Showing posts with label Introduction. Show all posts
Showing posts with label Introduction. Show all posts

Tuesday, August 12, 2008

စွန့်ဦးတည်ထွင် ၀ိုင်းတော်သားများသို့ ကျေးဇူးတင်လွှာ

၁၉၉၂ မှာ Rose Perot သမ္မတ ရွေးကောက်ပွဲဝင်တော့ ထပ်တလဲလဲ ပြောခဲ့တဲ့စကားလေးတစ် ခုရှိတယ်။ အားလုံးလဲ သိပြီးသားဖြစ်မယ်လို့ကျနော် ထင်ပါတယ်။ It's gonna be tough but it's gonna be fun. တဲ အခက်ခဲတွေရှိမှာပါ ဒါပေမယ့် ပျော်စရာလဲကောင်းမှာပါ လို့ဘဲဆိုပါတော့ ။

ကျနော်ဒီဘလောက်ကလေးကို စလုပ်ဖို့စိတ်ကူးခဲ့တဲ့အဆင့်တုန်းက ဆိုရင်ကျနော့် အနားက သူငယ်ချင်းတွေနဲ့ တိုင် ပင်တော့အားလုံးက လက်မခံခဲ့ကြဘူး ဗျ။ ဘယ်တစ်ယောက်မှ ကျနော့်ဘက်မှာမရှိခဲ့ဘူးဆိုပါတော့ ။ ဒီလိုနဲ့ အွန်လိုင်းမှာ ဒီအကြောင်းအရာကိုစိုးထက်ကြီး နဲ့ပြောဖြစ်တဲ့ အခါကျမှာ လုပ်ပါ အားပေးတယ်ဆိုတဲ့ အသံလေး တစ် ခုကြားခဲ့ရတယ်ဆိုပါတော့။ ပြီးတော့ ကိုစိုးထက်ကြီး ကိုယ်တိုင်ဘဲ ဒီဘလောက်ကလေးကို တိုးတက်လာအောင် အင်တိုက် အားတိုက် ဒီကနေ့အထိကျိုးပမ်းပေးခဲ့တယ် ။ တကယ်လို့ကျနော်သာ တစ်ယောက်ထဲဆိုရင် ဒီလောက်မြန်မြန်ဆန်ဆန်နဲ့ အောင်မြင်လာနိုင်မှာမဟုတ်ဘူး ။ နောက်ပြီးကျနော် ဘလောက် နာမည်ရွေးတဲ့အခါကျတော Entrepreneur ဆိုတဲ့ စကားလုံးလေးကို ပါအောင်ရွေးချယ်ခဲ့တယ် ။ ဘာလို့လဲဆိုရင် ကျနော်က ဒီစကားလုံးရဲ့ မြန်မာပြန်လေးတစ်ခုကို အရမ်းသဘောကျလို့ပါ ။ စွန့်ဦးတီထွင် ဆိုတဲ့ မြန်မာပြန်လေးလေ ။ ကျနော့်အဘိဓာန်နဲ့ကျနော် အဓိပ္ပါယ်ဖွင့်ပြရမယ်ဆိုရင် စွန့်ဦးကို ကျနော်က ဦးစွားစွန့် လွှတ်ခြင်းလို့ အဓိပ္ပါယ်ဖွင့်တယ် ။ ဒီတော့ဦးစွာစွန့်လွှတ်တည်ထွင်သူ (သို့) ဦးစွာစွန့်လွတ်ဖန်တီးသူများ ဆိုပါတော့ ။ တကယ်တော့ entrepreneur ဆိုတာတစ်စုံတစ်ခု အတွက် စတင်ပေးဆပ်သူတွေပါဘဲ ။ အောင်မြင်ချင်လဲ အောင်မြင်မယ် ။ ကျရှုံးချင်လဲ ကျရှုံးမယ်။ ဒါပေမယ့် သေချာတာက သူတို့မှာ အရှုံး သမားရဲ့ နှလုံးသားမရှိသူတွေဆိုတာတော့သေချာတယ် ။ ကျနော်တို့ ဒီ ဘလောက်ကလေး ဖြစ်လာတာ ဒီဘလောက် ကလေး မှာ ၀င်ရောက်ရေးသားကြတဲ့ ပုဂ္ဂိုလ်တွေ အတွေမြင်တွေဖလှယ်ပေးနေတဲ့သူတွေ ဟာလဲ တကယ့်ကို Entrepreneur စိတ် အပြည့်ရှိတဲ့သူတွေဆိုတာ ကျနော်ယုံကြည်ပါတယ်။ ကျနော်တို့ ဒီ MMEP Group ကြီး ဆက်လက်ရှင်သန်နိုင်ဖို့ဆိုတာဟာလဲ ကျနော့်လက်ထဲမှာရှိတာမဟုတ်သလို့ ဘယ်သူ့လက်ထဲမှာမှ တရားသေ ရှိနေတာမဟုတ်ပါဘူး ။ အားလုံးရဲ့လက်ထဲမှာ ရှိနေတာပါ ။ ဒီတော့ ဒီဘလောက်ကလေး ကနေ ကျနော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကမ္ဘာဆက်နွယ် လုပ်ငန်း အသွယ်သွယ်နဲ့ တွေ့ထိခွင့်ရဖို့ အတွက် ပြည်တွင်းမှာရှိတဲ့သူတွေ ကော ပြည်ပမှာရှိတဲ့လူတွေကော အားလုံး ဆက်နွယ်ပေါင်းဆက်ပါမှ အောင်မြင်မှာပါ ။ ကျနော်တို့တတွေဟာ မတူညီတဲ့ အတွေ့အကြုံ မတူညီတဲ့လုပ်ငန်းနယ်ပါယ်ဒေသ အသီးသီးက လူတွေဖြစ်ပေမယ့် ကျနော်တို့ရဲ့ တစ်ခု ထဲသော အိပ်မက်ဖြစ်တဲ့ ပြည်တွင်းကနေ ပြည်ပက လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ အကောင်ထည်ဖော်နိုင်ဖို့ ကို ၀ိုင်းဝန်းပြီး ဆက်လက်ကြိုးစားပေးကြပါလို့ မေတ္တာရပ်ခံသလို့ ဒီဘလောက်လေး မှာ ဦးစွားစွန့်လွတ်ပြီး အတွေးအမြင်တွေကိုမျှဝေပေးနေတဲ့ MMEP ၀ိုင်းတော်သားအားလုံးကို ကျနော့် အနေနဲ့ အထူးကျေးဇူးတင် ကြောင်းနဲ့ နောက်လဲ မလျှော့တဲ့ စိတ်နဲ့ ဆက်လက်ချီတက်ကြရအောင်လို့ စာလွှာလေးပါလိုက်ပါရစေ ။

