Showing posts with label Business and Management. Show all posts
Showing posts with label Business and Management. Show all posts

Wednesday, November 12, 2008

Voice

အဋ္ဌမမြောက်အလေ့အထ - ၂

(စွမ်းရည်မြင့်မားခြင်းမှ ကြီးကျယ်ပြောင်မြောက်ခြင်းသို့)


သင်ကာ


စွမ်းရည်မြင့်မား အလေ့အထခုနစ်ပါး စာအုပ်ထုတ်ဝေချိန် ၁၉၈၉ ခုနှစ်မှစကမ္ဘာကြီးသည် သိမ်မွေ့စွာ ပြောင်းလဲလာခဲ့သည်။ အဖွဲ့အစည်း၊ လုပ်ငန်း၊ မိသားစု၊ ကိုယ်ရေးကိုယ်တာကိစ္စ၊ အများနှင့် ဆက်ဆံရေးတို့တွင် ရင်ဆိုင်လာရသည့် စိန်ခေါ်မှုနှင့် ရှုပ်ထွေးမှုများသည် အရေးပါအရာရောက်မှု စံများ ကွဲပြားလာခြင်းကြောင့် ဖြစ်သည်။ ၁၉၈၉ ခုနှစ်သည် ဘာလင်တံတိုင်း ပြိုသွားသည်ကို ကြုံရသောနှစ်၊ အင်ဖော်မေးရှင်းခေတ်သို့ စတင်ဝင်ရောက်ချိန်၊ အသစ်အသစ်များ မွေးဖွားချိန်၊ အံ့ဘနန်းထူးကဲသော မဟာပြောင်းလဲမှုများဖြစ်ချိန်ဟု အများက မှတ်ချက်ချရသော တကယ့်ကာလသစ်ပင် ဖြစ်သည်။

ထို့ကြောင့်ပင် အများက အလေ့အထခုနစ်ရပ်သည် ယနေ့ လောကသစ်နှင့် အံဝင်ခွင်ကျရှိသေးပါ၏လောဟု မေးလာကြသည်။ စတီဖင်ကိုဗေး၏ မပြောင်းမလဲ တစ်မျိုး တည်းသောအဖြေမှာ ပြောင်းလဲမှုများ ကြီးမားလာပြီး စိန်ခေါ်မှုများပိုခက်ခဲကြမ်းတမ်းလာလေ အလေ့အထခုနစ်ရပ်မှာပိုအံဝင်ခွင်ကျ အသုံးတည့်လေု ဖြစ်သည်။

အလေ့အထခုနစ်ရပ်၏ ရည်ရွယ်ရင်းသည် စွမ်းဆောင်ရည်မြင့်ဖို့ ဖြစ်သည်။ အားလုံးနှင့်ဆိုင်သည့် ပြည့်စုံသော စည်းကမ်းကလနား၊ စွမ်းဆောင်ရည်နှင့် အကျင့်စရိုက်တို့ အတွက် အချိန်မရွေး ကျင့်သုံးနိုင်သောတရားအဖြစ် အလေ့အထခုနစ်ရပ်က ကိုယ်စားပြုသည်။

ယနေ့ကမ္ဘ္ဘ္ဘာတွင် တစ်ဦးချင်းအရဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ စွမ်းဆောင်ရည်မြင့်မားရန်မှာ ရှောင်လွှဲ မရပေ။ ယင်းမှာ လောကကစားကွင်းသို့ ၀င်ရေးအတွက် အရင်းအနှီးပင် ဖြစ်သည်။ သို့သော် လောကသစ်အတွင်း ရှင်သန်ရန်၊ ပျော်ဝင် စီးမျောရန်၊ အပြောင်းအလဲလုပ်နိုင်ရန်၊ ထူးချွန်အောင် ဆောင်ရွက်ရန်နှင့် ဦးဆောင်နိုင်ရန်အတွက် စွမ်းဆောင်ရည်မြင့်မားခြင်းထက် ပိုလွန်သော အရည်အသွေးတစ်ရပ် လိုအပ်ပေသေးသည်။ ယင်းမှာ ကြီးကျယ်ပြောင်မြောက်ခြင်း (Grateness) ပင် ဖြစ် သည်။ Grateness သည် အပြည့်အ၀ ဖြည့်ဆည်းမှု (Fullfillment)၊ ထက်သန်သော စီမံဆောင်ရွက်မှု (Passionate Execution) နှင့် အရေးပါသော ပါဝင် ကူညီမှု (Significant Contribution) တို့ ရရှိစေဖို့ ဖြစ်သည်။ ယင်းတို့တွင် မတူသှောုထောင့်တစ်မျိုးစီ ရှိသည်။ ပင်ကိုစေ့ဆော်မှု (Voice) ဟု ဆိုနိုင်သည့် လူသား၏ ပါရမီ၊ စွမ်းရည်၊ စိတ်ပါဝင်စားမှုတို့ကို အမြင့်ဆုံး ရောက်အောင် ဖွင့်ထုတ်ပေးရန် တွေး ခေါ်မှုပုံစံအသစ်၊ ကျွမ်းကျင်မှုစွမ်းရည် အသစ်၊ အသုံးချရမည့်နည်းနာအသစ် တည်းဟူသော အလေ့အထအသစ် လိုပေသည်။

အဋ္ဌမမြောက်အလေ့အထသည် ယခင် အလေ့အထခုနစ်ရပ်အတွင်း ဆွဲသွင်းရမည့် အလေ့အထမျိုးမဟုတ်ပါ။ ယနေ့ပညာလုပ်သားခေတ် (Knowledge Worker Age) ကြီး၏ အဓိက စိန်ခေါ်မှုကြီးများကို ရင်ဆိုင်နိုင်ရန် အလေ့အထခုနစ်ရပ်ကို စုစည်းသိုင်းဖွဲ့ပေးမည့် တတိယှုထောင့်အမြင်တစ်ခု ဖြစ်ပါသည်။ အဋ္ဌမမြောက်အလေ့အထမှာ ကိုယ့်စိတ်ရင်းစေ့ဆော်မှုကို ဆန်းစစ်ရှာဖွေခြင်းနှင့် အခြားသူများ ကိုလည်း ဆန်းစစ်ရှာဖွေရန် အားပေးခြင်း (Find Your Voice and Inspire Others to Find Theirs) ပင် ဖြစ်ပါ သည်။

အဋ္ဌမမြောက်အလေ့အထသည် ယနေ့အမှန်တကယ် ကြုံတွေ့နေရသော အခြေအနေများ၏ အလွန့်အလွန် အလားအလာကောင်းသော ဘက်ဆီသို့ ဦးတည်ရာလမ်းကြောင်းကို ကိုယ်စားပြုပါသည်။ ယခင်ဖော်ပြဖူးသည့် နာကျင်ခံခက်မှု၊ိုဖရဲပြိုကွဲ မသေချာမှုတို့၏ လုံးလုံးဆန့်ကျင်ဘက် အပိုင်းတွင် ရှိပါသည်။ အလားအလာ ကောင်းများကို အကန့်အသတ်မဲ့စေခြင်း၊ လောကဓံကို ခံနိုင်ခြင်း၊ မျှော် လင့်ချက်အပြည့်ရှိခြင်းတို့ကိုဖြစ်စေသော လူ့စိတ်၏ အရင်းခံစေ့ဆော်မှု (Voice) ကို တူးဆွခြင်း ဖြစ်သည်။


သင်ကာ

မူရင်း - The 8th Habit by Stephen Covey

Wednesday, October 15, 2008

နာကျင်ခံခက်မှု (The Pain)

အဋ္ဌမမြောက်အလေ့အထ - ၁

(စွမ်းရည်မြင့်မားခြင်းမှ ကြီးကျယ်ပြောင်မြောက်ခြင်းသို့)

ငါတော့ အကျပ်ရိုက်နေပြီကွာ၊ လှုပ်လေမြုပ်လေပဲ

ကျွန်တော့်ကို ဘယ်သူကမှ အလေးမထား၊ အရေးတယူ မရှိကြဘူး၊ အလုပ်ရှင်ကလည်း ကျွန်တော့် အစွမ်းအစကို တစ်စက်မှ မသိဘူး...

အဆင်မပြေလိုက်တာ၊ စိတ် ဓာတ်ကျနေပြီ...

ဘာမှ ထူးထူးခြားခြား၊ လုပ် မပြနိုင်ဘူး ဖြစ်နေတယ်...

ခံစားချက်မဲ့နေတယ်... ဘ၀က အဓိပ္ပာယ်မရှိဘူး... ပျောက်ဆုံးနေပြီ...

အထီးကျန်ဆန်လိုက်တာ...

အချုပ်အချယ်တွေများလို့ ... မွန်းကျပ်နေတာပဲ...

အိမ်က မိန်းမကလည်း နားလည်မှုမပေး... ကလေးတွေကလည်း ကိုယ့်စကားနားမထောင်... အိမ်မှာနေ ရတာထက်... အလုပ်မှာ နေရတာက စိတ်ချမ်းသာသေးတယ်...

စသည်တို့မှာ အလုပ်တွင်၊ အိမ်တွင်၊ ကိုယ့်ပတ်ဝန်းကျင်တွင် ကြားရတတ်သောအသံများ ဖြစ်သည်။ နာကျင်ခံခက်မှုသည် ကိုယ့် ဘာသာ တစ်ကိုယ်ရေ (Personal) ခံစားနေရသော ကိစ္စဖြစ်တတ်ပြီး ရင်ထဲသို့ နက်နက်ရှိုင်းရှိုင်း တိုးဝင်နေတတ်သည်။ ­ထိုကဲ့သို့ အကြိမ်များစွာ ဖြစ်ဖူးကြပေမည်။ လူဖြစ်ရခြင်း (On Becoming a Person) အမည်ရှိ စာအုပ်တွင် ကားလ်ရော်ဂျာစ် ရေးခဲ့သလိုပင် ကိုယ်ရေးကိုယ်တာ ခံစားချက်အများစု သည် သူသူငါငါ ခံစားနေကြရသည့် အတိုင်းပင် ဖြစ်သည် ဟု ဆိုရပေမည်။

အချို့က ကိုယ့်အလုပ်တွင် အာရုံစူးစိုက်ထားမှု၊ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှု၊ အင်တိုက်အားတိုက် လုပ်မှုရှိကြသည်။ သို့သော် အနည်းစုသာ ဖြစ်သည်။ စတီဗင်ကိုဗေးက ဟောရင်းပြောရင်း ပရိသတ်များကို လက်ရှိ လုပ်ကိုင်နေမှု သို့မဟုတ် လုပ်ခွင့်ပြုထားသည့် အတိုင်းအတာထက် အရည်အသွေး၊ အသိပညာ၊ အစွမ်း အစ၊ ဖန်တီးနိုင်မှုပိုရှိသော ၀န်ထမ်း အင်အားစုများ ၄င်းတို့ အဖွဲ့အစည်း လုပ်ငန်းအတွင်း များစွာရှိနေသည်ကို သဘောတူ၊ မတူ မေးမြန်းသဘော ထားတောင်းခံကြည့်ရာ အများစုကြီးက သဘောတူကြောင်း လက်ထောင် ကြသည်။ ကမ္ဘာတစ်လွှားနည်း နှင်နှင်ပင် ဖြစ်သည်။ ရာခိုင်နှုန်းလောက်ပင် အရေအတွက်ရှိသော လူ များကလည်း အတိုင်းအတာတစ်ခု အထိသာလုပ်ရန် ကြီးမားစွာ ဖိအား ပေးခံရသည်ဟု ဆိုသည်။ အများစုမှာ သူတို့၏ ပင်ကိုအရည်အသွေးဖြစ်သော ပါရမီ၊ ထက်မြက်ပါးနပ်မှုတို့ကို အသုံးချခွင့်မရမှုနှင့် ကြုံတွေ့နေကြရ သည်။

ဘဏ်လုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှု၊ စစ်တပ်၊ နည်းပညာဝန်ဆောင်မှု စသော အဓိက လုပ်ငန်းစုများ (Key Industries) နှင့် စာရင်းစစ်၊ အတွင်းရေးမှူး၊ ကြော်ငြာ လုပ်ငန်း၊ ကွန်ပျူတာကျွမ်းကျင်သူ၊ ပညာရေးစီမံခန့်ခွဲသူ၊ အရောင်းကိုယ် စားလှယ် စသော အဓိကအသုံးချဧရိ ယာများ (Key Functional Area) တွင် အလုပ်လုပ်နေကြသော အမေရိကန် ပြည်ထောင်စုရှိ အလုပ်သမား ၂၃၀၀၀ ကို မကြာသေးမီက တွေ့ဆုံမေးမြန်း စစ်တမ်းကောက်ယူခဲ့သော စွမ်းဆောင် နိုင်မှုအရည်အချင်းပြညွှန်းကိန်း xQ (Execution Quotient) မေးခွန်းလွှာ ရလဒ်ကို ကောက်နုတ်လေ့လာနိုင် သည်။

အလုပ်သမားဝန်ထမ်းများတွင် …..

- ၃၇ ရာခိုင်နှုန်းကသာ သူတို့လုပ်ကိုင်နေသော အဖွဲ့အစည်းလုပ်ငန်း၏ ကြိုးပမ်းနေသော အောင်မြင်မှု ဘာဖြစ်သနည်းဆိုသည်နှင့် ဘာကြောင့် ထိုသို့ ကြိုးပမ်းသည်ဆိုသည်တို့ကို ရှင်းရှင်းလင်းလင်း သိမြင်နားလည်သည်ဟု ဆိုသည်။

- ငါးဦးတွင် တစ်ဦးကသာ အဖွဲ့အစည်း၊ လုပ်ငန်း၏ ပန်းတိုင်နှင့် လုပ်ဖော်ကိုင်ဖက် အသင်းအပင်းအပေါ် စိတ်ဝင်စားမှုရှိသည်။

- ငါးဦးတွင် တစ်ဦးက (၁) သူတို့၏ တာဝန်နှင့် (၂) လုပ်ဖော်ကိုင်ဖက် အသင်းအပင်းအဖွဲ့နှင့် အဖွဲ့အစည်း လုပ်ငန်း၏ ရည်မှန်းချက်ပန်းတိုင်နှစ်ရပ်ကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်သည်ဟု ဆိုသည်။

- အလုပ်သမားဦးရေထက်ဝက်ခန့်ကသာ သီတင်းပတ်အကုန်တွင် ပြီးမြောက်အောင် လုပ်လိုက်သော သူတို့ အလုပ်အပေါ် ကျေနပ်မှု ရှိသည်။

- ၁၅ ရာခိုင်နှုန်းကသာ ရည်မှန်းချက် ပန်းတိုင်ကို ဖော်ဆောင်ရေးအတွက် သူတို့၏ အဖွဲ့အစည်း၊ လုပ်ငန်းက အပြည့်အ၀ အထောက်အပံ့ပေးနိုင်သည်ဟု ခံစားမိသည်။

- ၁၅ ရာခိုင်နှုန်းကသာ သူတို့သည် လုံးဝယုံကြည်စိတ်ချရသော ၀န်းကျင် အသိုင်းအ၀ိုင်းတွင် အလုပ်လုပ်နေရ သည်ဟု ခံစားမိသည်။

- သစ်လွင်ကောင်းမွန်သော အိုင်ဒီယာများနှင့် ကွဲပြားသော်လည်း အလေးထားလောက်ဖွယ် အမြင်များ အပေါ် လွတ်လပ်စွာ ရှင်သန်ခွင့်ကို သူတို့၏ အဖွဲ့အစည်း၊ လုပ်ငန်းက အားပေးအားမြှောက် ရှိသည်ဟု ၁၅ ရာခိုင်နှုန်းကသာ ခံစားမိသည်။

- အကောင်းအဆိုး၊ အကျိုးရလဒ် အပေါ် အဖွဲ့အစည်းလုပ်ငန်းက တာဝန်ခံပေးသည်ဟု ၁၀ ရာခိုင်နှုန်း ကသာ ခံစားမိသည်။

- ၂၀ ရာခိုင်နှုန်းကသာ သူတို့အလုပ် လုပ်နေသည့် အဖွဲ့အစည်း၊ လုပ်ငန်းအပေါ် အပြည့်အ၀ယုံကြည်မှု ရှိသည်။

- ၁၃ ရာခိုင်နှုန်းကသာ အခြားသော အဖွဲ့အစည်းအုပ်စုများ သို့မဟုတ် ဌာနများနှင့် ဆက်ဆံလုပ်ဆောင်ရာ တွင် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု၊ လုံးဝယုံကြည်မှု ရှိသည်။

အထက်ပါရလဒ်များကို ဘောလုံးစကားနှင့် ပြောရလျှင် ကစား ကွင်းထဲ ဘောလုံးသမား ၁၁ ဦး အနက် လေးဦးကသာ အသင်း၏ ရည်ရွယ်ချက်ကို သိသလို ဖြစ်နေမည်။ ၁၁ ဦးအနက် နှစ်ဦးကသာ ဂရုတစိုက် ရှိမည်။ ၁၁ ဦးအနက် နှစ်ဦးကသာ သူတို့ကစားနေသည့် အနေအထားနှင့် သူတို့ ဘာလုပ်ရမည်ကို ရေရေရာရာ သိမည်။ အနှီ ကစားသမား နှစ်ဦးမှအပ ကျန်ကစားဖော်များသည် ပြိုင်ဘက်အသင်းကို ယှဉ်ပြိုင်ရမည့် အစား ကိုယ့်အသင်းသား အချင်းချင်း ပြန်ပြိုင်ဆိုင်သလို ဖြစ်နေပေလိမ့်မည်။

