Showing posts with label opportunity. Show all posts
Showing posts with label opportunity. Show all posts

Saturday, September 20, 2008

Opportunity Cost for Opportunity

အခွင့်အလမ်း အတွက် အခွင့်အလမ်း စရိတ်


အဓိက စီးပွားရေး ပြဿနာသည် ရှားပါးမှု (Scarcity) ပင် ဖြစ်သည်။ ဘောဂဗေဒ တွင် ဆိုရိုးတစ်ခု ရှိသည်။ "ထမင်း တစ်နပ်သည် အလကား ဘယ်တော့မှ မရနိုင်" (There is no such thing as a free lunch) ဟူသော စကားဖြစ်သည်။ အရာရာ တိုင်းတွင် ပေးဆပ်မှုများ ရှိသည်။ ပေးဆပ်မှု တိုင်းနှင့် ပြန်ရမှု တိုင်းတွင် အတိုင်းအတာ ရှိသည်။ ထို အတိုင်းအတာ များသည်လည်း အကန့်အသတ် များကြား၊ ဘောင်များ အတွင်းတွင် ဖွဲ့စည်း တည်ရှိနေသည်။

သယံဇာတ များသည် အကန့်အသတ် ရှိသည်။ သဘာဝ သယံဇာတ ပင်ဖြစ်စေ၊ အရင်းအနှီး များပင်ဖြစ်စေ၊ လူ့စွမ်းအား များပင်ဖြစ်စေ အကန့်အသတ် ရှိသည်။ နေရောင် ပင်ဖြစ်စေ နေ့အချိန် တွင်သာ ရရှိ တတ်သည်။ လေ သည်လည်း ထို့အတူပင် ဖြစ်သည်။ ကမ္ဘာ မြေပြင် အထက် ပိုရောက် လေလေ၊ လေထု ပါးလွှာ လာလေလေ ဖြစ်သည်။ တောတောင် ပင်လယ် များသည်လည်း အကန့်အသတ် ရှိသည်။ ထို သယံဇာတများကို ဖန်တီး ပြုပြင်ခြင်းမှ ဖြစ်စေ၊ သဘာဝ အတိုင်း ဖြစ်စေ လူတို့ အတွက် အသုံးဝင်မှု ဖြစ်စေသည်။ လူတို့၏ လိုအင် ဆန္ဒများကို ဖြည့်ဆည်း ပေးသည်။ သို့သော်လည်း လူ့ဆန္ဒကား အတော မသတ်သော သဘော ရှိသည်။ လူ့အလိုကို နတ် မလိုက်နိုင် လောက်အောင် များလှသည်။ လိုတိုင်း ရသည့် ပဒေသာပင် ဆိုသည်ကား ပုံပြင်သာ ဖြစ်သည်။ ရလေ လိုလေ အိုတစ္ဆေ ဆိုသော စကားလည်း ရှိပါသည်။

ပဒေသာပင် ရှိလျှင်လည်း လူ့ဘဝသည် ပျော်စရာ ကောင်းမည် မထင်။ လိုတိုင်း ရသော ဘဝသည် အမှန်တကယ် ဖြစ်လာမည် ဆိုပါက စိတ်ညစ် ရမည် ဖြစ်သည်။ လိုတိုင်း မရသော ဘဝ ကတော့ ပိုဆိုးပါသည်။ သို့သော်လည်း လိုတိုင်း မရသော ဘဝတွင်ပင် အရာရာကို ပြေလည်အောင် ပြုပြင် နေထိုင် ရခြင်းသည် ပင်လျှင် လူ့ဘဝ ပင်ဖြစ်သည်။ ထိုသို့သော လူ့ဘဝတွင် အခွင့်အလမ်း စရိတ်များနှင့်သာ လည်ပတ် နေသော သဘော ရှိပါသည်။

အခွင့်အလမ်း စရိတ်နှင့် ပတ်သက်ပြီး ဝေါဟာရအချို့ကို တင်ပြလိုပါသည်။ ဘောဂဗေဒတွင် စီးပွားရေး ကုန်စည် (Economic Goods) နှင့် အခမဲ့ ကုန်စည် (Free Goods) ဆိုပြီး သတ်မှတ် ထားပါသည်။ (Economic Goods) များသည် အခွင့်အလမ်း စရိတ် ပါဝင်သော ကုန်စည် များကို ဆိုလိုပြီး၊ (Free Goods) များ ကိုတော့ အခွင့်အလမ်း စရိတ် မပါဝင်သော ကုန်စည်မျိုးကို ဆိုလိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆို ထားပါသည်။ ဥပမာ ဆောက်လုပ်ရေး လုပ်ငန်းတွင် ပုံထားသော သဲများကို စီးပွားရေး ကုန်စည်များ ဟု သတ်မှတ် ပါသည်။ အကြောင်း ကတော့ လုပ်ငန်းသုံး သဲများဖြစ်နေပြီး ဝယ်ထား ရသောကြောင့် (Opport -unity Cost) များ ပါဝင်နေ၍ ဖြစ်သည်။ ဆာဟာရ သဲကန္တာရ အတွင်းရှိ သဲများ ကိုတော့ သဘာဝအတိုင်း ဖြစ်နေသောကြောင့် အခမဲ့ ကုန်စည်ဟု သတ်မှတ်သော သဘော ဖြစ်သည်။ သဘာဝ အတိုင်း ရှိနေ သေးသောကြောင့် လည်းကောင်း၊ အသုံး မပြုသေးသောကြောင့် လည်းကောင်း သတ်မှတ်ခြင်း ဖြစ်သည်။ ထိုဆာဟာရမှ သဲများကို သယ်ယူပြီး ဆောက်လုပ်ရေး အတွက် သုံးမည်ဆိုလျှင် ယင်းကို အခမဲ့ကုန်စည်ဟု မခေါ်ဆို နိုင်တော့ပါ။ Opportunity Cost ပါနေပြီဖြစ်၍ Economic Goods ဖြစ်သွား ပါလိမ့်မည်။ ယင်း သည်ပင်လျှင် ဘောဂဗေဒ အတွက် တွေးဆ စရာများ လာပါသည်။

