ ဈေးနှုန်းသက်သာသောကြောင့် ၀င်ငွေအဆင့်မမြင့်သောသူများက သုံးစွဲကြသည်။ တရုတ်ပြာကြီးသည် ဈေးကွက်ထဲတွင် ကောင်းစွာရပ်တည်နေနိုင်သော်လည်း နောက်ပိုင်းတွင် လက်သစ်၊ လက်ဟောင်းစသည်ဖြင့် အရည်အသွေး မထိန်းနိုင်ခြင်းကြောင်း ဈေးကွက် တောင်းဆိုမှုများ လျော့ကျသွားခဲ့ရသည်။ ထိုအချိန်တွင် ဈေးကွက်အတွင်းသို့ အသစ်ဝင်လာသူမှာ လေဆာသွားတိုက်ဆေး ဖြစ်သည်။ အရည်အသွေး၊ ထုတ်ပိုးမှု၊ သင့်တော်သော ဈေးနှုန်းတို့ဖြင့် ဈေးကွက်ကို ချဉ်းကပ်လာရာ ဈေးကွက်အတွင်း နေရာရလာခဲ့သည်။ တစ်ချိန်တည်းမှာပင် ဈေးကွက်အတွင်းသို့ သွားတိုက်ဆေး တံဆိပ်အသစ်များ များစွာထိုးဖောက်လာခဲ့သည်။ လေဆာသည် ဈေးကွက်အတွင်း ရပ်တည်နိုင်ပြီ ဖြစ်သော်လည်း လေဆာရေခဲဟူ၍ အသစ်တစ်မျိုးဖြင့် ဈေးကွက်ကို ထိုးဖောက်ခဲ့ပြန်သည်။ အကြောင်းမှာ ဈေးကွက်အတွင်း အလွန်အမင်း ယှဉ်ပြိုင်မှုများကြောင့် ဖြစ်သည်။ အိမ်ရှင်မများအနေဖြင့် လက်ရှိသုံးစွဲနေကျ လေဆာကုန်သွားသောအခါ ဈေးကွက်အတွင်း ရွေးချယ်စရာ များသောကြောင့် နောက်တံဆိပ်အသစ်ကို ပြောင်းလဲသုံးစွဲနိုင်သည်။ မည်သို့ဆိုစေ ယှဉ်ပြိုင်မှုများကြောင့် ရပြီးသား ဈေးကွက်ရှယ်ယာများ ကျသွားနိုင်သည်။ သို့ဖြစ်ရာ အိမ်ရှင်မများ၏ ရွေးချယ်မှုတွင် လေဆာသည် သူ၏ ကိုယ်ပွားတစ်ခုအား အသစ်အနေဖြင့် ၀င်တန်းစီခြင်းဖြစ်ပေသည်။ အထက်ပါနည်းအတိုင်း ၀င်ရောက်တန်းစီရသောကြောင့် ဈေးကွက်အတွင်း လေဆာကိုယ်ပွားများဖြစ်သည့် လေဆာသုံးရောင်ခြယ်၊ လေဆာသံပုရာ ဟူ၍ များစွာသော ကုန်စည်များ တစ်မျိုးပြီး တစ်မျိုး ၀င်ရောက်လာခြင်းဖြစ်သည်။ လေဆာအနေဖြင့် ဈေးကွက်ခိုင်မာလာသောအခါ ရပြီးသား () ကိုအခြေပြုကာ လေဆာဆပ်ပြာကိုပါ ပူးတွဲတင်ဆက်ထားခြင်းဖြစ်သည်။ မည်သို့ဆိုစေ လေဆာ၏ ဈေးကွက်နေရာယူသော ခြေလှမ်းများသည် လွန်စွာသပ်ရပ်မြန်ဆန်သည်ဟု သုံးသပ်ရပေသည်။

