Showing posts with label Leadership. Show all posts
Showing posts with label Leadership. Show all posts

Wednesday, November 12, 2008

Voice

အဋ္ဌမမြောက်အလေ့အထ - ၂

(စွမ်းရည်မြင့်မားခြင်းမှ ကြီးကျယ်ပြောင်မြောက်ခြင်းသို့)


သင်ကာ


စွမ်းရည်မြင့်မား အလေ့အထခုနစ်ပါး စာအုပ်ထုတ်ဝေချိန် ၁၉၈၉ ခုနှစ်မှစကမ္ဘာကြီးသည် သိမ်မွေ့စွာ ပြောင်းလဲလာခဲ့သည်။ အဖွဲ့အစည်း၊ လုပ်ငန်း၊ မိသားစု၊ ကိုယ်ရေးကိုယ်တာကိစ္စ၊ အများနှင့် ဆက်ဆံရေးတို့တွင် ရင်ဆိုင်လာရသည့် စိန်ခေါ်မှုနှင့် ရှုပ်ထွေးမှုများသည် အရေးပါအရာရောက်မှု စံများ ကွဲပြားလာခြင်းကြောင့် ဖြစ်သည်။ ၁၉၈၉ ခုနှစ်သည် ဘာလင်တံတိုင်း ပြိုသွားသည်ကို ကြုံရသောနှစ်၊ အင်ဖော်မေးရှင်းခေတ်သို့ စတင်ဝင်ရောက်ချိန်၊ အသစ်အသစ်များ မွေးဖွားချိန်၊ အံ့ဘနန်းထူးကဲသော မဟာပြောင်းလဲမှုများဖြစ်ချိန်ဟု အများက မှတ်ချက်ချရသော တကယ့်ကာလသစ်ပင် ဖြစ်သည်။

ထို့ကြောင့်ပင် အများက အလေ့အထခုနစ်ရပ်သည် ယနေ့ လောကသစ်နှင့် အံဝင်ခွင်ကျရှိသေးပါ၏လောဟု မေးလာကြသည်။ စတီဖင်ကိုဗေး၏ မပြောင်းမလဲ တစ်မျိုး တည်းသောအဖြေမှာ ပြောင်းလဲမှုများ ကြီးမားလာပြီး စိန်ခေါ်မှုများပိုခက်ခဲကြမ်းတမ်းလာလေ အလေ့အထခုနစ်ရပ်မှာပိုအံဝင်ခွင်ကျ အသုံးတည့်လေု ဖြစ်သည်။

အလေ့အထခုနစ်ရပ်၏ ရည်ရွယ်ရင်းသည် စွမ်းဆောင်ရည်မြင့်ဖို့ ဖြစ်သည်။ အားလုံးနှင့်ဆိုင်သည့် ပြည့်စုံသော စည်းကမ်းကလနား၊ စွမ်းဆောင်ရည်နှင့် အကျင့်စရိုက်တို့ အတွက် အချိန်မရွေး ကျင့်သုံးနိုင်သောတရားအဖြစ် အလေ့အထခုနစ်ရပ်က ကိုယ်စားပြုသည်။

ယနေ့ကမ္ဘ္ဘ္ဘာတွင် တစ်ဦးချင်းအရဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ စွမ်းဆောင်ရည်မြင့်မားရန်မှာ ရှောင်လွှဲ မရပေ။ ယင်းမှာ လောကကစားကွင်းသို့ ၀င်ရေးအတွက် အရင်းအနှီးပင် ဖြစ်သည်။ သို့သော် လောကသစ်အတွင်း ရှင်သန်ရန်၊ ပျော်ဝင် စီးမျောရန်၊ အပြောင်းအလဲလုပ်နိုင်ရန်၊ ထူးချွန်အောင် ဆောင်ရွက်ရန်နှင့် ဦးဆောင်နိုင်ရန်အတွက် စွမ်းဆောင်ရည်မြင့်မားခြင်းထက် ပိုလွန်သော အရည်အသွေးတစ်ရပ် လိုအပ်ပေသေးသည်။ ယင်းမှာ ကြီးကျယ်ပြောင်မြောက်ခြင်း (Grateness) ပင် ဖြစ် သည်။ Grateness သည် အပြည့်အ၀ ဖြည့်ဆည်းမှု (Fullfillment)၊ ထက်သန်သော စီမံဆောင်ရွက်မှု (Passionate Execution) နှင့် အရေးပါသော ပါဝင် ကူညီမှု (Significant Contribution) တို့ ရရှိစေဖို့ ဖြစ်သည်။ ယင်းတို့တွင် မတူသှောုထောင့်တစ်မျိုးစီ ရှိသည်။ ပင်ကိုစေ့ဆော်မှု (Voice) ဟု ဆိုနိုင်သည့် လူသား၏ ပါရမီ၊ စွမ်းရည်၊ စိတ်ပါဝင်စားမှုတို့ကို အမြင့်ဆုံး ရောက်အောင် ဖွင့်ထုတ်ပေးရန် တွေး ခေါ်မှုပုံစံအသစ်၊ ကျွမ်းကျင်မှုစွမ်းရည် အသစ်၊ အသုံးချရမည့်နည်းနာအသစ် တည်းဟူသော အလေ့အထအသစ် လိုပေသည်။