ဖလှယ်ခြင်း (Exchange) လုံးဝ မရှိသေးသော ကုန်စည်များ၊ တစ်နည်း အားဖြင့် သဘာဝ အတိုင်းရှိနေသော ကုန်စည်များကို အခမဲ့ ကုန်စည်ဟု သတ်မှတ် မည် ဆိုလျှင် စီးပွားရေး ရှုထောင့် အရကုန်စည် (Goods) ဟု ခေါ်ထိုက်၊ မခေါ်ထိုက် သော ပြဿနာ ဝင်လာ ပါသည်။ ဥပမာ - သဘာဝအတိုင်း ရှိနေသော လေကို အခမဲ့ ကုန်စည်ဟု သတ်မှတ်သည်။ ယင်းလေကို အကျွန်ုပ်တို့ ရှူနေပါသည်။ ရှူလိုက်ခြင်းဖြင့် ယင်းလေသည် အခမဲ့ မဟုတ်တော့ပါ။ အကြောင်းကတော့ အကျွန်ုပ်တို့ ရှူလိုက် သောကြောင့် ဖြစ်သည်။ လေသည် အလိုလို နှာခေါင်းထဲ၊ ပါးစပ်ထဲသို့ တိုးဝင်လာခြင်း မဟုတ်ပါ။ အကျွန်ုပ်တို့ ရှူလိုက်ခြင်းသာ ဖြစ်ပါသည်။ ရှူလိုက် သည့်အတွက် အင်အား စိုက်ထုတ် ရပါသည်။ အင်အား စိုက်ထုတ် သုံးလိုက်သည့်အတွက် Exchange ပါသွားသည်။ Exchange ပါသွားလျှင် Opportunity Cost လည်း ပါလာပါသည်။ ယင်းလေသည် အခမဲ့ကုန်စည် မဟုတ်တော့ပါ။ ထိုသို့ စဉ်းစားလျှင် အရာရာတိုင်းသည် Free Goods ဖြစ်ပါတော့ မလား ဟူသော အတွေးလည်း ရှိလာ ပါမည်။ Free Goods ဖြစ်ဆဲသာ ရှိနေ သေးလျှင်လည်း လူတို့အတွက် အသုံးဝင်မှု မရှိသေး သော အရာ ကိုလည်း ကုန်စည် (Goods) ဟု ခေါ်မည် လားဆိုသည့် စဉ်းစား စရာလည်း ရှိနေပါသည်။

လူ့လောကသည် အကန့်အသတ်ဖြင့်သာ တည်ဆောက် ထားသည်။ ထို အကန့်အသတ် သည်ပင်လျှင် ရှားပါးမှု သဘောကို ဆောင် နေပါသည်။ ရှားပါးသော သဘာဝ ကြောင့်လည်း လူတို့၏ အတော မသတ်နိုင်သော ဆန္ဒကို မဖြည့်ဆည်း နိုင်တော့ပါ။ ထို့ကြောင့် တစ်ခု လိုချင်လျှင် တူညီသော နောက်တစ်ခုကို စွန့်လွှတ် လိုက်ရသည်။ The Next Best Alternative Forgone ဖြစ်သည်။ The Next Best သည် The Second Best မဟုတ်ပါ။ တူလည်း မတူနိုင်ကြပါ။ ဥပမာ - လက်ထဲတွင် ငွေနှစ်ထောင် ကျပ်ရှိမည် ဆိုပါစို့။ စတိတ်ရှိုး လက်မှတ် တစ်စောင်ကို ၂ဝဝဝိ ဖြစ်သလို၊ ဘာဘီကျူ လက်မှတ် တစ်စောင် လည်း ၂ဝဝဝိ ဖြစ်မည်။ အချိန်ကလည်း တစ်ချိန်တည်း ကျင်းပမည်။ နေရာတော့ မတူပါ။ ကန့်သတ် မှု အတိုင်းအတာ အရ စတိတ်ရှိုး ကြည့်ချင်လျှင် ဘာဘီကျူကို လက်လွှတ် ရမည် ဖြစ်သည်။ ဘာဘီကျူ စားမည်ဆိုပါက စတိတ်ရှိုးကို လက်လွှတ် ရမည်ဖြစ်သည်။ ယင်းသည် ငွေ အကန့်အသတ် ကြောင့် လည်းကောင်း၊ အချိန် အကန့် အသတ် ကြောင့် သော်လည်းကောင်း၊ စသည့် ကန့်သတ်မှု များကြားမှ ကြိုက်ရာနှင့် သင့်ရာကို ရွေးချယ် လိုက်ရခြင်း ဖြစ်သည်။ တစ်ခု လိုချင်လျှင် အခြား တူညီသော အရာ တစ်ခုကို စွန့်လွှတ် လိုက်ရသော သဘော ရှိသော်လည်း The Next Best ဆိုသည့် အတွေး ကို လူ့ သဘာဝအရ The Second Best ဟု ဇွတ် သတ်မှတ်လေ့ ရှိပါသည်။ စပျစ်သီး ချဉ်သည့် ဥပမာ မျိုး ဖြစ်သည်။

