Showing posts with label Entrepreneurship. Show all posts
Showing posts with label Entrepreneurship. Show all posts

Wednesday, November 12, 2008

Voice

အဋ္ဌမမြောက်အလေ့အထ - ၂

(စွမ်းရည်မြင့်မားခြင်းမှ ကြီးကျယ်ပြောင်မြောက်ခြင်းသို့)


သင်ကာ


စွမ်းရည်မြင့်မား အလေ့အထခုနစ်ပါး စာအုပ်ထုတ်ဝေချိန် ၁၉၈၉ ခုနှစ်မှစကမ္ဘာကြီးသည် သိမ်မွေ့စွာ ပြောင်းလဲလာခဲ့သည်။ အဖွဲ့အစည်း၊ လုပ်ငန်း၊ မိသားစု၊ ကိုယ်ရေးကိုယ်တာကိစ္စ၊ အများနှင့် ဆက်ဆံရေးတို့တွင် ရင်ဆိုင်လာရသည့် စိန်ခေါ်မှုနှင့် ရှုပ်ထွေးမှုများသည် အရေးပါအရာရောက်မှု စံများ ကွဲပြားလာခြင်းကြောင့် ဖြစ်သည်။ ၁၉၈၉ ခုနှစ်သည် ဘာလင်တံတိုင်း ပြိုသွားသည်ကို ကြုံရသောနှစ်၊ အင်ဖော်မေးရှင်းခေတ်သို့ စတင်ဝင်ရောက်ချိန်၊ အသစ်အသစ်များ မွေးဖွားချိန်၊ အံ့ဘနန်းထူးကဲသော မဟာပြောင်းလဲမှုများဖြစ်ချိန်ဟု အများက မှတ်ချက်ချရသော တကယ့်ကာလသစ်ပင် ဖြစ်သည်။

ထို့ကြောင့်ပင် အများက အလေ့အထခုနစ်ရပ်သည် ယနေ့ လောကသစ်နှင့် အံဝင်ခွင်ကျရှိသေးပါ၏လောဟု မေးလာကြသည်။ စတီဖင်ကိုဗေး၏ မပြောင်းမလဲ တစ်မျိုး တည်းသောအဖြေမှာ ပြောင်းလဲမှုများ ကြီးမားလာပြီး စိန်ခေါ်မှုများပိုခက်ခဲကြမ်းတမ်းလာလေ အလေ့အထခုနစ်ရပ်မှာပိုအံဝင်ခွင်ကျ အသုံးတည့်လေု ဖြစ်သည်။

အလေ့အထခုနစ်ရပ်၏ ရည်ရွယ်ရင်းသည် စွမ်းဆောင်ရည်မြင့်ဖို့ ဖြစ်သည်။ အားလုံးနှင့်ဆိုင်သည့် ပြည့်စုံသော စည်းကမ်းကလနား၊ စွမ်းဆောင်ရည်နှင့် အကျင့်စရိုက်တို့ အတွက် အချိန်မရွေး ကျင့်သုံးနိုင်သောတရားအဖြစ် အလေ့အထခုနစ်ရပ်က ကိုယ်စားပြုသည်။

ယနေ့ကမ္ဘ္ဘ္ဘာတွင် တစ်ဦးချင်းအရဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ စွမ်းဆောင်ရည်မြင့်မားရန်မှာ ရှောင်လွှဲ မရပေ။ ယင်းမှာ လောကကစားကွင်းသို့ ၀င်ရေးအတွက် အရင်းအနှီးပင် ဖြစ်သည်။ သို့သော် လောကသစ်အတွင်း ရှင်သန်ရန်၊ ပျော်ဝင် စီးမျောရန်၊ အပြောင်းအလဲလုပ်နိုင်ရန်၊ ထူးချွန်အောင် ဆောင်ရွက်ရန်နှင့် ဦးဆောင်နိုင်ရန်အတွက် စွမ်းဆောင်ရည်မြင့်မားခြင်းထက် ပိုလွန်သော အရည်အသွေးတစ်ရပ် လိုအပ်ပေသေးသည်။ ယင်းမှာ ကြီးကျယ်ပြောင်မြောက်ခြင်း (Grateness) ပင် ဖြစ် သည်။ Grateness သည် အပြည့်အ၀ ဖြည့်ဆည်းမှု (Fullfillment)၊ ထက်သန်သော စီမံဆောင်ရွက်မှု (Passionate Execution) နှင့် အရေးပါသော ပါဝင် ကူညီမှု (Significant Contribution) တို့ ရရှိစေဖို့ ဖြစ်သည်။ ယင်းတို့တွင် မတူသှောုထောင့်တစ်မျိုးစီ ရှိသည်။ ပင်ကိုစေ့ဆော်မှု (Voice) ဟု ဆိုနိုင်သည့် လူသား၏ ပါရမီ၊ စွမ်းရည်၊ စိတ်ပါဝင်စားမှုတို့ကို အမြင့်ဆုံး ရောက်အောင် ဖွင့်ထုတ်ပေးရန် တွေး ခေါ်မှုပုံစံအသစ်၊ ကျွမ်းကျင်မှုစွမ်းရည် အသစ်၊ အသုံးချရမည့်နည်းနာအသစ် တည်းဟူသော အလေ့အထအသစ် လိုပေသည်။

အဋ္ဌမမြောက်အလေ့အထသည် ယခင် အလေ့အထခုနစ်ရပ်အတွင်း ဆွဲသွင်းရမည့် အလေ့အထမျိုးမဟုတ်ပါ။ ယနေ့ပညာလုပ်သားခေတ် (Knowledge Worker Age) ကြီး၏ အဓိက စိန်ခေါ်မှုကြီးများကို ရင်ဆိုင်နိုင်ရန် အလေ့အထခုနစ်ရပ်ကို စုစည်းသိုင်းဖွဲ့ပေးမည့် တတိယှုထောင့်အမြင်တစ်ခု ဖြစ်ပါသည်။ အဋ္ဌမမြောက်အလေ့အထမှာ ကိုယ့်စိတ်ရင်းစေ့ဆော်မှုကို ဆန်းစစ်ရှာဖွေခြင်းနှင့် အခြားသူများ ကိုလည်း ဆန်းစစ်ရှာဖွေရန် အားပေးခြင်း (Find Your Voice and Inspire Others to Find Theirs) ပင် ဖြစ်ပါ သည်။