အချက်အလက်များသည် အလေးအနက်ဆင်ခြင်ရမည့်ကိစဖြစ်သည်။အချက်အလက်များသည် ကမ္ဘာတစ်ဝန်း အမျိုးမျိုးသော အဖွဲ့အစည်းများရှိ လူများနှင့် ပတ်သက်ကိုယ်တိုင်တွေ့ရသည့်အတွေ့အကြုံများ နှင့် စပ်ဟပ်မိသည်ဟု စတီဖင်ကိုဗေးက ဆိုသည်။ နည်းပညာများ၊ ဆန်းသစ်ပြောင်းလဲနေသော ထုတ်ကုန်များ၊ ကမ္ဘာနှင့်ချီသော ဈေးကွက်များ ကျွန်ုပ်တို့ ရရှိနေသည့်တိုင် အများစုသော လူများသည် သူတို့အလုပ်လုပ်ကိုင်ရာ အဖွဲ့အစည်းလုပ်ငန်းများအတွင်း၌ ပျော်ဝင်ရှင်သန်ခြင်း (Thriving) မရှိ ကြပေ။ ကျေနပ်စိတ်ချမ်းသာမှု၊ တက်ကွမှုမရှိပေ။ မချင့်မရဲ ရှိကြသည်။ သူတို့သည် ကိုယ့်အဖွဲ့အစည်း၏ ဦးတည်ရာကိုလည်းကောင်း၊ ကိုယ့် အသိုင်းအ၀ိုင်း၏ အမြင့်ဆုံး သာလွန် ကောင်းမွန်ချက်ကိုလည်းကောင်း ဂဃ နဏ မသိကြ။ ရှေ့မတိုးနိုင်ဖြစ်ကာ အာရုံထွေပြားလျက် ရှိသည်။ အားလုံး ထဲတွင် အများစုမှာ သူတို့အဖို့ အပြောင်းအလဲဖြစ်အောင် မလုပ်နိုင်ဟု ခံစားနေရသည်။ ၀န်ထမ်းအင်အားစု စိတ်ထက်သန်မှု၊ ပါရမီအရည် အသွေး၊ အသိညဏ်ပညာတို့ကို အပြည့်အ၀အသုံးချရန် အခွင့်မသာမှုကြောင့် တစ်ဦးချင်းအရဖြစ်စေ၊ အဖွဲ့ အစည်းလိုက်ဖြစ်စေ ဆုံှးုံးနစ်နာရမှုကို ခန့်မှန်းကြည့်နိုင်ပါပြီလား။ အခွန်ပေး ဆောင်ရခြင်း၊ အတိုးငွေပေးရခြင်း၊ လုပ်ခပေးရခြင်း အားလုံးပေါင်းတို့ ထက် အဆများစွာ ပို နစ်နာပါ သည်။

(စီမံခန့်ခွဲမှုနဲ့ ဆိုင်တဲ့ ဒီဆောင်းပါး တွေက အားလုံး ၆၀ ကျော်ရှိပါတယ်။ ခောတ်မြန်မာ ဂျာနယ်(အခုတော့ ရပ်လိုက်ပြီ)မှာ ကောင်းမြတ်ကျော်စွာဆိုတဲ့ ကလောင်အမည်နဲ့ အပတ်စဉ် ဖော်ပြဖူးပါတယ်။ တစ်စုတစည်းတည်း ဖတ်ချင်သူ၊ မဖတ်ရသေးသူတွေအတွက် တင်ပေးလိုက်ပါတယ်။)

သင်ကာ

မူရင်း - The 8th Habit by Stephen Covey

Sunday, October 5, 2008

Entrepreneurship, more difficult than Email and Love

အီးမေးလ် လိပ်စာ၊ မေတ္တာထက် စွန့်ဦးတီထွင်မှု က ပိုခက်

ခေါင်းဆောင်မှု နှင့် အီးမေးလ်

ခေတ်ကို ချိတ်ဆက်မှုပြည့်စုံလာ သောခေတ်(age of connectivity) ဟု ခေါ်လာသည်။ ဆဲလ်ဖုန်း ဖြင့် အင်တာနက်ကို ချိတ်ဆက် နိုင်သည့် ခေတ် ကို ယခု မျှော်လင့် ထားသည်။ အင်တာနက် တက္ကနိုလိုဂျီ ပေါ်လာသဖြင့် စီးပွားရေး လုပ်ဆောင်ခြင်း (ဘိဇနက်) နှစ်ခြမ်းကွဲ သွားသည်။ အွန်လိုင်း ဘိဇနက် နှင့် သမားရိုးကျ ဘိဇနက် တို့ ဟူ၍ ဖြစ်သည်။ ဘိဇနက် စီမံခန့်ခွဲမှု၌ လည်း အွန်လိုင်း ဘိဇနက် စီမံခန့်ခွဲမှုနှင့် အော့ဖ်လိုင်း ဘိဇနက် စီမံခန့်ခွဲမှု တို့ ဆိုပြီး ဖြစ်သွားသည်။

ဘိဇနက် နှစ်မျိုး ကွဲသွားသည့် အတွက် စီမံခန့်ခွဲမှု ပုံစံလည်း နှစ်မျိုး ကွဲသွားသည်။ တွေ့နေကျ၊ ပြင်နေကျ ဘိဇနက် စီမံခန့်ခွဲမှုတွင် ဖောက်သည် နှင့် ခေါင်းဆောင်မှု (customers and leadership) တို့သည် အမာခံ ကျောရိုး ဖြစ်သည်။ အွန်လိုင်း ဘိဇနက်စီမံခန့် ခွဲမှုတွင် အီးမေးလ် နှင့် အီးမေးလ် လိပ်စာ (e-mail and e-mail addresses) တို့သည် အမာခံ ကျောရိုး ဖြစ်သည်။

ကုမ္ပဏီလား၊ တစ်နိုင်တစ်ပိုင်လား

အမေရိကန် စီးပွားရေး အကျပ် အတည်းသည် ရီဆက်ရှင်း(rece-ssion) ထဲ တရားဝင် မရောက် သေး။ (ယခု ရောက်နေပါပြီ) ဤသို့ မရောက် သေးကြောင်း နှင့် ပတ်သက်၍ အကြောင်း နှစ်ချက် ပြသည်။ ပထမ အကြောင်းပြချက်သည် သမ္မတ ဘုရှ်က အမေရိကန် စီးပွားရေး သည် အတက်နှေးခြင်း သာ ဖြစ်သည် ဟု ပြော ပြီး ရီဆက်ရှင်းကို ငြင်းဆိုသော အချက် ဖြစ်သည်။ ဒုတိယ အကြောင်းပြချက် သည် လေးလ တစ်ကြိမ် ကောက်ယူ သော စစ်တမ်းအရ အမေရိကန် ဂျီဒီပီ သည် လျော့ဆင်း သွားစေကာမူ အပေါင်း လက္ခဏာ ပြနေ သေးသော အချက် ဖြစ်သည်။ စတုတ္ထ လေးလပတ် ဂျီဒီပီ တိုးတက်မှု နှုန်းသည် ဝ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်၍ နည်းသော်လည်း အပေါင်း လက္ခဏာ ဖြစ်နေသည်။ ဂျီဒီ ပီ တိုးတက်မှုနှုန်း ကိုယ်နှိုက်က အနုတ် လက္ခဏာ ပြလာ မှသာလျှင် စီးပွားရေး သည် ရီဆက်ရှင်း ထဲ ဝင်ပြီ ဟု အသိ အမှတ်ပြုချင် ကြသည်။

မည်သို့ပင် ဖြစ်စေ အတက်နှေး ပြီး အကျဘက် ယိုင်ဆင်း သည်ဖြစ်စေ၊ အနုတ် လက္ခဏာ ပြ၍ ကျဆင်းသွား သည်ဖြစ်စေ စီးပွားရေး အကျပ် အတည်းသည် ကုမ္ပဏီကြီး တို့ကို ပို၍ ထိခိုက် စေသလား သို့တည်းမဟုတ် တစ်နိုင်တစ်ပိုင် အငယ်နှင့်အလတ်စား အရွယ်တို့ကို ပို၍ ထိခိုက် စေသလားဟူ ၍ စစ်တမ်း ထုတ်ကြည့် ကြသည်၊ အငြင်းပွား သည်။

ငွေဖော်ခက်

ဤသို့ စစ်တမ်း ထုတ်ရင်း slump busters တွေ ပေါ်လာ သဖြင့် သူတို့ အကြောင်း လေ့လာမှု တို့ကို ပြုလုပ် ကြသည်။ slump မှ အလုပ် အကိုင် မကောင်းသည့် အချိန်၊ စီးပွားရေး ကျဆင်းချိန် ကို ညွှန်းသည်။ busters တို့ ဆိုသည်မှာ ဖြိုခွင်းသူ၊ တားဆီးသူတို့ ကို ညွှန်း သည်။ ထို့ကြောင့် ခြုံပြီး ပြော လျှင် စီးပွားရေး ကျဆင်းချိန်၌ အကျိုး အမြတ် ပေါ်အောင် လုပ်နိုင်သူများကို ခေါ်သည်။ ပြောနေကျ စကား အတိုင်း ပြောရလျှင် သူတို့သည် ရီဆက်ရှင်း (စီးပွားရေး ကျဆင်းမှု) ကို အခွင့်အလမ်း အဖြစ် မြင်နိုင်သူတွေ ဖြစ်သည်။