အဋ္ဌမမြောက်အလေ့အထသည် ယခင် အလေ့အထခုနစ်ရပ်အတွင်း ဆွဲသွင်းရမည့် အလေ့အထမျိုးမဟုတ်ပါ။ ယနေ့ပညာလုပ်သားခေတ် (Knowledge Worker Age) ကြီး၏ အဓိက စိန်ခေါ်မှုကြီးများကို ရင်ဆိုင်နိုင်ရန် အလေ့အထခုနစ်ရပ်ကို စုစည်းသိုင်းဖွဲ့ပေးမည့် တတိယှုထောင့်အမြင်တစ်ခု ဖြစ်ပါသည်။ အဋ္ဌမမြောက်အလေ့အထမှာ ကိုယ့်စိတ်ရင်းစေ့ဆော်မှုကို ဆန်းစစ်ရှာဖွေခြင်းနှင့် အခြားသူများ ကိုလည်း ဆန်းစစ်ရှာဖွေရန် အားပေးခြင်း (Find Your Voice and Inspire Others to Find Theirs) ပင် ဖြစ်ပါ သည်။

အဋ္ဌမမြောက်အလေ့အထသည် ယနေ့အမှန်တကယ် ကြုံတွေ့နေရသော အခြေအနေများ၏ အလွန့်အလွန် အလားအလာကောင်းသော ဘက်ဆီသို့ ဦးတည်ရာလမ်းကြောင်းကို ကိုယ်စားပြုပါသည်။ ယခင်ဖော်ပြဖူးသည့် နာကျင်ခံခက်မှု၊ိုဖရဲပြိုကွဲ မသေချာမှုတို့၏ လုံးလုံးဆန့်ကျင်ဘက် အပိုင်းတွင် ရှိပါသည်။ အလားအလာ ကောင်းများကို အကန့်အသတ်မဲ့စေခြင်း၊ လောကဓံကို ခံနိုင်ခြင်း၊ မျှော် လင့်ချက်အပြည့်ရှိခြင်းတို့ကိုဖြစ်စေသော လူ့စိတ်၏ အရင်းခံစေ့ဆော်မှု (Voice) ကို တူးဆွခြင်း ဖြစ်သည်။


သင်ကာ

မူရင်း - The 8th Habit by Stephen Covey

Thursday, November 6, 2008

ခေါင်းဆောင်မှု၏ အနက်အဓိပ္ပာယ်ကို ရှာဖွေခြင်း

Myanmar Entrepreneur Group မှာ ပါဝင်ရေးသားဖို့ ဖိတ်ခေါ်ထားခြင်း ခံရတာ ကြာပြီဖြစ်ပေမယ့် အကြောင်း အမျိုးမျိုးနှင့် ကျွန်တော် ဝင်ရောက်ရေးသားခြင်း မပြုနိုင်ခဲ့ပါဘူး။ အခြားသော နောင်တော်၊ အစ်မတော်များ ရေးသမျှတွေကို သာလိုက်ဖတ်ရင်း အချိန်တွေ အတော်လင့် သွားခဲ့ပါတယ်။ အခုတော့ ကျွန်တော့်ရဲ့ ပထမဆုံးသော Myanmar Entrepreneur Group နဲ့ သက်ဆိုင်တယ် လို့ယူဆမိတဲ့ အကြောင်းအရာ ခေါင်းစဉ်တစ်ခုကို ကြိုးစား၊ ပမ်းစား ရေးသားလိုက်ပါပြီ။ အားလုံးသော ညီအစ်ကို၊ မောင်နှမများ နှင့် အသိပညာတွေ နှီးနှောဖလှယ်ကြရင်း Myanmar Entrepreneur Group လည်း ပိုမို လက်တွေ့ကျတဲ့ လုပ်ငန်းပိုင်း ဆိုင်ရာတွေမှာပါ လုပ်ကိုင်ဆောင်ရွက်၊ အသိပညာပေးဝေနိုင်တဲ့ မြန်မာ့ လူ့အဖွဲ့အစည်း အတွက်သာ မကပဲ၊ ကမ္ဘာ့ လူ့အဖွဲ့အစည်းမှာပါ ကြီးကျယ်ထင်ရှား အောင်မြင်နိုင်တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်လာပါစေကြောင်း အလေးအနက် ဆုတောင်း လိုက်ရပါကြောင်း ခင်ဗျား။

ခေါင်းဆောင်မှု၏ အနက်အဓိပ္ပာယ်ကို ရှာဖွေခြင်း


 
 (က)
ခေါင်းဆောင်မှု သို့မဟုတ် Leadership ဆိုသော စကားလုံးကို နေရာ အတော်များများတွင် လူတိုင်း နီးပါးလောက် ကြားဖူးကြမည် ဖြစ်သည်။ နေရာဒေသ ကို လိုက်၍ ကြားပုံ ကြားနည်း ကွာခြားမည်။ အချိန်အခါနှင့် လူပုဂ္ဂိုလ် ပေါ် မူတည်၍ မြင်ပုံ မြင်နည်း ကွာခြားမည်။ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်မှု ဆိုသော ဝေါဟာရ တစ်ရပ်သည် လူ့လောက၊ လူ့ အဖွဲ့အစည်း အတွင်း ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ရပ်တည် လုပ်ဆောင်နေကြသော လူစုလူဝေး၊ အဖွဲ့အသင်း နှင့် လူမျိုး၊ နိုင်ငံ အစရှိသည့် အရာအားလုံးတို့ အတွက် မရှိမဖြစ် အရေးကြီးသော အရာတစ်ခု ဖြစ်ခြင်းကိုမူ ကမ္ဘာဦးကတည်းက လူသားတို့ လက်ခံ လာခဲ့ကြပြီး ဖြစ်၏။
(ခ)