အဋ္ဌမမြောက်အလေ့အထသည် ယနေ့အမှန်တကယ် ကြုံတွေ့နေရသော အခြေအနေများ၏ အလွန့်အလွန် အလားအလာကောင်းသော ဘက်ဆီသို့ ဦးတည်ရာလမ်းကြောင်းကို ကိုယ်စားပြုပါသည်။ ယခင်ဖော်ပြဖူးသည့် နာကျင်ခံခက်မှု၊ိုဖရဲပြိုကွဲ မသေချာမှုတို့၏ လုံးလုံးဆန့်ကျင်ဘက် အပိုင်းတွင် ရှိပါသည်။ အလားအလာ ကောင်းများကို အကန့်အသတ်မဲ့စေခြင်း၊ လောကဓံကို ခံနိုင်ခြင်း၊ မျှော် လင့်ချက်အပြည့်ရှိခြင်းတို့ကိုဖြစ်စေသော လူ့စိတ်၏ အရင်းခံစေ့ဆော်မှု (Voice) ကို တူးဆွခြင်း ဖြစ်သည်။


သင်ကာ

မူရင်း - The 8th Habit by Stephen Covey

Wednesday, October 15, 2008

နာကျင်ခံခက်မှု (The Pain)

အဋ္ဌမမြောက်အလေ့အထ - ၁

(စွမ်းရည်မြင့်မားခြင်းမှ ကြီးကျယ်ပြောင်မြောက်ခြင်းသို့)

ငါတော့ အကျပ်ရိုက်နေပြီကွာ၊ လှုပ်လေမြုပ်လေပဲ

ကျွန်တော့်ကို ဘယ်သူကမှ အလေးမထား၊ အရေးတယူ မရှိကြဘူး၊ အလုပ်ရှင်ကလည်း ကျွန်တော့် အစွမ်းအစကို တစ်စက်မှ မသိဘူး...

အဆင်မပြေလိုက်တာ၊ စိတ် ဓာတ်ကျနေပြီ...

ဘာမှ ထူးထူးခြားခြား၊ လုပ် မပြနိုင်ဘူး ဖြစ်နေတယ်...

ခံစားချက်မဲ့နေတယ်... ဘ၀က အဓိပ္ပာယ်မရှိဘူး... ပျောက်ဆုံးနေပြီ...

အထီးကျန်ဆန်လိုက်တာ...

အချုပ်အချယ်တွေများလို့ ... မွန်းကျပ်နေတာပဲ...

အိမ်က မိန်းမကလည်း နားလည်မှုမပေး... ကလေးတွေကလည်း ကိုယ့်စကားနားမထောင်... အိမ်မှာနေ ရတာထက်... အလုပ်မှာ နေရတာက စိတ်ချမ်းသာသေးတယ်...

စသည်တို့မှာ အလုပ်တွင်၊ အိမ်တွင်၊ ကိုယ့်ပတ်ဝန်းကျင်တွင် ကြားရတတ်သောအသံများ ဖြစ်သည်။ နာကျင်ခံခက်မှုသည် ကိုယ့် ဘာသာ တစ်ကိုယ်ရေ (Personal) ခံစားနေရသော ကိစ္စဖြစ်တတ်ပြီး ရင်ထဲသို့ နက်နက်ရှိုင်းရှိုင်း တိုးဝင်နေတတ်သည်။ ­ထိုကဲ့သို့ အကြိမ်များစွာ ဖြစ်ဖူးကြပေမည်။ လူဖြစ်ရခြင်း (On Becoming a Person) အမည်ရှိ စာအုပ်တွင် ကားလ်ရော်ဂျာစ် ရေးခဲ့သလိုပင် ကိုယ်ရေးကိုယ်တာ ခံစားချက်အများစု သည် သူသူငါငါ ခံစားနေကြရသည့် အတိုင်းပင် ဖြစ်သည် ဟု ဆိုရပေမည်။

အချို့က ကိုယ့်အလုပ်တွင် အာရုံစူးစိုက်ထားမှု၊ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှု၊ အင်တိုက်အားတိုက် လုပ်မှုရှိကြသည်။ သို့သော် အနည်းစုသာ ဖြစ်သည်။ စတီဗင်ကိုဗေးက ဟောရင်းပြောရင်း ပရိသတ်များကို လက်ရှိ လုပ်ကိုင်နေမှု သို့မဟုတ် လုပ်ခွင့်ပြုထားသည့် အတိုင်းအတာထက် အရည်အသွေး၊ အသိပညာ၊ အစွမ်း အစ၊ ဖန်တီးနိုင်မှုပိုရှိသော ၀န်ထမ်း အင်အားစုများ ၄င်းတို့ အဖွဲ့အစည်း လုပ်ငန်းအတွင်း များစွာရှိနေသည်ကို သဘောတူ၊ မတူ မေးမြန်းသဘော ထားတောင်းခံကြည့်ရာ အများစုကြီးက သဘောတူကြောင်း လက်ထောင် ကြသည်။ ကမ္ဘာတစ်လွှားနည်း နှင်နှင်ပင် ဖြစ်သည်။ ရာခိုင်နှုန်းလောက်ပင် အရေအတွက်ရှိသော လူ များကလည်း အတိုင်းအတာတစ်ခု အထိသာလုပ်ရန် ကြီးမားစွာ ဖိအား ပေးခံရသည်ဟု ဆိုသည်။ အများစုမှာ သူတို့၏ ပင်ကိုအရည်အသွေးဖြစ်သော ပါရမီ၊ ထက်မြက်ပါးနပ်မှုတို့ကို အသုံးချခွင့်မရမှုနှင့် ကြုံတွေ့နေကြရ သည်။

ဘဏ်လုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှု၊ စစ်တပ်၊ နည်းပညာဝန်ဆောင်မှု စသော အဓိက လုပ်ငန်းစုများ (Key Industries) နှင့် စာရင်းစစ်၊ အတွင်းရေးမှူး၊ ကြော်ငြာ လုပ်ငန်း၊ ကွန်ပျူတာကျွမ်းကျင်သူ၊ ပညာရေးစီမံခန့်ခွဲသူ၊ အရောင်းကိုယ် စားလှယ် စသော အဓိကအသုံးချဧရိ ယာများ (Key Functional Area) တွင် အလုပ်လုပ်နေကြသော အမေရိကန် ပြည်ထောင်စုရှိ အလုပ်သမား ၂၃၀၀၀ ကို မကြာသေးမီက တွေ့ဆုံမေးမြန်း စစ်တမ်းကောက်ယူခဲ့သော စွမ်းဆောင် နိုင်မှုအရည်အချင်းပြညွှန်းကိန်း xQ (Execution Quotient) မေးခွန်းလွှာ ရလဒ်ကို ကောက်နုတ်လေ့လာနိုင် သည်။

အလုပ်သမားဝန်ထမ်းများတွင် …..