ဆက်လက်ဖော်ပြပါမည်။

Managerial Ethics

ဒီလုပ်ငန်းကတော့ကွာ လူ့ကျင့်ဝတ်နဲ့ မအပ်စပ်တာတွေ လုပ်တယ်ကွာ . . . . စသဖြင့် ကြားနေကြရမှာပါ။ ကျင့်ဝတ်(Ethics)လို့ ဆိုလိုက်ရင် ကျင့်ဝတ်ဆိုတာ ဘာလဲလို့မေးစရာ ဖြစ်လာပါတယ်။ မဖြစ်မနေဘဲ လိုက်နာကျင့်သုံးရမှာလား ၊ လိုက်လုပ်ဖို့လိုအပ်လား စသဖြင့် စောဒကတက်စရာတွေ ဖြစ်လာပါတယ်။ ဒါဆို ကျင့်ဝတ်ဆိုတာဘာလဲပေါ့ ။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် လူပုဂ္ဂိုလ်၊ သို့မဟုတ် အဖွဲ့အစည်းများ၏ အပြုအမူများအား အမှန်ကို ဆောင်၍ အမှားကို ရှောင်စေနိုင်ရန်အတွက် လိုအပ်သော moral principles/ values လို့ ဆိုနိုင်ပါတယ်။
လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများ၏ အပြုအမူဟာ ကျင့်ဝတ်နှင့်ညီမညီ ဆုံးဖြတ်ဖို့ရာဆိုရင် အရင်ဆုံး လူပုဂ္ဂိုလ် တွေရဲ့အပြုအမူ တွေဘယ်လို ပြုမူကြတယ် ဘာကြောင့် ပြုမူကြတယ်ဆိုတာ သိထားဖို့လိုပါတယ်။ Management ပညာရှင် Richard L. Daft က လူတွေရဲ့ အပြုအမူတွေဟာ အုပ်စု (၃ )စုအတွင်းမှာ ကျရောက်ပါတယ်လို့ဆိုပါတယ်။ ပထမအုပ်စုက Domain of Codified Law ပါ။ ဒီအုပ်စုမှာတော့ လူတွေဟာ တရားဥပဒေအရ သတ်မှတ်ချက်များကြောင့် မဖြစ်မနေလုပ်ဆောင်ကြတဲ့အပြုအမူတွေပါ ။ ဥပမာပြောရရင် လူတစ်ဦးဟာ အစိုးရသတ်မှတ်ထားတဲ့ အခွန်ကို မဖြစ်မနေထမ်းဆောင်ရတာမျိုးလို့၊ ယာဉ်မောင်းမယ်ဆိုရင် လိုင်စင်ရှိရမယ်လို့ပေါ့။ Legal Standards အရလို့ဆိုလို့ရပါတယ်။ ဒုတိယအုပ်စုကတော့Domain of Free Choiceပါ။ သူကတော့ ဥပဒေအရ ဘာမှ မပြောထားသော ၊ မိမိစိတ်တိုင်းကျလွတ်လပ်စွာဆောင်ရွက်ခွင့်ရှိသော အပြုအမူများပါ။ ဥပမာ- လူတိုင်းတွင် ဘာသာရေးကို မိမိစိတ်ကြိုက်ရွေးချယ် ကိုးကွယ်ကြပါတယ်။ ပစ္စည်းများကိုလည်း မိမိစိတ်တိုင်းကျ ၀ယ်ကြပါတယ်။ အဲ့အပြုအမူတွေက Personal Standardsအရ လုပ်ကြပါတယ်။နောက်ဆုံးအုပ်စုကတော့ Domain of Ethicsပါ။ သူကတော့ ပထမအုပ်စုနဲ့ ဒုတိယအုပ်စုကြားလို့ ဆိုနိုင်ပါတယ်။ ဒီအုပ်စုမှာတော့ ဥပဒေအရတော့သတ်မှတ်ထားခြင်းမရှိပါဘူး ဒါပေမယ့် လူတစ်ယောက်အနေဖြင့် အဖွဲ့အစည်းအနေဖြင့် morally အရ လုပ်သင့်လုပ်ထိုက်တဲ့ စံသတ်မှတ်ချက်အပြုအမူတွေပါ။ ဒီအပြုအမူတွေကြောင့် လူမှုဝန်းကျင်ကိုတော့ ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်ဖို့လိုအပ်တဲ့ အပြုအမူတွေပါ။
ဒါဆိုရင် လူတွေ အပြုအမူတွေကို ဘယ်လိုပုံစံတွေနဲ့ ပြုမူနေတယ်ဆိုတာ အကြမ်းဖျင်းတော့ နားလည်ကြမှာပါ။ (ဆက်လက်ဖော်ပြပါဦးမည်)