နောက်ဆုံးကျနော်ပြောချင်တာလေးကတော့ It's gonna be tough but it's gonna be fun. အခက် ခဲတွေတွေ့မှာပါ ဒါပေမယ့် ပျော်စရာလဲ ကောင်းမှာ ပါ လို့ပြောကြားရင် အားလုံးရယ်ရယ်မောမောနဲ့ဘဲ MMEP Group လေးကို ဆက်လက်ရှင်သန်အောင် အခက်ခဲတွေကြားက ထိန်းသိမ်းကြပါစို့ လို့အားလုံးကို အကူညီတောင်းခံရင်း MMEP ၀ိုင်းတော်သားအားလုံးကို ကျေးဇူးတင်ပါကြောင်း ....

Monday, August 4, 2008

အောင်မြင်မှုနှင့် စိတ်ဓာတ် (၁)

ကျွန်တော်ကတော့ ဒီအဖွဲ့ထဲကို နောက်ဆုံးနားလောက်မှ ရောက်တဲ့လူပေါ့။ ပထမ ကိုစိုးထက်ကြီးနဲ့ online ပေါ်မှာ စကားပြောဖြစ်တော့ စပ်မိစမ်ရာတွေပြောကြရင်း သူကဒီ site လေးလုပ်နေကြောင်းပြောပါတယ်။ ပြီးတော့ပါဝင်ပြီးရေးမလားတဲ့။ သူ Invite လုပ်လိုက်မယ်တဲ့။ ကျွန်တော်သွားကြည့်လိုက်တော့ post တစ်ခုပဲရှိသေးတယ်။ စာတွေဖတ်ကြည့်တော့လည်း ကိုယ့် ပတ်ဝန်းကျင်နဲ့ ကသိပ်ပြီးမပတ်သက်၊ နားလည်းမလည်။ ပြီးတော့ ကိုယ့်အရင် ရောက်နှင့်နေတဲ့သူတွေကလည်း ကိုလို ငချွတ်က တစ်ယောက်မှမပါဘူးဗျ။ အဲဒါနဲ့ ကျွန်တော်ပြန်ပြောလိုက်ပါတယ်။ မဖြစ်လောက်ဘူးဗျ။ ကျွန်တော်နဲ့က ဘယ်လိုမှနီးစပ်မှုမရှိဘူးလို့။ သူကလည်း ကျွန်တော့်အကြောင်းသိနေတော့ ထပ်မတွန်းပါဘူး။ အင်းလေ ဟုတ်ပါတယ်ဆိုပြီး ပြီးသွားရော။

ဒါပေမယ့် ကျွန်တော်သွားသွား ကြည့်ဖြစ်တယ်။ ကြည့်ဖြစ်တဲ့အကြောင်းက Think Global and Work Local ဆိုတဲ့ ရည်ရွယ်ချက်ကို အရမ်းကြိုက်လို့ပါ။ ဘာတွေထူးလာမလဲဆိုပြီးတော့။ အဲဒီလိုနဲ့စိတ်ဝင်စားလာတာ။ အဲဒီလိုနေရင်းနဲ့ နောက်တစ်ကြိမ် ကိုစိုးထက်နဲ့စကားပြောဖြစ်ပြန်ရော။ အဲဒီမှာစကားစပ်မိရင်းနဲ့ပဲ ကျွန်တော်က ပြန်ပြီးတောင်းဆိုရတော့တာ။ ကျွန်တော်စိတ်ဝင်စားတယ်ဗျာ။ ကျွန်တော့်ကို Invite လုပ်ပေးပါလို့။ ကျွန်တော် တတ်နိုင်သရွေ့ကူညီပါ့မယ်လို့ တောင်းယူပြီးမှ ဒီကိုရောက်လာတာပါ။ သူကလဲဝမ်းသာအားရ ချက်ချင်းကို Invite လိုက်တာပဲ။ ဒီအထဲရောက်လာတော့လဲ စာတွေလိုက်ဖတ်ကြည့်တယ်။ ဘယ်ကစရေးရမှန်းမသိဘူး။

အဲဒီတော့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်နဲ့ ရင်းနှီးတာကတော့ လူတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေပဲလို့။ ဒါကြောင့်လူတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ကျွန်တော်ဖတ်ဖူးတာတွေ ကျွန်တော်ကြုံဖူး၊ သင်ဖူးတာတွေကို ဆက်စပ်ပြီး ရေးပေးပါ့မယ်။ ဒီ Post မှာတော့ ကျွန်တော်ဖတ်ဖူးတဲ့ ကောင်းသန့်ရဲ့ စာအုပ်ထဲက စာလေးကို ပြန်တင်ပြလိုက်ပါ့မယ်။ စာအုပ်ကလက်ထဲမှာမရှိတော့ မှတ်မိသလိုပဲ ဆက်စပ်ပြီးရေးပေးလိုက်ပါ့မယ်။

လုပ်ငန်းတစ်ခု အောင်မြင်ဖို့အတွက် အောက်ပါ အချက်(၄)ချက်နှင့် ပြည့်စုံဖို့ လိုအပ်ပါတယ်။ အဲတာတွေကတော့

၁။ ပြင်းပြသော စိတ်ဆန္ဒရှိရမည်။
၂။ ခိုင်မာသောဆုံးဖြတ်ချက်ရှိရမည်။
၃။ ဇွဲ၊ လုံ့လ၊ ၀ီရိယ ရှိရမည်။
၎။ မိမိကိုယ်ကို ယုံကြည်မှုရှိရမည်။