အခွင့်အလမ်း စရိတ် သည် တန်ရာတန်ကြေး ပေးဆပ်ရသော သဘော ရှိပါသည်။ ထို တန်ရာတန်ကြေး ပေးဆပ်မှု၏ နောက်ကွယ် တွင်လည်း စရိတ်နှင့် အကျိုး ဆန်းစစ်ဖို့လည်း လိုပါသည်။ မိမိနှင့် လိုက်ဖက်မည့် အခြေအနေကို ရယူရာတွင် ပေးဆပ် သင့်သည့် အခွင့်အလမ်း စရိတ်ကိုလည်း ပေးဆပ် တတ်ရန် လိုပါသေးသည်။ အခွင့်အရေး တစ်ခု ရရှိဖို့အတွက် မတန်မရာ ပေးဆပ် လိုက်ရ မှုများလည်း ရှိနိုင်ပါသည်။

အချို့ ကလည်း ပြန်ရ ချက်များကို တွက်ဆ ကြရာတွင် ပိုသာ သော ပြန်ရ ချက်ကိုသာ မျှော်ကိုး တွက်ဆ ကြပါသည်။ လူ့ သဘာဝ ဖြစ်သောကြောင့် အပြစ်ဟု မဆို နိုင်သော်လည်း ပိုသာ သော ပြန်ရချက် ဖြစ် မဖြစ် တော့ ဆန်းစစ်ရန် လိုပါသည်။ Opportunity Cost သဘောအရ ဆန်းစစ်မည်ဆိုပါက တူညီသော ပေးဆပ်မှု များနှင့် တူညီသော ရယူမှု များသာ ဖြစ်နေ တတ်ပါသည်။ သာသည် ဟု ထင်နေ ကြသူများ လည်း မသာကြပါ၊ နာသည် ဟု ထင် နေကြသူများလည်း ... မနာကြပါ။ သဘာဝ တရားသည် မျှတပါသည်။

ဥပမာ - ရသင့်သည် ဟု ထင်ထားသော မျှော်မှန်းချက် ဖြစ်မလာ သောအခါ နာသည်ဟု ထင်ကြပါသည်။ သို့သော် ပေးဆပ် လိုက်သော၊ တူညီ သည်ဟု ထင်ထား သော စွန့်လွှတ်မှု အခွင့်အလမ်း စရိတ် (Opportunity Cost) သည် တူညီ သည် မညီ သည် ကိုတော့ စဉ်းစား ရန် မေ့နေ တတ်ပါသည်။ လူသည် ပြန်ရ တာလောက်သာ ကြည့်တတ် သည်။ ပေးလိုက် သည်ကိုတော့ များပင် များနေ သေးသည်ဟု ထင်တတ် ကြသည်။ အမှန်အားဖြင့် ထိုမျှ ရင်းနှီး ထားသည့် အတွက်ကြောင့်သာ ထိုသို့ ပြန်ရခြင်း ဖြစ်ပါသည်။ အခွင့်အလမ်း စရိတ် သဘော နားလည်လျှင် ကျေနပ် နိုင်ကြပါသည်။

အခွင့်အလမ်း နှင့် ပတ်သက် လာလျှင် ရယူ ပိုင်ဆိုင်ခြင်း အတွက် ပေးဆပ်ခြင်း မှ အခြေ တည်ပါသည်။ ပေးမှ ရသော သဘော ရှိပါသည်။ ရမှ ပေးမှာပေါ့ ဟူသော သဘောသည် မသေချာ မရေရာ သော သဘောဖြစ်သည်။ Give and Take ဆိုသော စကားကိုသာ သုံးကြသည်။ Take and Give ဟူသော စကားကိုမူ ကား သုံးခဲသည်။ ဥပမာ - ကျောင်းသား တစ်ဦးသည် တက္ကသိုလ် တက်ရောက် ပညာ သင်ကြားမည် ဆိုပါစို့။ ယင်း အတွက်တော့ အရင် ပေးဆပ်မှု ရှိရ မည်ဖြစ်သည်။ ပေးဆပ်မှု များကား အခြား သုံးစွဲမည့်ငွေများကို တက္ကသိုလ် ပညာရေး အတွက် သုံးစွဲ လိုက်ရမည် ဖြစ်သည်။ အပျော်အပါး ထက် စာကို တစိုက်မတ်မတ် ကြိုးစား ရမည်ဖြစ်သည်။ အချိန်ကိုလည်း ပညာရေး အတွက် တန်ဖိုးထားပြီး သုံးစွဲ ရမည် ဖြစ်သည်။ ထိုသို့ မှန်မှန် ပေးဆပ် လိုက်သည်နှင့်အမျှ ပြန်ရချက် သည်လည်း မှန်လာမည် ဖြစ်သည်။ အခွင့်အလမ်း စရိတ်သဘော သည် ညာ၍ မရပါ။ တူသော အကျိုးကို ပေးမည် ဆိုသည်ကား အခွင့်အလမ်း စရိတ် သဘောဖြစ်သည်။ အခွင့်အလမ်း စရိတ်သဘောသည် အရာရာတွင် ရှိသည်။ လူမှုရေး နယ်ပယ်တွင် အရေးကြီး သည်။ အခွင့်အလမ်း စရိတ် သဘောကို လွှဲရှောင်၍ မရနိုင်ပါ။ လူကြီးလူကောင်း ဖြစ်လာသူများ၊ အများက ကြည်ညို လေးစားခြင်း ခံရ သူများ လည်း အများအတွက် အနစ်နာခံမှုများ၊ တော်တည့် မှန်ကန် ဖြောင့်မတ်မှုများ ကို ပြုလုပ်ခဲ့ကြ ခြင်းကြောင့် သာ ဖြစ်လာ ရသော သဘော ရှိပါသည်။ လူတို့သည် လူအချင်းချင်း အလကား အထင်ကြီးလေ့ မရှိပါ။