- ၃၇ ရာခိုင်နှုန်းကသာ သူတို့လုပ်ကိုင်နေသော အဖွဲ့အစည်းလုပ်ငန်း၏ ကြိုးပမ်းနေသော အောင်မြင်မှု ဘာဖြစ်သနည်းဆိုသည်နှင့် ဘာကြောင့် ထိုသို့ ကြိုးပမ်းသည်ဆိုသည်တို့ကို ရှင်းရှင်းလင်းလင်း သိမြင်နားလည်သည်ဟု ဆိုသည်။

- ငါးဦးတွင် တစ်ဦးကသာ အဖွဲ့အစည်း၊ လုပ်ငန်း၏ ပန်းတိုင်နှင့် လုပ်ဖော်ကိုင်ဖက် အသင်းအပင်းအပေါ် စိတ်ဝင်စားမှုရှိသည်။

- ငါးဦးတွင် တစ်ဦးက (၁) သူတို့၏ တာဝန်နှင့် (၂) လုပ်ဖော်ကိုင်ဖက် အသင်းအပင်းအဖွဲ့နှင့် အဖွဲ့အစည်း လုပ်ငန်း၏ ရည်မှန်းချက်ပန်းတိုင်နှစ်ရပ်ကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်သည်ဟု ဆိုသည်။

- အလုပ်သမားဦးရေထက်ဝက်ခန့်ကသာ သီတင်းပတ်အကုန်တွင် ပြီးမြောက်အောင် လုပ်လိုက်သော သူတို့ အလုပ်အပေါ် ကျေနပ်မှု ရှိသည်။

- ၁၅ ရာခိုင်နှုန်းကသာ ရည်မှန်းချက် ပန်းတိုင်ကို ဖော်ဆောင်ရေးအတွက် သူတို့၏ အဖွဲ့အစည်း၊ လုပ်ငန်းက အပြည့်အ၀ အထောက်အပံ့ပေးနိုင်သည်ဟု ခံစားမိသည်။

- ၁၅ ရာခိုင်နှုန်းကသာ သူတို့သည် လုံးဝယုံကြည်စိတ်ချရသော ၀န်းကျင် အသိုင်းအ၀ိုင်းတွင် အလုပ်လုပ်နေရ သည်ဟု ခံစားမိသည်။

- သစ်လွင်ကောင်းမွန်သော အိုင်ဒီယာများနှင့် ကွဲပြားသော်လည်း အလေးထားလောက်ဖွယ် အမြင်များ အပေါ် လွတ်လပ်စွာ ရှင်သန်ခွင့်ကို သူတို့၏ အဖွဲ့အစည်း၊ လုပ်ငန်းက အားပေးအားမြှောက် ရှိသည်ဟု ၁၅ ရာခိုင်နှုန်းကသာ ခံစားမိသည်။

- အကောင်းအဆိုး၊ အကျိုးရလဒ် အပေါ် အဖွဲ့အစည်းလုပ်ငန်းက တာဝန်ခံပေးသည်ဟု ၁၀ ရာခိုင်နှုန်း ကသာ ခံစားမိသည်။

- ၂၀ ရာခိုင်နှုန်းကသာ သူတို့အလုပ် လုပ်နေသည့် အဖွဲ့အစည်း၊ လုပ်ငန်းအပေါ် အပြည့်အ၀ယုံကြည်မှု ရှိသည်။

- ၁၃ ရာခိုင်နှုန်းကသာ အခြားသော အဖွဲ့အစည်းအုပ်စုများ သို့မဟုတ် ဌာနများနှင့် ဆက်ဆံလုပ်ဆောင်ရာ တွင် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု၊ လုံးဝယုံကြည်မှု ရှိသည်။

အထက်ပါရလဒ်များကို ဘောလုံးစကားနှင့် ပြောရလျှင် ကစား ကွင်းထဲ ဘောလုံးသမား ၁၁ ဦး အနက် လေးဦးကသာ အသင်း၏ ရည်ရွယ်ချက်ကို သိသလို ဖြစ်နေမည်။ ၁၁ ဦးအနက် နှစ်ဦးကသာ ဂရုတစိုက် ရှိမည်။ ၁၁ ဦးအနက် နှစ်ဦးကသာ သူတို့ကစားနေသည့် အနေအထားနှင့် သူတို့ ဘာလုပ်ရမည်ကို ရေရေရာရာ သိမည်။ အနှီ ကစားသမား နှစ်ဦးမှအပ ကျန်ကစားဖော်များသည် ပြိုင်ဘက်အသင်းကို ယှဉ်ပြိုင်ရမည့် အစား ကိုယ့်အသင်းသား အချင်းချင်း ပြန်ပြိုင်ဆိုင်သလို ဖြစ်နေပေလိမ့်မည်။

အချက်အလက်များသည် အလေးအနက်ဆင်ခြင်ရမည့်ကိစဖြစ်သည်။အချက်အလက်များသည် ကမ္ဘာတစ်ဝန်း အမျိုးမျိုးသော အဖွဲ့အစည်းများရှိ လူများနှင့် ပတ်သက်ကိုယ်တိုင်တွေ့ရသည့်အတွေ့အကြုံများ နှင့် စပ်ဟပ်မိသည်ဟု စတီဖင်ကိုဗေးက ဆိုသည်။ နည်းပညာများ၊ ဆန်းသစ်ပြောင်းလဲနေသော ထုတ်ကုန်များ၊ ကမ္ဘာနှင့်ချီသော ဈေးကွက်များ ကျွန်ုပ်တို့ ရရှိနေသည့်တိုင် အများစုသော လူများသည် သူတို့အလုပ်လုပ်ကိုင်ရာ အဖွဲ့အစည်းလုပ်ငန်းများအတွင်း၌ ပျော်ဝင်ရှင်သန်ခြင်း (Thriving) မရှိ ကြပေ။ ကျေနပ်စိတ်ချမ်းသာမှု၊ တက်ကွမှုမရှိပေ။ မချင့်မရဲ ရှိကြသည်။ သူတို့သည် ကိုယ့်အဖွဲ့အစည်း၏ ဦးတည်ရာကိုလည်းကောင်း၊ ကိုယ့် အသိုင်းအ၀ိုင်း၏ အမြင့်ဆုံး သာလွန် ကောင်းမွန်ချက်ကိုလည်းကောင်း ဂဃ နဏ မသိကြ။ ရှေ့မတိုးနိုင်ဖြစ်ကာ အာရုံထွေပြားလျက် ရှိသည်။ အားလုံး ထဲတွင် အများစုမှာ သူတို့အဖို့ အပြောင်းအလဲဖြစ်အောင် မလုပ်နိုင်ဟု ခံစားနေရသည်။ ၀န်ထမ်းအင်အားစု စိတ်ထက်သန်မှု၊ ပါရမီအရည် အသွေး၊ အသိညဏ်ပညာတို့ကို အပြည့်အ၀အသုံးချရန် အခွင့်မသာမှုကြောင့် တစ်ဦးချင်းအရဖြစ်စေ၊ အဖွဲ့ အစည်းလိုက်ဖြစ်စေ ဆုံှးုံးနစ်နာရမှုကို ခန့်မှန်းကြည့်နိုင်ပါပြီလား။ အခွန်ပေး ဆောင်ရခြင်း၊ အတိုးငွေပေးရခြင်း၊ လုပ်ခပေးရခြင်း အားလုံးပေါင်းတို့ ထက် အဆများစွာ ပို နစ်နာပါ သည်။