ခြုံငုံပြောလျှင် စီးပွားရေးကျဆင်း ခြင်းသည် ငွေရေး ကြေးရေး၊ ဘဏ္ဍာ ရေးကိစ္စတို့၌ ပိုပြီး တာဝန်ရှိရှိ စဉ်းစား တတ်အောင် တွန်းအား ပေးလိုက်ခြင်း ပင်ဖြစ်သည်။ ပရမ်းပတာ မဆင်မခြင် ကိုင်ခဲ့သော ငွေရေး ကြေးရေးနှင့် ဘဏ္ဍာရေး ကိစ္စတို့ကို စနစ်တကျနှင့် တာဝန်ရှိရှိ ပြန်ချိန် ရသည်၊ ပြန်စဉ်းစား ရသည်။ ဖဲစကားနှင့် ပြောလျှင် ဖဲချပ် တို့ကို ကုလားဖန် ပြန်ထိုးကြရသည်။ ဤသို့ ကုလားဖန်ထိုးရင်း စီးပွားရေး ကျဆင်းမှု၌ ပေါ်လေ့ပေါ်ထရှိသော အခွင့်အလမ်းတို့ကို ဆုပ်ကိုင်ကြသည်။ တစ်နည်းပြောလျှင် လောင်းကြေးထပ် ကြသည်။

ဖဲကစားဝိုင်း၌ လောင်းကြေး ထပ် သလို ပြုသည်ဟု ဆိုရ သည်မှာ စီးပွားရေး ကျဆင်းချိန်၌ပေါ်သော အခွင့် အလမ်း တို့ကို ဆုပ်ကိုင် ရသည်မှာ မရေရာမှုအပေါ် လောင်းရသော ကြောင့်ဖြစ်သည်။ ဥပမာ - ဈေးကွက်၌ ငွေရွှဲစိုမှု မရှိ၊ ငွေကျပ် နေသည်ဟု ဆိုကြ ပါစို့။ market illiquidity ဟုခေါ် သည်။ ဈေးကွက်၌ ငွေမရွှဲ ဟု ဆိုသည် မှာ အက်ဆက်တို့ကို ရောင်းထုတ်ပြီး ငွေဖော်ရ ခက်ခဲနေခြင်းကို ရည်ညွှန်း သည်။ ဈေးကွက်ထဲ မိမိပိုင် အက်ဆက် တို့ကို တန်ရာတန်ကြေး နှင့် အလွယ် တကူ ရောင်းထုတ် နိုင်မှသာ ဈေးကွက် ငွေရွှဲစိုသည် ဟု ခေါ်သည်။

ဤသို့မဟုတ်ဘဲ အက်ဆက်ကို ရောင်းရ ခက်နေသည်၊ ဝယ်သူမရှိ၊ တန်ရာတန်ဖိုးအောက် ဈေးလျှော့ ရောင်းရသည်၊ မီးလောင်လျှင် ရရာ ဈေးဖြင့် ထိုးရောင်း ရသည့်ပုံ (fire sale) မျိုးနှင့်ရောင်းရလျှင် ဈေးကွက် ၌ ငွေမရွှင်ဟု ခေါ်နိုင်သည်။ ယခု ရီ ဆက်ရှင်း ထဲ ဝင် နေသည် ဆိုသည်မှာ ဈေးကွက်ထဲ အက်ဆက်တွေ ရောင်း၍ ငွေဖော် ရသည့် နည်းသည် အခက်အခဲ တွေ့နေရခြင်းကို ညွှန်းသည်။

ပြဿဒါးကို ပြားအောင်လုပ်

ယခု အမေရိကား နှင့် နိုင်ငံအများ အပြားတို့တွင် အရင်းအနှီး ရှာရခက် နေကြသည်၊ ချေးရ၊ ငှားရခက်နေကြ သည်။ ချေးငှားမှု အကျပ်အတည်း (credit crunch) ဖြစ်နေသည်။ ထို အခါ ငွေရင်းလိုသူတို့သည် မိမိတို့ပိုင် အက်ဆက် တို့ကို ရရာ ဈေးဖြင့် ချ ရောင်းထုတ် နေကြ ရသည်။ အထူး သဖြင့် ပရော်ပါတီ ခေါ် အိမ်တွေကို ဈေးလျှော့ပြီး ချရောင်း နေရသည်။ စက် ပစ္စည်းတို့ကို လျှော့ဈေးဖြင့် ချ ရောင်းနေကြသည်။ စက်ရုံ အလုပ်ရုံ တို့ကို ပိတ်ပစ်မည့် အစား စက်ပစ္စည်း တို့ကို ဖြုတ်ရောင်းချ လာကြသည်။

ဤသို့ လျှော့ဈေးဖြင့် ချရောင်း လာခြင်းသည် စွန့်ရဲသူတို့ အဖို့ အခွင့် အလမ်းပင် ဖြစ်လာတော့သည်။ အက်ဆက် နှင့် ပရော်ပါတီ တို့ကို လျှော့ဈေး ဖြင့် လိုက်ဝယ်ပြီး သိမ်းနိုင်လျှင် ရီ ဆက်ရှင်း လွန်ခေတ် (post-reces-sion) ၌ အကျိုးရှိ နိုင်သည် ဟု တွက်ကြ သည်။ အိမ်ဈေးနှုန်း များ ဘယ်လောက် တောင် ထိုးကျ သနည်းဆိုလျှင် အိမ် ပေါင်စဉ်က ထားရှိသည့် အိမ်တန်ဖိုး (mortgage value) အောက်သို့ပင် ကာလ ပေါက်အိမ်ဈေးက ရောက်သွား သည်။ အိမ်၏ ဈေးကွက်တန်ဖိုးက အပေါင် တန်ဖိုးအောက် ရောက်သွား သဖြင့် အိမ် ပြန်ရွေးသည်ထက် အပေါင် အဆုံးခံ လိုက်သည်က ပို၍ အဆုံး အရှုံး သက်သာ သလို ဖြစ်လာသည်။

ဤလို အက်ဆက် ဈေးနှုန်းတွေ၊ စက်ပစ္စည်းတွေ၊ တစ်ပတ်ရစ်တွေ၊ မော်တော်ကား တွေ ဒလဟော ဈေး ထိုးကျ လာချိန်တွင် ဤပစ္စည်း တို့ကို လိုက်ဝယ်ပြီး ငွေကစား နိုင်သူတို့ အဖို့ ကံကောင်းလျှင် အကျိုးရှိ နိုင်သည်။ ဤလို စီးပွားရေး အခြေအနေမကောင်း ၍ လျှော့ဈေး ဖြင့် ချရောင်း သော ပရော်ပါတီ၊ အက်ဆက် နှင့်ပစ္စည်း အရပ်ရပ်ကို ငွေထုပ်ပိုက်ပြီး လိုက်လံ ဝယ်ယူသောသူတို့ကို အထက်တွင် ဖော်ပြသည့် အတိုင်း slump busters ကျချိန်ကို ဖြိုခွင်းသူများ ဟု ခေါ် လာသည်။ မြန်မာစကားပုံလာ ‘ပြဿဒါး ခရီးထွက်၊ တိုးတက် အောင်ပွဲ ခံ’၊ ‘ပြဿဒါး ပြား နေအောင် ရုန်း လိုက် လာဘ်ထိုး လိုက်’ ဆိုသော ဆို ရိုးစကားတို့ကို လိုက်နာဟန် တူသည်။

ပြတ်စဲသည်၊ သို့သော်

ထူးထူး ဆန်းဆန်း ဖြစ်ရပ်တစ်မျိုး လည်းပေါ်သည်။ စီးပွားရေးကို လင် မယားပူးပေါင်းပြုလုပ်ကြသော ပုံစံ သည် သာမန်ဖြစ်သော်လည်း ဦးနှင့်ပဲ့ အတူ ထမ်းရွက်သည် ဟု ယူဆ၍ ချီး ကျူးကြသည်။ လက်ထက်ပွားပုံစံ လည်းပေါ်၊ သေတစ်ပန် သက်တစ် ဆုံး မေတ္တာ ပုံစံ လည်း ပေါ်သည်။

