Wednesday, December 31, 2008

အလေးထားရမည့် ကွာဟမှုများ

( မြို့ပြဖြစ်ထွန်းမှုကို အောင်အောင်မြင်မြင်ထိန်းသိမ်းနိုင်လျှင် အာရှ၏ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်မည် -Sachs)

လုပ်ကြံခံရသောအမေရိကန်သမ္မတဟောင်း ကနေဒီကပြောဖူးသည်။ ဘ၀ဆိုတာမျှတစွာ ဆက်ဆံခြင်းမခံရ တတ်ဘူးတဲ့။ နိုင်ငံတစ်ခု ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် လူတိုင်းကြီးပွားချမ်းသာကာ ဖွံ့ဖြိုးမှုအသီးအပွင့်များ ရယူခံစားနိုင်လိမ့်မည်ဟု မယူဆနိုင်ပေ။ (GDP ဆိုသည်မှာ လူတစ်ဦးကျပျှမ်းမျှထုတ်လုပ်နိုင်မှုကို သင်္ချာညီမျှခြင်း တစ်ခုဖြင့် ဖော်ပြနိုင်ခြင်းသာဖြစ်ပြီး တကယ်ထုတ်လုပ်နိုင်မှုကို မရည်ရွယ်ပေ) ။ ဈေးကွက်စီးပွားရေးစနစ်ကို အခြေပြုလာသော အာရှနိုင်ငံအများစုတွင် စီးပွားရေးအရတိုးတက်မှုများ ရှိနေကြသည်ကို တွေ့ရသည်မှာ ကြာပြီဖြစ်သည်။ ဥပမာအားဖြင့် ၁၉၉၀ ခုနှစ်များအတွင်း အာရှဒေသ၏ လူတစ်ဦးကျဝင်ငွေတိုးတက်မှုမှာ အရှေ့အာရှတွင် ၅ ရာခိုင်နှုန်း၊ တောင်အာရှတွင် ၃ ရာခိုင်နှုန်းအထိရှိခဲ့သည်။ ကျွဲကူးရေပါဆိုသလို အခြား လူမှုဖွံ့ဖြိုးရေးညွှန်ကိန်းများဖြစ်သည့် မျှော်မှန်းလူ့သက်တမ်းနှင့် စာတတ်မြောက်မှုနှုန်းများလည်း တိုးတက် လာခဲ့လေသည်။ သို့သော် ထိုကဲ့သို့တိုးတက်မှုများမှာ နေရာတိုင်းထောင့်တိုင်းကို လုံလုံလောက်လောက် ထိတွေ့မှုမရှိနိုင်ခဲ့သေးချေ။ အထူးသဖြင့် မြို့ပြနှင့် ကျေးလက်ဒေသကြား ကွာဟမှု ကြီးမားနေခြင်းပင်။ လူသားတစ်ဦး၏ရပိုင်ခွင့်၊ ရနိုင်ခွင့်များမှာ လူမျိုးရေးအရ၊ ဘာသာတရားအရ၊ လိင်အရ ကွဲပြားခြားနားနေခဲ့သည်။

အာရှဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုများကို လိုလိုလားလား လက်ခံရမည်ဖြစ်သော်ငြား ယင်းဖွံ့ဖြိုးတိုးတက်မှုများ၏ အရည်အသွေးနှင့် ပျံ့နှံ့ပေါက်ရောက်မှု မျှတမှုရှိမရှိဆိုသည်ကိုကား လစ်လျူရှုလို့တော့မရချေ။ လူမှုရေး ဘာသာရပ်များ၏ နည်းနာနိသယျများမှာ တစ်ခုကောင်းမရှိတတ်သလို မြို့ပြဦးဆောင်သည့် ဖွံ့ဖြိုးရေးလမ်းစဉ်မှ ကျေးလက်ဦးဆောင်သည့် ဖွံ့ဖြိုးမှုလမ်းကြောင်းများလည်း တွေ့မြင်ခဲ့ရသည်။ ဆိုလိုသည်မှာ ဖွံ့ဖြိုးရေးတွန်းအား များ၏အရွေ့သည် မြို့ပြမှ ကျေးလက်ဆီသို့ဖြစ်သည်။ အာရှဒေသတွင် ၁၉၇၀ ပြည့်နှစ်များက မြစိမ်းရောင် တော်လှန်ရေးကြောင့် လယ်ယာကဏ္ဍများ တဟုန်ထိုး တိုးတက်မှုနှင့်အတူ နိုင်ငံတိုင်းလိုလို စီးပွားရေးအရ ကြွယ်ဝချမ်းသာမှုများ ဖြစ်တည်လာရန်အစကောင်းခဲ့သည်။ ကျေးလက်ဒေသများ၏ တိုးတက်မှုမှာ မြို့ပြဒေသထက်ပင်မြန်ဆန်ခဲ့ပြီး လယ်သမားများ၏၀င်ငွေမှာလည်း သိသာစွာပင်တိုးတက်နေခဲ့သည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံတွင် စိုက်ပျိုးရေး၌ ဘုံစနစ်ကို ဈေးကွက်စနစ်ဖြင့် သွတ်သွင်းပြောင်းလဲပြီးနောက် လယ်ယာထုတ်ကုန်တိုးတက်မှုများ သိသိသာသာရရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြို့ပြနှင့်ကျေးလက်ဒေသကြား ကွာဟမှုမှာလည်း ကျုံ့သွားခဲ့ပေသည်။ သို့သော် ဖွံ့ဖြိုးမှုဆိုင်ရာ တခြားဒိုင်မင်းရှင်းဘက်မှ လှည့်ကြည့်လျှင် ကမ်းရိုးတန်းဒေသနှင့် ကုန်းတွင်းပိုင်းဒေသကြား ကွာဟမှုကိုလည်း ထင်ရှားစွာတွေ့မြင်လာရသည်။

တရုတ်နိုင်ငံတွင် ကမ်းရိုးတန်းမြို့များဖြစ်သော ရှန်ဟိုင်းနှင့်ရှန်ဇန်းမြို့များ၌ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ စုပြုံရင်းနှီးကြသဖြင့် ထိုမြို့များအချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်သွားကြသည်။ ထို့ကြောင့် ကမ်းရိုးတန်းဒေသနှင့် အတွင်းပိုင်းဒေသများ၏ ဖွံ့ဖြိုးမှုကွာဟချက်မှာ ပိုမိုကြီးမားလာခဲ့ပေသည်။ ထိုကဲ့သို့အခြေအနေမျိုးမှာ အာရှတိုက်နိုင်ငံအများအပြားတွင်ရှိနေဆဲဖြစ်သည်။ ကျေးလက်နှင့်မြို့ပြ ၀င်ငွေကွာဟစေသည့်အချက်များတွင် စက်မှုလုပ်ငန်းများ တည်ရှိပုံမှာလည်း အကြောင်းတစ်ရပ်ဖြစ်ပါသည်။ အစဉ်အလာအားဖြင့် ဂျပန်နိုင်ငံမှာ ဆင်းရဲသောစိုက်ပျိုးရေးနိုင်ငံဖြစ်သော်လည်း ၁၉ ရာစုအကုန်တွင် စက်မှုထူထောင်ရေးလမ်းစဉ်ကို ကျင့်သုံးခဲ့ လေသည်။ မြို့ပြဒေသများတွင် စက်မှုလုပ်ငန်းများ အခြေချဖြစ်ထွန်းလာခြင်းနှင့်အတူ ကျေးလက်နှင့် မြို့ပြ ၀င်ငွေကွာဟချက်ကြီးမားလာပြီး ကျေးလက်နေသူများအဖို့ ဆင်းရဲတွင်းနက်သည်ထက်နက်လာခဲ့ပါသည်။ ထို့ကြောင့် တစ်ဖက်မှမြို့ပြ၏ဆွဲခေါ်ချက်နှင့် တစ်ဖက်မှကျေးလက်ဒေသ၏ တွန်းထိုးမှုများကြောင့် ကျေးလက်မှမြို့ပြဆီ လုပ်သားပြောင်းရွှေ့မှုဇာတ်လမ်းများမှာ ဂျပန်နိုင်ငံတစ်ဝန်း မရိုးနိုင်အောင်တွေ့မြင်လာ ရသည်။ သို့သော် စိုက်ပျိုးရေးကဏ္ဍတွင်တန့်နေသည်ကိုမူ မတွေ့ခဲ့ရချေ။ နည်းပညာများထွန်းကားတိုးတက် လာမှုကြောင့် စိုက်ပျိုးရေးတွင် လူ့လုပ်အားကိုလျှော့ချသုံးစွဲနိုင်ခဲ့သလို အထွက်နှုန်းကောင်းမွန်လာမှုများကလည်း ဂျပန်လယ်သမားများ၏ ၀င်ငွေကိုမြင့်တက်လာစေခဲ့သည်။ (မှတ်ချက် ။ ။ဂျပန်နိုင်ငံတွင် စိုက်ပျိုးရေးကို အစိုးရမှ အကာအကွယ်ကောင်းစွာပေးထားသည်)။ မြင့်မားသော လူနေမှုအဆင့်အတန်းများကလည်း မြို့ပြမှ ကျေးလက်ဆီ ပြန်လည်ရွှေ့ပြောင်းမှုများကို တားဆီးနေခဲ့ပါသည်။ တစ်ဖက်တွင် အစိုးရမှ ကျေးလက်ဒေသ အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများကောင်းစွာပြုခဲ့ရာ စက်မှုလုပ်ငန်းများအတွက် အရေးပါသည့် အရည်အသွေးမြင့်လုပ်သားထုများ မွေးဖွားနိုင်ခဲ့လေသည်။ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့မှာလည်း ယင်းလမ်းကြောင်းမျိုးလိုက်ခဲ့ကြသည်။