(စီမံခန့်ခွဲမှုနဲ့ ဆိုင်တဲ့ ဒီဆောင်းပါး တွေက အားလုံး ၆၀ ကျော်ရှိပါတယ်။ ခောတ်မြန်မာ ဂျာနယ်(အခုတော့ ရပ်လိုက်ပြီ)မှာ ကောင်းမြတ်ကျော်စွာဆိုတဲ့ ကလောင်အမည်နဲ့ အပတ်စဉ် ဖော်ပြဖူးပါတယ်။ တစ်စုတစည်းတည်း ဖတ်ချင်သူ၊ မဖတ်ရသေးသူတွေအတွက် တင်ပေးလိုက်ပါတယ်။)

သင်ကာ

မူရင်း - The 8th Habit by Stephen Covey

Monday, October 13, 2008

Happy, Alert and Heartfelt Entrepreneurship

ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ ရင်ထဲက တီထွင်


စက်မှုခေတ်မှာ တိုးတက်အောင်၊ ကြီးပွားအောင် အဓိက လုပ်ခဲ့တဲ့တွန်းအားက စက်တွေ၊ အရင်းအနှီးတွေဆိုတဲ့ အရာဝတ္ထုတွေလေ၊ လူတွေ မပါလို့တော့ မဖြစ်ဘူး။ ဒါပေမယ့် အဲဒီလူတွေဆိုတာက အစားထိုးလို့ရတဲ့ သူတွေ၊ ကာယလုပ်သားတွေ ဖြစ်နေပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ပဲ အရေးကြီးတယ်၊ စိတ်တွေ နှလုံးတွေ၊ မှန်တာ မှားတာတွေ မလိုဘူး။ လူဆိုတာလည်း အရာဝတ္ထုတစ်ခု ဖြစ်သွားပါလေရော။

ဒီနေ့ခေတ် စီမံခန့်ခွဲရေး လုပ်ထုံးလုပ်နည်းတွေ အားလုံးဟာ စက်မှုခေတ်ရဲ့ အခြေအနေအပေါ်မှာ အခြေခံထားတယ်။ လူတွေကို အရာဝတ္ထုတွေနဲ့ ခွဲမမြင်၊ ရောမြင်လိုက်တဲ့အတွက် လူတွေကိုလည်း အရာဝတ္ထုတွေလိုပဲ ထိန်းချုပ်ရမယ်၊ စီမံခန့်ခွဲရမယ်လို့ မြင်လာကြတယ်။

မန်နေဂျာတစ်ယောက်အနေနဲ့ ထိန်းချုပ်မှုတွေ၊ စီမံခန့်ခွဲမှုတွေလုပ်လေ ထိန်းချုပ်စရာ၊ စီမံခန့်ခွဲစရာတွေ ပိုများလာတာ ပိုလုပ်လာကြတာကို တွေ့ရတတ်ပါတယ်။ တစ်နည်းပြောရရင် ထိန်းချုပ်သူရှိနေတော့ အထိန်းချုပ်ခံတွေ၊ ထိန်းချုပ်စရာတွေပေါ်လာတယ်။ အထိန်းချုပ်ခံတွေ၊ ထိန်းချုပ်စရာတွေရှိနေတော့ ထိန်းချုပ်သူလိုလာတယ်။ သူရှိလို့ ကိုယ်ရှိရ၊ ကိုယ်ရှိလို့ သူရှိရနဲ့ဖြစ်လာတယ်။ ဘယ်သူကမှ တာဝန်မယူဘူး၊ ဘယ်သူ့ကိုမှ တာဝန်မရှိစေဘူး။

ဒါကြောင့် ဒီအခြေအနေကို ပြောင်းလဲဖို့ဆိုတာ တစ်ဖက်ဖက်က စလှုပ်ရှားရမယ်၊ အဲဒီတစ်ဖက်ဆိုတာလည်း ကိုယ့်ဘက်မဟုတ်၊ သူ့ဘက်ကိုပဲ မြင်နေကြတယ်။ ကိုယ့်ရဲ့အားနည်းချက်ကို မမြင်ဘူး၊ ကိုယ့်ပြဿနာကို မမြင်တော့ အဲဒီပြဿနာကို မဖြေရှင်းနိုင်ဘူး၊ ပြဿနာဆိုတာကလည်း ဖန်တီးနိုင်တဲ့ ဉာဏ်ထက် ဖြေရှင်းနိုင်တဲ့ ဉာဏ်က ပိုပြီးမြင့်တယ်။ ပြဿနာဖြစ်အောင် ဖန်တီးနိုင်လောက်တဲ့ ဉာဏ်နဲ့ ပြဿနာကို ဖြေရှင်းလို့ မရဘူး။

လူတွေကို ရှုမြင်ပုံ၊ စီမံသူနဲ့ စီမံခံသူတွေရဲ့ ဆက်ဆံရေးဟာလည်း ဓလေ့ထုံးစံတွေလိုပဲ ပြောင်းခဲတယ်။ ပိုကောင်းတဲ့ ပုံစံတစ်ခုမပေါ်ပေါက်မီ နှစ်ပေါင်းရာချီပြီး ပုံစံဟောင်းတစ်ခုဟာ တည်တံ့နေတတ်တယ်။

နည်းပညာခေတ်၊ နည်းပညာ လုပ်သားခေတ်ကို စက်မှုခေတ်၊ ကာယလုပ်သားခေတ်က ပုံစံမျိုးနဲ့ဖြတ်သန်းလို့ မရဘူး။ လူအတော်များများဟာ သူတို့ရဲ့လုပ်ငန်းခွင်မှာ မပျော်မွေ့ကြဘူး။ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေဟာ ဝန်ထမ်းတွေရဲ့အကောင်းဆုံး အရည်အသွေးတွေ၊ အစွမ်းအစတွေ၊ ပါရမီတွေကို ထုတ်မသုံးနိုင်ကြဘူး။