စာဆန်ဆန်၊ ဟိုအချက် ဒီအချက်များအား ကိုးကား မပြောမှီ ခေါင်းဆောင်ကောင်း တစ်ယောက်၏ အင်္ဂါရပ်များကို မိမိကိုယ်တိုင် မိမိ ဆန္ဒများပေါ်တွင် အခြေတည်၍ စိတ်ကူး သတ်မှတ် ကြည့်နိုင်သည်။

ပထမဆုံး အချက် အနေဖြင့် ခေါင်းဆောင်ဟူသည် အားလုံးတို့ထက် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး တို့တွင် အမြင် ကျယ်ပြန့် နှံ့စပ်သူ ဖြစ်ရမည်။ ယေဘူယျ ဆန်အောင် ပြောလိုက်ခြင်း ဖြစ်၏။ ဆိုလိုရင်းမှာ ခေါင်းဆောင် နှင့် ခေါင်းဆောင်လုပ်သူ အဖွဲ့အစည်း၏ သက်ဆိုင်ရာ နယ်ပယ်တွင် အမြင်ကျယ်ကျယ် ပြန့်ပြန့် ရှိရန်ကို ဆိုလိုခြင်း ဖြစ်သည်။ ခေါင်းဆောင်လုပ်သူ ကိုယ်တိုင်ကမှ နွားခြေရာခွက်ထဲလောက် ကို မျက်စိတစ်ဆုံး ကြည့်ရှုနေလျင် နောက်လိုက် အပေါင်းတို့ကား စုံလုံးကန်းရန်သာ ရှိတော့၏။

ဒုတိယ အချက်အနေဖြင့် မိမိသိသကဲ့သို့၊ မိမိမြင်သကဲ့သို့ အမြင်များအား မိမိနောက်လိုက် အပေါင်းတို့အား သိရှိနားလည် လာအောင်၊ မြင်တတ်၊ ကြည့်တတ်လာအောင် ပြောဟောခြင်း၊ သင်ကြား ပြသခြင်း၊ ကြည့်ရှု စောင်မခြင်း တို့အား ပြုလုပ်သင့်၏။ သို့မဟုတ်လျင် မိမိနှင့် နောက်လိုက်တို့ကြား အမြင် မတူညီမှုကြောင့် မည်သည့်အခါမှ နားလည်မှု၊ သဘောတူညီမှု ရရှိလိမ့်မည် မဟုတ်ပဲ ထို အဖွဲ့အစည်းသည်လည်း မည်မျှပင် အင်အားကြီးမားသည်ဖြစ်စေ စုံးစုံးမြုပ်၊ ကျရှုံး လိမ့်မည်သာ ဖြစ်၏။

တတိယ အချက်အနေဖြင့် ခေါင်းဆောင်ဟူသည် မည်သည့် အခြေအနေ၌ မဆို အဖွဲ့အစည်း၏ အကျိုးစီးပွား အပေါ်တွင် အမြဲသစ္စာရှိပြီး၊ အစဉ်သရွေ့ ရိုးသားဖြောင့်မတ်ကာ တည်ကြည်မှု ဂုဏ်သိက္ခာနှင့် ရဲရင့်ပြည့်စုံသူ ဖြစ်ရမည်။ အဖွဲ့အစည်း ဆိုရာတွင် Company တစ်ခုဆိုလျင်လည်း Company တစ်ခုအလျောက်၊ အဖွဲ့အသင်း ဆိုလျင်လည်း အဖွဲ့အသင်း အလျောက် နောက်ဆုံး နိုင်ငံ၊ ကမ္ဘာနှင့် ချီကာ သူ၏ တာဝန်ခံရမှု၊ တာဝန်ယူရမှု တို့အပေါ်တွင် မူတည်၍ အဆိုပါ အဖွဲ့အစည်း၊ မြို့ပြ၊ နိုင်ငံ၊ ကမ္ဘာ တစ်ခုလုံး အပေါ်တွင် ရဲရဲ ရင့်ရင့် သစ္စာရှိသူ ဖြစ်ရမည် ဟု ဆိုလို၏။ လိုတစ်မျိုး၊ မလိုတစ်မျိုး၊ လိုအပ်သလိုထားသော သစ္စာနှင့် ရိုးဖြောင့်မှုကို  အသုံးချကာ ကိုယ်ကျိုးရှာခြင်း၊ သူရဲဘောကြောင်ခြင်းသည် ခေါင်းဆောင်သူ၏ အင်္ဂါရပ်မဟုတ်ပေ။
(ဂ)