ထို့ကဲ့သို့သော အောင်မြင်မှုမျိုးရရန်မှာမူ ခုရေတွင်းတူး ခုရေကြည်သောက်သဘောမျိုးဖြင့် မရနိုင်ချေ။ ကဏ္ဍအားလုံးဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရန်တော့လိုအပ်ပါမည်။ အလုပ်ခွဲဝေဖြန့်ဖြူးမှုများမှာ လူမှုအလွှာများ အကြား၊ စီးပွားရေးကဏ္ဍများအကြား ထိရောက်မှုရှဖို့လိုအပ်နေသလို သဘာဝပတ်ဝန်းကျင်နှင့် မြို့ပြ စီမံခန့်ခွဲမှု အရည်အသွေးများ တောက်ပြောင်နေဖို့ အရေးကြီးလှသည်။ ကွာဟချက်ကြီးမားလာသောနေရာများတွင် အစိုးရ၏ တော်တည့်မှန်ကန်သော ၀င်ရောက်ထိန်းကျောင်းမှုမှာလည်း အခရာကျနေပေသည်။ အစိုးရများအား မည်သို့လုပ်ပါဆိုသည်မှာမူ အပြောလွယ်သလောက် အလုပ်ခက်မည့်သဘောမျိုး ရှိနေပါသည်။ အာရှဒေသ မြို့ပြအတော်များများတွင် ယိုယွင်းနေသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ ပိတ်ဆို့နေသောကားတန်းများ၊ ညစ်ညမ်းမှုပေါင်းစုံနှင့် ကျပ်တည်းနေသော လူနေထိုင်မှုပုံစံများက ခေတ်သစ်မြို့ပြအကျပ်အတည်းကို ညွှန်းဆိုနေပါသည်။ မည်သို့ပင်ဆိုစေ ကျေးလက် မှ မြို့များဆီ ရွှေ့ပြောင်းမှုများမှာလည်း အတောမသတ် နိုင်အောင်ရှိနေဆဲဖြစ်သည်။ သို့သော် အနောက်နိုင်ငံများ၏ မြို့ပြလူဦးရေမှာ ၈၀ ရာခိုင်နှုန်းခန့်ရှိချိန်တွင် အာရှဒေသအများစုတွင်မူ ပျှမ်းမျှ ၅၀ ရာခိုင်နှုန်းခန့်သာရှိနေပါသေးသည်။ အတက်အကျမမှန်သော စီးပွားရေးများကြောင့် အာရှအစိုးရအတော်များများမှာ ကျေးလက်ဒေသပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံရန် အခက်ကြုံနေရပြီး မြို့ပြဒေသတွင် ဒုက္ခသုက္ခ ရောက်နေသူများအတွက်လည်း ပူပန်နေရ လေသည်။ ယင်းအခက်အခဲများအား မှန်ကန်ထိရောက်စွာ မဖြေရှင်းနိုင်လျှင်မူ မမျှတသောဘ၀ထက် ပိုမိုဆိုးဝါးသော ဘ၀တွေကိုသာ လက်ခံလိုက်ရမည်ဖြစ်လေတော့သည်။


( “အမိမြေမှသတင်းများ” ၀က်ဆိုက် ( http://motherlandnews.co.cc) မှ ဆောင်းပါးရှင် ပူဖောင်း(အီကို) ရေးသားထားသည့်

ဆောင်းပါးကို ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်)


Wednesday, December 24, 2008

India က ပီဆဲဗင်း ( 7 P s ) မူဖြင့် နိုင်ငံခြား အရင်းအနှီးတို့ ကို အပြင်းအထန် ဖိတ်ခေါ်ပုံ

ပီဆဲဗင်း ( ဆရာ မောင်စူးစမ်း ရေးသည့် ပညာ အ ခြေစိုက် စီးပွားရေး စာအုပ်မှ )

ဒီ 7 Ps က Marketing က 7 Ps နဲ့ မတူပဲ နိုင်ငံဖွံ့ ဖြိုး တိုးတက်စေရာ အကြောင်းတွေ ဟု ကိုယ်တိုင် ခံစားမိတဲ့အတွက် ကျွန်မတို့ မြန်မာပြည် အတွက်ရော အသုံးချစရာ ဖြစ်လာ နိုင်မလားဆိုပြီး ရေးလိုက်ခြင်း ဖြစ်ပါတယ်။ P တစ်လုံးထဲက Power (လျှပ်စစ် မီး စွမ်းအင်) က ကျွန်မတို့ အတွက် သိပ်နည်း နေပြီလား။ အားလုံး ဆင်ခြင်ကြည့်ရင် သူများ အိမ်နီးချင်း နိုင်ငံနဲ့  ဘယ်လိုမှ ယှဉ်မရသေး India ကို လည်း မမှီ၊ တရုတ်နောက် လိုက်သာ လိုက်တာ ကောင်းတာတွေ အခုထက်ထိ ရအောင် မယူနိုင်သေး - လိုသေးတာ ကလေး တစ်ယောက် လိုပါပဲ ကိုယ်တိုင်ရော မြန်မာပြည်ရော-

7 Ps မှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ People (လူထု) ဖြစ်သည်။
အင်ဂျင်နီယာ ကျောင်းတွေနဲ့ Technology ပညာရှင်တွေ ဘယ်လောက် ပေါများပုံကို စာရင်း ဇယားနှင့် ဖော်ပြသည်။

၂။ Power (လျှပ်စစ် မီး စွမ်းအင်) ဖြစ်သည်။
လျှပ်စစ်မီး မှန်မှန် ရ မရသည် ရင်းနှီး မြှုပ်နှံမှုတို့ ကို ဆွဲဆောင်ရာ၌ အဓိက သော့ချက် ဖြစ်သည်ဟု ယူဆသည်။

၃။ Ports (ဆိပ်ကမ်းတို့ ) ဖြစ်သည်။
ဆိပ်ကမ်းတို့ ၏ အရည်အသွေး အပြင် ဆိပ်ကမ်းတို့ ၏ ကမ္ဘာ တလွှား ချိတ်ဆက်နိုင်မှု (connectivity) တို့ ကိုလည်း ဖော်ပြသည်။

၎။ Parks (ပန်းခြံများ) ဖြစ်သည်။
စက်မှုဇုံ၊ သိပ္ပံဇုံ၊ Technology Zone တို့ ကိုဖော်ပြ သည်။ ကမ္ဘာ့ အဆင့်အတန်း မှီပုံတို့ ကို ရှင်းပြသည်။

၅။ Performance (လုပ်ဆောင်ချက်) တို့ ဖြစ်သည်။
လုပ်ဆောင်နိုင်ရည် အဆင့်အတန်း မြင့်ပုံတို့ ကို သရုပ်ဖော် ပြသည်။ ဥပမာ အမေရိကားမှ " နောက်အဖီ ရုံးခန်း ( Back Office) တို့ ကို အိန္ဒိယ ပြည်နယ်များ ဆီသို့  ရွှေ့ ပြောင်း လာပုံတို့ ကို ဖော်ပြသည်။

၆။ Potential (စွမ်းရည် အလားအလာ) တို့ ဖြစ်သည်။
ဤအပိုင်း၌ ပုဂ္ဂလိက ပိုင်း(Private) ၏ ဖွံဖြိုး တိုးတက်သော စွမ်းပကား တို့ ကို မီးမောင်း ထိုးပြသည်။ အမြတ်ကောင်း ရနိုင်ပုံ၊ Equity Participation ခေါ် နိုင်ငံခြား ကုမ္ပဏီတို့ ၏အစုရှယ်ယာတို့ တွင် အိန္ဒိယရင်းနှီးမြှုပ်နှံသူတို့ က 74 % အထိ ပါဝင်နိုင်ခြေရှိပုံကိုလည်း ဖော်ပြသည်။

၇။ Political Will ( နိုင်ငံရေးအရ သန္နိဌာန် ပြ ဋ္ဌာန်းချက်) ဖြစ်သည်။
ခေတ်ရေစီးကြောင်း နှင့် အညီ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ ဖြိုးတိုးတက်မှုတို့ ကို မလွဲမသွေ ဖြစ်ထွန်းရန် ပိုင်းဖြတ်ပြီး ဖြစ်ပုံတို့ ကို ဖော်ပြသည်။

အိန္ဒိယက ဤ ပီ ၇လုံးမူဖြင့် နိုင်ငံခြား အရင်းအနှီးတို့ ကို အပြင်းအထန် ဖိတ်ခေါ်နေသည်။

Sunday, December 7, 2008

Creativity ...

ဖန်တီးနိုင်စွမ်းရှိရန် လိုအပ်လာသော ယနေ့ခေတ်

ဖန်တီး နိုင်စွမ်း(Creativity) ၏ အရေးပါမှုကို ယနေ့ခေတ် အဖွဲ့အစည်း တိုင်းက အသိအမှတ်ပြု လာကြသည်။ တီထွင် ဖန်တီး နိုင်စွမ်း မရှိလျှင်၊ ဆန်းသစ်မှု မပြုလုပ်နိုင်လျှင် နောက်ကျ ကျန်ရစ်မည်။ ပြိုင်ပွဲမှ ဘေးထွက် ထိုင်နေရမည့် အနေအထားမျိုး ရောက်နေပြီ ကို လူတိုင်း လက်ခံကြသည့် သဘော ဖြစ်သည်။ ဤသို့ အရေးပါ အရာရောက်လာသော ဖန်တီး နိုင်စွမ်းကို မည်သို့ရရှိအောင် လုပ်ယူ ကြ မည်နည်း။ လုပ်ငန်း အဖွဲ့ အစည်း တိုင်းက ဖန်တီးမှု အားကောင်းသော လူများ ကိုသာ အလိုရှိ ကြသည်။ ဤတွင် မိမိ အဖွဲ့အစည်း အတွင်းမှ လုပ်သား ဝန်ထမ်းများ ဖန်တီး လိုစိတ်နှင့် ဖန်တီး နိုင်စွမ်း ရှိဖို့ အဖွဲ့အစည်းက တစ်ဦးချင်း ကို လွတ်လပ်စွာ လုပ်ကိုင် နိုင် ခွင့်ပြုဖို့ လိုအပ်လာသည်။ တစ်ဦးချင်း လုပ်ဆောင် လိုစိတ်ကို အားပေး ရမည်။ ချီးမြှင့် မြှောက်စားရမည်။ အဖွဲ့အစည်းက ချမှတ် ပြဋ္ဌာန်း ထားသော စံညွှန်းများနှင့်အညီ သဟဇာတ ဖြစ်ရေး ကိုချည်း အလေးပေး နေ၍မရနိုင်။

ဘောင်ခတ် ကန့်သတ်မှုသည်တီထွင်မှုအတွက် အတားအဆီးသဖွယ်ဖြစ်သည်။ လူမျိုးအသီးသီး၊ လူ့အဖွဲ့အစည်းအသီးသီး၌ အစဉ်အလာလက်ခံကျင့် သုံးလာသော အတွေးအခေါ်၊ အယူအဆများ၊ ကျင့်ထုံးများရှိသည်။ မယူဆအပ်၊ မတွေးအပ်၊ မလုပ် အပ်ဟု အများလက်ခံပြီးသောဓလေ့ထုံးစံများလည်း ရှိကြသည်။ အဆိုပါ ဓလေ့ထုံးစံများ၊ အယူအဆ များကလူ့ အဖွဲ့အစည်းတိုးတက်ဖို့ အတွေးသစ်၊ စိတ်ကူးသစ်၊ တီထွင်မှု အသစ်များ ပေါ်ထွက် လာမှုကို နှေးကွေး စေခြင်း မဖြစ်သင့်ပေ။ တီထွင် ဖန်တီးမှု အရာ၌ အာရှသား များသည် အနောက်တိုင်းသား များထက် အားနည်း သည်ဟု ပြောဆိုမှု ရှိသည်။ ဤသို့ အားနည်းရခြင်းကို "Why Asians are Less Creative than Westerners" (ဘာကြောင့် အာရှသား များသည် အနောက်တိုင်းသား များထက် တီထွင် ဖန်တီးမှုအား လျော့နည်း ရသလဲ) စာအုပ်၌ စာရေးဆရာ Ng Aik Kwang က ယဉ်ကျေးမှု အခြေခံ ပတ်ဝန်းကျင် မတူညီမှုနှင့် စိတ်ခံစားမှု မတူညီပုံတို့အပေါ် အဆိုပါ စာအုပ် ပြုစု ရေးသားသူက ဆိုထားသည်။ ယင်းသို့ အာရှသားများ အနောက် တိုင်းသား များထက် တီထွင်ဖန်တီးမှု အလေ့အထ အားနည်း ရခြင်းမှာ အာရှသား တို့၏ ဉာဏ်ရည်ဉာဏ်သွေး ချို့ယွင်း နည်းပါး၍မဟုတ်၊ ပတ်ဝန်းကျင် ဓလေ့စရိုက် ယဉ်ကျေးမှု၏ ဩဇာ လွှမ်းမိုးမှု မတူ ကွဲပြားခြင်း ကြောင့် ဟူသော အဖြေကို ပေး ထားသည်။