ပြင်းပြသော စိတ်ဆန္ဒရှိရမည်

အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် အောင်မြင်အောင်လုပ်မယ်၊ မရ ရအောင်လုပ်မယ်ဆိုတဲ့ ပြင်းပြတဲ့ စိတ်ဓာတ်ရှိရပါ့မယ်။ လူတိုင်းမှာ ကိုယ်တိုင်မသိတဲ့ မွေးရာပါ စွမ်းရည်တွေ ရှိပါတယ်။ အဲဒီစွမ်းရည်တွေဟာ သာမန်အချိန်မှာ မသိနိုင်ပါဘူး။ ဘေးအန္တရာယ်နှင့် ကြုံသည့်အချိန်လိုမျိုး၊ အခက်အခဲ အကျပ်အတည်းနှင့် ရင်ဆိုင်ရတဲ့အချိန်ချိန်မျိုးတွေမှာ အဲဒီစွမ်းရည်တွေ ပေါ်လာတတ်ပါတယ်။ တစ်ကယ်တမ်း စိတ်ဆန္ဒပြင်းပြနေတဲ့ အချိန်တွေမှာ အဲဒီစွမ်းရည်တွေကြောင့် မဖြစ်နိုင်တာတွေတောင် ဖြစ်အောင်၊ အောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့သာဓကတွေ ရှိခဲ့ပါတယ်။

ခိုင်မာသောဆုံးဖြတ်ချက်ရှိရမည်

မိမိဖြစ်ချင်၊ လုပ်ချင်တဲ့အရာကို ပြင်းပြသော စိတ်ဆန္ဒရှိရုံနှင့်မပြီးနိုင်ပါဘူး။ သေခြာပေါက်ဖြစ်ကိုဖြစ်ရမယ်၊ ဖြစ်အောင်လုပ်မယ် ဆိုတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ လိုအပ်ပါတယ်။ ဆုံးဖြတ်ချက်ခိုင်မာတဲ့သူတစ်ယောက်ဟာ နောက်ဆုံးမှာ လိုချင်တာ ရယူသွားတတ်ကြပါတယ်။

ဇွဲ၊ လုံ့လ၊ ၀ီရိယ ရှိရမည်

ပြင်းပြသော စိတ်ဆန္ဒ၊ ခိုင်မာသောဆုံးဖြတ်ချက်ရှိတဲ့သူတစ်ယောက်ဟာ မဖြစ်မနေကြိုးစားမယ်ဆိုတဲ့ ဇွဲ၊ လုံ့လ၊ ၀ီရိယ ဟာအလိုလို ရှိလာတတ်ကြပါတယ်။ အောင်မြင်ချင်တဲ့သူ တစ်ယောက်အတွက် ရှိကိုရှိရမယ့်အရာပါ။

မိမိကိုယ်ကို ယုံကြည်မှုရှိရမည်

ဘာပဲလုပ်လုပ် မိမိကိုယ်ကို ယုံကြည်မှုရှိမှသာ အောင်မြင်နိုင်ပါမယ်။ မိမိကိုမိမိ ယုံကြည်မှုရှိခြင်းဟာ ကိစ္စတစ်ခုကို ၅၀% ပြီးမြောက်စေနိုင်တယ်လို့ အဆိုရှိပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုမရှိတဲ့သူတစ်ယောက်ဟာ ဘာပဲလုပ်လုပ် တလွဲတချော် ဖြစ်တတ်နေတတ်ပါတယ်။ ဒါကြောင့် အောင်မြင်မှု ရရှိဖို့ အတွက် မိမိကိုကိုယ် ယုံကြည်မှုရှိဖို့ကအဓိကလိုအပ်ပါတယ်။

မှားတာလေးတွေရှိရင်တော့ ပြောပေးကြပါ။ နောက်တစ်ခါ ပြင်လို့ရအောင်ပေါ့။ ဒီလိုစာမျိုးက တစ်ခါမှမရေးဖူးသေးပါဘူး။ ကျွန်တော့်အတွက် ပထမဆုံးလို့ပြောလို့ရပါတယ်။ နောက်ပိုင်းရေးသွားမယ့် စာတွေကလည်း စိတ်ဓာတ်နဲ့ပတ်သက်တာတွေကိုပဲ ရေးသွားမှာပါ။ ဒါကြောင့် ခေါင်းစဉ်ကို တစ်မျိုးတည်းပဲပေးသွားတော့မယ်။

အားလုံးကို လေးစားလျှက် .....