သို့သော် လင်နှင့် မယား လျှာနှင့် သွားဆိုသလို အခန့်မသင့် သော အချိန် များ ရှိလာတတ်သည်။ အယ်လင်မော့ ဂိတ်ခ်ျ ကုမ္ပဏီသည် ဂျင်နီဖာ နှင့် သူ၏ ခင်ပွန်းတို့ ပူးတွဲ ပိုင်ဆိုင်သော လုပ်ငန်း ဖြစ်သည်။ လင်မယား နှစ်ဦးပိုင် နှစ်ဦး အတူ ပြုလုပ်ကြသဖြင့် unlimitted partnership ဟုခေါ်သည်။ ဤသို့ အတူတူ စီးပွား လုပ်လာကြရာ လုပ် ငန်းလည်း အတော် အောင်မြင်သည်၊ ကြီးပွား တိုးတက်သည်။ သို့ရာတွင် တစ်နေ့သော် လင်မယား ရန်ဖြစ်သည်။ ဘယ်လောက်တောင် ကြီးကျယ်သွား သနည်းဆိုသော် လင်မယား ကွဲကြ သည်။ ပစ္စည်းခန်း ခွဲကြသည်။

သို့ရာတွင် သူတို့ နှစ်ဦးပိုင် ဘိဇနက်ကိုမူ မခွဲကြပေ။ နှစ်ဦးပိုင် အဖြစ် အတူတူ ဆက်လုပ်သည်။ ပြတ်စဲပြီး သား လင်မယား နှစ်ဦးပိုင် ဆိုတော့ ယောက်ျားက လုပ်ငန်း၏ ဘော့စ်ဖြစ် လာသည်။ ဤ သဘောနှင့် ပင်လုပ်ငန်း ကလည်း ဆက်လက် အောင်မြင်လာ ရာ သူတို့ နှစ်ဦး၏ ဘိဇနက်ကို ထူးဆန်း သဖြင့် ပြက်လုံး ထုတ်လာ ကြသည်။ သူတို့ နှစ်ဦး၏ ဘိဇနက် ပုံစံ ကို အဓိပ္ပာယ် ပေးကြည့်ကြသည်။ ဘိဇနက် မဂ္ဂဇင်း တစ်စောင်က သူတို့ ပုံစံကို ကြည့်ပြီး
‘မေတ္တာသည် မာကျောခက်ခဲသည်။ စွန့်ဦးတီထွင်မှု သည် ပိုလို့ တောင် မာ ကျော ခက်ခဲ သေးသည်။ သို့ရာတွင် စုံတွဲတို့သည် ဘိဇနက်ကို အတူလက် တွဲ ဆက်လုပ် နေကြသည်။ သူတို့သည် ငပေါ တွေလား’
ဟု သရုပ် ဖော်သည်။ မေးခွန်း မေးပြီး ငေါ့သည်။

ဘော့စ်နှင့် အတူအိပ်

ဤ ဝေဖန်ချက်ကို ဇနီးသည်က ပြန် ဖြေရှင်းသည်။ ကွာရှင်း ပြတ်စဲပေ မဲ့ အတူတူ အလုပ်လုပ် သဖြင့် သား သမီးတွေ စိတ် ချမ်းသာ သည်။ ပြတ်စဲ သော်လည်း အတူတူ လုပ်ရသည်မှာ
‘ခင်ပွန်းဟောင်း ၏ မယုံကြည် နိုင်စရာ ဗီဇတစ်ခုတွင် ကျွန်မက ယုံကြည် စိတ်ချသောကြောင့် ဖြစ်သည်။ ဤဗီဇမှာ ကျွန်မ ခင်ပွန်းဟောင်း သည် ဘယ်ဟာ သည် အမြတ် ထွက်နိုင်သည်၊ ဘယ် ဟာ သည် အမြတ် မထွက်နိုင် ဆိုသော အကြောင်းကို ဗီဇစိတ်ဖြင့် သိနိုင်သော ကျွမ်းကျင်မှု ရှိသည်။ သူကလည်း ကျွန်မ၏ ကျွမ်းကျင်မှုကို ယုံကြည်စိတ် ချပုံရသည်။ ကြာတော့လည်း ဆုံးဖြတ်ချက် ချမှတ်မှုတွေမှာ ကွဲပြား လာပါသည်။ ဒါကလည်း မဆန်းပါ။ ပြဿနာ တစ်ခု၌ အဖြေက တစ်ခုမက ရှိနိုင် သည်မဟုတ်ပါလား’
ဟု ဖြေရှင်းပြ သည်။ ပြတ်စဲထားသော လင်မယား စီးပွားရေး အတူလုပ်ပုံ ကို ကြည့်ပြီး မီဒီ ယာတစ်ခုက ခေါင်းစီး တပ်သည်။ ‘ဘော့စ်နှင့်အတူ အိပ်ခြင်း’ (sleep-ing with the boss) ဟူ၍ ဖြစ်သည်။

အညွှန်း - Fortune-Small Business

၂၀၀၈ ခုနှစ်၊ ဧပြီ လ (၁) ရက်နေ့ ထုတ်၊ အခွင့် အလမ်း ဂျာနယ်၊ အမှတ်စဉ် (၁၃၁) မှ ဆရာ မောင်စူးစမ်း ၏ ဆောင်းပါး အား ပြန်လည် ကူးယူ ဖေါ်ပြပါသည်။

Friday, September 26, 2008

Those with Obscure Relocation

အိမ်ပြန်ချိန် မသိသူများ

အရင် တစ်ခေါက် စင်ကာပူ ရောက်စဉ်က ကျောင်းတက် နေကြတဲ့၊ ဘွဲ့လွန် သင်တန်း တက်နေ ကြတဲ့ ကျောင်းသား တွေနဲ့ တွေ့ခဲ့ ပါတယ်။ ဒီ တစ်ခေါက် တော့ အလုပ်လုပ်နေတဲ့ သူတွေနဲ့ အတွေ့ များပါတယ်။ လွန်ခဲ့ တဲ့ လေး၊ ငါး၊ ခြောက်နှစ်လောက်က ထွက်သွားပြီး ထွက်သွားလို့ ထွက်သွား မှန်း မသိတဲ့သူ တောင်မှ ပါသေး။

သူက စီးပွားရေး တက္ကသိုလ် ဘွဲ့ရတွေ အတော်များများ လုပ်လေ့ လုပ်ထရှိတဲ့ စာရင်းကိုင် အလုပ်ကို လုပ်ပါတယ်။ ဒါပေမဲ့ လုပ်ရတာက စာရင်းကိုင် အလုပ် သာမက ကိုယ်နဲ့ မဆိုင်တဲ့ အင်ဂျင်နီယာ လုပ်ရမယ့် အလုပ်မျိုး တွေကိုပါ လုပ်ရ ပါသတဲ့။ ပေးထားတာက နည်းနည်း၊ ခိုင်းတာ က များများ၊ ဒါကြောင့် မကြာမီ နောက် အလုပ် တစ်ခုကို ပြောင်းတော့ မယ် လို့ ဆိုပါတယ်။


အလုပ်လုပ် နေတဲ့သူတွေနဲ့ တွေ့ ဖို့အရေးက မိုးချုပ်ချိန် အထိ စောင့်ရပါ တယ်။ ရုံးဆင်းချိန် ရောက်ပေမဲ့ ပေးထားတဲ့ အလုပ်တွေ၊ ခိုင်းထားတဲ့ အလုပ်တွေက မပြီးသေးလို့ ညဥ့်နက် မှ ပြန်ကြ ရတယ်။ နောက် တစ်နေ့ နံနက် စောစော ထပြီး ရုံးလာ ကြဦးမယ်။ သူ တို့ပြောနေတဲ့ ကြွက်တွင်း လို့ခေါ်တဲ့ မြေအောက် ဘူတာထဲကို ဆင်းရ၊ တက်ရ ဦးမယ်။

သမီး တစ်ယောက် အလုပ်ရတဲ့ ကုမ္ပဏီက ခပ်သေးသေးလေး။ တကယ့် တကယ်ကျတော့ နိုင်ငံခြားသား တစ်ယောက်ကို အလုပ်ခန့်ရ လောက်အောင် မကြီးကျယ် တော့ ထွက်ရ ပြန်ရော။ နောက်တစ်နေရာ ကတော့ ပညာ အရည်အချင်း နဲ့ အတွေ့အကြုံကို သဘောကျ ပေမဲ့ တရုတ် ဖောက်သည်တွေနဲ့ ဆက်ဆံ ရမှာ ဖြစ်တဲ့အတွက် တရုတ်လို တတ် ဖို့ လိုတယ် ဆိုတော့ မရ ပြန်ဘူး။ တခြား တပည့် တစ်ယောက် ကျပြန်တော့ ဂျပန်စာ အခြေခံလေး ရထားတာ ကြောင့် အဆင်ပြေ နေပြန်ရော။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခဲ့ ဖူးပြီး အခု စင်ကာပူမှာ အလုပ်လုပ် နေတဲ့သူ တစ်ယောက်ကို မေးကြည့်တော့ ထိုင်း မှာက ကျယ်ကျယ် ဝန်းဝန်း ရှိတယ်။ ဖိအား သိပ်မများဘူး။ လခလည်း သိပ် မများပါဘူး။ စင်ကာပူ ကုမ္ပဏီတွေရဲ့ အုပ်ချုပ်ပုံ၊ အုပ်ချုပ်နည်း တွေ အကြောင်း မေးကြည့်တော့ ထင်သ လောက် မကောင်း လှဘူး။ သူဌေး တွေက သူတို့ ကိုယ်တိုင် အုပ်ချုပ်တာ မျိုးမလုပ်ဘူး။ အတိုင်ပင်ခံ လုပ်ငန်း တွေ၊ အကြံပေး လုပ်ငန်းတွေ ငှားပြီးမှ လုပ်လေ့ရှိတယ်။ ဒါကြောင့် အတိုင်ပင်ခံ လုပ်ငန်း တွေလည်း များတယ်။ သူ ကိုယ်တိုင် တောင်မှ အတိုင်ပင်ခံ လုပ် ငန်း တစ်ခုမှာ ဝင်လုပ်ခဲ့တာ။ မိခင် ကုမ္ပဏီမှာ သိပ် မနေလိုက်ရဘဲ ဖောက်သည် ကုမ္ပဏီတွေမှာပဲ လုပ်ပေး ခဲ့ရ ပါသတဲ့။