မည်သို့ပင် ရှိစေ ပြိုင်ဆိုင်မှု ပြင်းထန်သော ယနေ့ ခေတ်တွင် ဝန်ထမ်း လုပ်သားများ တီထွင် ဖန်တီးမှု အလေ့အထ အားကောင်း လာအောင် အဖွဲ့အစည်း တိုင်းက ပြင်ဆင် ခင်းကျင်း ပေးရန် ရှိနေပေသည်။ တီထွင်မှုကို အားပေး ရမည်။ တီထွင်မှုအတွက် ထိုက်တန်စွာ ချီးမြှင့် ရမည်။ သို့မှသာ ဆန်းသစ်သော ကုန်ပစ္စည်းများ၊ ကျေနပ်ဖွယ် ဝန်ဆောင်မှုများ ထွက်ပေါ်လာကာ ပြည်တွင်း သာမက ပြည်ပ နိုင်ငံတကာ အနှံ့ ခြေဆန့် နိုင်မည်ဖြစ်ပါသည်။

Editor's Quote (Opportunity Journal, No. 9 , 8 November 2005)

Wednesday, November 12, 2008

Voice

အဋ္ဌမမြောက်အလေ့အထ - ၂

(စွမ်းရည်မြင့်မားခြင်းမှ ကြီးကျယ်ပြောင်မြောက်ခြင်းသို့)


သင်ကာ


စွမ်းရည်မြင့်မား အလေ့အထခုနစ်ပါး စာအုပ်ထုတ်ဝေချိန် ၁၉၈၉ ခုနှစ်မှစကမ္ဘာကြီးသည် သိမ်မွေ့စွာ ပြောင်းလဲလာခဲ့သည်။ အဖွဲ့အစည်း၊ လုပ်ငန်း၊ မိသားစု၊ ကိုယ်ရေးကိုယ်တာကိစ္စ၊ အများနှင့် ဆက်ဆံရေးတို့တွင် ရင်ဆိုင်လာရသည့် စိန်ခေါ်မှုနှင့် ရှုပ်ထွေးမှုများသည် အရေးပါအရာရောက်မှု စံများ ကွဲပြားလာခြင်းကြောင့် ဖြစ်သည်။ ၁၉၈၉ ခုနှစ်သည် ဘာလင်တံတိုင်း ပြိုသွားသည်ကို ကြုံရသောနှစ်၊ အင်ဖော်မေးရှင်းခေတ်သို့ စတင်ဝင်ရောက်ချိန်၊ အသစ်အသစ်များ မွေးဖွားချိန်၊ အံ့ဘနန်းထူးကဲသော မဟာပြောင်းလဲမှုများဖြစ်ချိန်ဟု အများက မှတ်ချက်ချရသော တကယ့်ကာလသစ်ပင် ဖြစ်သည်။

ထို့ကြောင့်ပင် အများက အလေ့အထခုနစ်ရပ်သည် ယနေ့ လောကသစ်နှင့် အံဝင်ခွင်ကျရှိသေးပါ၏လောဟု မေးလာကြသည်။ စတီဖင်ကိုဗေး၏ မပြောင်းမလဲ တစ်မျိုး တည်းသောအဖြေမှာ ပြောင်းလဲမှုများ ကြီးမားလာပြီး စိန်ခေါ်မှုများပိုခက်ခဲကြမ်းတမ်းလာလေ အလေ့အထခုနစ်ရပ်မှာပိုအံဝင်ခွင်ကျ အသုံးတည့်လေု ဖြစ်သည်။

အလေ့အထခုနစ်ရပ်၏ ရည်ရွယ်ရင်းသည် စွမ်းဆောင်ရည်မြင့်ဖို့ ဖြစ်သည်။ အားလုံးနှင့်ဆိုင်သည့် ပြည့်စုံသော စည်းကမ်းကလနား၊ စွမ်းဆောင်ရည်နှင့် အကျင့်စရိုက်တို့ အတွက် အချိန်မရွေး ကျင့်သုံးနိုင်သောတရားအဖြစ် အလေ့အထခုနစ်ရပ်က ကိုယ်စားပြုသည်။

ယနေ့ကမ္ဘ္ဘ္ဘာတွင် တစ်ဦးချင်းအရဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ စွမ်းဆောင်ရည်မြင့်မားရန်မှာ ရှောင်လွှဲ မရပေ။ ယင်းမှာ လောကကစားကွင်းသို့ ၀င်ရေးအတွက် အရင်းအနှီးပင် ဖြစ်သည်။ သို့သော် လောကသစ်အတွင်း ရှင်သန်ရန်၊ ပျော်ဝင် စီးမျောရန်၊ အပြောင်းအလဲလုပ်နိုင်ရန်၊ ထူးချွန်အောင် ဆောင်ရွက်ရန်နှင့် ဦးဆောင်နိုင်ရန်အတွက် စွမ်းဆောင်ရည်မြင့်မားခြင်းထက် ပိုလွန်သော အရည်အသွေးတစ်ရပ် လိုအပ်ပေသေးသည်။ ယင်းမှာ ကြီးကျယ်ပြောင်မြောက်ခြင်း (Grateness) ပင် ဖြစ် သည်။ Grateness သည် အပြည့်အ၀ ဖြည့်ဆည်းမှု (Fullfillment)၊ ထက်သန်သော စီမံဆောင်ရွက်မှု (Passionate Execution) နှင့် အရေးပါသော ပါဝင် ကူညီမှု (Significant Contribution) တို့ ရရှိစေဖို့ ဖြစ်သည်။ ယင်းတို့တွင် မတူသှောုထောင့်တစ်မျိုးစီ ရှိသည်။ ပင်ကိုစေ့ဆော်မှု (Voice) ဟု ဆိုနိုင်သည့် လူသား၏ ပါရမီ၊ စွမ်းရည်၊ စိတ်ပါဝင်စားမှုတို့ကို အမြင့်ဆုံး ရောက်အောင် ဖွင့်ထုတ်ပေးရန် တွေး ခေါ်မှုပုံစံအသစ်၊ ကျွမ်းကျင်မှုစွမ်းရည် အသစ်၊ အသုံးချရမည့်နည်းနာအသစ် တည်းဟူသော အလေ့အထအသစ် လိုပေသည်။

အဋ္ဌမမြောက်အလေ့အထသည် ယခင် အလေ့အထခုနစ်ရပ်အတွင်း ဆွဲသွင်းရမည့် အလေ့အထမျိုးမဟုတ်ပါ။ ယနေ့ပညာလုပ်သားခေတ် (Knowledge Worker Age) ကြီး၏ အဓိက စိန်ခေါ်မှုကြီးများကို ရင်ဆိုင်နိုင်ရန် အလေ့အထခုနစ်ရပ်ကို စုစည်းသိုင်းဖွဲ့ပေးမည့် တတိယှုထောင့်အမြင်တစ်ခု ဖြစ်ပါသည်။ အဋ္ဌမမြောက်အလေ့အထမှာ ကိုယ့်စိတ်ရင်းစေ့ဆော်မှုကို ဆန်းစစ်ရှာဖွေခြင်းနှင့် အခြားသူများ ကိုလည်း ဆန်းစစ်ရှာဖွေရန် အားပေးခြင်း (Find Your Voice and Inspire Others to Find Theirs) ပင် ဖြစ်ပါ သည်။

အဋ္ဌမမြောက်အလေ့အထသည် ယနေ့အမှန်တကယ် ကြုံတွေ့နေရသော အခြေအနေများ၏ အလွန့်အလွန် အလားအလာကောင်းသော ဘက်ဆီသို့ ဦးတည်ရာလမ်းကြောင်းကို ကိုယ်စားပြုပါသည်။ ယခင်ဖော်ပြဖူးသည့် နာကျင်ခံခက်မှု၊ိုဖရဲပြိုကွဲ မသေချာမှုတို့၏ လုံးလုံးဆန့်ကျင်ဘက် အပိုင်းတွင် ရှိပါသည်။ အလားအလာ ကောင်းများကို အကန့်အသတ်မဲ့စေခြင်း၊ လောကဓံကို ခံနိုင်ခြင်း၊ မျှော် လင့်ချက်အပြည့်ရှိခြင်းတို့ကိုဖြစ်စေသော လူ့စိတ်၏ အရင်းခံစေ့ဆော်မှု (Voice) ကို တူးဆွခြင်း ဖြစ်သည်။


သင်ကာ

မူရင်း - The 8th Habit by Stephen Covey

Thursday, November 6, 2008

ခေါင်းဆောင်မှု၏ အနက်အဓိပ္ပာယ်ကို ရှာဖွေခြင်း

Myanmar Entrepreneur Group မှာ ပါဝင်ရေးသားဖို့ ဖိတ်ခေါ်ထားခြင်း ခံရတာ ကြာပြီဖြစ်ပေမယ့် အကြောင်း အမျိုးမျိုးနှင့် ကျွန်တော် ဝင်ရောက်ရေးသားခြင်း မပြုနိုင်ခဲ့ပါဘူး။ အခြားသော နောင်တော်၊ အစ်မတော်များ ရေးသမျှတွေကို သာလိုက်ဖတ်ရင်း အချိန်တွေ အတော်လင့် သွားခဲ့ပါတယ်။ အခုတော့ ကျွန်တော့်ရဲ့ ပထမဆုံးသော Myanmar Entrepreneur Group နဲ့ သက်ဆိုင်တယ် လို့ယူဆမိတဲ့ အကြောင်းအရာ ခေါင်းစဉ်တစ်ခုကို ကြိုးစား၊ ပမ်းစား ရေးသားလိုက်ပါပြီ။ အားလုံးသော ညီအစ်ကို၊ မောင်နှမများ နှင့် အသိပညာတွေ နှီးနှောဖလှယ်ကြရင်း Myanmar Entrepreneur Group လည်း ပိုမို လက်တွေ့ကျတဲ့ လုပ်ငန်းပိုင်း ဆိုင်ရာတွေမှာပါ လုပ်ကိုင်ဆောင်ရွက်၊ အသိပညာပေးဝေနိုင်တဲ့ မြန်မာ့ လူ့အဖွဲ့အစည်း အတွက်သာ မကပဲ၊ ကမ္ဘာ့ လူ့အဖွဲ့အစည်းမှာပါ ကြီးကျယ်ထင်ရှား အောင်မြင်နိုင်တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်လာပါစေကြောင်း အလေးအနက် ဆုတောင်း လိုက်ရပါကြောင်း ခင်ဗျား။