Tuesday, July 29, 2008

ဒေါက်တာနုနုယဉ်ပြောပြတဲ့ Entrepreneurship (၁)

ကိုစိုးထက်ကြီးက ကျနော့်ကို ဒီဘလော့ဂ်မှာ contribute လုပ်ဖို့ email ကနေ invite လုပ်လာတာနဲ့ စိတ်ဝင်တစား ကြည့်ဖြစ်တော့ ဘလော့ဂ်နာမည်က Myanmar Entrepreneurs ဆိုပဲဗျ။ ဒါနဲ့ ကျနော် တော်တော် စိတ်ဝင်စားသွားတယ်။ ကျနော်ဆိုတဲ့လူကလည်း Entrepreneur သိပ်ဖြစ်ချင်တဲ့သူကိုး။ အခြေအနေအရသာ မလုပ်နိုင်သေးတာလေ။ ဒါနဲ့ ကျနော် ဘာအကြောင်းအရာ ရေးပေးရမလဲပေါ့။ စဉ်းစားလိုက်တာနဲ့ ခေါင်းထဲတန်းပေါ်လာတာက ၂၀၀၆ ခုနှစ်တုန်းက Myanmar Info-Tech မှာ လုပ်သွားတဲ့ Seminar တစ်ခုမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲရေးဌာနက ပါမောက္ခ/ဌာနမှူး ဆရာမကြီး ဒေါက်တာနုနုယဉ် ပြောပြသွားတဲ့ Entrepreneurship & Small Business Management ပို့ချချက် ကလေးပါပဲ။ ကဲ… ဖတ်ကြည့်ကြရအောင်။

Entrepreneur ဆိုတာ ဘာလဲ?

မြန်မာလိုတော့ အမျိုးမျိုး ဘာသာပြန်ကြပါတယ်။ 'စွန့်ထွင်ဦးစီး'၊ 'စွန့်ဦးတီထွင်' စသဖြင့်ပေါ့။ ဆိုလိုတာက စွန့်စားကြတယ်၊ ဦးစီးကြတယ်၊ တီထွင်ကြတယ်ပေါ့။ ဒါပေမယ့် ဒီကနေ့ထိတော့ တရားဝင်သတ်မှတ်ထားတဲ့ ဝေါဟာရ မရှိသေးပါဘူး။ ပထမ ဖွင့်ဆိုချက်အရ Entrepreneur ဆိုတာ သူ့ရဲ့အမူအကျင့်ကိုက အမြဲတမ်း အသစ်အဆန်းကို တီထွင်မယ်၊ အတွေးအခေါ်ကအစ creative idea ရှိမယ်၊ innovate လုပ်မယ်၊ လူတွေ အတွက် အင်မတန်မှ တန်ဖိုးရှိတဲ့ ကိစ္စရပ်တွေကို ပေးလာတဲ့ အခွင့်အလမ်းအပေါ်မှာ မူတည်ပြီး ရအောင် အကောင်အထည်ဖော်သွားမည့်သူမျိုး ဖြစ်ပါတယ်။