ထို့ကြောင့် အခွင့်အလမ်း (Opportunity) ထက် အခွင့်အလမ်း စရိတ် (Opportunity Cost) က ပို အရေးကြီး ပါသည်။ ရယူခြင်း များသည် ပေးဆပ်ခြင်း မှသာ ဖြစ်ပေါ်ပါသည်။ ပေးဆပ်ခြင်း မရှိသော ရယူခြင်းများ ဘဝတွင် ရှိခဲ့ပါမူ ပြန်လည် ဆန်းစစ် သင့်ပါသည်။ ပေးဆပ်မှု များ ရှိတတ် ပါသည်။ ပေးဆပ် လိုက်ရသော အခြေအနေ များကို မိမိ ကိုယ်တိုင် မသိသေးသော အခြေအနေ ကြောင့်သာ ဖြစ်သည်။ ဆန်းစစ် နိုင်မှု၊ သုံးသပ်နိုင်မှု၊ ဆင်ခြင်တုံတရား နည်းသူများတွင် ဖြစ်တတ် ပါသည်။

အခွင့်အလမ်း နှင့် အခွင့်အလမ်း စရိတ် သဘောကို လူတို့ မှန်ကန်စွာ သုံးသပ် နိုင်ရန်အတွက် လူတို့၏ မျှော်လင့်ချက်များ ပီပြင်ရန်လည်း အရေးကြီး ပါသည်။ Rational Expectations များ ဟု ခေါ်နိုင် ပါသည်။ အမြင်မှန် တတ် စေရန်လည်း အမှန်မြင် နိုင်သော ဘဝမျိုးများ ရှိရမည် ဖြစ်သည်။ ထိုသို့သော ဘဝမျိုးများတွင် လူတို့သည် မည်သည့် အရာများကို စွန့်လွှတ် အနစ်နာခံပြီး မည်သည့်အရာများကို ရယူ ပိုင်ဆိုင် ကြမည်ကို စဉ်းစား ဆုံးဖြတ် လာကြမည်ဖြစ်သည်။ သူတို့၏ မျှော်လင့်ချက် ပန်းတိုင် များသည် ပီပြင် နေရမည် ဖြစ်သည်။ တံလျှပ်များ ကြားတွင် နေထိုင်သော ဘဝ မျိုးများတွင် လူတို့သည် အခွင့်အလမ်းကို အခွင့်အလမ်း စရိတ်ဖြင့် ရယူရန် စဉ်းစား ခဲကြ ပါသည်။ အခွင့်အလမ်း စရိတ် မရှိဘဲနှင့် အခွင့်အလမ်းများ ရယူရန် ကြိုးစား ရမည်ဖြစ်သည်။ သို့သော်လည်း ထို ရယူ လိုက်သည့် အခွင့်အလမ်း များ သည်ပင်လျှင် အခွင့်အလမ်းစရိတ် မှ မလွတ်နိုင်ပါ။ မိမိ ပေးဆပ် လိုက်ရသော အခွင့်အလမ်း စရိတ်ကို မိမိ ကိုယ်တိုင် မသိသေး သောကြောင့်သာ ဖြစ်ပါသည်။

၂၀၀၅ ခုနှစ်၊ စက်တင်ဘာ လ (၁၃) ရက်နေ့ ထုတ်၊ အခွင့် အလမ်း ဂျာနယ်၊ အမှတ်စဉ် (၁) မှ ဆရာ ဒေါက်တာ မောင်မောင်စိုး (ဘောဂဗေဒ) ၏ ဆောင်းပါး အား ပြန်လည် ကူးယူ ဖေါ်ပြပါသည်။

Tuesday, September 9, 2008

What is Opportunity ?