ခေါင်းဆောင်မှု၏ အနက်အဓိပ္ပာယ်ကို ရှာဖွေခြင်း


 
 (က)
ခေါင်းဆောင်မှု သို့မဟုတ် Leadership ဆိုသော စကားလုံးကို နေရာ အတော်များများတွင် လူတိုင်း နီးပါးလောက် ကြားဖူးကြမည် ဖြစ်သည်။ နေရာဒေသ ကို လိုက်၍ ကြားပုံ ကြားနည်း ကွာခြားမည်။ အချိန်အခါနှင့် လူပုဂ္ဂိုလ် ပေါ် မူတည်၍ မြင်ပုံ မြင်နည်း ကွာခြားမည်။ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်မှု ဆိုသော ဝေါဟာရ တစ်ရပ်သည် လူ့လောက၊ လူ့ အဖွဲ့အစည်း အတွင်း ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ရပ်တည် လုပ်ဆောင်နေကြသော လူစုလူဝေး၊ အဖွဲ့အသင်း နှင့် လူမျိုး၊ နိုင်ငံ အစရှိသည့် အရာအားလုံးတို့ အတွက် မရှိမဖြစ် အရေးကြီးသော အရာတစ်ခု ဖြစ်ခြင်းကိုမူ ကမ္ဘာဦးကတည်းက လူသားတို့ လက်ခံ လာခဲ့ကြပြီး ဖြစ်၏။
(ခ)

စာဆန်ဆန်၊ ဟိုအချက် ဒီအချက်များအား ကိုးကား မပြောမှီ ခေါင်းဆောင်ကောင်း တစ်ယောက်၏ အင်္ဂါရပ်များကို မိမိကိုယ်တိုင် မိမိ ဆန္ဒများပေါ်တွင် အခြေတည်၍ စိတ်ကူး သတ်မှတ် ကြည့်နိုင်သည်။

ပထမဆုံး အချက် အနေဖြင့် ခေါင်းဆောင်ဟူသည် အားလုံးတို့ထက် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး တို့တွင် အမြင် ကျယ်ပြန့် နှံ့စပ်သူ ဖြစ်ရမည်။ ယေဘူယျ ဆန်အောင် ပြောလိုက်ခြင်း ဖြစ်၏။ ဆိုလိုရင်းမှာ ခေါင်းဆောင် နှင့် ခေါင်းဆောင်လုပ်သူ အဖွဲ့အစည်း၏ သက်ဆိုင်ရာ နယ်ပယ်တွင် အမြင်ကျယ်ကျယ် ပြန့်ပြန့် ရှိရန်ကို ဆိုလိုခြင်း ဖြစ်သည်။ ခေါင်းဆောင်လုပ်သူ ကိုယ်တိုင်ကမှ နွားခြေရာခွက်ထဲလောက် ကို မျက်စိတစ်ဆုံး ကြည့်ရှုနေလျင် နောက်လိုက် အပေါင်းတို့ကား စုံလုံးကန်းရန်သာ ရှိတော့၏။

ဒုတိယ အချက်အနေဖြင့် မိမိသိသကဲ့သို့၊ မိမိမြင်သကဲ့သို့ အမြင်များအား မိမိနောက်လိုက် အပေါင်းတို့အား သိရှိနားလည် လာအောင်၊ မြင်တတ်၊ ကြည့်တတ်လာအောင် ပြောဟောခြင်း၊ သင်ကြား ပြသခြင်း၊ ကြည့်ရှု စောင်မခြင်း တို့အား ပြုလုပ်သင့်၏။ သို့မဟုတ်လျင် မိမိနှင့် နောက်လိုက်တို့ကြား အမြင် မတူညီမှုကြောင့် မည်သည့်အခါမှ နားလည်မှု၊ သဘောတူညီမှု ရရှိလိမ့်မည် မဟုတ်ပဲ ထို အဖွဲ့အစည်းသည်လည်း မည်မျှပင် အင်အားကြီးမားသည်ဖြစ်စေ စုံးစုံးမြုပ်၊ ကျရှုံး လိမ့်မည်သာ ဖြစ်၏။

တတိယ အချက်အနေဖြင့် ခေါင်းဆောင်ဟူသည် မည်သည့် အခြေအနေ၌ မဆို အဖွဲ့အစည်း၏ အကျိုးစီးပွား အပေါ်တွင် အမြဲသစ္စာရှိပြီး၊ အစဉ်သရွေ့ ရိုးသားဖြောင့်မတ်ကာ တည်ကြည်မှု ဂုဏ်သိက္ခာနှင့် ရဲရင့်ပြည့်စုံသူ ဖြစ်ရမည်။ အဖွဲ့အစည်း ဆိုရာတွင် Company တစ်ခုဆိုလျင်လည်း Company တစ်ခုအလျောက်၊ အဖွဲ့အသင်း ဆိုလျင်လည်း အဖွဲ့အသင်း အလျောက် နောက်ဆုံး နိုင်ငံ၊ ကမ္ဘာနှင့် ချီကာ သူ၏ တာဝန်ခံရမှု၊ တာဝန်ယူရမှု တို့အပေါ်တွင် မူတည်၍ အဆိုပါ အဖွဲ့အစည်း၊ မြို့ပြ၊ နိုင်ငံ၊ ကမ္ဘာ တစ်ခုလုံး အပေါ်တွင် ရဲရဲ ရင့်ရင့် သစ္စာရှိသူ ဖြစ်ရမည် ဟု ဆိုလို၏။ လိုတစ်မျိုး၊ မလိုတစ်မျိုး၊ လိုအပ်သလိုထားသော သစ္စာနှင့် ရိုးဖြောင့်မှုကို  အသုံးချကာ ကိုယ်ကျိုးရှာခြင်း၊ သူရဲဘောကြောင်ခြင်းသည် ခေါင်းဆောင်သူ၏ အင်္ဂါရပ်မဟုတ်ပေ။
(ဂ)

ဤနေရာတွင် တစ်ချက်ကို မြှုပ်ထားခဲ့သည်ကို တွေးတောကြည့်နိုင်သည်။ အချို့သော ခေါင်းဆောင်မှု၏ အရည်အချင်းနှင့် ပတ်သက်၍ အဓိပ္ပာယ် ဖွင့်ဆိုသူများက ခေါင်းဆောင်ဟူသည် အများ လေးစားဖွယ် ဖြစ်သော သူတစ်ဦး ဖြစ်ရမည် စသည်ဖြင့် သတ်မှတ်ကြသည် များကိုလည်း ဖတ်ရှုလေ့လာဖူးခဲ့၏။ အမှန်တွင် ရိုးသားဖြောင့်မတ်ခြင်း၊ မိမိ၏ သက်ဆိုင်ရာ လူ့ဘောင် အဖွဲ့အစည်းအပေါ်တွင် အမြဲသစ္စာရှိခြင်းနှင့် ကိုယ်ကျိုးမကြည့်၊ ရဲရင့်စွန့်စားခြင်း စသော အင်္ဂါရပ်များတို့ တစ်ဆက်တစ်စပ်တည်း ပြည့်စုံနေလျင်ပင် ထိုကဲ့သို့သော လူမျိုး၌ လူတိုင်းလေးစားဖွယ်ရာ အရည်အချင်းများ အလိုအလျောက် ရှိလာမည်မှာ မလွဲဧကန်ပင် ဖြစ်ပြီး ထိုကဲ့ သို့သော ခေါင်းဆောင် ကိုယ်၌လည်း လူတိုင်းအား သူ့သွေး၊ ကိုယ့်သား မခွဲခြားပဲ လေးစားစွာ ဆက်ဆံတတ်ခြင်း ဟူသော အရည်အချင်း တစ်ရပ် မုချရှိနေလိမ့် မည်ဖြစ်သည်။

ထိုမှတစ်ပါး မိမိ၏ ကိုယ်ကျိုးစီးပွားအတွက် အသုံးချရန် နောက်လိုက်အဖွဲ့အစည်းနှင့် လူထု၏ လေးစားမှုကို ရရှိအောင် တမင်တကာ လုပ်ယူဖန်တီးခြင်းကား တစ်ဖက်မှ ပြန်စဉ်းစားကြည့်လျင် တစ်ဖက်လှည့်နှင့် လိမ်လည် လှည့်ဖျားဖို့ ကြိုးစားနေခြင်း ပင်ဖြစ်ပြီး ရည်ရွယ်ချက်မှာလည်း ကိုယ်ကျိုးအတွက်သာ ဖြစ်သောကြောင့် ထိုကဲ့သို့ လုပ်ယူသော လေးစားမှုသည်လည်း မည်မျှ ကြာမြင့်စွာ ခံလေမည်နည်း။ ထိုသို့သော လူမျိုးအားလည်း မည်သူက ခေါင်းဆောင်ဟု သတ်မှတ် လေမည်နည်း။
(ဃ)

အမှန်တော့ ခေါင်းဆောင် ဆိုသူများသည်လည်း တစ်သီးတစ်ခြားစီနှင့် တစ်မျိုးတစ်ဘာသာစီ ဖြစ်ထွန်းမွေးဖွားလာသူများ မဟုတ်ကြချေ။ ကိုယ့်ကိုယ်ကို ခေါင်းဆောင်ဟူ၍လည်း မည်သည့် အခါမှ သတ်မှတ်ထားခဲ့ကြသူများ မဟုတ်ကြ။ သူတို့၏ တမင်တကာ လျို့ဝှက်မထားသော လျှို့ဝှက်ချက်များကား အမြင်ကျယ်ပြန့်မှု၊ အစဉ်တစ်စိုက် ရိုးသားရဲရင့်မှု နှင့် ကိုယ်ကျိုးမရှာ လူ့အဖွဲ့အစည်း အပေါ်တွင် အမြဲ သစ္စာ စောင့်သိမှု တို့ပင် ဖြစ်ကြ၏။ အံ့သြဖွယ် မှန်ကန်ချက် တစ်ခုကား အထက်ပါ အချက်သုံးချက် ခန့်ကို လူတိုင်း အသေအချာ၊ ပယ်ပယ်နယ်နယ် လိုက်နာ ကျင့်သုံးနိုင်ကြမည်ဆိုလျင် လူတိုင်း ခေါင်းဆောင် များချည်း သာတည်း။ သို့ဖြစ်၍ ၎င်းကဲ့သို့သော အဖွဲ့အစည်းတွင် နောက်လိုက်ဘယ်မှာနည်း ဟု ဂွကျကျ လည်း ထပ်မံ မေးမြန်းရန် မလိုအပ်။ ထိုကဲ့သို့ လူတိုင်း တည်ကြည် ဖြောင့်မတ်ကာ၊ မိမိသက်ဆိုင်ရာ အဖွဲ့အစည်း၊ လူ့လောကအတွက် သစ္စာရှိသူ၊ ကိုယ်ကျိုးစွန့်လိုသူ ချည်းများသာ ဖြစ်ကြလျင် ထိုသို့သော လောက၊ အဖွဲ့အစည်းအတွင်း တွင် ခေါင်းဆောင်၊ နောက်လိုက်ဟူသည် ဝေါဟာရ တစ်ရပ်အဖြစ်သာ ကျန်ရှိလိမ့်မည် ဖြစ်ပြီး အခြားသော သူသာသည်၊ ကိုယ်နာသည်ဟူသည့် အယူအဆများ၊ အဓိပ္ပာယ်များ သာမန် လူ့အဖွဲ့အစည်းများ အတွင်းမှာကဲ့သို့ အဆိုပါ ဝေါဟာရများ နောက်မှ လိုက်ပါလာရန် မရှိတော့ပေ။