ဘာလို့ အခုလိုဖြစ်နေသလဲ။ အခြေခံကတော့ လူဆိုတာ ထိန်းချုပ်ရမယ့်၊ လှုံ့ဆော်ရမယ့် အရာဝတ္ထုကြီး မဟုတ်ဘူး။ လူတွေမှာ ခန္ဓာကိုယ်ရယ်၊ စိတ်ရယ်၊ နှလုံးသားရယ်၊ နာမ်ရယ်ဆိုပြီး လေးပိုင်းစလုံးပါဝင်နေတာကို အသိအမှတ် ပြုဖို့လိုတယ်။ အဲသလို လေးပိုင်းစုံတဲ့လူတွေဟာ အသက်ရှင်သန်ချင်ကြတယ်၊ မေတ္တာထားချင်ကြတယ်၊ ဆက်ဆံရေးတွေ တည်ဆောက်ချင်ကြတယ်၊ တိုးတက်ချင်၊ ကြီးပွားချင်ကြတယ်၊ ကိုယ်လုပ်တဲ့အလုပ်တွေဟာ အဓိပ္ပာယ်ရှိတဲ့ အလုပ်တွေ ဖြစ်စေချင်တယ်၊ ထိုက်တန်တဲ့အလုပ်တွေ ဖြစ်စေချင်တယ်၊ နောင်လာ နောက်သားတွေ မျိုးဆက်သစ်တွေအတွက် အမွေကောင်းတွေ ပေးခဲ့ချင်တယ်။

တကယ်တော့ လူတွေနဲ့အရာ ဝတ္ထုတွေရဲ့ကွာခြားချက်က လူတွေဟာ ရွေးချယ်မှုတွေ ပြုလုပ်တတ်ကြတယ်၊ အရာဝတ္ထုတွေကတော့ ရွေးချယ်နိုင်တဲ့ အသိဉာဏ်မျိုး မရှိကြဘူး။ ဘယ်လောက် အလုပ်လုပ်ကြမလဲ၊ အလုပ်လုပ်ရအောင် သူတို့ကို ဘယ်လို ဆက်ဆံသလဲ၊ ဘယ်လိုအခွင့်အလမ်းတွေ ရှိသလဲဆိုတာ လူတွေက ချင့်ချိန်ရွေးချယ် ဆုံးဖြတ်တတ်ကြတယ်။

လူတွေမှာရှိကြတဲ့ ခန္ဓာကိုယ်၊ နှလုံးသား၊ စိတ်ပိုင်း၊ နာမ်ပိုင်းတွေကို အပြည့်အဝ အသုံးပြုကြသလား။ တချို့လုပ်ငန်းတွေမှာ ဝန်ထမ်းတွေဟာ မျှမျှတတ ဆက်ဆံခြင်း မခံကြရဘူး။ ရတဲ့လခနဲ့ လုပ်ရတဲ့အလုပ် အချိုးမညီဘူးလို့ မြင်ကြတယ်။ ဒီအခါ ဝန်ထမ်းတွေဟာ ဆန့်ကျင်ကြ၊ အလုပ်ထွက်ဖို့ ကြိုးစားကြတာကို တွေ့ရတယ်။

လခကောင်းတဲ့ လုပ်ငန်းတွေလည်း ရှိပါရဲ့။ ဒါပေမယ့် ကိုယ့်အပေါ် ကြင်ကြင်နာနာ မဆက်ဆံတာ၊ မလေးစားတာ၊ လိုတစ်မျိုး၊ မလိုတစ်မျိုးဆက်ဆံတာ၊ ကိုယ့်အထက်လူကြီးရဲ့ အရိပ်အကဲကို ကြည့်နေရတာမျိုး ဖြစ်တယ်။ ကိုယ့်အထက်လူကြီးကလည်း အခု ရွှေ၊ အခုငွေ။ အခုလိုမျိုးနဲ့ကြုံတဲ့အခါ ဝန်ထမ်းတွေခမျာ နာခံတော့ နာခံကြပါရဲ့ ... လခမျက်နှာက ရှိသေးတာကိုး။ ဒါပေမယ့် မချစ်သော်လည်း အောင့်ကာနမ်းနေရတဲ့ နာခံမှုမျိုးတွေ ဖြစ်နေတတ်တယ်။

တချို့လုပ်ငန်းတွေမှာတော့ လခလည်းကောင်း၊ ကောင်းကောင်းမွန်မွန်လည်း ဆက်ဆံပါရဲ့၊ ဒါကလည်း ကိုယ့်ဆီက လိုချင်တာရှိတဲ့အချိန်၊ ကိုယ့်ရဲ့အကြံဉာဏ်ယူချင်တဲ့ အချိန်မျိုးတွေမှာ ဖြစ်နေပြန်တယ်၊ ကိုယ့်ခန္ဓာ ကိုယ်နဲ့ကိုယ့်နှလုံးသားကိုတော့ လေးစားပါရဲ့၊ ကိုယ့်စိတ်ကို မလေးစားဘူး ဖြစ်နေတယ်။ ဒီအခါ စိတ်ပါလက်ပါ လိုက်နာပေမယ့် လိုက်နာနေရတာကိုတော့ မပျော်ရွှင်နိုင်ဘဲဖြစ်နေရပြန်တယ်။

လခလည်းကောင်း၊ ကြင်ကြင်နာနာလည်းဆက်ဆံ၊ တီထွင်ကြံဆခွင့်၊ ဖန်တီးခွင့်တွေလည်းရပါရဲ့၊ ဒါပေမယ့် အဓိပ္ပာယ်မရှိဘူးလို့ ထင်တဲ့အလုပ်မျိုးတွေ လုပ်ရ၊ ဘယ်သူမှ မဖတ်တဲ့အစီရင်စာခံတွေ ရေးနေရတာမျိုးတွေ ဖြစ်နေပြန်ရင်လည်း တက်တက်ကြွကြွ မရှိနိုင်ပြန်ဘူး။

မျှမျှတတလည်းပေး၊ ကြင်ကြင်နာနာလည်းဆက်ဆံ၊ အဓိပ္ပာယ်ရှိတဲ့ အလုပ်မျိုးတွေလည်း လုပ်ရပါရဲ့၊ ဒါပေမယ့် ဖောက်သည်တွေကို ကိုယ်က လိမ်ရညာရ၊ မပြောချင်တာတွေ ပြောနေရတဲ့အခါမျိုးကျတော့လည်း စိတ်အားထက်သန်မှု၊ စိတ်တက်ကြွမှု မရှိနိုင်ပြန်ဘူး။

ဆိုလိုတာက လူတွေရဲ့သဘော သဘာဝကို အပြည့်အဝ ဂရုမစိုက်ဘဲ တစ်ခုခုလစ်ဟာသွားတာနဲ့ တစ်ပြိုင်နက် လူတစ်ယောက်ဟာ လူတစ်ယောက် မဟုတ်တော့ဘဲ အရာဝတ္ထုတစ်ခု ဖြစ်သွားတော့တယ်။ အရာဝတ္ထုတစ်ခုဖြစ်သွားရင် ထိန်းချုပ်ရတာ၊ စီမံခန့်ခွဲရတာ၊ သူတို့လုပ်ချင် ကိုင်ချင်စိတ်ပေါက်ဖို့ ဆုပေးရ၊ ဒဏ်ပေးရတာတွေ ပါလာရပါတော့တယ်။