ဘာလဲဟဲ့ အခွင့်အလမ်း

၂၀၀၈ခုနှစ်၊ ဇွန် လ (၂၄) ရက်နေ့ထုတ်၊ အခွင့် အလမ်း ဂျာနယ်၊ အမှတ်စဉ် (၁၄၁) မှ ဆရာ အောင်သစ် ၏ ဆောင်းပါး အား ပြန်လည် ကူးယူ ဖေါ်ပြပါသည်။

အခွင့်အလမ်းဆိုတာ ဘာလဲ။

အခွင့်အလမ်းဆိုတာ အသိစိတ်ရဲ့ နောက်ကွယ်မှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ ဘာသိ ဘာသာ နေတတ်ပါတယ်။ အဲ ... တစ်ခါ တလေ ကျတော့လည်း ခေါင်းကလေး ပြူပြီး ထွက်ကြည့် တတ်တာပေါ့။ အဲဒီလို ခေါင်းပြူ ထွက်လာချိန်မျိုးမှာ သင့်အနေနဲ့ ရုတ်တရက် ခြေမြန်၊ လက်မြန်နဲ့ ဖျတ်ခနဲ လှမ်းဆွဲလိုက် ပြီး မိမိရရ ဖမ်းဆုပ် ထားလိုက်ဖို့လိုပါတယ်။

တခြားသူတွေရဲ့အကြီးအကျယ် အောင် မြင်တဲ့ဘဝတွေကိုတွေ့ရင် သူတို့ရဲ့ဘဝမှာ ရင်းနှီးပေးဆပ်ခဲ့ရတဲ့ ဆုံးရှုံးမှုတွေရှိခဲ့ဖူးတာ ကို သဘောပေါက်လိုက်ပါ။ မိမိမျက်မှောက် မှာ လက်တွေ့အောင်မြင်သွားကြတဲ့သူတွေ ဟာ အခွင့်အလမ်းသမားတွေဖြစ်ပါတယ်။ သူတို့ဟာ သူတို့ဘဝလမ်းကြောင်းပေါ်က တွေ့ကြုံလာတဲ့ အခွင့်အလမ်းကောင်းတွေကို မိမိရရ ဆုပ်ကိုင် နိုင်ကြသူတွေပါ။ လူတိုင်း အောင်မြင် သွားကြ လိမ့်မယ်လို့ တော့ မမျှော်လင့် ပါနဲ့။ တချို့တလေသာ အလုပ်ဖြစ်ခဲ့ကြပြီး အများစု ကတော့ ကျဆုံးသွားတတ်ကြပါ တယ်။ ဒီ အတွက်တော့ စိတ်မပျက်လိုက်ပါနဲ့ ဦး။ အိမ်တိုင်းစေ့ ဝင်ထွက်ပြီး ဈေးရောင်းရ တဲ့ အရောင်းသမားလိုပေါ့။ တစ်အိမ်ပြီးတစ် အိမ် အငြင်းပယ်ခံရလေ သူရောင်းချရဖို့ အခွင့်အလမ်းနဲ့ ပိုမိုနီးကပ်လာလေလေပါပဲ။

သန်းကြွယ်သူဌေးကြီးတစ်ဦးကတော့ သူစတင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းခုနစ်ခုမှာ နှစ်ခုလောက်ပဲ အလုပ်ဖြစ်ခဲ့တယ်လို့ဆိုပါ တယ်။ ပြီးတော့ အဲဒီအလုပ်ဖြစ်ခဲ့တဲ့စီးပွား ရေးလုပ်ငန်းကပဲ အရှုံးပေါ်တဲ့ တခြားစီးပွား ရေးလုပ်ငန်းငါးခုကို ဖာထေးစရာဖြစ်ခဲ့ပါ တယ်။ ဒီနည်းနဲ့ သူ့ရဲ့ကိုယ်ပိုင်ဥစ္စာဓနတွေ ဟာ တဖြည်းဖြည်း ကြီးထွားလာပါတယ်လို့ ဝန်ခံပါတယ်။

အခွင့်အလမ်းကို မြင်တတ်ဖို့လိုတယ်

စီးပွားရေးသမားတွေဟာ အခွင့်အလမ်း ကို မြင်တတ်အောင် သူတို့ရဲ့ဦးနှောက်ကို လေ့ကျင့်မွေးမြူထားကြပါတယ်။ သူတို့ရဲ့ မျက်လုံးပေါ်က အဝတ်တွေကို ခွာချလိုက်ကြ ပါတယ်။ အထူးသဖြင့် နှလုံးသားကို တံခါး ဖွင့်ထားကြတဲ့အတွက် ပိုပြီး မြင်နိုင်၊ ကြား နိုင်ကြပါတယ်။

တရုတ်နိုင်ငံရဲ့ နိုင်ငံရေးသိပ္ပံအပေါ် ဝေဖန်သုံးသပ်ရာမှာ ထင်ရှားတဲ့ နာမည်ကျော် တရုတ်ရှေးဟောင်း စစ်သေနင်္ဂ ဗျူဟာကျမ်း ဖြစ်တဲ့ ‘စစ်ရေးပညာ’ စာအုပ်ကို ရေးသား ခဲ့သူ စာရေးဆရာ ဆွန်ဇူး က
‘အခွင့်အလမ်း ဆိုတာ သူ့ကို အမိ ဖမ်းမိ တာနဲ့ အမြှောက် ဂဏန်းလို ကိန်း ဂဏန်းတွေ ဆပွား သွားတတ် ပါတယ်’
လို့ ဆိုပါတယ်။ ဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ဝဝကျော်က မှန်ကန်ခဲ့သလို ခုလည်း မှန် နေတုန်းပါပဲ။