ထိုသို့သော လောက၊ အဖွဲ့အစည်း အတွင်းတွင် အချင်းချင်း လုပ်ကိုင်၊ ပြောဆို၊ ဆက်ဆံ ဆောင်ရွက် ရာတွင်လည်း လူတိုင်း၏ ထားရှိသော အခြေခံစိတ်ဓာတ်များ မြင့်မားမှုကြောင့် ခေါင်းဆောင်မှု ပေးသူနှင့် လိုက်ပါ လုပ်ဆောင်သူတို့ ကြားတွင် ကြီးမားသော ကွာဟ ချက်များ မရှိတော့ပဲ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်လေးစားမှု ဖြင့်သာ ပွင့်လင်း၊ လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်ကြ ပေလိမ့်မည်။ တစ်ခုတည်းသော ဘုံခံယူချက်နှင့် တစ်ကြောင်းတည်းသော ဘုံရပ်တည်ချက် ဖြစ်သည့် မိမိသက်ဆိုင်ရာ လူ့ဘောင် အဖွဲ့အစည်း၏ အကျိုးစီးပွား အပေါ်တွင် သစ္စာစောင့်သိမှု၊ ကိုယ်ကျိုးမငဲ့မှု ဟူသော အချက်က မည်သူ့ကို မဆို ခေါင်းဆာင် လုပ်ရသည်ဖြစ်စေ၊ နောက်လိုက် လုပ်ရသည်ဖြစ်စေ တူညီသော ကျေနပ်၊ ဝမ်းမြောက်၊ ဂုဏ်ယူမှု ကို ပေးစွမ်းလိမ့် မည်ဖြစ်၏။
(င)

သို့ဖြစ်ရာ ခေါင်းဆောင်မှု၏ နောက်ဆုံး အန္တိမ အဓိပ္ပာယ်ကား အသို့နည်း။ မိမိဦးဆောင်သော လူ့အဖွဲ့အစည်း တစ်ခုလုံးရှိ လူသား အားလုံးကို ခေါင်းဆောင်တို့၏ စိတ်ဓာတ် နှင့် ခေါင်းဆောင်တို့၏ အမူအကျင့်များ ရရှိ ဖြစ်ပေါ်လာအောင် လေ့ကျင့်၊ပြုစုပျိုးထောင်၊ ဦးဆောင်မှု ပေးခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့် ဆိုလို၏။ အရှင်းလင်းဆုံးနှင့်၊ အထင်ရှားဆုံး ဥပမာကား ရှိခဲ့ပြီးချေပြီ။ ကြီးကျယ်သော ခေါင်းဆောင် နှင့် မြင့်မြတ်သော အဖွဲ့အစည်း။

မည်သူတို့နည်း။ ငယ်မည် သိဒ္ဓတ္ထ ဟု တွင်သော ဂေါတမ ဗုဒ္ဓ နှင့် သူ၏ နောက်ပါ အဖွဲ့အစည်း တပည့်သာဝက သံဃာများ ပင်တည်း။ ဂေါတမ ဗုဒ္ဓ ကား သူတည်ရှိခဲ့ရာ ကာလ ဘီစီ - ၅၆၃ မှ ဘီစီ - ၄၈၃ ၊ သက်တမ်း - နှစ်ပေါင်း (၈၀) အတွင်း ဤ လောက၊ ဤ လူ့ဘောင် အတွင်း အအောင်မြင်ဆုံးနှင့် အငြိမ်းချမ်းဆုံး သော အဖွဲ့အစည်း တစ်ခုကို  ဂရုဏာ၊ လေးစားမှု နှင့် ငြိမ်းချမ်းမှု တို့ကို အရင်းပြု၍ ခိုင်ခံ့စွာ ဦးဆောင်လမ်းပြ တည်ထောင် သွားခဲ့ချေသည်။ သူမြင်သကဲ့ သို့ သူဟောခဲ့သည်။ သူသိသကဲ့သို့ သူပြောခဲ့သည်။ မချွင်းမချန် အားလုံး အမှန်တရားများသာ ဖြစ်ကြောင်း။ သို့သော် သူလုပ်ခဲ့၊ သူဟောခဲ့သည် များကား သူ့ကိုယ်ကျိုးမဟုတ်၊ ခေါင်းဆောင် ဖြစ်လို၍ မဟုတ်။ လောက အကျိုး၊ အများ အကျိုး မျှသာ။ ထို့အပြင် သူပြောတိုင်း၊ ယုံကြည်လောက်သော သူပြောတိုင်း၊ စာထဲပေထဲ ပါသည်ဟုပြောတိုင်း မျက်စိမှိတ် ယုံစရာ မလို၊ ကိုယ်တိုင် လေ့လာ သုံးသပ်ပြီး၊ လက်ခံမှ ယုံ ဟူသော ရဲရဲတောက် ပြောကြားချက်များ အပါအဝင် သူဟောသော၊ သူပြောသော စကားများ အတွင်း၌ပင် သူကဲ့သို့သော ကြီးကျယ်၊ မြင့်မြတ်သူ ဖြစ်လိုလျင် ဖြစ်နိုင်သောနည်းများ ကလည်း ပါချေသေး၏။ မည်မျှလောက် ကြီးကျယ်သော ခေါင်းဆောင် ပါပေနည်း။
(စ)

အနှစ်ချုပ်ရလျင် ခေါင်းဆောင်မှု၊ ခေါင်းဆောင်၊ ခေါင်းဆောင် ကျင့်ဝတ် စသည့် အရာအားလုံးတို့သည် ကမ္ဘာတည်သရွေ့၊ လူ့ဘောင် အဖွဲ့အစည်းများ တည်ရှိသရွေ့ လူသားတို့၏ လိုအပ်ချက် အရ တည်ရှိနေကြ ဦးမည့် အရာများ ဖြစ်ကြ၏။ ဤနေရာတွင် ခေါင်းဆောင် လုပ်သူသည် ဦးစွာ မိမိကိုယ်တိုင် ကမ္ဘာ့ဆန်သော (တစ်ချိန်ချိန်တွင် စကြာဝဠာ ဆန်လာနိုင်ပြီး၊ ယခုပင် အစပျိုးနေချေပြီ) အမြင်မျိုး၊ အသိဥာဏ်မျိုး  ရှိရန်လိုအပ်ပြီး မိမိသိသကဲ့သို့ မိမိ နောက်ပါ အဖွဲ့အစည်းသိရှိအောင်၊ မိမိမြင်သကဲ့သို့  မိမိနောက်လိုက် လူများ မြင်တတ်အောင် သင်ကြား၊ ဦးဆောင် လမ်းပြတတ်ရန် လိုအပ်မည် ဖြစ်သည်။ မည်သူ တစ်ဦးတစ်ယောက် နှင့်မဆို လေးစားမှု ကို အရင်းခံသော လွတ်လပ်၊ ပွင့်လင်းသည့် ဆက်ဆံရေးမျိုး ထားရှိအပ်၏။ အဆုံးစွန်သော အဓိပ္ပာယ်ကား မိမိ၏ လူ့ အဖွဲ့အစည်းတစ်ခုလုံးကို ခေါင်းဆောင်တို့၏ အရည်အချင်းမျိုး နားလည်၊ ဖြစ်ပေါ် တည်ရှိလာအောင် ရည်ရွယ် လုပ်ဆောင် နိုင်သော လွန်စွာမှ ကြီးကျယ်မြင့်မြတ်သော ခေါင်းဆောင်မှု ပေးခြင်းပင်တည်း။


                                                                                                 မှော်ဆရာ
                                                                                                  ၀၅.၁၁.၂၀၀၈ (ဗုဒ္ဓဟူးနေ့)

Tuesday, October 28, 2008

ကမ္ဘာ့ငွေကြေးဆိုင်ရာ အကျပ်အတည်း


၂၀၀၈ စက်တင်ဘာလနှင့် အောက်တိုဘာလတွင်စတင်ပြီး ယနေ့ထိတိုင် ဖြစ်နေသည့် ကမ္ဘာ့ ငွေကြေးဆိုင်ရာ အခက်အခဲမှာ ကမ္ဘာ့စီးပွားကပ်ကြီး (the Great Depression) အပြီး အဆိုးဝါးဆုံး စီးပွားရေး ခက်ခဲမှုဖြစ်သည်။ ၂၀၀၈ခုနှစ် စက်တင်ဘာတွင် အမေရိကန်နိုင်ငံ အခြေစိုက် ငွေကြေးဆိုင်ရာကုမ္ပဏီများ၏ အကြပ်အတည်းဆိုက်ရောက်မှုမှ အချို့ကုမ္ပဏီများကို အစိုးရမှ ထိန်းသိမ်းခဲ့ရခြင်းဖြင့် စတင်ခဲ့သည့် အဆိုပါ Crisis သည် ဥရောပနှင့် အမေရိကတိုက်သာမက အာရှတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘဏ်များအထိပါ ဆက်တိုက် ကြီးထွားလာခဲ့သည်။ ၄င်းအခက်အခဲသည် ငွေကြေးအဖြစ်သို့ လွယ်ကူစွာ ပြောင်းလဲခြင်း မပြုနိုင်သည့် Liquidity Problem အဖြစ် တိုးတက်လာခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်များ၊ ဘဏ္ဍာရေး ၀န်ကြီးများနှင့် ဗဟိုဘဏ်အကြီးအကဲများမှ အခက်အခဲအား ဖြေရှင်းနိုင်ရေး ပူးပေါင်းညှိနှိုင်းလုပ်ဆောင်နေကြ သော်လည်း ပြဿနာမှာ ဆက်လက်၍ ဖြစ်ပေါ်နေပါသည် ။

၂၀၀၈ခုနှစ် အစောပိုင်းမှပင် ကမ္ဘာတ၀ှမ်းစီးပွားရေးအခက်အခဲတစ်ခု ဖြစ်ပေါ်နိုင်သည့် အခြေအနေကို ဖော်ပြနေသည့် လက္ခဏာများ တွေ့လာရသည်။ ၄င်းတို့ထဲတွင် ရေနံဈေးနှုန်း ကြီးလာခြင်း၊ ကမ္ဘာတ၀ှမ်း ငွေကြေးဖောင်းပွမှု ဖြစ်လာခြင်း၊ ငွေချေးမှု အကြွေးဝယ်ယူမှုမှ ပြဿနာပေါ်ပေါက်လာခြင်းအပြင် ဘဏ်ကြီများမှ ဒေ၀ါလီခံသွားရခြင်း၊ အလုပ်လက်မဲ့နှုန်း မြင့်တက်လာခြင်းတို့ ပါဝင်ပါသည် ။