အသိပညာခေတ်မှာ မျှတတဲ့ လခရ၊ ကြင်ကြင်နာနာ ဆက်ဆံခြင်းခံရ၊ တီထွင်ဖန်တီးခွင့်ရ၊ လူတွေရဲ့ အကျိုးစီးပွားအတွက် အမှန်တကယ် လုပ်ဆောင်ခွင့်ရကြ၊ အကောင်းအဆိုး အကြောင်းအကျိုး ခွဲခြားဝေဖန်ခွင့် ရကြတဲ့ ဝန်ထမ်းတွေဟာ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ကြ၊ ရင်ထဲက ပူးပေါင်းပါဝင်ကြ၊ တက်တက်ကြွကြွ တီထွင်ဖန်တီးကြတဲ့သူတွေ ဖြစ်လာပါတယ်။

ခင်မောင်ညို (ဘောဂဗေဒ)

Ref: Stephen R.Covey The 8th Habit

Sunday, October 5, 2008

Entrepreneurship, more difficult than Email and Love

အီးမေးလ် လိပ်စာ၊ မေတ္တာထက် စွန့်ဦးတီထွင်မှု က ပိုခက်

ခေါင်းဆောင်မှု နှင့် အီးမေးလ်

ခေတ်ကို ချိတ်ဆက်မှုပြည့်စုံလာ သောခေတ်(age of connectivity) ဟု ခေါ်လာသည်။ ဆဲလ်ဖုန်း ဖြင့် အင်တာနက်ကို ချိတ်ဆက် နိုင်သည့် ခေတ် ကို ယခု မျှော်လင့် ထားသည်။ အင်တာနက် တက္ကနိုလိုဂျီ ပေါ်လာသဖြင့် စီးပွားရေး လုပ်ဆောင်ခြင်း (ဘိဇနက်) နှစ်ခြမ်းကွဲ သွားသည်။ အွန်လိုင်း ဘိဇနက် နှင့် သမားရိုးကျ ဘိဇနက် တို့ ဟူ၍ ဖြစ်သည်။ ဘိဇနက် စီမံခန့်ခွဲမှု၌ လည်း အွန်လိုင်း ဘိဇနက် စီမံခန့်ခွဲမှုနှင့် အော့ဖ်လိုင်း ဘိဇနက် စီမံခန့်ခွဲမှု တို့ ဆိုပြီး ဖြစ်သွားသည်။

ဘိဇနက် နှစ်မျိုး ကွဲသွားသည့် အတွက် စီမံခန့်ခွဲမှု ပုံစံလည်း နှစ်မျိုး ကွဲသွားသည်။ တွေ့နေကျ၊ ပြင်နေကျ ဘိဇနက် စီမံခန့်ခွဲမှုတွင် ဖောက်သည် နှင့် ခေါင်းဆောင်မှု (customers and leadership) တို့သည် အမာခံ ကျောရိုး ဖြစ်သည်။ အွန်လိုင်း ဘိဇနက်စီမံခန့် ခွဲမှုတွင် အီးမေးလ် နှင့် အီးမေးလ် လိပ်စာ (e-mail and e-mail addresses) တို့သည် အမာခံ ကျောရိုး ဖြစ်သည်။

ကုမ္ပဏီလား၊ တစ်နိုင်တစ်ပိုင်လား

အမေရိကန် စီးပွားရေး အကျပ် အတည်းသည် ရီဆက်ရှင်း(rece-ssion) ထဲ တရားဝင် မရောက် သေး။ (ယခု ရောက်နေပါပြီ) ဤသို့ မရောက် သေးကြောင်း နှင့် ပတ်သက်၍ အကြောင်း နှစ်ချက် ပြသည်။ ပထမ အကြောင်းပြချက်သည် သမ္မတ ဘုရှ်က အမေရိကန် စီးပွားရေး သည် အတက်နှေးခြင်း သာ ဖြစ်သည် ဟု ပြော ပြီး ရီဆက်ရှင်းကို ငြင်းဆိုသော အချက် ဖြစ်သည်။ ဒုတိယ အကြောင်းပြချက် သည် လေးလ တစ်ကြိမ် ကောက်ယူ သော စစ်တမ်းအရ အမေရိကန် ဂျီဒီပီ သည် လျော့ဆင်း သွားစေကာမူ အပေါင်း လက္ခဏာ ပြနေ သေးသော အချက် ဖြစ်သည်။ စတုတ္ထ လေးလပတ် ဂျီဒီပီ တိုးတက်မှု နှုန်းသည် ဝ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်၍ နည်းသော်လည်း အပေါင်း လက္ခဏာ ဖြစ်နေသည်။ ဂျီဒီ ပီ တိုးတက်မှုနှုန်း ကိုယ်နှိုက်က အနုတ် လက္ခဏာ ပြလာ မှသာလျှင် စီးပွားရေး သည် ရီဆက်ရှင်း ထဲ ဝင်ပြီ ဟု အသိ အမှတ်ပြုချင် ကြသည်။

မည်သို့ပင် ဖြစ်စေ အတက်နှေး ပြီး အကျဘက် ယိုင်ဆင်း သည်ဖြစ်စေ၊ အနုတ် လက္ခဏာ ပြ၍ ကျဆင်းသွား သည်ဖြစ်စေ စီးပွားရေး အကျပ် အတည်းသည် ကုမ္ပဏီကြီး တို့ကို ပို၍ ထိခိုက် စေသလား သို့တည်းမဟုတ် တစ်နိုင်တစ်ပိုင် အငယ်နှင့်အလတ်စား အရွယ်တို့ကို ပို၍ ထိခိုက် စေသလားဟူ ၍ စစ်တမ်း ထုတ်ကြည့် ကြသည်၊ အငြင်းပွား သည်။

ငွေဖော်ခက်

ဤသို့ စစ်တမ်း ထုတ်ရင်း slump busters တွေ ပေါ်လာ သဖြင့် သူတို့ အကြောင်း လေ့လာမှု တို့ကို ပြုလုပ် ကြသည်။ slump မှ အလုပ် အကိုင် မကောင်းသည့် အချိန်၊ စီးပွားရေး ကျဆင်းချိန် ကို ညွှန်းသည်။ busters တို့ ဆိုသည်မှာ ဖြိုခွင်းသူ၊ တားဆီးသူတို့ ကို ညွှန်း သည်။ ထို့ကြောင့် ခြုံပြီး ပြော လျှင် စီးပွားရေး ကျဆင်းချိန်၌ အကျိုး အမြတ် ပေါ်အောင် လုပ်နိုင်သူများကို ခေါ်သည်။ ပြောနေကျ စကား အတိုင်း ပြောရလျှင် သူတို့သည် ရီဆက်ရှင်း (စီးပွားရေး ကျဆင်းမှု) ကို အခွင့်အလမ်း အဖြစ် မြင်နိုင်သူတွေ ဖြစ်သည်။