အခွင့်အလမ်း နဲ့ အခက်အခဲ

အခွင့်အလမ်းတစ်ရပ်နဲ့တွေ့လိုက်တာ နဲ့ ကျွန်တော်တို့အားလုံး ရင်ဆိုင်ကြရမယ့် အကြီးကျယ်ဆုံး အခက်အခဲကတော့ ဘယ် အခွင့်အလမ်းက မိမိအတွက် သင့်တော်မှန် ကန်ပြီး ဘယ်အခွင့်အလမ်းကတော့ မသင့် လျော်ဘူးဆိုတာကို ဆုံးဖြတ်ဖို့ပါပဲ။ နောက် တစ်ချက်က အဲဒီသင့်တော်တဲ့အခွင့်အလမ်း ကို အမိအရဖမ်းဖို့ဖြစ်ပါတယ်။ ဘဝမှာ အရေးအကြီးဆုံးကတော့ ဘယ်အချိန်မှာ ရှေ့ တစ်လှမ်းတိုးရမယ်ဆိုတာကို သိဖို့ပါပဲ။

သင့်အတွက် အခွင့်အလမ်းတစ်ရပ်ဟာ သင်အမိအရ ဖမ်းဆုပ်ရမယ့် ရွှေရောင်လွှမ်း တဲ့အခွင့်အလမ်းမျိုးလား၊ ဒါမှမဟုတ် အဲဒီ အခွင့်အလမ်းဟာ တခြားတစ်စုံတစ်ယောက် အတွက် ချန်ထားသင့်သလားဆိုတာကို သင် ဘယ်လိုဆုံးဖြတ်လဲ။ ပထမဆုံး သင်လုပ်ရ မှာကတော့ အကြောင်းရင်းနှစ်ရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ပဲဖြစ်ပါတယ်။

ဘဝ ရည်မှန်းချက်နဲ့ လူစွမ်းလူစ

ဒီအချက်က ခက်ခက်ခဲခဲ မဟုတ်ဘူး ထင်ရပေမဲ့ လက်တွေ့ဘဝမှာတော့ ဒီအခြေ ခံအချက်က သွေဖည်ပြီး ကာလရှည်စွာ လျှောက်လှမ်း နေသူများအဖို့ စိတ်ပျက်စရာ ဆုံးရှုံးမှု များစွာနဲ့ ရင်ဆိုင်ကြရပါတယ်။ ဒါ့ ကြောင့် စိတ်ကူးသစ်၊ အကြံဉာဏ်သစ်နဲ့ ထူး ခြားတဲ့ အခွင့်အလမ်း သစ်တွေ ပေါ်လာတိုင်း လက်တွေ့ဘဝနဲ့ယှဉ်ပြီး စစ်ဆေးကြည့်ပါ။ ၁ဝချက်မှာ ၁ဝချက်စလုံး အပြည့်အဝတိုက် ဆိုင်မှု ရှိနေပြီ ဆိုရင်တော့ ဝင်စတန်ချာချီပြော သလို ‘အခွင့်အလမ်းကောင်းကြီးတစ်ရပ်ကို ခလုတ်တိုက်မိပြီ’ လို့ ဆိုရပါလိမ့်မယ်။

စီးပွားရေးလုပ်ငန်းရှင်များဟာ မှန်ကန် တဲ့အချိန်၊ မှန်ကန်တဲ့နေရာဒေသကို တစ်ပြိုင် နက်တည်း ပေါင်းဆုံမိစေပြီး အခွင့်အလမ်း ကိုဆုပ်ကိုင်ကာ ရှေ့တစ်လှမ်းတိုးနိုင်ခဲ့ကြသူ တွေဖြစ်ပါတယ်။

ဟောဒီ ကမ္ဘာလောကကြီးပေါ်မှာ သင့် အတွက် အခွင့်အလမ်းပေါင်း ထောင်သောင်း မက ရှိနေကြပါတယ်။ ဘာဖြစ်လို့ အခွင့် အလမ်းကို ထိုင်စောင့်နေကြဦးမှာလဲ။

အခွင့်အလမ်းကို ရွေးချယ် ရအောင်

၁။ အခွင့်အလမ်းဟာ မိမိရဲ့ပင်ကိုစွမ်းရည် နဲ့ လွဲချော်နေပါသလား

ဒါက အရေးအကြီးဆုံး မေးခွန်းပါ။ အခွင့်အလမ်းဟာ သင့်ရဲ့ ယုံကြည်မှုနဲ့လွဲ ချော်နေတာမျိုးဆိုရင် အဲဒီအခွင့်အလမ်း မျိုးကို တပ်မက်မနေပါနဲ့၊ သံယောဇဉ် တွယ် မနေပါနဲ့၊ ထားခဲ့လိုက်ပါ။

၂။ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက မိမိပုံစံနဲ့ ကိုက်ညီပါရဲ့လား

လူအများဟာ မိမိနဲ့သဘောတူ၊ စိတ်တူ၊ ဆန္ဒတူသူတွေနဲ့သာ စုပေါင်းပြီး စီးပွားရေး လုပ်ကြတာဖြစ်ပါတယ်။ စီးပွားရေးအရ ပြိုင် ဆိုင်ကြတာမျိုးမဟုတ်ဘဲ ပုဂ္ဂိုလ်ဆက်ဆံရေး မှာပါ ယှဉ်ပြိုင်လိုသူတွေ ရှိနေခဲ့ရင်၊ ရှိနေ လိမ့်မယ်လို့ ယူဆရရင် အဲဒီအခွင့်အလမ်း ကိုလည်း မေ့ထားလိုက်ပါ။