လူသုံးကုန်ပစ္စည်းများ မြင့်တက်လာခြင်း
၂၀၀၃ခုနှစ်များမှစ၍ လူသုံးကုန်ပစ္စည်းများ ရောင်းချမှုအားသည် 1980-2000 Great Commodities Depression ကာလအပြီး ပြန်လည်၍ တိုးတက်လာခဲ့သည်။ ရောင်းချမှုအား တိုးတက်လာသည်နှင့်အမျှ ဈေးနှုန်းတက်လာခဲ့ရာမှ ကုန်ပစ္စည်းအများစု၊ အထူးသဖြင့် ရေနံနှင့် စားသောက်ကုန်ပစ္စည်းများ၏ နှုန်းထားများ အဆမတန်တိုးတက်လာသဖြင့် နိုင်ငံအများ၏ စီးပွားရေးအပေါ် ထိခိုက်မှုဖြစ်ပေါ်လာပြီး Stagflation ဟုခေါ်သည့် Demand နှင့် Employment တိုးတက်လာခြင်းမရှိဘဲ ငွေကြေးဖောင်းပွမှု ဖြစ်ခြင်းများနှင့် Globalization အပေါ် ဆိုးကျိုးဖြစ်လာခဲ့သည် ။

သတင်းဌာနများ၏ ထုတ်ပြန်ချက်များအရ ၂၀၀၈ခုနှစ်၊ဖေဖော်ဝါရီမှစ၍ ကမ္ဘာတ၀ှမ်းငွေကြေးဖောင်းပွ မှုမှာ စံချိန်တင်မြင့်တက်လာခဲ့သည်။ IMF ၏ အချက်အလက်များအရ Inflation သည် ရေနံတင်ပို့ ရောင်းချသည့် နိုင်ငံများတွင် အမြင့်ဆုံးဖြစ်နေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါ တိုးတက်ဖြစ်ပေါ်နေသည် ။ ILO ၏ ခန့်မှန်းချက်များအရ ၂၀၀၉ခုနှစ်အရောက်တွင် ယခုငွေကြေးအခက်အခဲကြောင့် ကမ္ဘာတ၀ှမ်း အလုပ်လက်မဲ့ ဦးရေသည် သန်း ၂၀ အထိ ရှိလာလိမ့်မည် ဖြစ်သည် ။

အမေရိကန်နိုင်ငံ ပြည်တွင်း ငွေကြေးဆိုင်ရာအခက်အခဲ
၂၀၀၈ခုနှစ်တွင် အမေရိကန်နိုင်ငံသည် ပစ္စည်းပေါင်နှံမှုပြဿနာ (Mortgage Crisis)နှင့် ဒေါ်လာ တန်ဖိုး လျော့ကျသည့်ပြဿနာများကို ရင်ဆိုင်နေရသည့်အချိန် ဖြစ်သည်။ ၂၀၀၈ခုနှစ် အစောပိုင်း ကာလကပင် အမေရိကန်နိုင်ငံတွင် စီးပွားရေးကျဆင်းမှု စတင်ဖြစ်ပေါ်နေပြီဟု လေ့လာသူ အတော်များများမှ ယုံကြည်ထားကြသည် ။ Federal Reserve ၏ ယခင်သဘာပတိဖြစ်ခဲ့သူ Alan Greenspan မှ US တွင် လက်ရှိဖြစ်ပေါ်နေသည့် ငွေကြေးပြဿနာသည် ဒုတိယကမ္ဘာစစ် အပြီးမှစ၍ အဆိုးဆုံးဖြစ်သည်ဟု မှတ်ချက် ပြုခဲ့သည် ။

July ၁၁ရက်နေ့တွင် အမေရိကန်နိုင်ငံမှ အကြီးဆုံး အပေါင်လက်ခံသည့် Indy Mae အား အစိုးရမှ ထိန်းချုပ်လိုက်သည်။ September 13 တွင် Lehman Brothers မှ တဖန်ဒေ၀ါလီခံသွားခဲ့သည်။ အခြား ရှေ့ဆောင်ငွေကြေးဆိုင်ရာ ကုမ္ပဏီကြီးဖြစ်သော Merill Lynch အားလည်း အမေရိကန် ဘဏ်ကြီး (Bank of America) မှ ၀ယ်ယူခဲ့သည်။ ထိုသို့ Lehman Brothers ဒေ၀ါလီခံခဲ့ရသဖြင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ဖြေရှင်းနိုင်ရန်အတွက် ဘဏ်(၁၀)ခုမှ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ (၇၀)ဘီလီယံအား အရေးပေါ် ရံပုံငွေအဖြစ် မတည်ခဲ့ကြသည်။ ၄င်းအပြင် ၂၀၀၈ခုနှစ်အတွင်း September လအထိ အမေရိကန် နိုင်ငံ တ၀ှမ်း ဒေ၀ါလီခံခဲ့ရသည့် ကုမ္ပဏီစုစုပေါင်း (၈၁)ခု ရှိခဲ့သည်။

စက်တင်ဘာလတွင် အမေရိကန်နိုင်ငံအစိုးရ Secretary of Treasury မှ တင်ပြသည့် အထူး အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ်အား သမ္မတဘုရှ်အစိုးရမှ ကွန်ဂရက်သို့ တင်ပြတောင်းဆိုခဲ့ပြီး ကွန်ဂရက်၌ အခြေအတင်ဆွေးနွေးကြပြီး $ 700 Billion ရှိ Bailout plan အား Congress မှ အတည်ပြု ပေးခဲ့ပါသည်။ အဆိုပါ $ 700 Billion နှင့်အတူ Emergency Economic Stabilization Act 2008 ကိုပါ ပြဌာန်းပြီး အမေရိကန်ပြည်ထောင်စုအတွင်း ဖြစ်ပေါ်နေသည့် Financial Crisis အား ကယ်တင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ အမေရိကန်နိုင်ငံ နည်းတူ EU နိုင်ငံများဖြစ်သော ဗြိတိန်၊ နော်ဝေး၊ သြစတြေးလျ၊ ပြင်သစ် ငွေကြေးဈေးကွက်များကို ကယ်တင်နိုင်ရန် အစီအစဉ်များ ရေးဆွဲလုပ်ဆောင်လာခဲ့ကြသည်။

အောက်တိုဘာ (၁၈)ရက်နှင့် (၁၉)ရက်နေ့များတွင် ပြင်သစ်သမ္မတ ဆာကိုဇီ၊ ဥရောပသမဂ္ဂဥက္ကဌ ဟိုဆေးမင်နူရယ်ဘာရိုဆိုတို့နှင့် တွေ့ဆုံဆွေးနွေးအပြီး သမ္မတဘွတ်ရှ်မှ လာမည့်နိုဝင်ဘာ (၁၅)ရက်နေ့တွင် ၀ါရှင်တန်၌ ငွေကြေးဆိုင်ရာ တာဝန်ရှိသူများ၏ အပြည်ပြည်ဆိုင်ရာ ညီလာခံတစ်ခုကို လက်ခံကျင်းပသွားမည့် အကြောင်း ကြေငြာခဲ့သည်။

ကွန်ရက်မှ အတည်ပြုပေးခဲ့သည့် $ 700 Billion မှ ကနဦး $ 125 Billion အား ပြီးခဲ့သည့် ရက်သတ္တပတ်တွင် အမေရိကန်ဘဏ်ကြီး (၉)ခု၏ ရှယ်ယာများအား ၀ယ်ယူရန်အတွက် သတ်မှတ်ခဲ့ပြီး နောက်ထပ် 125 Billon ဒေါ်လာအားလည်း ပိုမိုသေးငယ်သည့် ငွေချေးလုပ်ငန်းများအတွက် သတ်မှတ် ထားခဲ့သည်။ ၄င်းအပြင် ယခုအခါ U.S Treasury အနေဖြင့် နိုင်ငံအ၀ှမ်းရှိ ဘဏ်များနှင့် အခြား ငွေကြေး လုပ်ငန်းလုပ်ဆောင်သည့် ကုမ္ပဏီများအား ပစ်မှတ်ထားပြီး နောက်ထပ်အကူပေးရန်အတွက် အစီအစဉ်သစ် အဖြစ် အာမခံကုမ္ပဏီများထံမှ အပေါင်ငွေများကို ၀ယ်ယူရန်အတွက် စီစဉ်လျက်ရှိသည် ။

ထိုသို့ပြုလုပ်ခြင်းဖြင့် Treasury Secretary ဟင်နရီပေါလ်ဆင်၏ ကူညီရေးအစီအစဉ်ကို ပိုမို ကျယ်ပြန့်သွားစေမည်ဖြစ်သည် ။ ပေါလ်ဆင်အနေဖြင့် သူ၏မူလ Financial rescue program အစီအစဉ်အား ခန့်မှန်းထားကြသည်ထက် လျှင်မြန်စွာ ဈေးကွက်ပျက်စီးလာသည့်အတွက် Equity ရှယ်ယာများ ၀ယ်ယူရန်အတွက် အာရုံစိုက် လုပ်ဆောင်လာရသည် ။ ဘဏ်ကြီး (၁၀၀)၊ insurance ကုမ္ပဏီ ကြီးများ အပါအ၀င် ငွေကြေးဆိုင်ရာကုမ္ပဏီများဖြင့် ဖွဲ့စည်းထားသည့် Financial Services Roundtable မှလည်း US Treasury အား ကယ်ဆယ်ရေးအစီအစဉ်အား insurance ကုမ္ပဏီများ၊ ငွေကြေးပွဲစား လုပ်ဆောင်သူများ၊ မော်တော်ယာဉ်ထုတ်လုပ်သူများမှလည်း အစိုးရထံသို့ ၄င်းတို့၏ ရှယ်ယာများအား ရောင်းချခွင့်ရရှိစေနိုင်မည့် အစီအစဉ်များကိုပါ ထည့်သွင်းရေးဆွဲပေးရန် ဖိအားပေးလျက် ရှိသည် ။

နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများ
အာရှနှင့် ဥရောပမှ နိုင်ငံခေါင်းဆောင်ကြီးများသည် တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် (၂)ရက်ကြာတွေ့ ဆုံပြီး လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့စီးပွားရေးအခက်အခဲကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေနေကြသည်။ စနေနေ့က ပြုလုပ်ခဲ့သည့် ကြေငြာချက်တွင် ၄င်းတို့က မိမိတို့အနေဖြင့် ကျယ်ပြန့်သည့် သဘောတူညီချက် တစ်ခုကို ငွေကြေးအခက်အခဲကပ်ကြီးအား ဖြေရှင်းရန်အတွက် ရရှိထားပြီးဖြစ်ကြောင်းနှင့် ၄င်းတို့၏ အမြင်များကို နောက်လတွင် ၀ါရှင်တန်၌ ပြုလုပ်မည့် ထိပ်သီးညီလာခံတွင် ဆက်လက်တင်ပြဆွေးနွေးသွား ကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

၎င်းတို့မှ ဆက်လက်၍ ကမ္ဘာ့စီးပွားရေးကို လမ်းညွှန်မှုပေးမည့် ဥပဒေအသစ်များ ချမှတ်နိုင်ရေးနှင့် ပြဿနာနှင့် ရင်ဆိုင်နေရသည့် တိုင်းပြည်များအား အကူအညီပေးရာတွင် IMP မှ ဦးဆောင်သွားရန်ကိုလည်း သဘောတူညီခဲ့ကြသည်။