Thursday, August 14, 2008

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားမှ စည်းမျဉ်းဆိုင်ရာကစားပွဲများ (အပိုင်း -၂)



နောက်ခံသမိုင်းအကျဉ်း (သို့မဟုတ်) ဒိုဟာသို့ခရီးလမ်း


(၂၀၀၁) ခုနှစ်၊ နိုဝင်ဘာလ၌ ဒိုဟာမြို့တော်တွင် Development Round ပြုလုပ်ခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ မူလသမိုင်းအစကား (၁၉၄၇) ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော GATT ဟုအတိုကောက်ခေါ်ကြသည့် General Agreement on Tariffs and Trade သဘောတူညီချက်ဟု ဆိုရမည်ဖြစ်သည်။ GATT တွင် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နိုင်ငံအများစုကြားတွင် ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုများ တပြိုင်တည်းပြုလုပ်သည့် ရှစ်ကြိမ်မြောက် Multilateral trade negotiations တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။


(၁၉၃၀)ဆယ်စုနှစ်များအတွင်းက ကမ္ဘာတ၀ှမ်းတွင် ဆိုးဝါးလှစွာသော စီးပွားပျက်ကပ်ကြီး ဖြစ်ပွားခဲ့ရာ၊ အလုပ်လက်မဲ့နှုန်းများ အလွန်ပင် မြင့်မားခဲ့လေသည်။ ထိုပြဿနာကို နိုင်ငံအများစုက သွင်းကုန်များကို ကန့်သတ်ချက်များပြုလုပ်၍၊ ပို့ကုန်များကို subsidized လုပ်သော ပေါ်လစီချမှတ်၍ ရင်ဆိုင်ဖြေရှင်းခဲ့ကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဈေးနှုန်းသက်သာသော သွင်းကုန်များဝင်ရောက်လာပြီး၊ ပြည်တွင်းထုတ်လုပ်မှုအား ထိခိုက်စေခြင်းကို ကာကွယ်နိုင်သကဲ့သို့၊ ပို့ကုန်လုပ်ငန်းများတွင်လည်း ၊ လုပ်သားဦးရေတိုးတက်ခန့်ထားမှုများပြုလုပ်နိုင်ပေသည်။ နိုင်ငံတခုချင်းအနေဖြင့် ကြည့်ပါက အဆိုပါ ပေါ်လစီသည် ကျိုးကြောင်းဆီလျော်မှုရှိသည်မှာ မှန်သောလည်း၊ နိုင်ငံအများစုမှတပြိုင်တည်း ပြုလုပ်လိုက်သောအခါ 'beggar-thy-neighbor' ပေါ်လစီဖြစ်သွားပြီး အခြေအနေများကိုသာ ပိုမိုဆိုးဝါးသွားစေခဲ့သည်။ ဥပမာ- ဘောလုံးပွဲတခုတွင် လူတယောက်က မတ်တပ်ရပ်ကြည့်ပါက ပိုမိုကောင်းမွန်သော မြင်ကွင်းကို ထိုသူမြင်ရမည်ဖြစ်သော်လည်း လူအားလုံးမတ်တပ်ရပ်ကြည့်ပါက မည်သူမျှ ကောင်းမွန်သောမြင်ကွင်းကို မြင်ရမည်မဟုတ်ပဲ တိုးဝှေ့ခုန်ကြည့်နေရ၍ ပင်ပန်းဆင်းရဲခြင်းသာ ဖြစ်စေသကဲ့သို့ဖြစ်လေသည်။