၃။ မိမိရဲ့ဘဝရည်မှန်းချက်ကိုဖြည့်ဆည်း ပေးနိုင်ပါသလား

ဘယ်လောက်ကောင်းမွန်တဲ့အခွင့် အလမ်းမျိုးပဲဖြစ်ပါစေ၊ မိမိရဲ့လက်ရှိရည်မှန်း ချက်ပန်းတိုင်နဲ့ ဆန့်ကျင်နေတာမျိုးဆိုရင် လည်း သင့်စိတ်ထဲမှာ ရာနှုန်းပြည့် နှစ်ခြိုက် ပျော်မွေ့ဖို့ လမ်းမမြင်ပါဘူး။ လုပ်ငန်းခွင်မှာ ရာနှုန်းပြည့်ပျော်ရွှင်မှုမရှိဘူးဆိုရင်လည်း နောင်တစ်ချိန်မှာ အခက်အခဲ ပြဿနာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

၎။ နှစ်ခြိုက် ပျော်ရွှင်ပါရဲ့လား

မိမိရဲ့စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ စိတ်နှလုံးနှစ်ခြိုက်ပျော်ရွှင်ဖို့ဆိုတာ အထူးလို အပ်ချက်ပါ။ ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုး မဆို အချိန်နဲ့လုပ်အားများစွာ စိုက်ထုတ်ရ ပါတယ်။ သင့်အနေနဲ့ အချိန်တိုင်း အချိန် တိုင်းမှာ ပျော်ရွှင်မှုမရရှိနိုင်ဘူးလို့ယူဆရင် လည်း အဲဒီအခွင့်အလမ်းမျိုးကို ခေါင်းထဲ ထည့်မနေပါနဲ့တော့။ သင့်အတွက် ပိုမိုနှစ် ခြိုက်ပျော်ရွှင်မှုကိုပေးမယ့် တခြားအခွင့် အလမ်းတွေ ရှိနေဦးမှာပါ။

၅။ အချိန်ကို စီမံခန့်ခွဲပါ

လက်ရှိလုပ်ငန်းခွင်မှာပဲဖြစ်စေ၊ မိသားစု ဘဝမှာဖြစ်စေ၊ စိတ်အပန်းဖြေရာကိစ္စမျိုးတွေ မှာဖြစ်စေ ကျွန်တော်တို့ဘဝတစ်ခုလုံးဟာ လုပ်စရာ၊ ကိုင်စရာတွေနဲ့ပြည့်နေတတ်ပါ တယ်။ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ရာမှာ လည်း တစ်စုံတစ်ခုကိုတော့ ရင်းနှီးရပါလိမ့် မယ်။ အဲဒီစီးပွားရေးလုပ်ငန်းတစ်ခုမှာ လက် တွေ့အားဖြင့် အချိန်ဘယ်လောက်ယူပြီး အကောင်အထည်ဖော်ရမယ်ဆိုတာကို ကြို တင်တွက်ဆရပါလိမ့်မယ်။ အဲဒီအတွက် လို အပ်မယ့်အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမလဲဆို တာ၊ ဘယ်လောက်ထိ အချိန်ပေး ရင်းနှီး မြှုပ်နှံရမလဲဆိုတာ သင့်ဘက်က အသင့်ပြင် ဆင်ထားပြီးပါပြီလား။

၆။ ငွေကြေးလိုအပ်ချက်

‘ဘာမှ မရင်းနှီးရင် ဘာမှမရနိုင်ဘူး’ တဲ့။

ရှိတ်စပီးယားရဲ့ပြဇာတ်ထဲက လီယာ မင်းကြီးရဲ့စကားက အခွင့်အလမ်းသစ် အတွက် အမှန်တကယ်ကုန်ကျမယ့် ရင်းနှီး မြှုပ်နှံမှုကို ညွှန်ပြနေပါတယ်။ ကုန်ကျစရိတ် ရဲ့ တခြားဘက်မှာ အမြတ်အစွန်းက ရှိနေရ ပါမယ်။ မမျှော်လင့်ဘဲ အကျိုးဆက်က ပြောင်းပြန် ဇောက်ထိုးဖြစ်ခဲ့ရင်ကော ဘယ် လိုဖြစ်လာမလဲ။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အဖို့ လုပ်ငန်းရင်းနှီးမှုတွေက ရေတို၊ ရေ လတ်၊ ရေရှည်အားဖြင့် ဘယ်လိုအကျိုး အမြတ်တွေ ရရှိနိုင်မလဲ။

ကုန်ကျစရိတ်များကို ပိုပိုသာသာထည့် တွက်ပါ။ ဝင်ငွေကို လျှော့တွက်ပါ။ ပြီးမှ စီး ပွားရေးစီမံချက်ကို ပြန်လည်ရေးဆွဲပါ။