ဤနေရာတွင် တစ်ချက်ကို မြှုပ်ထားခဲ့သည်ကို တွေးတောကြည့်နိုင်သည်။ အချို့သော ခေါင်းဆောင်မှု၏ အရည်အချင်းနှင့် ပတ်သက်၍ အဓိပ္ပာယ် ဖွင့်ဆိုသူများက ခေါင်းဆောင်ဟူသည် အများ လေးစားဖွယ် ဖြစ်သော သူတစ်ဦး ဖြစ်ရမည် စသည်ဖြင့် သတ်မှတ်ကြသည် များကိုလည်း ဖတ်ရှုလေ့လာဖူးခဲ့၏။ အမှန်တွင် ရိုးသားဖြောင့်မတ်ခြင်း၊ မိမိ၏ သက်ဆိုင်ရာ လူ့ဘောင် အဖွဲ့အစည်းအပေါ်တွင် အမြဲသစ္စာရှိခြင်းနှင့် ကိုယ်ကျိုးမကြည့်၊ ရဲရင့်စွန့်စားခြင်း စသော အင်္ဂါရပ်များတို့ တစ်ဆက်တစ်စပ်တည်း ပြည့်စုံနေလျင်ပင် ထိုကဲ့သို့သော လူမျိုး၌ လူတိုင်းလေးစားဖွယ်ရာ အရည်အချင်းများ အလိုအလျောက် ရှိလာမည်မှာ မလွဲဧကန်ပင် ဖြစ်ပြီး ထိုကဲ့ သို့သော ခေါင်းဆောင် ကိုယ်၌လည်း လူတိုင်းအား သူ့သွေး၊ ကိုယ့်သား မခွဲခြားပဲ လေးစားစွာ ဆက်ဆံတတ်ခြင်း ဟူသော အရည်အချင်း တစ်ရပ် မုချရှိနေလိမ့် မည်ဖြစ်သည်။

ထိုမှတစ်ပါး မိမိ၏ ကိုယ်ကျိုးစီးပွားအတွက် အသုံးချရန် နောက်လိုက်အဖွဲ့အစည်းနှင့် လူထု၏ လေးစားမှုကို ရရှိအောင် တမင်တကာ လုပ်ယူဖန်တီးခြင်းကား တစ်ဖက်မှ ပြန်စဉ်းစားကြည့်လျင် တစ်ဖက်လှည့်နှင့် လိမ်လည် လှည့်ဖျားဖို့ ကြိုးစားနေခြင်း ပင်ဖြစ်ပြီး ရည်ရွယ်ချက်မှာလည်း ကိုယ်ကျိုးအတွက်သာ ဖြစ်သောကြောင့် ထိုကဲ့သို့ လုပ်ယူသော လေးစားမှုသည်လည်း မည်မျှ ကြာမြင့်စွာ ခံလေမည်နည်း။ ထိုသို့သော လူမျိုးအားလည်း မည်သူက ခေါင်းဆောင်ဟု သတ်မှတ် လေမည်နည်း။
(ဃ)

အမှန်တော့ ခေါင်းဆောင် ဆိုသူများသည်လည်း တစ်သီးတစ်ခြားစီနှင့် တစ်မျိုးတစ်ဘာသာစီ ဖြစ်ထွန်းမွေးဖွားလာသူများ မဟုတ်ကြချေ။ ကိုယ့်ကိုယ်ကို ခေါင်းဆောင်ဟူ၍လည်း မည်သည့် အခါမှ သတ်မှတ်ထားခဲ့ကြသူများ မဟုတ်ကြ။ သူတို့၏ တမင်တကာ လျို့ဝှက်မထားသော လျှို့ဝှက်ချက်များကား အမြင်ကျယ်ပြန့်မှု၊ အစဉ်တစ်စိုက် ရိုးသားရဲရင့်မှု နှင့် ကိုယ်ကျိုးမရှာ လူ့အဖွဲ့အစည်း အပေါ်တွင် အမြဲ သစ္စာ စောင့်သိမှု တို့ပင် ဖြစ်ကြ၏။ အံ့သြဖွယ် မှန်ကန်ချက် တစ်ခုကား အထက်ပါ အချက်သုံးချက် ခန့်ကို လူတိုင်း အသေအချာ၊ ပယ်ပယ်နယ်နယ် လိုက်နာ ကျင့်သုံးနိုင်ကြမည်ဆိုလျင် လူတိုင်း ခေါင်းဆောင် များချည်း သာတည်း။ သို့ဖြစ်၍ ၎င်းကဲ့သို့သော အဖွဲ့အစည်းတွင် နောက်လိုက်ဘယ်မှာနည်း ဟု ဂွကျကျ လည်း ထပ်မံ မေးမြန်းရန် မလိုအပ်။ ထိုကဲ့သို့ လူတိုင်း တည်ကြည် ဖြောင့်မတ်ကာ၊ မိမိသက်ဆိုင်ရာ အဖွဲ့အစည်း၊ လူ့လောကအတွက် သစ္စာရှိသူ၊ ကိုယ်ကျိုးစွန့်လိုသူ ချည်းများသာ ဖြစ်ကြလျင် ထိုသို့သော လောက၊ အဖွဲ့အစည်းအတွင်း တွင် ခေါင်းဆောင်၊ နောက်လိုက်ဟူသည် ဝေါဟာရ တစ်ရပ်အဖြစ်သာ ကျန်ရှိလိမ့်မည် ဖြစ်ပြီး အခြားသော သူသာသည်၊ ကိုယ်နာသည်ဟူသည့် အယူအဆများ၊ အဓိပ္ပာယ်များ သာမန် လူ့အဖွဲ့အစည်းများ အတွင်းမှာကဲ့သို့ အဆိုပါ ဝေါဟာရများ နောက်မှ လိုက်ပါလာရန် မရှိတော့ပေ။