(၁၉၄၇)တွင် GATT ကိုလက်မှတ်ရေးထိုးကြခြင်းမှာ ထိုကဲ့သို့သော (၁၉၃၀) ဆယ်စုနှစ်ပြဿနာများ ထပ်မံမဖြစ်ပွားစေရန် ရည်ရွယ်၍ ဖြစ်သည်။ ယေဘုယျအားဖြင့် သွင်းကုန်ကန့်သတ်ခြင်းတွင် tariffs (customs duties) နှင့် Quantitative restrictions (quota) ပေါ်လစီနှစ်မျိုးချမှတ်ကျင့်သုံးလေ့ရှိကြသည်။ Tariffs ပေါ်လစီဖြင့် ပို့ကုန်၊ သွင်းကုန်များအပေါ်တွင် အခွန်ကောက်ခံနိုင်ပြီး၊ quota နည်းအားဖြင့် သွင်းကုန်အရေအတွက်အား ကန့်သတ်နိုင်လေသည်။ သို့ဖြစ်ရာ GATT သဘောတူညီချက်အရ လက်မှတ်ရေးထိုးထားသော နိုင်ငံများသည် quota နှင့် export subsidies ပေါ်လစီများကို ပယ်ဖျက်ပေးရမည်ဖြစ်သည်။ Tariffs များလျှော့ချခြင်းကိုမူ principle of reciprocity ပေါ်တွင် အခြေခံ၍ နိုင်ငံများအချင်းချင်း ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်သည်။ ဥပမာ- နိုင်ငံအေသည် နိုင်ငံဘီမှ တင်သွင်းသော သွင်းကုန်များအပေါ်တွင် tariffs များ လျှော့ချပါက အပြန်အလှန်အားဖြင့် နိုင်ငံအေမှတင်သွင်းသော ကုန်ပစ္စည်းများအပေါ်တွင် နိုင်ငံဘီမှ tariffs reductions များ ပြုလုပ်ရန်ဖြစ်သည်။


GATT အရ (၁၉၄၇)မှ (၁၉၇၀)ကာလများအထိ multilateral negotiations ခုနစ်ကြိမ်ပြုလုပ်ခဲ့ရာ၊ ဖွံ့ဖြိုးပြီးနိုင်ငံများအကြား စက်မှုထုတ်ကုန်များကုန်သွယ်ရေးမှ tariffs အတားအဆီးများကို သိသာထင်ရှားစွာ လျှော့ချနိုင်ခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်မူ GATT အား ကနဦးလက်မှတ်ရေးထိုးသော နိုင်ငံ (၂၃) နိုင်ငံတွင် ဖွံ့ဖြိုးဆဲနိုင်ငံများပါဝင်ခဲ့ပြီး၊ နောက်ပိုင်းကာလများတွင် ထပ်မံလက်မှတ်ရေးထိုးသော နိုင်ငံများရှိခဲ့သည်မှန်သော်လည်း၊ လက်တွေ့တွင်ကား ဖွံ့ဖြိုးဆဲနိုင်ငံများသည် အင်အားကြီးနိုင်ငံများ၏ motives နှင့် free trade အိုင်ဒီယာများအပေါ်တွ် သံသယများရှိနေခဲ့လေသည်။ သို့ဖြစ်ရာအနှစ်လေးဆယ်နီးပါး ကုန်သွယ်မှုအတားအဆီးလျှော့ချရေးလုပ်ဆောင်ချက်များတွင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ တက်ကြွစွာ ပါဝင်မှုအား နည်းပါးခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ၄င်းတို့၏ ကုန်သွယ်မှုအတားအဆီးများအား လျှော့ချခြင်းမပြုခဲ့ကြသကဲ့သို့၊ အပြန်အလှန်အားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ reciprocal concessions များကိုလည်း ရရှိခဲ့ခြင်း မရှိခဲ့ပါ။


အထက်ပါအခြေအနေများသည် (၁၉၈၀) ဆယ်စုနှစ်များတွင်ကား အပြောင်းအလဲများ ဖြစ်လာခဲ့လေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုမှာ နှောင့်နှေးပြီး၊ ပို့ကုန်များ ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှုမှာလည်း ကျဆင်းလာခဲ့သည်။ အာရှဈေးကွက်တွင်လည်း တောင်ကိုးရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူနိုင်ငံများ၏ စီးပွားရေးအခြေအနေများသည် export လုပ်ခြင်းဖြင့် တဟုန်ထိုးတက်လာခဲ့သည်။ ထိုသို့သောပြောင်းလဲမှုအခြေအနေများတွင် ကမ္ဘာ့ဘဏ်နှင့် အိုင်အမ်အက်ဖ်တို့မှ ဖိအားများဖြင့် ပေါင်းစပ်လိုက်သောအခါ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကုန်သွယ်မှုအတားအဆီးများကို လျှော့ချခြင်း၊ ဖယ်ရှားခြင်းများ ပြုလုပ်ရသည့် trade liberalization ပေါ်လစီကို မလွဲမသွေအကောင်အထည်ဖော်ကြရတော့သည်။