၇။ မိသားစုတွေ၊ အပေါင်းအသင်းတွေက ဘာပြောကြမလဲ

ခံနိုင်ရည်ရှိဖို့က သိပ်ကိုအရေးကြီးပါ တယ်။ ရရှိလာမယ့်အခွင့်အလမ်းက သင့်ရဲ့ ပင်ကိုစွမ်းရည်နဲ့ ထပ်တူထပ်မျှ ကိုက်ညီမှု ရှိဦးတော့၊ သင့်အတွက် အရှက်ရစေမယ့်လုပ် ငန်းမျိုးဆိုရင် အဲဒီလုပ်ငန်းကို မစတင်ပါနဲ့။ သင့်ရင်သွေးငယ်များရှေ့ရေးကို ထည့်သွင်း စဉ်းစားပါ။ သင့်ရဲ့ရင်သွေးငယ်များက သူတို့ ရဲ့သူငယ်ချင်းတွေကြားမှာ ဘာပြန်ပြောကြ မလဲ။

၈။ အခွင့်အလမ်းကို လက်လွှတ်ခဲ့ပြီး နောက် တစ်နှစ်အကြာမှာ ဘယ်လိုခံစားရ မလဲ

နောင်တရခြင်းက ဆိုးဝါးလှပါတယ်။ တခြားကိစ္စရပ်တွေအားလုံးအဆင်ပြေကောင်း မွန်ပါလျက် လက်လွှတ်ခဲ့ရတဲ့ အဓိက အကြောင်းရင်းဟာ စိုးရိမ်ကြောင့်ကြမှုကြောင့် လို့ဆိုရင် သင့်ဘဝတစ်လျှောက်လုံးမှာ သင့်ရဲ့ နေ့ရက်တွေကို နောင်တတရားကပဲ လွှမ်းမိုး စေတော့မှာလား။

အမေရိကန် နိုင်ငံရေးသမား James F-Byrnes ရဲ့ စကား တစ်ခွန်း ရှိပါတယ်။

‘လူတော်တော် များများဟာ အခွင့် အလမ်းထက် သေချာမှု ကိုပဲ တွေးတော နေတတ် ကြတယ်။ သူတို့ အတွက် ရှင်သန်ခြင်း ဟာ သေဆုံးခြင်း ထက်တောင် ပိုပြီးကြောက် စရာကောင်းနေပုံပဲ’


၉။ ဒီနေ့ မှားခဲ့တာတွေဟာ မနက်ဖြန် အတွက် အမှန်ဖြစ်မတဲ့လား

တချို့အခွင့်အလမ်းတွေက ကျွန်တော် တို့ရဲ့ဘဝအတွေ့အကြုံများအရ ရှေ့တစ်လှမ်း ကြိုရောက်နေသလို ထင်မှတ်ရပါတယ်။ ဒီနေ့ မဖြစ်နိုင်ဘူးလို့ ယူဆရတဲ့အိပ်မက်တွေဟာ အနာဂတ်အတွက် စံပြအခွင့်အလမ်းတွေဖြစ် နေတတ်ပါတယ်။

သင့်ကိုယ်သင် မေးကြည့်ပါ။

ဒီအခွင့်အလမ်းတွေဟာ သင့်အတွက် အသုံးချဖို့ စုဆောင်းထားရမယ့်ကိစ္စလား၊ စုဆောင်းရုံသက်သက်နဲ့လည်း အလုပ်ဖြစ် လိမ့်မယ်မဟုတ်ပါ။ စိတ်ကူးနဲ့ဖြစ်ဖြစ်၊ စာ ရွက်ပေါ် ချရေးပြီးတော့ပဲဖြစ်ဖြစ် မကြာခဏ ဆိုသလို အခွင့်အလမ်းကို ပြန်လည်ဆန်းစစ် ကြည့်ဖို့ လိုပါတယ်။

တကယ်လို့ သင့်အကြံအစည်က သင့် လျော်ပြီး အချိန်အခါသင့်ပြီဆိုတာနဲ့ ချက် ချင်းအကောင်အထည်ဖော်ဖို့ စတင်လိုက်ပါ တော့။

၁ဝ။ ဘဝတစ်လျှောက်လုံး ဘာမှဖြစ်ဖြစ် မြောက်မြောက် မလုပ်ဖြစ်ခဲ့ဘူးလား။ ဒီ တစ်ကြိမ်မှာတော့ တကယ်လုပ်ဖြစ်ပြီလား

ဒီမေးခွန်းက သိပ်ကိုအရေးပါတဲ့မေး ခွန်းပါ။ စိတ်ကူးသစ်၊ အကြံအစည်သစ်၊ အခွင့်အလမ်းသစ်အားလုံးကို သင့်ဘဝတစ် လျှောက်လုံးအတွက် လုံးဝနစ်မြုပ်လုပ်ဆောင် ရမယ့်အလုပ်အဖြစ် သဘောထားပါ။ သင် စိတ်ပါဝင်စားမှုရှိနေသေးရဲ့လား၊ ရှိနေသေး တယ်ဆိုရင် သင်ဟာ သင့်ရဲ့အိပ်မက်ကို ရှာ ဖွေတွေ့ရှိပြီလို့ ဆိုရပါလိမ့်မယ်။

‘အောင်မြင်တဲ့ ပုဂ္ဂိုလ် တိုင်းဟာ အခွင့် အလမ်း များကို မလိုချင် တော့ဘူး လို့ ဘယ်တုန်းက မှ မညည်း တွား ခဲ့ကြပါ’

ရဗ်ဝေါဒို အီမာဆန် (၁၈ဝ၃-၁၈၈၂)

အမေရိကန် ကဗျာဆရာ၊ စာရေးဆရာ တွေးခေါ်ပညာရှင်


Ref: 'Ringing on a broken doonbell'