ခြုံငုံပြောလျှင် စီးပွားရေးကျဆင်း ခြင်းသည် ငွေရေး ကြေးရေး၊ ဘဏ္ဍာ ရေးကိစ္စတို့၌ ပိုပြီး တာဝန်ရှိရှိ စဉ်းစား တတ်အောင် တွန်းအား ပေးလိုက်ခြင်း ပင်ဖြစ်သည်။ ပရမ်းပတာ မဆင်မခြင် ကိုင်ခဲ့သော ငွေရေး ကြေးရေးနှင့် ဘဏ္ဍာရေး ကိစ္စတို့ကို စနစ်တကျနှင့် တာဝန်ရှိရှိ ပြန်ချိန် ရသည်၊ ပြန်စဉ်းစား ရသည်။ ဖဲစကားနှင့် ပြောလျှင် ဖဲချပ် တို့ကို ကုလားဖန် ပြန်ထိုးကြရသည်။ ဤသို့ ကုလားဖန်ထိုးရင်း စီးပွားရေး ကျဆင်းမှု၌ ပေါ်လေ့ပေါ်ထရှိသော အခွင့်အလမ်းတို့ကို ဆုပ်ကိုင်ကြသည်။ တစ်နည်းပြောလျှင် လောင်းကြေးထပ် ကြသည်။

ဖဲကစားဝိုင်း၌ လောင်းကြေး ထပ် သလို ပြုသည်ဟု ဆိုရ သည်မှာ စီးပွားရေး ကျဆင်းချိန်၌ပေါ်သော အခွင့် အလမ်း တို့ကို ဆုပ်ကိုင် ရသည်မှာ မရေရာမှုအပေါ် လောင်းရသော ကြောင့်ဖြစ်သည်။ ဥပမာ - ဈေးကွက်၌ ငွေရွှဲစိုမှု မရှိ၊ ငွေကျပ် နေသည်ဟု ဆိုကြ ပါစို့။ market illiquidity ဟုခေါ် သည်။ ဈေးကွက်၌ ငွေမရွှဲ ဟု ဆိုသည် မှာ အက်ဆက်တို့ကို ရောင်းထုတ်ပြီး ငွေဖော်ရ ခက်ခဲနေခြင်းကို ရည်ညွှန်း သည်။ ဈေးကွက်ထဲ မိမိပိုင် အက်ဆက် တို့ကို တန်ရာတန်ကြေး နှင့် အလွယ် တကူ ရောင်းထုတ် နိုင်မှသာ ဈေးကွက် ငွေရွှဲစိုသည် ဟု ခေါ်သည်။

ဤသို့မဟုတ်ဘဲ အက်ဆက်ကို ရောင်းရ ခက်နေသည်၊ ဝယ်သူမရှိ၊ တန်ရာတန်ဖိုးအောက် ဈေးလျှော့ ရောင်းရသည်၊ မီးလောင်လျှင် ရရာ ဈေးဖြင့် ထိုးရောင်း ရသည့်ပုံ (fire sale) မျိုးနှင့်ရောင်းရလျှင် ဈေးကွက် ၌ ငွေမရွှင်ဟု ခေါ်နိုင်သည်။ ယခု ရီ ဆက်ရှင်း ထဲ ဝင် နေသည် ဆိုသည်မှာ ဈေးကွက်ထဲ အက်ဆက်တွေ ရောင်း၍ ငွေဖော် ရသည့် နည်းသည် အခက်အခဲ တွေ့နေရခြင်းကို ညွှန်းသည်။

ပြဿဒါးကို ပြားအောင်လုပ်

ယခု အမေရိကား နှင့် နိုင်ငံအများ အပြားတို့တွင် အရင်းအနှီး ရှာရခက် နေကြသည်၊ ချေးရ၊ ငှားရခက်နေကြ သည်။ ချေးငှားမှု အကျပ်အတည်း (credit crunch) ဖြစ်နေသည်။ ထို အခါ ငွေရင်းလိုသူတို့သည် မိမိတို့ပိုင် အက်ဆက် တို့ကို ရရာ ဈေးဖြင့် ချ ရောင်းထုတ် နေကြ ရသည်။ အထူး သဖြင့် ပရော်ပါတီ ခေါ် အိမ်တွေကို ဈေးလျှော့ပြီး ချရောင်း နေရသည်။ စက် ပစ္စည်းတို့ကို လျှော့ဈေးဖြင့် ချ ရောင်းနေကြသည်။ စက်ရုံ အလုပ်ရုံ တို့ကို ပိတ်ပစ်မည့် အစား စက်ပစ္စည်း တို့ကို ဖြုတ်ရောင်းချ လာကြသည်။

ဤသို့ လျှော့ဈေးဖြင့် ချရောင်း လာခြင်းသည် စွန့်ရဲသူတို့ အဖို့ အခွင့် အလမ်းပင် ဖြစ်လာတော့သည်။ အက်ဆက် နှင့် ပရော်ပါတီ တို့ကို လျှော့ဈေး ဖြင့် လိုက်ဝယ်ပြီး သိမ်းနိုင်လျှင် ရီ ဆက်ရှင်း လွန်ခေတ် (post-reces-sion) ၌ အကျိုးရှိ နိုင်သည် ဟု တွက်ကြ သည်။ အိမ်ဈေးနှုန်း များ ဘယ်လောက် တောင် ထိုးကျ သနည်းဆိုလျှင် အိမ် ပေါင်စဉ်က ထားရှိသည့် အိမ်တန်ဖိုး (mortgage value) အောက်သို့ပင် ကာလ ပေါက်အိမ်ဈေးက ရောက်သွား သည်။ အိမ်၏ ဈေးကွက်တန်ဖိုးက အပေါင် တန်ဖိုးအောက် ရောက်သွား သဖြင့် အိမ် ပြန်ရွေးသည်ထက် အပေါင် အဆုံးခံ လိုက်သည်က ပို၍ အဆုံး အရှုံး သက်သာ သလို ဖြစ်လာသည်။

ဤလို အက်ဆက် ဈေးနှုန်းတွေ၊ စက်ပစ္စည်းတွေ၊ တစ်ပတ်ရစ်တွေ၊ မော်တော်ကား တွေ ဒလဟော ဈေး ထိုးကျ လာချိန်တွင် ဤပစ္စည်း တို့ကို လိုက်ဝယ်ပြီး ငွေကစား နိုင်သူတို့ အဖို့ ကံကောင်းလျှင် အကျိုးရှိ နိုင်သည်။ ဤလို စီးပွားရေး အခြေအနေမကောင်း ၍ လျှော့ဈေး ဖြင့် ချရောင်း သော ပရော်ပါတီ၊ အက်ဆက် နှင့်ပစ္စည်း အရပ်ရပ်ကို ငွေထုပ်ပိုက်ပြီး လိုက်လံ ဝယ်ယူသောသူတို့ကို အထက်တွင် ဖော်ပြသည့် အတိုင်း slump busters ကျချိန်ကို ဖြိုခွင်းသူများ ဟု ခေါ် လာသည်။ မြန်မာစကားပုံလာ ‘ပြဿဒါး ခရီးထွက်၊ တိုးတက် အောင်ပွဲ ခံ’၊ ‘ပြဿဒါး ပြား နေအောင် ရုန်း လိုက် လာဘ်ထိုး လိုက်’ ဆိုသော ဆို ရိုးစကားတို့ကို လိုက်နာဟန် တူသည်။