ထိုသို့သော လောက၊ အဖွဲ့အစည်း အတွင်းတွင် အချင်းချင်း လုပ်ကိုင်၊ ပြောဆို၊ ဆက်ဆံ ဆောင်ရွက် ရာတွင်လည်း လူတိုင်း၏ ထားရှိသော အခြေခံစိတ်ဓာတ်များ မြင့်မားမှုကြောင့် ခေါင်းဆောင်မှု ပေးသူနှင့် လိုက်ပါ လုပ်ဆောင်သူတို့ ကြားတွင် ကြီးမားသော ကွာဟ ချက်များ မရှိတော့ပဲ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်လေးစားမှု ဖြင့်သာ ပွင့်လင်း၊ လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်ကြ ပေလိမ့်မည်။ တစ်ခုတည်းသော ဘုံခံယူချက်နှင့် တစ်ကြောင်းတည်းသော ဘုံရပ်တည်ချက် ဖြစ်သည့် မိမိသက်ဆိုင်ရာ လူ့ဘောင် အဖွဲ့အစည်း၏ အကျိုးစီးပွား အပေါ်တွင် သစ္စာစောင့်သိမှု၊ ကိုယ်ကျိုးမငဲ့မှု ဟူသော အချက်က မည်သူ့ကို မဆို ခေါင်းဆာင် လုပ်ရသည်ဖြစ်စေ၊ နောက်လိုက် လုပ်ရသည်ဖြစ်စေ တူညီသော ကျေနပ်၊ ဝမ်းမြောက်၊ ဂုဏ်ယူမှု ကို ပေးစွမ်းလိမ့် မည်ဖြစ်၏။
(င)

သို့ဖြစ်ရာ ခေါင်းဆောင်မှု၏ နောက်ဆုံး အန္တိမ အဓိပ္ပာယ်ကား အသို့နည်း။ မိမိဦးဆောင်သော လူ့အဖွဲ့အစည်း တစ်ခုလုံးရှိ လူသား အားလုံးကို ခေါင်းဆောင်တို့၏ စိတ်ဓာတ် နှင့် ခေါင်းဆောင်တို့၏ အမူအကျင့်များ ရရှိ ဖြစ်ပေါ်လာအောင် လေ့ကျင့်၊ပြုစုပျိုးထောင်၊ ဦးဆောင်မှု ပေးခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့် ဆိုလို၏။ အရှင်းလင်းဆုံးနှင့်၊ အထင်ရှားဆုံး ဥပမာကား ရှိခဲ့ပြီးချေပြီ။ ကြီးကျယ်သော ခေါင်းဆောင် နှင့် မြင့်မြတ်သော အဖွဲ့အစည်း။

မည်သူတို့နည်း။ ငယ်မည် သိဒ္ဓတ္ထ ဟု တွင်သော ဂေါတမ ဗုဒ္ဓ နှင့် သူ၏ နောက်ပါ အဖွဲ့အစည်း တပည့်သာဝက သံဃာများ ပင်တည်း။ ဂေါတမ ဗုဒ္ဓ ကား သူတည်ရှိခဲ့ရာ ကာလ ဘီစီ - ၅၆၃ မှ ဘီစီ - ၄၈၃ ၊ သက်တမ်း - နှစ်ပေါင်း (၈၀) အတွင်း ဤ လောက၊ ဤ လူ့ဘောင် အတွင်း အအောင်မြင်ဆုံးနှင့် အငြိမ်းချမ်းဆုံး သော အဖွဲ့အစည်း တစ်ခုကို  ဂရုဏာ၊ လေးစားမှု နှင့် ငြိမ်းချမ်းမှု တို့ကို အရင်းပြု၍ ခိုင်ခံ့စွာ ဦးဆောင်လမ်းပြ တည်ထောင် သွားခဲ့ချေသည်။ သူမြင်သကဲ့ သို့ သူဟောခဲ့သည်။ သူသိသကဲ့သို့ သူပြောခဲ့သည်။ မချွင်းမချန် အားလုံး အမှန်တရားများသာ ဖြစ်ကြောင်း။ သို့သော် သူလုပ်ခဲ့၊ သူဟောခဲ့သည် များကား သူ့ကိုယ်ကျိုးမဟုတ်၊ ခေါင်းဆောင် ဖြစ်လို၍ မဟုတ်။ လောက အကျိုး၊ အများ အကျိုး မျှသာ။ ထို့အပြင် သူပြောတိုင်း၊ ယုံကြည်လောက်သော သူပြောတိုင်း၊ စာထဲပေထဲ ပါသည်ဟုပြောတိုင်း မျက်စိမှိတ် ယုံစရာ မလို၊ ကိုယ်တိုင် လေ့လာ သုံးသပ်ပြီး၊ လက်ခံမှ ယုံ ဟူသော ရဲရဲတောက် ပြောကြားချက်များ အပါအဝင် သူဟောသော၊ သူပြောသော စကားများ အတွင်း၌ပင် သူကဲ့သို့သော ကြီးကျယ်၊ မြင့်မြတ်သူ ဖြစ်လိုလျင် ဖြစ်နိုင်သောနည်းများ ကလည်း ပါချေသေး၏။ မည်မျှလောက် ကြီးကျယ်သော ခေါင်းဆောင် ပါပေနည်း။
(စ)