တရုတ်သမ္မတ ၀မ်ကြားပေါင်မှ ပြောကြားရာတွင် "ကမ္ဘာ့စီးပွားရေးအပေါ် ယခုငွေကြေးပြဿနာမှ အမှန်တကယ်ထိခိုက်မှု မဖြစ်စေရန်အတွက် လိုအပ်သည့်နည်းလမ်းအားလုံးကို အသုံးပြုသွားရပါမည်" ဟု ပြောကြားခဲ့သည်။ သမ္မတ၀မ်မှ ဆက်လက်ပြောကြားရာတွင် ယခုဖြစ်ပေါ်နေသည့် ပြဿနာများအနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ် ထိခိုက်မှုအနည်းငယ်သာ ရှိသေးသော်လည်း ကမ္ဘာတ၀ှမ်း ၀ယ်လိုအား လျော့ဆင်းမှုကြောင့် မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ရောသွားလိမ့်မည်ဟု ပြောကြားခဲ့သည် ။ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၄%သို့ လျော့ကျသွားခဲ့သော်လည်း ကမ္ဘာ့စီပွားရေးအင်အား ကြီးနိုင်ငံများတွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ အမြင့်ဆုံးဖြစ်သည် ။

IMF အနေဖြင့်လည်း အိုက်စလန်မှ စ၍ ပါကစ္စတန်အထိ နိုင်ငံပေါင်း ၁၂နိုင်ငံထံသို့ ချေးငွေထုတ်ချေး နိုင်ရေး ညှိနှိုင်းလျက်ရှိသည်။ အစိုးရများအနေဖြင့်လည်း ဒေါ်လာ 4 Billion ခန့်အထိကို ဘဏ်လုပ်ငန်းများ အပါအ၀င် ငွေကြေးဈေးကွက် ပြန်လည် နလန်ထူလာရေးအတွက် ပမာဏပြရန်အတွက် ကတိက၀တ် ပြုထား ခဲ့သည်။

ယခုအခါတွင် ကမ္ဘာ့ငွေကြေးပြဿနာသည် ဆင်းရဲချမ်းသာ မရွေး တိုင်းပြည်အများ ခံစားနေရပြီ ဖြစ်သည်။ စီးပွားရေးအခက်အခဲမှာ ကြာရှည်စွာဖြစ်မည်ကို စိုးရိမ်လျက်ရှိသည့်အတွက် ကမ္ဘာတ၀ှမ်းနှင့် ရှယ်ယာများ သောကြာနေ့တွင် ထိုးဆင်းသွားစေခဲ့သည်။ အာရှတွင် နီကေ Average သည် ၅နှစ်အတွင်း အောက်ဆုံးအဆင့်အဖြစ် ၉.၆% ထိုးဆင်းသွားခဲ့သည် ထို့အတူ ဟောင်ကောင်၊မွန်ဘေနှင့် ဆိုးလ်မြို့တို့ တွင်လည်း အလားတူ ရှယ်ယာများ ကျဆင်းသွားခဲ့သည်။

ဥရောပတွင်လည်းကောင်း၊ US တွင်လည်းကောင်း၊ အလားတူ ဖြစ်ခဲ့သည့် ဂျပန်၊ယမ်းငွေများမှာမူ ၁၃နှစ်အတွင်း အမြင့်ဆုံးအဖြစ် ၊ US ဒေါ်လာတွင် ၉၄.၆ ယမ်း အထိ ထောင်တက်ခဲ့သည် ။

ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံအားလုံးတို့အနေဖြင့် ယခုဖြစ်ပေါ်နေသည့် ငွေကြေး အခက်အခဲအား ပူးပေါင်း ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေလျက်ရှိသော်လည်း ပြဿနာမှာ ရပ်တန့်သွားမည့် အရိပ် အခြေအနေ မတွေ့ရှိရေးသေးပေ ။

လင်းဦး(စိတ်ပညာ)

Saturday, October 25, 2008

စမာနဂိုရ်က နွားမပေါင်ကျိုးလိမ့်မည်လော (အပိုင်း-၄)



စမာနဂိုလ်ကနွားမ အခြေအနေ

နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုတာက normative concept တခုဖြစ်ပါတယ်။ ကွဲပြားခြားနားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ရှိနေမှာပါပဲ။ ဘောဂဗေဒပညာရပ်ကတော့ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို agreed-on measurement criteria တွေနဲ့ တိုင်းတာသတ်မှတ်ပါတယ်။ ဒီညွန်ပြကိန်းကဏန်းတွေဟာ ပြီးပြည့်စုံတဲ့ complete picture တခုကိုတော့ မပေးနိုင်ပါဘူး။ ဒါပေမယ့် တိုးတက်မှုကို တိုင်းတာရေး၊ ပြဿနာများ ဖော်ထုတ်ရေး၊ ရည်မှန်းချက်ဆိုင်ရာ ပေါ်လစီရေးရာတွေနဲ့ ပတ်သက်ပြီး evidence-based decision making လုပ်ရာမှာတော့ အသုံးဝင်လှပါတယ်။


Conventional measurement approach အရ တိုင်းပြည်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို စီးပွားရေးရာ indicators များနဲ့ ဆန်းစစ်ချက်လုပ်ကြပါတယ်။ ကမ္ဘာ့ဘဏ်ကတော့ တိုင်းပြည်တွေရဲ့ စီးပွားရေးအဆောက်အအုံကို Atlas method အသုံးပြုတွက်ချက်ရတဲ့ Gross National Income (GNI) per capita နဲ့ တိုင်းတာပါတယ်။ တိုင်းတာချက်များအရ low income economy, low middle income economy, upper-middle income economy နဲ့ high income economy ဆိုပြီး ခွဲခြားပါတယ်။ ၂၀၀၈ခုနှစ်၊ ကမ္ဘာ့တိုးတက်မှုအစီအရင်ခံစာအရ GNI per capita ဒေါ်လာ ၉၃၅နဲ့ အောက်ဆိုရင် low income economy, ဒေါ်လာ ၉၃၅ ကနေ ၃၇၀၅ အထိကြားမှာဆိုရင် low middle income economy, ဒေါ်လာ ၃၇၀၆ နဲ့ ၁၁၄၅၅ ကြားမှာဆိုရင် upper middle income economy နဲ့ ဒေါ်လာ ၁၁၄၅၆ အထက်မှာဆိုရင် high income economy ဆိုပြီး ခွဲခြားထားပါတယ်။


ဒီသတ်မှတ်ချက်တွေထဲမှာ မြန်မာနိုင်ငံဟာ low income economy အမျိုးအစားထဲမှာ ဖြစ်ပြီး၊ ၂၀၀၆ခုနှစ်ရဲ့ GNI per capita ဟာ ဒေါ်လာ ၂၈၁ ဖြစ်ပါတယ်။ အောက်ဖော်ပြပါဇယားမှာ အရှေ့တောင်အာရှနိုင်ငံများရဲ့ ၂၀၀၆ခုနှစ်၊ GNI per capita ကို အများဆုံးကနေ၊ အနည်းဆုံးအလိုက် စီစဉ်ဖော်ပြထားပါတယ်။



နိုင်ငံများ

GNP per capita ($)

စင်ကာပူ

၂၈၇၃၀

ဘရူနိုင်း

၂၆၉၃၀

မလေးရှား

၅၆၂၀

ထိုင်း

၃၀၅၀

အင်ဒိုနီးရှား

၁၄၂၀

ဖိလစ်ပိုင်

၁၃၉၀

ှဗီယက်နမ်

၇၀၀

လာအို

၅၀၀

ကမ်ဘောဒီးယား

၄၉၀

မြန်မာ

၂၈၁

(source: www.adb.org)


့ဒီဇယားကို ကြည့်ခြင်းအားဖြင့် အရှေ့တောင်အာရှမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံး နိုင်ငံတနိုင်ငံဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံ၊ တချိန်က အရှေ့တောင်အာရှရဲ့ ဆန်အိုးကြီးလို့တောင် တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ နိုင်ငံတနိုင်ငံဟာ အုပ်ချုပ်သူများရဲ့ ဘက်ပေါင်းစုံ စီးပွားရေးစီမံခန့်ခွဲခြင်းညံ့ဖျင်းမှုအောက်မှာ ပြားပြားဝပ်သွားခဲ့ရပါပြီ။


နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးတည်ငြိမ်မှုမှာ အရေးကြီးဆုံးဖြစ်တဲ့ ငွေကြေးဖောင်းပွမှုနှုန်း (inflation rate) အကြောင်း ဆက်လက်ဖော်ပြပါမယ်။ အောက်မှာ ဖော်ပြထားတဲ့ ဇယားကို အရင်ကြည့်ပါ။ ၂၀၀၇ခုနှစ်ရဲ့ GDP deflator (Inflation rate) အခြေအနေပါ။


နိုင်ငံများ

GDP deflator (%)

ဘရူနိုင်း

0.9

ဖိလစ်ပိုင်

2.8

လာအို

3.2

ထိုင်း

3.4

စင်ကာပူ

4.0

မလေးရှား

5.2

ကမ်ဘောဒီးယား

6.5

ဗီယက်နမ်

8.2

အင်ဒိုနီးရှား

11.5

မြန်မာ

18.5

(source: www.adb.org)

ဒီဇယားကို ကြည့်ခြင်းအားဖြင့် အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး တည်ငြိမ်မှု မရှိဆုံးဖြစ်နေတဲ့ အခြေအနေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုကြောင့် ဒီလိုဖြစ်နေတာပါလို့ ဆိုလို့မရပါ။ ဘာလို့လဲဆိုတော့ ငွေကြေးဖောင်းပွနှုန်းဆိုတာက ဘောဂဗေဒ ပညာရှင် မိုက်ကယ်အီဗင်ဆိုခဲ့သလိုပဲ အစိုးရ ပေါ်လစီများရဲ့ အားသာချက်၊ အားနည်းချက်ကို ည့န်ပြနေတဲ့ indicator ဖြစ်နေတာကြောင့်ပါပဲ။ သုတေသနပညာရှင် Glesakos က စစ်အသုံးစရိတ်မြင့်မားမှုကြောင့် ဖြစ်လာတဲ့ budget deficit တွေ၊ public sector လစာတိုးမြှင့်မှုတွေဟာ ငွေကြေးဖောင်းပွမှုကို အဓိကမြှင့်တင်ပေးနိုင်တဲ့ အရာတွေဖြစ်ကြောင်း ဆိုထားခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာ လေ့လာရေးအဖွဲ့ကြီး (International Institute for Strategic Studies) မှ နှစ်စဉ်ထုတ်ဝေတဲ့ military Balance စာတမ်းများပါ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံရဲ့ နှစ်စဉ်စစ်အသုံးစရိတ်ဟာ ၁၉၈၅ ခုနှစ်မှာ US$ 171 million ပဲ ရှိရာက တစတစမြင့်တက်လာပြီး၊ ၂၀၀၀ ခုနှစ်မှာဆိုရင် US$ 2000 million ကျော်အထိ နှစ်စဉ်သုံးစရိတ်ဖြစ်နေပါပြီ။ ဒီလိုစစ်အသုံးစရိတ်တိုးမြင့်လာမှုကြောင့် မြန်မာ့စီးပွားရေးအပေါ် ဘယ်လောက်ထိ ဆိုးဝါးစွာ သက်ရောက်ခဲ့တယ်ဆိုတဲ့ အကြောင်းကို လက်ရှိရေးနေတဲ့ ကာကွယ်ရေးအသုံးစရိတ်၏ မြန်မာ့စီးပွားရေးအပေါ်သက်ရောက်မှုများ စာတမ်းပြီးသွားတဲ့အခါ econometric analysis က ထွက်လာတဲ့ အဖြေများနဲ့အတူ ရှင်းလင်းစွာ ဖော်ပြပေးပါမယ်။