ဒုတိယ ဖွင့်ဆိုချက်တစ်မျိုးကတော့ Entrepreneur ဟာ ဘယ်သူ့ကို ရွေးရမလဲဆိုတာ သိတယ်။ သူများနဲ့ မတူပါဘူး။ အမျိုးတော်လို့ ခေါ်ခန့်လိုက်တတ်တဲ့သူမျိုး မဟုတ်ဘူး။ ဘယ်လိုလူမျိုးကို ဘယ်နေရာအတွက် ခန့်မလဲ၊ ဘာအလုပ်ကို ခိုင်းမလဲ၊ ဘယ်သူနဲ့ ပေါင်းမလဲ စသဖြင့် ရွေးတတ်ပါတယ်။ အလုပ်လုပ်တဲ့အခါမှ အင်မတန်ကောင်းတဲ့ အဖွဲ့အစည်းလေးဖြစ်အောင် သူက ဖွဲ့စည်းနိုင်ပါတယ်။ ပြီးတော့ နှောင့်နှေးတာမျိုး မရှိဘူး။ တစ်ခုခုလုပ်ရင် မြန်မြန်ဆန်ဆန် လုပ်တတ်ပြီး အရာရာကို ဖြစ်အောင် အကောင်အထည်ဖော်တတ်သူ ဖြစ်ပါတယ်။

နောက်ထပ် ဖွင့်ဆိုချက်တစ်မျိုးကတော့ Talent (ပင်ကိုယ်စွမ်းရည်/ပါရမီ)၊ Temperament (ပင်ကိုယ် စိတ်နေသဘောထား) နဲ့ Technique (နည်းပညာတတ်ကျွမ်းမှု) ဆိုတဲ့ T သုံးလုံးကို မှန်မှန်ကန်ကန် အချိုးကျ ပေါင်းစပ်ဆောင်ရွက်နိုင်သူ၊ သူများထက်ကို ထူးခြားတဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်နိုင်တဲ့သူပဲ ဖြစ်ပါတယ်။

(ကဲ… ဒီဖွင့်ဆိုချက်တွေကို ဖတ်ပြီးတဲ့အခါမှာ ကိုယ်ဟာ ဒီလိုလူစားမျိုးထဲမှာ ပါသလား၊ ဒါမှမဟုတ် ကိုယ့် ပတ်ဝန်းကျင်၊ ကိုယ့် လုပ်ငန်းခွင်ထဲမှာ ဒီလိုလူမျိုး ရှိနေသလား တွေးကြည့်ပါ။ ကိုယ့်မှာ entrepreneur အရည်အချင်းမျိုး မရှိလို့ စိတ်ညစ်မသွားပါနဲ့။ ကျနော် ဆက်ရေးမည့်ဟာလေးတွေ ပြီးအောင်တော့ ဖတ်သွားပါဦးဗျာ။ ဟဲ… ဟဲ…။)

ခုခေတ်ကမ္ဘာမှာ globalization ဖြစ်လာပြီး အထူးသဖြင့် တိုးတက်ပြီးတဲ့ နိုင်ငံတွေမှာ entrepreneur ဆိုတဲ့ စကားကို အမြဲပြောနေကြတော့ entrepreneur က အရေးပါလာပြီးပေါ့။ ဒီဆယ်စုနှစ်ရဲ့ စီးပွားရေး တိုးတက်မှုအတွက် အရေးအကြီးဆုံးအချက်က ဒီ entrepreneur spirit ပေါက်ဖွားလာမှုပါပဲ။ တကယ်လို့သာ စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေ အားလုံးဟာ သာမန်လူတွေမဟုတ်ဘဲ entrepreneur တွေဖြစ်မယ်၊ စိတ်ဓါတ် ကိုယ်က entrepreneur spirit ဖြစ်မယ်ဆိုရင် အဲဒီတိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေဟာ တိုးတက်လာဖို့ အလားအလာ ရှိပါတယ်။ ဒါကြောင့် အထူးသဖြင့် လူငယ်တွေကို ဒီစိတ်ဓါတ် သွင်းပေးဖို့ လိုအပ်ပါတယ်။ (ကဲ.. ကျနော် မပြောလား။ ခင်ဗျားမှာ ဒီအရည်အချင်းမရှိရင် မွေးယူလို့ ရပါတယ်ဗျ။ ဆက်ဖတ်.. ဆက်ဖတ်..။)

Entrepreneur ဆိုတာ ဘယ်လိုလူတွေလဲ?