အနှစ်ချုပ်ရလျင် ခေါင်းဆောင်မှု၊ ခေါင်းဆောင်၊ ခေါင်းဆောင် ကျင့်ဝတ် စသည့် အရာအားလုံးတို့သည် ကမ္ဘာတည်သရွေ့၊ လူ့ဘောင် အဖွဲ့အစည်းများ တည်ရှိသရွေ့ လူသားတို့၏ လိုအပ်ချက် အရ တည်ရှိနေကြ ဦးမည့် အရာများ ဖြစ်ကြ၏။ ဤနေရာတွင် ခေါင်းဆောင် လုပ်သူသည် ဦးစွာ မိမိကိုယ်တိုင် ကမ္ဘာ့ဆန်သော (တစ်ချိန်ချိန်တွင် စကြာဝဠာ ဆန်လာနိုင်ပြီး၊ ယခုပင် အစပျိုးနေချေပြီ) အမြင်မျိုး၊ အသိဥာဏ်မျိုး  ရှိရန်လိုအပ်ပြီး မိမိသိသကဲ့သို့ မိမိ နောက်ပါ အဖွဲ့အစည်းသိရှိအောင်၊ မိမိမြင်သကဲ့သို့  မိမိနောက်လိုက် လူများ မြင်တတ်အောင် သင်ကြား၊ ဦးဆောင် လမ်းပြတတ်ရန် လိုအပ်မည် ဖြစ်သည်။ မည်သူ တစ်ဦးတစ်ယောက် နှင့်မဆို လေးစားမှု ကို အရင်းခံသော လွတ်လပ်၊ ပွင့်လင်းသည့် ဆက်ဆံရေးမျိုး ထားရှိအပ်၏။ အဆုံးစွန်သော အဓိပ္ပာယ်ကား မိမိ၏ လူ့ အဖွဲ့အစည်းတစ်ခုလုံးကို ခေါင်းဆောင်တို့၏ အရည်အချင်းမျိုး နားလည်၊ ဖြစ်ပေါ် တည်ရှိလာအောင် ရည်ရွယ် လုပ်ဆောင် နိုင်သော လွန်စွာမှ ကြီးကျယ်မြင့်မြတ်သော ခေါင်းဆောင်မှု ပေးခြင်းပင်တည်း။


                                                                                                 မှော်ဆရာ
                                                                                                  ၀၅.၁၁.၂၀၀၈ (ဗုဒ္ဓဟူးနေ့)

Wednesday, October 15, 2008

နာကျင်ခံခက်မှု (The Pain)

အဋ္ဌမမြောက်အလေ့အထ - ၁

(စွမ်းရည်မြင့်မားခြင်းမှ ကြီးကျယ်ပြောင်မြောက်ခြင်းသို့)

ငါတော့ အကျပ်ရိုက်နေပြီကွာ၊ လှုပ်လေမြုပ်လေပဲ

ကျွန်တော့်ကို ဘယ်သူကမှ အလေးမထား၊ အရေးတယူ မရှိကြဘူး၊ အလုပ်ရှင်ကလည်း ကျွန်တော့် အစွမ်းအစကို တစ်စက်မှ မသိဘူး...

အဆင်မပြေလိုက်တာ၊ စိတ် ဓာတ်ကျနေပြီ...

ဘာမှ ထူးထူးခြားခြား၊ လုပ် မပြနိုင်ဘူး ဖြစ်နေတယ်...

ခံစားချက်မဲ့နေတယ်... ဘ၀က အဓိပ္ပာယ်မရှိဘူး... ပျောက်ဆုံးနေပြီ...

အထီးကျန်ဆန်လိုက်တာ...

အချုပ်အချယ်တွေများလို့ ... မွန်းကျပ်နေတာပဲ...

အိမ်က မိန်းမကလည်း နားလည်မှုမပေး... ကလေးတွေကလည်း ကိုယ့်စကားနားမထောင်... အိမ်မှာနေ ရတာထက်... အလုပ်မှာ နေရတာက စိတ်ချမ်းသာသေးတယ်...

စသည်တို့မှာ အလုပ်တွင်၊ အိမ်တွင်၊ ကိုယ့်ပတ်ဝန်းကျင်တွင် ကြားရတတ်သောအသံများ ဖြစ်သည်။ နာကျင်ခံခက်မှုသည် ကိုယ့် ဘာသာ တစ်ကိုယ်ရေ (Personal) ခံစားနေရသော ကိစ္စဖြစ်တတ်ပြီး ရင်ထဲသို့ နက်နက်ရှိုင်းရှိုင်း တိုးဝင်နေတတ်သည်။ ­ထိုကဲ့သို့ အကြိမ်များစွာ ဖြစ်ဖူးကြပေမည်။ လူဖြစ်ရခြင်း (On Becoming a Person) အမည်ရှိ စာအုပ်တွင် ကားလ်ရော်ဂျာစ် ရေးခဲ့သလိုပင် ကိုယ်ရေးကိုယ်တာ ခံစားချက်အများစု သည် သူသူငါငါ ခံစားနေကြရသည့် အတိုင်းပင် ဖြစ်သည် ဟု ဆိုရပေမည်။