Inflation rate အကြောင်းဆက်ကြည့်ကြရအောင်ပါ။ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်နိုင်တာက စနစ်ကျတဲ့ monetary policy နဲ့ တည်ငြိမ်မှုရှိတဲ့ inflationary expectations တွေအပေါ်မှာ အများကြီး မူတည်ပါတယ်။ နအဖအာဏာသိမ်းထားစဉ် ကာလတလျှောက်မှာ မြင့်တက်လာတဲ့ ငွေကြေးဖောင်းပွမှုနှုန်းတွေ၊ ကုန်ပစ္စည်းဈေးနှုန်းတက်မှုတွေကို အရေးပေါ်ကုထုံးအနေနဲ့ လစာတိုးမြင့်တဲ့ ကိစ္စတရပ်တည်းကိုသာ စွဲစွဲမြဲမြဲ ပြုလုပ်ခဲ့ပါတယ်။ လစာတိုးပေးထားရင် ၀န်ထမ်းတွေကြားက အာဏာရှင်စနစ်အပေါ် မကျေနပ်မှုတွေကို ထိန်းကွပ်ထားနိုင်မယ်ဆိုတဲ့ အယူအဆ၊ တပ်သားတွေကို လစာနဲ့ ရပိုင်ခွင့်တွေပေးပြီး ထိန်းချုပ်ထားမယ်ဆိုတဲ့ အယူအဆတွေနဲ့ လစာတိုးမြှင့်မှုတွေကို မဆင်မခြင် အရမ်းကာရော လုပ်ခဲ့ပါတယ်။ ရလာဘ်ကတော့ လစာတိုးတာနဲ့ ကုန်ပစ္စည်းဈေးတွေက တခါထပ်တက်သွားပြီး ငွေကြေးဖောင်းပွမှုနှုန်းကို ဘယ်လိုမှ ထိန်းချုပ်နိုင်ခြင်း မရှိတော့ပါဘူး။


ဒီနည်းလမ်းမျိုးနဲ့ စီးပွားရေးပြဿနာကို ဖြေရှင်းမယ်ဆိုရင် အခြေခံ condition တွေ ရှိထားရပါမယ်။ ပထမတချက်က productivity growth ရှိနေရပါမယ်။ ဒုတိယအချက်က inflationary expectations လျော့နည်းရပါမယ်။ ဒီလိုလျော့နည်းဖို့ဆိုတာကလဲ monetary policy ရဲ့ credibility ဖြစ်မှု၊ deficit ratio၊ အစိုးရဥပဒေလုပ်ထုံးလုပ်နည်းများနဲ့ ငွေကြေးတန်ဖိုး စတာတွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ ဒီအချက်နှစ်ချက်မရှိပဲ လစာတိုးမြင့်မှုများလုပ်ရုံနဲ့ စီးပွားရေးပြဿနာတွေကို မဖြေရှင်းနိုင်ပါဘူး။


တခါ လွတ်လပ်စွာကုန်သွယ်မှုကို commitment ထားပြီး၊ foreign markets competition ကို enhance လုပ်ဖို့ ကြိုးစားတယ်ဆိုရင်လဲ တပြိုင်နက်တည်းမှာ monetary authorities တွေအနေနဲ့ ငွေကြေးတန်ဖိုးကို equilibrium value နဲ့ နီးနိုင်သမျှနီးအောင် commitment ရှိနေရမှာ ဖြစ်ပါတယ်။ တကယ်တော့ inflation rate မြင့်မားလာမှုကို ထိန်းချုပ်နိုင်ဖို့ဆိုတာကို monetary authorities များကသာ တတ်နိုင်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ဆိုတာမှာလဲ ငွေကြေးဖောင်းပွနှုန်းမြင့်တက်လာစေနိုင်တဲ့ တခြားအကြောင်းအရာတွေကို နည်းနိုင်သမျှနည်းနေမှ ဖြစ်နိုင်ပါတယ်။ ဥပမာ- product market နဲ့ factor market တွေမှာ အစိုးရ၀င်ရောက်နှောင့်ယှက်မှုတွေ သိပ်များနေရင် ဗဟိုဘဏ်က offset ၀င်မလုပ်သရွေ့ ငွေကြေးဖောင်းပွမှုဟာ တစထက်တစ မြင့်တက်လာမှာဖြစ်ပါတယ်။


ဒီတော့ ဗဟိုဘဏ်နဲ့ ပတ်သက်ပြီး ပြောစရာရှိလာပြန်ပါတယ်။ နိုင်ငံတခုမှာ ဗဟိုဘဏ်နဲ့ ပတ်သက်ပြီး အစိုးရက ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေက အရမ်းကို အရေးကြီးပါတယ်။ ငွေကြေးအပေါ်မှာ demand ရှိနေရုံနဲ့ မပြီးပါဘူး။ Money supply function ရှိရပါမယ်။ Money supply ကို ဗဟိုဘဏ်ကသာ determine လုပ်ရပါတယ်။ ဘောဂဗေဒပညာရပ်အရ money demand နဲ့ supply ဟာ equilibrium interest rate မှာ အတူတူပဲဖြစ်ပါတယ်။ interest rate များနေရင် excess supply ဖြစ်ပြီး၊ interest rate နည်းနေရင် excess demand ဖြစ်ပါတယ်။ ဗဟိုဘဏ်ရဲ့ အဓိကတာဝန်က money supply ကို တိုက်ရိုက်ထိန်းချုပ်မှုလုပ်ရတာဖြစ်ပါတယ်။ Monetary Policy ဆိုတာက ပေါ်လစီရည်မှန်းချက်တွေ (ဥပမာ- ၀င်ငွေမြင့်တက်လာမှု၊ ငွေကြေးဖောင်းပွခြင်းထိန်းချုပ်မှု) စတာတွေနဲ့ ပတ်သက်ပြီး ရည်မှန်းချက်ပြည့်မှီစေဖို့ money supply ကို manipulate လုပ်ရတာဖြစ်ပါတယ်။ ဗဟိုဘဏ်တွေက interest rate များချမှတ်ခြင်း၊ foreign currency တွေ၊ bond တွေ ၀ယ်ယူရောင်းချခြင်းစတဲ့ နည်းလမ်းတွေနဲ့ money supply ကို steering လုပ်ရတာဖြစ်ပါတယ်။ အစိုးရဆိုတာတွေကလဲ အိမ်ထောင်စုတွေ၊ စီးပွားရေးတွေလိုပါပဲ၊ revenues နဲ့ expenditures ကို balance လုပ်ယူရပါတယ်။ ဒီလိုမဟုတ်ရင် government budget deficit ဖြစ်ပါတယ်။ ဒီလို deficit တွေကို အစိုးရများက money creation နဲ့ ဖြေရှင်းတတ်ကြပါတယ်။ ငွေစက္ကူတွေ ရိုက်ထုတ်ပြီး၊ money supply ကို မြှင့်တင်ပစ်ခြင်းပါ။ ဒီတော့ ငွေကြေးဖောင်းပွမှုတွေက မတရားတက်လာပါလေရော။ ဒီနေရာမှာ Money supply ကို တိုက်ရိုက်ထိန်းချုပ်နေရတဲ့ ဗဟိုဘဏ်ကသာ independent ဖြစ်နေတယ်ဆိုရင် money financing လို့ဆိုတဲ့ ဒီနည်းလမ်းကို အစိုးရက တောင်းဆိုလာပေမယ့် deficit ratios dynamics ကို ဆန်းစစ်ပြီး လက်ခံမှု၊ ငြင်းဆိုမှုတွေ ပြုလုပ်နိုင်ပါတယ်။


ဒါကြောင့်လဲ ဗဟိုဘဏ်ဟာ လုံးဝ independence မဖြစ်ရင်တောင်မှ Government Interferences အနည်းဆုံးဖြစ်တဲ့ optimal independence တော့ ဖြစ်နေရပါမယ်။ အစိုးရအပေါ်မှာ dependent နည်းလေလေ၊ စီးပွားရေးတိုးတက်မှုအတွက် ကောင်းကျိုးဖြစ်လေလေပါပဲ။ မြန်မာပြည်မှာကျတော့ ဗဟိုဘဏ်လုပ်ငန်းဆောင်တာများအားလုံးကို စစ်အုပ်စုက ကြိုးကိုင်ထားပါတယ်။ ဒီတော့ effective monetary policy ချမှတ်အကောင်အထည်ဖော်နိုင်ဖို့ဆိုတာက လုံးဝမဖြစ်နိုင်တော့ပါဘူး။ တခါ စစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ်တာဝန်မခံသော ကြီးမားလှတဲ့ စစ်အသုံးစရိတ်တွေ၊ အုပ်ချုပ်ရေးယန္တရားတခုလုံးက လာဘ်ပေးလာဘ်ယူမှုတွေ၊ စစ်ဗိုလ်စစ်သားများကို အဆမတန်လစာတိုးမြှင့်ပေးထားမှုတွေကြောင့် ပေါ်ပေါက်လာတဲ့ deficit ပြဿနာကိုလည်း money financing ပုံစံကိုသာ အသုံးပြုဖြေရှင်းနေတာကြောင့် currency value ကလဲ အဆမတန်ထိုးကျနေပါတော့တယ်။


ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် မြန်မာပြည်ရဲ့ စီးပွားရေးအခြေအနေဘက်ပေါင်းစုံက ပျက်ယွင်းနေမှုဟာ နိုင်ငံအုပ်ချုပ်နေသူများရဲ့ monetary, fiscal policy ရေးရာ နားမလည်မှုတွေ၊ ပညာရှင်များလုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေမှာ အသိဥာဏ်မရှိပဲ ၀င်ရောက်ကြိုးကိုင်စွက်ဖက်မှုတွေကြောင့် ဆိုတာဟာ “မပြေးသော်ကန်ရာရှိ” ဆိုသလိုပဲ ထင်ရှားနေပါတယ်။ အခြားသော macroeconomic indicator တွေကို အသုံးပြုပြီး မြန်မာ့စီးပွားရေးလက်ရှိအခြေအနေကို ဆက်လက်လေ့လာကြည့်ကြရအောင်ပါ။


(ရှေ့ဆက်ဖော်ပြပါမည်)


ခင်မမမျိုး (၂၅၊ ၁၀၊ ၂၀၀၈)