မြန်မာနိုင်ငံက အလုပ်အများဆုံး သွားလုပ်ကြတာက အိုင်တီ နယ်ပယ် မှာပါ။ ကိုယ့်ရုံးက ထွက်သွားပြီး အလုပ် လုပ်တဲ့ သူတောင် သုံးယောက် ရှိပြီ။

သူတို့ လုပ်ရတဲ့ အလုပ်မျိုးက တစ်နေ့ လာလည်း ဒါပဲ၊ နောက်တစ်နေ့ လာလည်း ဒါပဲ ဆိုတဲ့ အလုပ်မျိုး မို့ အဲဒီ ဇောက်ချ လုပ်ရတဲ့ အလုပ်နဲ့ ပတ်သက် ရင်တော့ ကောင်းကောင်း ကျွမ်းကျင် ပေမဲ့ တခြား လုပ်ငန်း၊ တခြား ဘာသာရပ် နဲ့ ပတ်သက် ရင်တော့ ဘာ မှ လေ့လာချိန်၊ ဆည်းပူးချိန် မရဘူး လို့ ဆိုပါတယ်။

အိုင်တီ ဆရာလည်း လုပ်ခဲ့၊ သတင်းစာ ဆရာ လည်း လုပ်ခဲ့တဲ့ မိတ်ဆွေ အိုင်တီ မောင်မောင် ကတော့ အဆင်ပြေ နေပုံ ရပါတယ်။

မြန်မာနိုင်ငံမှာ ဈေးကွက် သုတေသန လုပ်ငန်းတွေ လုပ်ခဲ့ပြီး အခု စင်ကာပူ မှာလည်း ဈေးကွက် သုတေသန လုပ်ငန်းတွေကိုပဲ ဆက် လုပ်ခွင့်ရတဲ့ တပည့်ဟောင်း တစ် ယောက်နဲ့ လည်း တွေ့ပါတယ်။ ဒီမှာ တစ်လ တစ်ခါလောက် လုပ်ရတဲ့ အလုပ်မျိုးကို အပတ်တိုင်း လုပ်နေရ တယ်။ လုပ်တာ များတော့ အတွေ့ အကြုံများများ ရပြီး အရည်အသွေး တွေလည်း တက်လာတယ်။ ဒါပေမဲ့ သူတွေ့နေရတဲ့ သုတေသန တွေရဲ့ အရည်အသွေးက မြန်မာနိုင်ငံမှာ လုပ် ခဲ့တဲ့ သုတေသန ရဲ့ အဆင့်အတန်းကို မမီဘူး။ သူ့လုပ်ငန်းထဲမှာ ရာထူးအရ ဦးဆောင် နေရာမှာ မရှိပေမဲ့ ကျွမ်းကျင်မှု အတွေ့အကြုံ အရ သူက ဦးဆောင် နေရတော့ အထက်စီးက နေနိုင်တဲ့ သဘော ရှိပါတယ်။

ညီမငယ် တစ်ယောက် ကတော့ အဝေးသင် တက္ကသိုလ်ဘွဲ့လက်မှတ်လေး တောင် မရှိ လေတော့ အလုပ်ပေး ချင်တဲ့သူ ရှိတာ တောင် ပေးလို့ မရ။ အခု တော့ ဒီပလိုမာ သင်တန်း တက်နေ တယ်။ ဒီပလိုမာ လက်မှတ် ရရင် တက္ကသိုလ် တစ်ခုခုကို ဆက် တက်ချင် လည်း တက်လို့ ရမယ်။ အလုပ်လုပ် ချင်ရင်လည်း လုပ်လို့ ရမယ်လို့ ပြော တာပါပဲ။

သူတို့ အားလုံးက အိမ်ပြန်ချင်တဲ့ နေရာ မှာတော့ တူညီ ကြတယ်။ ပျော် ရာမှာ မနေကြ ရပေမဲ့ ကိုယ့်အိမ်ကို အမြဲ လွမ်းနေတဲ့ သူတွေ။


သေချာတာတစ်ခုက ကိုယ့် ဘက်က အရည်အချင်းနဲ့ အတွေ့ အကြုံရှိတယ်။ သူတို့ လိုအပ်ချက် နဲ့ လည်း ကိုက်ညီတယ် ဆိုရင် အထက် စီးက နေနိုင် လုပ်နိုင် ကြတယ်။ လေယာဉ်ပေါ်မှာ သာမန် ဝန်ထမ်း လောက်ပဲ လုပ်ခဲ့ပုံ ရပြီး အဆင်ပြေပုံ မရ ခဲ့တဲ့ သားငယ် တစ် ယောက် နဲ့ တွေ့ တယ်။ ဆယ်တန်းတောင် အောင်ပုံမရ၊ ဟိုမှာလည်း ဟုတ်တိပတ်တိ အလုပ်လုပ် ခဲ့ရပုံမရ၊ ဘာမှလည်း ပါလာပုံ မရ တာက စောစောက သုံးသပ်ချက် ကို ထောက်ခံ နေသလို ပါပဲ။

၂၀၀၈ ခုနှစ်၊ မေ လ (၁၃) ရက်နေ့ ထုတ်၊ အခွင့် အလမ်း ဂျာနယ်၊ အမှတ်စဉ် (၁၃၅) မှ ဆရာ ခင်မောင်ညို (ဘောဂဗေဒ) ၏ ဆောင်းပါး အား ပြန်လည် ကူးယူ ဖေါ်ပြပါသည်။

Friday, September 19, 2008

If You want to be successful in international market ! PORTER's Diamond Theory



၂၀၁၅ခုနှစ်မှာ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေး ဧရိယာမှာ ပါဝင် တော့မယ်ဟု သိရှိ ရပါတယ်။ ဒါဆို တို့ မြန်မာနိုင်ငံက SMEs (small and medium enterprises) တွေ International market ထဲ ဘယ်လို နေရာ ရအောင် လုပ်မလဲ ၊ မြန်မာနိုင်ငံက ထွက်ကုန်၊ ထုတ်ကုန်တွေ market share များများ ပိုင်ဆိုင် နိုင်အောင် ဘယ်လို လုပ်ကြမလဲ ဆိုတာ စိန်ခေါ်မှုတွေ ဖြစ်လာ နိုင်ပါတယ်။ လာမယ့် AFTA မှာ မြန်မာနိုင်ငံက လုပ်ငန်းတွေ နေရာ တစ်ခုရဖို့ industry ရွေးတာ မှန်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံရဲ့ SMEs တွေ နိုင်ငံတကာ ဈေးကွက်မှာ ခိုင်မာစွာ ရပ်တည်နိုင်ဖို့ Michael Porter ရဲ့ Diamond Theory ကို တင်ပြ လိုက်ပါတယ်။

Diamond Theory

Diamond Theory က ဘယ်စီးပွားရေး လုပ်ငန်းမျိုးကို လုပ်ကိုင်ဖို့ ရွေးချယ် သင့်လဲ ဆိုတာကို ရှင်းပြပါတယ်။ ဒီ industry ( ဒီနေရာမှာ industry ကို group of firm or collections of firm that produce or undertake same or similar or related products and services လို့ ပြောချင်ပါတယ် ) ။ Porter က အောင်မြင်စွာ လုပ်ကိုင်လို့ ကောင်းတဲ့၊ Competitive Advantage of Nations ရနိုင်တဲ့ industry ဟာ လက္ခဏာ (၄) ရပ်နဲ့ ပြည့်စုံ နေရမယ်လို့ ဆိုပါတယ်။ အရင် တုန်းကတော့ land,location,natural resources,labor နဲ့ local population size တွေ strong ဖြစ်မယ်ဆိုရင် Comparative advantages ရနိုင်တယ်လို့ ဆိုကြပါတယ်။ Michael Porter ကတော့ တိုင်းပြည် တစ်ခုဟာ Global မှာ competitive advantages ရနေဖို့ရာ လက္ခဏာ (၄) ရပ်နဲ့ ပြည့်စုံတဲ့ industry ကို analyse လုပ်ဖို့ ဆိုထား ပါတယ်။