အချို့က ကိုယ့်အလုပ်တွင် အာရုံစူးစိုက်ထားမှု၊ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှု၊ အင်တိုက်အားတိုက် လုပ်မှုရှိကြသည်။ သို့သော် အနည်းစုသာ ဖြစ်သည်။ စတီဗင်ကိုဗေးက ဟောရင်းပြောရင်း ပရိသတ်များကို လက်ရှိ လုပ်ကိုင်နေမှု သို့မဟုတ် လုပ်ခွင့်ပြုထားသည့် အတိုင်းအတာထက် အရည်အသွေး၊ အသိပညာ၊ အစွမ်း အစ၊ ဖန်တီးနိုင်မှုပိုရှိသော ၀န်ထမ်း အင်အားစုများ ၄င်းတို့ အဖွဲ့အစည်း လုပ်ငန်းအတွင်း များစွာရှိနေသည်ကို သဘောတူ၊ မတူ မေးမြန်းသဘော ထားတောင်းခံကြည့်ရာ အများစုကြီးက သဘောတူကြောင်း လက်ထောင် ကြသည်။ ကမ္ဘာတစ်လွှားနည်း နှင်နှင်ပင် ဖြစ်သည်။ ရာခိုင်နှုန်းလောက်ပင် အရေအတွက်ရှိသော လူ များကလည်း အတိုင်းအတာတစ်ခု အထိသာလုပ်ရန် ကြီးမားစွာ ဖိအား ပေးခံရသည်ဟု ဆိုသည်။ အများစုမှာ သူတို့၏ ပင်ကိုအရည်အသွေးဖြစ်သော ပါရမီ၊ ထက်မြက်ပါးနပ်မှုတို့ကို အသုံးချခွင့်မရမှုနှင့် ကြုံတွေ့နေကြရ သည်။

ဘဏ်လုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှု၊ စစ်တပ်၊ နည်းပညာဝန်ဆောင်မှု စသော အဓိက လုပ်ငန်းစုများ (Key Industries) နှင့် စာရင်းစစ်၊ အတွင်းရေးမှူး၊ ကြော်ငြာ လုပ်ငန်း၊ ကွန်ပျူတာကျွမ်းကျင်သူ၊ ပညာရေးစီမံခန့်ခွဲသူ၊ အရောင်းကိုယ် စားလှယ် စသော အဓိကအသုံးချဧရိ ယာများ (Key Functional Area) တွင် အလုပ်လုပ်နေကြသော အမေရိကန် ပြည်ထောင်စုရှိ အလုပ်သမား ၂၃၀၀၀ ကို မကြာသေးမီက တွေ့ဆုံမေးမြန်း စစ်တမ်းကောက်ယူခဲ့သော စွမ်းဆောင် နိုင်မှုအရည်အချင်းပြညွှန်းကိန်း xQ (Execution Quotient) မေးခွန်းလွှာ ရလဒ်ကို ကောက်နုတ်လေ့လာနိုင် သည်။

အလုပ်သမားဝန်ထမ်းများတွင် …..

- ၃၇ ရာခိုင်နှုန်းကသာ သူတို့လုပ်ကိုင်နေသော အဖွဲ့အစည်းလုပ်ငန်း၏ ကြိုးပမ်းနေသော အောင်မြင်မှု ဘာဖြစ်သနည်းဆိုသည်နှင့် ဘာကြောင့် ထိုသို့ ကြိုးပမ်းသည်ဆိုသည်တို့ကို ရှင်းရှင်းလင်းလင်း သိမြင်နားလည်သည်ဟု ဆိုသည်။

- ငါးဦးတွင် တစ်ဦးကသာ အဖွဲ့အစည်း၊ လုပ်ငန်း၏ ပန်းတိုင်နှင့် လုပ်ဖော်ကိုင်ဖက် အသင်းအပင်းအပေါ် စိတ်ဝင်စားမှုရှိသည်။

- ငါးဦးတွင် တစ်ဦးက (၁) သူတို့၏ တာဝန်နှင့် (၂) လုပ်ဖော်ကိုင်ဖက် အသင်းအပင်းအဖွဲ့နှင့် အဖွဲ့အစည်း လုပ်ငန်း၏ ရည်မှန်းချက်ပန်းတိုင်နှစ်ရပ်ကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်သည်ဟု ဆိုသည်။

- အလုပ်သမားဦးရေထက်ဝက်ခန့်ကသာ သီတင်းပတ်အကုန်တွင် ပြီးမြောက်အောင် လုပ်လိုက်သော သူတို့ အလုပ်အပေါ် ကျေနပ်မှု ရှိသည်။

- ၁၅ ရာခိုင်နှုန်းကသာ ရည်မှန်းချက် ပန်းတိုင်ကို ဖော်ဆောင်ရေးအတွက် သူတို့၏ အဖွဲ့အစည်း၊ လုပ်ငန်းက အပြည့်အ၀ အထောက်အပံ့ပေးနိုင်သည်ဟု ခံစားမိသည်။

- ၁၅ ရာခိုင်နှုန်းကသာ သူတို့သည် လုံးဝယုံကြည်စိတ်ချရသော ၀န်းကျင် အသိုင်းအ၀ိုင်းတွင် အလုပ်လုပ်နေရ သည်ဟု ခံစားမိသည်။

- သစ်လွင်ကောင်းမွန်သော အိုင်ဒီယာများနှင့် ကွဲပြားသော်လည်း အလေးထားလောက်ဖွယ် အမြင်များ အပေါ် လွတ်လပ်စွာ ရှင်သန်ခွင့်ကို သူတို့၏ အဖွဲ့အစည်း၊ လုပ်ငန်းက အားပေးအားမြှောက် ရှိသည်ဟု ၁၅ ရာခိုင်နှုန်းကသာ ခံစားမိသည်။