ဤသို့ဖြင့် (၁၉၈၆) တွင်ကား ရှစ်ကြိမ်မြောက် multilateral negotiations စတင်ခဲ့သည်။ Uruguay Round ဟူ၍ နောင်တချိန်အမည်တွင်လာသည့် အဆိုပါ roundသည် ယခင်ပွဲများထက်စာရင် ပိုမိုအောင်မြင်မှုရှိသကဲ့သို့ ၊ အချိန်လည်းပိုကြာခဲ့သည်။ နိုင်ငံများလည်း ပိုမိုစုံလင်စွာပါဝင်လာခဲ့သည်။ (၁၉၉၄) တွင် အဆုံးသတ်ချိန်၌ကား သဘောတူညီချက်နှင့်နားလည်မှု (၃၀)ကျော်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပြီး၊ WTO ဟူသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးကို တည်ထောင်နိုင်ခဲ့ကြသည်။


အစပထမတွင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် သိသာထင်ရှားသော concessions များပြုလုပ်ခဲ့ကြပြီး၊ ဈေးကွက်များကို ဖွင့်ပေးခဲ့ကြသည်။ အပြန်အလှန်အားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများမှလည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အဓိကထုတ်ကုန်များဖြစ်သော လယ်ယာထွက်ကုန်များနှင့် အ၀တ်အထည်ပစ္စည်းများအား စည်းမျဉ်းခံ trade liberalization ပြုလုပ်ပေးရန် ကတိပြုခဲ့ကြသည်။ အဓိကအနေဖြင့်

  • ဖွံ့ဖြိုးဆဲနိုင်ငံများသည် tariffs များ၊ subsidies များလျှော့ချရန် သဘောတူညီခဲ့ကြသည်။

  • လယ်ယာကဏ္ဍအား reciprocal concessions framework အတွင်းသို့ထည့်သွင်း၍၊ မိမိတို့လယ်သမားများအား ပြည်ပဈေးကွက်တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် သဘောတူညီခဲ့ကြသည်။

  • trade liberalization အား အခြားသော ၀န်ဆောင်မှုလုပ်ငန်းများဖြစ်သော ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းများတွင်ပါ ချဲ့ထွင်ရန် သဘောတူညီခဲ့ကြသည်။

  • GATT/ WTO framework အရ intellectual property rights ကို အကာအကွယ်ပေးရန်ကိုလည်း သဘောတူညီခဲ့ကြသည်။


အလားတူ concessions များကို ဖွံ့ဖြိုးပြီးနိုင်ငံများမှလည်း သဘောတူညီခဲ့ကြသည်။ သို့ပေမယ့် မတူညီသော စီးပွားရေးအခြေအနေများနှင့် သဘောတူညီချက်များမှ အားနည်းချက်များပေါ်တွင် အခွင့်အရေးယူတတ်မှုများကြောင့် ဖြစ်ပေါ်လာသည့်ရလာဘ်များမှာကား ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မတူညီခဲ့ပါ။ မည်သို့ဆိုစေ WTO framework သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးပေါ်လစီများအပေါ်တွင် ကြီးစွာသော သက်ရောက်မှုများရှိခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။ နိုင်ငံကြီးများမှ WTO စည်းမျဉ်းများနှင့်ကစားကာ ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ်တွင် အခွင့်အရေးယူမှုများ ပြုလုပ်ခြယ်လှယ်နေသည်ဟု အချို့ကဆိုနေကြပါပြီ။ လက်တွေ့မှာဘာတွေဖြစ်ခဲ့ကြသနည်း။ လေ့လာကြည့်ကြပါစို့။


(ဆက်လက်ဖော်ပြပါမည်)


ခင်မမမျိုး (၁၄၊ ၈၊ ၂၀၀၈)