(a) Factor Condition /endowment

Factor of production လို့ဆိုပါတယ်။ ထုတ်လုပ်မှု အတွက် လိုအပ်တဲ့ factor ပိုင်ဆိုင်မှုပါ။ ဒီ factor တွေမှာ နဂိုကတည်းက ပိုင်ဆိုင် ထားတာ ရှိသလို Advanced နောက်မှ change တွေကြောင့် ရလာ တာတွေ ရှိပါတယ်၊ အကြမ်း အားဖြင့် Factor ကို နှစ်ခု ခွဲနိုင်ပါတယ်။ natural (basic) နဲ့ Advanced ဆိုပြီး တော့ပါ။ natural မှာဆိုရင် ဒီတိုင်းပြည်ရဲ့ ရေမြေ၊သယံဇာတ အားသာချက်တွေ၊ ရာသီဥတု အနေအထား ဟာ ဘယ်လုပ်ငန်းအတွက် အားသာချက် ရနေလဲပေါ့။ ဥပမာ ပြောရရင်တော့ မြန်မာနိုင်ငံ ဆိုပါတော့၊ ဆန်စပါး industry အတွက် လေ့လာမယ် ဆိုရင် သူ့မှာ factor endowment အဖြစ် မြေဆီလွှာဟာ ဆန်စပါးအတွက် သင့်လျှော် ကောင်းမွန်တဲ့ ရေမြေ ပိုင်ဆိုင် ထားပါတယ်။ ရာသီ အနေအထားကလည်း သင့်လျှော်ပါတယ်၊ လိုအပ်တဲ့ ရေလည်း အလုံအလောက် ရနိုင်တယ်။ ဂျုံ အတွက် ဆိုရင်ရော ... အဆင်မပြေပါဘူး factor endowment နဲ့ ဂျုံအတွက် လိုအပ်တဲ့ factor requirement နဲ့ မကိုက်ညီ ပါဘူး။

နောက် သဘာဝ အားဖြင့် ပိုင်ဆိုင် ထားတာ မဟုတ်ဘဲ နောက်မှ ဖြစ်ပေါ်လာတဲ့ factor ကတော့ Advanced factor ပါ။ ဥပမာ ဂျပန်မှာ car industry ဟာ comparative advantage ရနေပါတယ်။ ဘာကြောင့်လဲ... သူ့မှာ car industry မှာ လိုအပ်တဲ့ technology ပိုင်ဆိုင် ပါတယ်၊ အားသာချက် ရှိပါတယ်။ skilled labour တွေ ရှိပါတယ်။ ဒါကြောင့် industry's factor requirements နဲ့ nation's factor endowment နဲ့ ကိုက်ညီ သွားလို့ပါ။ အမေရိကန် IT ပိုင်းမှာ သာလွန်ပါတယ်။ သူ့တို့မှာ advanced factor knowledge capital ကို ပိုင်ဆိုင် ထားပါတယ်။ ကျွမ်းကျင်ရာ လိမ္မာ ဆိုတဲ့ စကားပုံ ရှိပါတယ်။ ဒါကြောင့် industry ရွေးတတ်ဖို့ လိုပါတယ်။ ဒီ တိုင်းပြည် မှာတော့ ဖြင့် key factor ဘာရှိလဲဆိုတာ သေချာ ဆန်းစစ်ပါ။ အသွားမတော် တစ်လှမ်းပါ။ ကိုယ့် industry ရဲ့ လိုအပ်တဲ့ key factor ဟာ ဒီ တိုင်းပြည် မှာ scarce factor ဖြစ်နေရင် လုပ်ငန်းလုပ်ပြီးမှ နောက်ဆုတ်ဖို့ဆိုတာ အတော် စရိတ်ကြီးတဲ့ ပြသနာပါ။ non-key factor တွေ ရှားတာ ကိစ္စမရှိပါဘူး။ scare factor တွေဟာ industry အတွက် အရေးကြီးမှု မကြီးမှုတွေ ပေါ် မူတည်ပြီး innovative power (entrepreneurship လို့ ဆိုရင်လည်း ရပါတယ်) တွေလည်း ရလာ နိုင်တာတွေ ရှိပါတယ်။

ဥပမာ ဆွစ်ဇာလန်မှာ labour shortage ဖြစ်နေတဲ့ နိုင်ငံ၊ အဲ့နိုင်ငံရဲ့ competitive advantages ရနေတဲ့ industry ဟာ watch ပါ။ သူက labour-intensive မဟုတ်တဲ့ နာရီ တွေကိုပဲ လုပ် ပါတယ်။ သူက အရေအတွက် နည်းနည်းနဲ့ အရည်အသွေး ကောင်းကောင်း နည်းဗျူဟာ ကို သုံးပါတယ်။ တနည်း ပြောရရင် ဂျပန် နာရီလုပ်ငန်း တွေမှာ လုပ်သား များများနဲ့ ထုတ်နေတဲ့ အချိန်မှာ ဆွစ်ဟာ skill labour ကို နည်းနည်းနဲ့ ထိထိ ရောက် ရောက် သုံးလို့ရတဲ့ industry ကို ဖန်တီး လိုက်ပါတယ်။ ဒါလဲ သူ့နိုင်ငံရဲ့ entrepreneurship ပါ။ innovate with a few amount of skilled - labour ပါ။ နောက်တစ်ခု ဂျပန်မှာ တခြား factor တွေက requirment နဲ့ ပြည့်စုံ နေ ပေမယ့် space problem ပါ။ သူ့မှာ မြေဈေး တွေကြီးတယ်၊ အနေအထား ကျဉ်းတယ်။ အဲ့တော နေရာ အခက်အခဲ ပြသနာအတွက့် JIT system (Just - in - time ) ကို ထွင် လိုက် ပါတယ်။ Porter ကတော့ factor endowment ဟာ သဘာဝက ပေးပေး အမွေရရ မဆိုင်ပါဘူး တဲ့။ factor endowment ဟာ အမြဲ develop and change ဖြစ်နေပါတယ် လို့ဆိုပါတယ်။

(b) Related Supporting Industries

Competitve advantages ရဖို့ နောက်ကထောက်ပံ့ပေးတဲ့ industries တွေရှိဖို့ အားကောင်းဖို့ကလည်း အရေးကြီးပါတယ်။suppliers and related industry အနေအထားကိုလည်း စီစစ်ရပါမယ်။ မြန်မာနိုင်ငံမှာ factor endowment အရ ဆန်စပါး လုပ်ငန်း လုပ်မယ် ဆိုကြပါစို့၊ Supporting industry တွေဖြစ်တဲ့ ဓါတ်မြေသြဇာ လုပ်ငန်း၊ ဆန်စက်တွေက အားနည်းနေမယ်။ ထိရောက်စွာ စွမ်းရည် ပြည့်စွာ ထောက်ပံ့မှုမပြုနိုင်ခဲ့ဘူးဆိုရင် မြန်မာ့ ဆန် ကမ္ဘာမှာ ယှဉ်ဖို့ နိုင်ငံတကာဈေးကွက်ဝင်ဖို့ မဖြစ်နိုင်တဲ့ အနေအထား ဖြစ်သွား ပါ လိမ့်မယ်။ ဂျပန်မှာ ကားလုပ်ငန်းဆိုရင် သူ့အတွက် လိုအပ်တဲ့ လောင်စာလုပ်ငန်းတွေ အားကောင်းလား၊ ဘယ်လို အနေအထား ရှိလဲ ဆိုတာ ကလည်း သူရွေး လိုက်တဲ့ car industry ရဲ့ competitive advantage အတွက် forces တစ်ခု ဖြစ်ပါတယ်။

ဆွီဒင်မှာ leather shoe industry ဆိုရင် ဆွီဒင်ရဲ့ leather industry တွေကရော ဘယ်လို အနေအထား ရှိလဲ။ တခြား leather goods တွေကရော ဘယ်လို လဲ ဆိုတာ သိထားဖို့ လိုပါတယ်။ ဒါကြောင့် supporting and related industries တွေကို လေ့လာ စီစစ်ပြီး ကိုယ်လုပ်မယ့် industry အတွက် ကိုက်ညီလား အဆင်ပြေလား ဆိုတာ သုံးသပ်ပါ။ ဒါမှ ယှဉ်ပြိုင်နိုင်မှုကို အားဖြည့်စေသလို ကိုယ့် လုပ်ငန်း အနေနဲ့ အရည်အသွေး ပြည့်ဝတဲ့ ဆန်းသစ်တဲ့ စိတ်ချရတဲ့ သွင်းအားစု တွေကို စရိတ် သက်သာစွာနဲ့ ရရှိမှာဖြစ်ပါတယ်။ Global မှာ ပြိုင်ဆိုင်ဖို့ ဆိုရင် supplier network ကလည်း အတော် အရေးပါ နေပါပြီ။