Entrepreneur ဆိုတဲ့လူတွေကို သုတေသနလုပ်မယ်ဆိုရင် ကဏ္ဍသုံးမျိုး ခွဲခြားလေ့လာလို့ ရပါတယ်။ အဲဒါတွေက သူတို့ ဘယ်လိုလူမျိုးတွေလဲ (Personal Factors)၊ သူတို့ ဘယ်ကလာကြသလဲ၊ ဘယ်လို အသိုင်းအ၀ိုင်းက ပေါက်ဖွားလာကြတာလဲ (Environmental Factors) နဲ့ သူတို့ ဘာတွေလုပ်ကြသလဲ (Action Factors) တို့ပဲ ဖြစ်ပါတယ်။

Personal Factor တွေမှာ သဟဇာတဖြစ်မှု (Adaptability)၊ ပြိုင်ဆိုင်မှု (Competitiveness)၊ မိမိကိုယ်ကို ယုံကြည်မှု (Confidence)၊ ရိုးသားမှု (Honesty)၊ မဆုတ်မနစ်စိတ်ရှိမှု (Perseverance)၊ ဆွဲဆောင်စည်းရုံးမှု (Persuasiveness)၊ စွန့်စားမှု (Risk Taking) နဲ့ မျှော်မှန်းချက်မြင့်မားမှု (Vision) ဆိုတဲ့ အချက် (၈) ချက် ပါဝင် ပါတယ်။ Environmental Factor တွေမှာ မိသားစု ကျောထောက်နောက်ခံ (Family background)၊ ပညာ အရည်အချင်းနှင့် အသက်အရွယ် (Education & Age) နဲ့ လုပ်ငန်းအတွေ့အကြုံ (Work experience) ဆိုပြီး (၃) ချက် ပါဝင်ပါတယ်။ Action Factor တွေကိုတော့ (၁၀) မျိုးခွဲထားပါတယ်။

(နောက်ထပ် post တွေမှာ ဒီအချက်တွေအကြောင်းကို ပုံလေးတွေ diagram လေးတွေနဲ့ အသေးစိတ် ရေးပြပါမယ်။ post တစ်ခုထဲမှာ အကြောင်းအရာအများကြီး တင်ပေးလိုက်ရင် ဖတ်ရတဲ့သူ ငြီးငွေ့ သွားနိုင်လို့ နည်းနည်းချင်းစီ တင်မယ်ဗျာ။ နော့။ ကိုရီးယားကားတွေလိုပေါ့။ အခန်းဆက်နဲ့ရေးမယ်။ စိတ်ရှည်ရှည်နဲ့ စောင့်ဖတ်မယ်မဟုတ်လား။)