- အကောင်းအဆိုး၊ အကျိုးရလဒ် အပေါ် အဖွဲ့အစည်းလုပ်ငန်းက တာဝန်ခံပေးသည်ဟု ၁၀ ရာခိုင်နှုန်း ကသာ ခံစားမိသည်။

- ၂၀ ရာခိုင်နှုန်းကသာ သူတို့အလုပ် လုပ်နေသည့် အဖွဲ့အစည်း၊ လုပ်ငန်းအပေါ် အပြည့်အ၀ယုံကြည်မှု ရှိသည်။

- ၁၃ ရာခိုင်နှုန်းကသာ အခြားသော အဖွဲ့အစည်းအုပ်စုများ သို့မဟုတ် ဌာနများနှင့် ဆက်ဆံလုပ်ဆောင်ရာ တွင် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု၊ လုံးဝယုံကြည်မှု ရှိသည်။

အထက်ပါရလဒ်များကို ဘောလုံးစကားနှင့် ပြောရလျှင် ကစား ကွင်းထဲ ဘောလုံးသမား ၁၁ ဦး အနက် လေးဦးကသာ အသင်း၏ ရည်ရွယ်ချက်ကို သိသလို ဖြစ်နေမည်။ ၁၁ ဦးအနက် နှစ်ဦးကသာ ဂရုတစိုက် ရှိမည်။ ၁၁ ဦးအနက် နှစ်ဦးကသာ သူတို့ကစားနေသည့် အနေအထားနှင့် သူတို့ ဘာလုပ်ရမည်ကို ရေရေရာရာ သိမည်။ အနှီ ကစားသမား နှစ်ဦးမှအပ ကျန်ကစားဖော်များသည် ပြိုင်ဘက်အသင်းကို ယှဉ်ပြိုင်ရမည့် အစား ကိုယ့်အသင်းသား အချင်းချင်း ပြန်ပြိုင်ဆိုင်သလို ဖြစ်နေပေလိမ့်မည်။

အချက်အလက်များသည် အလေးအနက်ဆင်ခြင်ရမည့်ကိစဖြစ်သည်။အချက်အလက်များသည် ကမ္ဘာတစ်ဝန်း အမျိုးမျိုးသော အဖွဲ့အစည်းများရှိ လူများနှင့် ပတ်သက်ကိုယ်တိုင်တွေ့ရသည့်အတွေ့အကြုံများ နှင့် စပ်ဟပ်မိသည်ဟု စတီဖင်ကိုဗေးက ဆိုသည်။ နည်းပညာများ၊ ဆန်းသစ်ပြောင်းလဲနေသော ထုတ်ကုန်များ၊ ကမ္ဘာနှင့်ချီသော ဈေးကွက်များ ကျွန်ုပ်တို့ ရရှိနေသည့်တိုင် အများစုသော လူများသည် သူတို့အလုပ်လုပ်ကိုင်ရာ အဖွဲ့အစည်းလုပ်ငန်းများအတွင်း၌ ပျော်ဝင်ရှင်သန်ခြင်း (Thriving) မရှိ ကြပေ။ ကျေနပ်စိတ်ချမ်းသာမှု၊ တက်ကွမှုမရှိပေ။ မချင့်မရဲ ရှိကြသည်။ သူတို့သည် ကိုယ့်အဖွဲ့အစည်း၏ ဦးတည်ရာကိုလည်းကောင်း၊ ကိုယ့် အသိုင်းအ၀ိုင်း၏ အမြင့်ဆုံး သာလွန် ကောင်းမွန်ချက်ကိုလည်းကောင်း ဂဃ နဏ မသိကြ။ ရှေ့မတိုးနိုင်ဖြစ်ကာ အာရုံထွေပြားလျက် ရှိသည်။ အားလုံး ထဲတွင် အများစုမှာ သူတို့အဖို့ အပြောင်းအလဲဖြစ်အောင် မလုပ်နိုင်ဟု ခံစားနေရသည်။ ၀န်ထမ်းအင်အားစု စိတ်ထက်သန်မှု၊ ပါရမီအရည် အသွေး၊ အသိညဏ်ပညာတို့ကို အပြည့်အ၀အသုံးချရန် အခွင့်မသာမှုကြောင့် တစ်ဦးချင်းအရဖြစ်စေ၊ အဖွဲ့ အစည်းလိုက်ဖြစ်စေ ဆုံှးုံးနစ်နာရမှုကို ခန့်မှန်းကြည့်နိုင်ပါပြီလား။ အခွန်ပေး ဆောင်ရခြင်း၊ အတိုးငွေပေးရခြင်း၊ လုပ်ခပေးရခြင်း အားလုံးပေါင်းတို့ ထက် အဆများစွာ ပို နစ်နာပါ သည်။

(စီမံခန့်ခွဲမှုနဲ့ ဆိုင်တဲ့ ဒီဆောင်းပါး တွေက အားလုံး ၆၀ ကျော်ရှိပါတယ်။ ခောတ်မြန်မာ ဂျာနယ်(အခုတော့ ရပ်လိုက်ပြီ)မှာ ကောင်းမြတ်ကျော်စွာဆိုတဲ့ ကလောင်အမည်နဲ့ အပတ်စဉ် ဖော်ပြဖူးပါတယ်။ တစ်စုတစည်းတည်း ဖတ်ချင်သူ၊ မဖတ်ရသေးသူတွေအတွက် တင်ပေးလိုက်ပါတယ်။)

သင်ကာ

မူရင်း - The 8th Habit by Stephen Covey