(c) Demand Condition

နိုင်ငံတကာကို ထိုးမဖောက်ခင် domestic demand ပြည်တွင်းဝယ်လိုအား အခြေအနေကို အရင်စီစစ်ပါဦး၊ ပြည်တွင်းမှာ နေရာရနေတဲ့ product ဟာ နိုင်ငံတကာ ဈေးကွက် ၀င်ရောက်ဖို့ လွယ်ပါတယ်။ ပြည်တွင်း ၀ယ်လိုအား၊ ဒီတိုင်းပြည်ရဲ့ ၀ယ်လိုအားဟာ ဘယ်industry မှာ strong ဖြစ်နေလဲ ဆိုတာ လေ့လာပါ။ customer တွေရဲ့ လိုချင်မှု တောင်းဆိုမှု demand ကရော ဘာလဲ ပေါ့။ local firm တွေက foreign က မလုပ်သေးတဲ့ industry ကို ရွေးမယ် ဆိုရင် ကိုယ့်နိုင်ငံ မှာလည်း domestic demand အပိုင်ရ ထားမယ်ဆိုရင် export မှတဆင့် international ထိုးဖောက်ဖို့ရာ အဆင်ပြေ စေပါတယ်။ နောက် domestic customer ဟာ very sensitive customer အရမ်း ဂျီးများတဲ့ သူမျိုးတွေ ဖြစ်မယ် ဆိုရင် သူတို့ရဲ့ need တွေ ဖြည့်ဆည်း ရင်းနဲ့ ကိုယ့်product ဟာ တဖြည်းဖြည်း advance ဖြစ်လာ နိုင်ပါတယ် နိုင်ငံတကာ တန်းဝင် ဖြစ်လာ နိုင်တဲ့အတွက် very sensitive customer မျိုး ဆိုရင် အရမ်း ကောင်းပါတယ်။ အလား အလာ ရှိတဲ့ လမ်းကြောင်း တစ်ခုပါ။

အရမ်း ပြည်တွင်း ၀ယ်လိုအား ကောင်းတဲ့ industry ဟာလည်း national advantage အဖြစ်လည်း ရရှိ စေပါတယ်။ Act local, think global ပြည်တွင်း ၀ယ်လိုအား အခြေအနေကို သုံးသပ်ပြီး နိုင်ငံတကာ demand အခြေအနေ ကိုလည်း မှန်းဆ နိုင်ပါတယ်။ ဥပမာ ပြင်သစ် wine မှာ နာမည် ရပါတယ်။ သူ့နိုင်ငံရဲ့ domestic မှာကို wine culture ရှိပြီး ဖြစ်တဲ့အတွက် wine industry ဟာ domestic demand ကောင်းတဲ့ လုပ်ငန်းပါ။ သူလည်း domestic မှတဆင့် နိုင်ငံတကာကို ထိုးဖောက် ပါတယ်။ ပြင်သစ် ၀ိုင် နာမည်ကြီးတယ် ဆိုတဲ့ ဂုဏ်နဲ့ နိုင်ငံတကာက customer တွေဟာ ဘာမှန်း ညာမှန်း မသိပဲ စ လက်ခံ သုံးစွဲ လာပါတယ်။ အဲ့လိုနဲ့ပဲ ပြင်သစ်ဝိုင် ဟာ international market ကို ထိုးဖောက် နိုင်ခဲ့ ပါတယ်။

(d) Firm Strategy, Structure and Rivalry

အခုလို ခေတ်မျိုးမှာ စီးပွားရေး လုပ်ငန်းတွေဟာ dynamic ဖြစ်နေပါတယ်။ ပြိုင်ဆိုင်မှု ဆိုတာလည်း ရှောင်လွဲမရပါဘူး၊ ကိုယ်က အပြိုင် အဆိုင် တွေကြားမှာ နေရာတစ်ခု တစ်ခု ရနေဖို့ လိုပါတယ်။ နေရာ ကိုလည်း မပျောက်ပျက်အောင် ဆက်ထိန်း ထားဖို့ လိုသလို နေရာ လေးကို လည်း ချဲ့ပေးဖို့ လိုပါတယ်။ ကိုယ့်က မချဲ့ရင် ကိုယ့်နေရာကို သူများ လာချဲ့တာ ခံရပြီး ကိုယ့်နေရာပါ ပဲ့ပါ သွားစေ နိုင်တဲ့ အတွက် ကြောင့်ပါ။ နေရာလေးကို ထိန်းဖို့ ချဲ့ဖို့ လိုအပ် တာကတော့ productivity နဲ့ innovation ပါ။ နောက် ကိုယ့် လုပ်ငန်းရဲ့ strategy, structure တွေဟာ flexible ပြောင်းလဲမှု နဲ့ အမျှ လိုက်လျော ညီထွေ နေစေဖို့ အတွက် အပြောင်းအလဲ လွယ်တဲ့ ပုံစံမျိုး ဖြစ်ရ ပါမယ်။ ချဲ့ ရင်ချဲ့သလို ရနိုင်တဲ့ ပုံစံ ဖြစ်ဖို့ လိုပါတယ်။ ကိုယ့် industry ဟာ ကိုယ့်လုပ်ငန်း ဟာ capital market အခြေအနေ ဘယ်လို ရှိလဲ။ ဘဏ္ဍာငွေ လိုအပ်ရင် ရော ကိုယ့်လုပ်ငန်း အနေနဲ့ ဘယ်လို ရှာလို့ရလဲ ... ။ အမေရိကန် ဆိုရင် လုပ်ငန်းတွေရဲ့ structure ပုံစံ တွေဟာ short-run တွေပါ။ ဒါကြောင့် သူတို့ ရင်းနှီး မြှပ်နှံမှုများတဲ့ industry ဟာ computer industry တွေမှာ များပါတယ်။ နောက် ဆွဒ်ဇာလန် ... သူတို့ဟာ long run ပုံစံတွေကို ပို သဘောကျ ကြိုက်နှစ်သက် ကြတော့ ဆေးဝါး လုပ်ငန်းတွေမှာ ရင်းနှီး မြှပ်နှံသူတွေ များပါတယ်။

နောက် လုပ်ငန်း strategy တွေဟာ အနေအထား ပေါ်လိုက်ပြီး ပြောင်းလဲ နိုင်ရပါမယ်။ ပြောင်းလဲ လို့လည်း အဆင်ပြေ စေနိုင်တဲ့ industry ဟာ လုပ်ကိုင်လို့ အကောင်းဆုံးပါ။ နောက် industry ရဲ့ rivalry ပြိုင်ဘက် လုပ်ငန်း အနေအထား အခြေအနေ တွေကို သေချာ စိစစ် သုံးသပ်ရန် လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ rivalry အခြေအနေ ဟာ လုပ်ငန်းရဲ့ innovation power ကို စကားပြော ပါတယ်။ အမေရိကန်မှာ ကား ဒီဇိုင်းတွေ၊ laptop ဒီဇိုင်းတွေ တနေ့ထက် တနေ့ မရိုးဘဲ အဆန်းတွေ ထွက်နေကြတာ ဘယ်ကြောင့်လဲ ၊ rivalry အခြေအနေ ကြောင့်ပါ။ သူများထက် ထူးအောင် လုပ်ရင်းနဲ့ market share ရရှိပြီး market leader ဖြစ်လာ နိုင်တဲ့ အခွင့်အလမ်း တွေပါ။ နိုင်ငံတကာ မှာ အမည်ရရှိ သွားနိုင် ပါသေးတယ်။ ပြိုင်ဆိုင်မှု နည်းတဲ့ industry ဆိုရင်တော့ entrance စစချင်း ၀င်ရောက်မှုမှာ အဟန့်အတား နည်းပါတယ်။ ၀င်ရောက်ဖို့ လွယ်ပါတယ်။ local condition တွေဟာ firm strategy တွေကို affect ဖြစ်စေ တဲ့ အတွက် ပြောင်းလဲလို့ အဆင်ပြေမယ့် strategy မျိုးချနိုင်တဲ့ industry လား ... ... ပြိုင်ဆိုင်မှု တွေနည်းတဲ့ industry လား ... များတဲ့ industry လား ... ဆိုတာ သေချာ စိစစ်ဖို့ လိုပါတယ်။

Porter Diamond Model ဟာ Function မဟုတ်ပါဘူး၊ system လို့ မြင်ပေးပါ။ ဒီလေးချက် လုံးကို တစ်ခုတစ်ခု ချိတ်ဆက် စဉ်းစားပေးဖို့ စိစစ် ပေးဖို့ လိုပါတယ်။

(ဆက်ဖော်ပြ ပါဦးမည် ... ...)