ပြတ်စဲသည်၊ သို့သော်

ထူးထူး ဆန်းဆန်း ဖြစ်ရပ်တစ်မျိုး လည်းပေါ်သည်။ စီးပွားရေးကို လင် မယားပူးပေါင်းပြုလုပ်ကြသော ပုံစံ သည် သာမန်ဖြစ်သော်လည်း ဦးနှင့်ပဲ့ အတူ ထမ်းရွက်သည် ဟု ယူဆ၍ ချီး ကျူးကြသည်။ လက်ထက်ပွားပုံစံ လည်းပေါ်၊ သေတစ်ပန် သက်တစ် ဆုံး မေတ္တာ ပုံစံ လည်း ပေါ်သည်။

သို့သော် လင်နှင့် မယား လျှာနှင့် သွားဆိုသလို အခန့်မသင့် သော အချိန် များ ရှိလာတတ်သည်။ အယ်လင်မော့ ဂိတ်ခ်ျ ကုမ္ပဏီသည် ဂျင်နီဖာ နှင့် သူ၏ ခင်ပွန်းတို့ ပူးတွဲ ပိုင်ဆိုင်သော လုပ်ငန်း ဖြစ်သည်။ လင်မယား နှစ်ဦးပိုင် နှစ်ဦး အတူ ပြုလုပ်ကြသဖြင့် unlimitted partnership ဟုခေါ်သည်။ ဤသို့ အတူတူ စီးပွား လုပ်လာကြရာ လုပ် ငန်းလည်း အတော် အောင်မြင်သည်၊ ကြီးပွား တိုးတက်သည်။ သို့ရာတွင် တစ်နေ့သော် လင်မယား ရန်ဖြစ်သည်။ ဘယ်လောက်တောင် ကြီးကျယ်သွား သနည်းဆိုသော် လင်မယား ကွဲကြ သည်။ ပစ္စည်းခန်း ခွဲကြသည်။

သို့ရာတွင် သူတို့ နှစ်ဦးပိုင် ဘိဇနက်ကိုမူ မခွဲကြပေ။ နှစ်ဦးပိုင် အဖြစ် အတူတူ ဆက်လုပ်သည်။ ပြတ်စဲပြီး သား လင်မယား နှစ်ဦးပိုင် ဆိုတော့ ယောက်ျားက လုပ်ငန်း၏ ဘော့စ်ဖြစ် လာသည်။ ဤ သဘောနှင့် ပင်လုပ်ငန်း ကလည်း ဆက်လက် အောင်မြင်လာ ရာ သူတို့ နှစ်ဦး၏ ဘိဇနက်ကို ထူးဆန်း သဖြင့် ပြက်လုံး ထုတ်လာ ကြသည်။ သူတို့ နှစ်ဦး၏ ဘိဇနက် ပုံစံ ကို အဓိပ္ပာယ် ပေးကြည့်ကြသည်။ ဘိဇနက် မဂ္ဂဇင်း တစ်စောင်က သူတို့ ပုံစံကို ကြည့်ပြီး
‘မေတ္တာသည် မာကျောခက်ခဲသည်။ စွန့်ဦးတီထွင်မှု သည် ပိုလို့ တောင် မာ ကျော ခက်ခဲ သေးသည်။ သို့ရာတွင် စုံတွဲတို့သည် ဘိဇနက်ကို အတူလက် တွဲ ဆက်လုပ် နေကြသည်။ သူတို့သည် ငပေါ တွေလား’
ဟု သရုပ် ဖော်သည်။ မေးခွန်း မေးပြီး ငေါ့သည်။

ဘော့စ်နှင့် အတူအိပ်

ဤ ဝေဖန်ချက်ကို ဇနီးသည်က ပြန် ဖြေရှင်းသည်။ ကွာရှင်း ပြတ်စဲပေ မဲ့ အတူတူ အလုပ်လုပ် သဖြင့် သား သမီးတွေ စိတ် ချမ်းသာ သည်။ ပြတ်စဲ သော်လည်း အတူတူ လုပ်ရသည်မှာ
‘ခင်ပွန်းဟောင်း ၏ မယုံကြည် နိုင်စရာ ဗီဇတစ်ခုတွင် ကျွန်မက ယုံကြည် စိတ်ချသောကြောင့် ဖြစ်သည်။ ဤဗီဇမှာ ကျွန်မ ခင်ပွန်းဟောင်း သည် ဘယ်ဟာ သည် အမြတ် ထွက်နိုင်သည်၊ ဘယ် ဟာ သည် အမြတ် မထွက်နိုင် ဆိုသော အကြောင်းကို ဗီဇစိတ်ဖြင့် သိနိုင်သော ကျွမ်းကျင်မှု ရှိသည်။ သူကလည်း ကျွန်မ၏ ကျွမ်းကျင်မှုကို ယုံကြည်စိတ် ချပုံရသည်။ ကြာတော့လည်း ဆုံးဖြတ်ချက် ချမှတ်မှုတွေမှာ ကွဲပြား လာပါသည်။ ဒါကလည်း မဆန်းပါ။ ပြဿနာ တစ်ခု၌ အဖြေက တစ်ခုမက ရှိနိုင် သည်မဟုတ်ပါလား’
ဟု ဖြေရှင်းပြ သည်။ ပြတ်စဲထားသော လင်မယား စီးပွားရေး အတူလုပ်ပုံ ကို ကြည့်ပြီး မီဒီ ယာတစ်ခုက ခေါင်းစီး တပ်သည်။ ‘ဘော့စ်နှင့်အတူ အိပ်ခြင်း’ (sleep-ing with the boss) ဟူ၍ ဖြစ်သည်။

အညွှန်း - Fortune-Small Business

၂၀၀၈ ခုနှစ်၊ ဧပြီ လ (၁) ရက်နေ့ ထုတ်၊ အခွင့် အလမ်း ဂျာနယ်၊ အမှတ်စဉ် (၁၃၁) မှ ဆရာ မောင်စူးစမ်း ၏ ဆောင်းပါး အား ပြန်လည် ကူးယူ ဖေါ်ပြပါသည်။