Saturday, July 26, 2008

လာလေလာလေ ဖိတ်ခေါ်တယ်

အားလုံးဘဲမင်္ဂလာပါဗျာ
ကျနော် ဒီဘလော့လေးမှာ ပိုစ့်အသစ်ကလေးတွေမြင်ရတိုင်း အရမ်းကြည်နူးမိတယ်။ တကယ်တော့ ကျနော်ဟာ
စွန့်ဦးတီထွင်ဆိုတဲ့စကားလုံးကိုပြောပြနိုင်ခွင့်ရှိလောက်အောင် ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ဘူးဆို တာ ကိုအရင်ဆုံးဝန်ခံပါရစေ။ ဒီဘလော့လေး အခုလိုအသက်ဝင်လာတာကလဲ ကိုကြီးစိုး နဲ့ အားလုံးရဲ့ ကျေးဇူး တွေကြောင့်ပါ။
ဒီတော့ အခုပေါ့ အားလုံးဝင်ရောက်ရေးသားကြတဲ့ ပုဂ္ဂိုလ်အားလုံးကို အထူးကျေးဇူးတင်ပါတယ် ။ နောက်တစ် ခုကဒီဘလော့ကလေးကိုကျနော် ဘာကြောင့်စဖန်တီးဖြစ်ခဲ့လဲဆိုတော့ ကျနော့်စိတ်ထဲမှာ ဗျာ အတော်လေးကို အသည်းယားနေတဲ့ဟာတစ်ခုရှိတယ် ။ ဘာလဲလို့ဆိုတော့ outsoruce နဲ့ပါတ်သက်တာမျိုးတွေပေါ့ ။ နောက်တစ် ခုက ကျနော်တို့ဆီမှာ လူငယ်တွေ လူတော်တွေ အများကြီးရှိပါတယ် ။ ဒါပေမယ့် အတော်များများက နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြရတယ်။ ဒါကလဲ ခောတ်ရဲ့ စီးကြောင်းတစ်ခုကြောင့်ဘဲလေ။ (သူများကို အပြစ်တင်လို့မရဘူး ကိုယ်တောင် ဘယ်တော့ဒီလိုဖြစ်မလဲဆိုတာမသေချာဘူးလေ)။ ဘာလို့လဲ ဆိုတော့ ဒီမှာက နိုင်ငံတကာနဲ့ ဆက်စပ်မိတဲ့လုပ်ငန်းတွေကလဲနဲပေတာကိုး ။ ဒီတော့ လူငယ်လူတန်းစားတစ်ရပ်အနေနဲ့က ဘ၀ရပ်တည်ရေး အတွက် ကြိုးစားကြတာ ဟာအားမပေးသင့်တဲ့အရာမျိုးလဲမဟုတ်ဘူးလေ။ ဘယ်သူမဆို ဖြစ်နိုင်ရင် ကိုယ့်မိသားစု ကိုယ့်မြေလေးပေါ်ကနေပြီးတော့ အိုးမကွာအိမ်မကွာနဲ့ ဘ၀တွေကိုရပ်တည်ချင်ကြတဲ့သူတွေကြီးဘဲလေ။ သူများ တိုင်းပြည်မှာသွားပြီး ဘယ်သူက အလုပ်လုပ်ချင်မှာလဲနော်။ ဒီတော့ တစ်နေ့ကိုကြီးစိုးနဲ့ အွန်လိုင်းမှာတွေ့တော့ ကျနော်လဲ စိတ်ထဲရှိတာတွေ ထုတ်ပြောဖြစ်တယ်။အဲဒီမှာသူနဲ့ကျနော် တိုင်ပင်ကြရင်းနဲ့ ဒီဘလောက်ကလေး လုပ်ဖြစ်ဖို့ ဖြစ်လာခဲ့တယ်ဗျာ ။ ပြီးတော့ အထက်မှာ ဖော်ပြခဲ့သလိုကျနော်ဟာ ဒီလိုကျယ်ဝန်းတဲ့ နယ်ပါယ်တွေနဲ့ ပါတ်သက်လို့ကျွမ်းကျင်သူမဟုတ်ဘူး ။ ဒါပေမယ့် ကျနော်ယုံကြည်ချက်လေးတစ်ခုနဲ့လုပ်ခဲ့တာပါ။ အဲဒါဟာ ဘာလဲဆိုတော့ နယ်ပါယ်အသီးသီးက လူတော်တွေ ဒီနေရာမှာ စုမိမယ်နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် လုပ်ငန်းအတွေ့အကြုံတွေဖလှယ်ကြမယ်။ နောက်တစ်ခါ အဝေးရောက် မြန်မာပညာရှင်တွေနဲ့ ဒီကလူငယ်တွေ ချိတ်ဆက်ပြီးတော့ လုပ်ငန်းသစ်တွေထွက်လာခဲ့ရင် မင်္ဂလာစက်ဝန်းကြီးပေါ့ဗျာ ။
အိုးမကွာအိမ်မကွာနဲ့ Do local, think global သာဆိုရင်သိပ်ဝမ်းသာစရာကောင်းတဲ့အနေအထားတွေပေါ့။ ဒီတော့ဒီလိုဖြစ်လာဖို့ဆိုတာ ကျနော်တစ်ယောက်ထဲရဲ့ အင်အားနဲ့ မဖြစ်နိုင်တာမို့ အားလုံးဝိုင်းဝန်းကူညီကြပါလို့ ဘဲ အကူညီတောင်းခံပါရစေ။ နောက်တစ်ခုက ပေါ့လေ ကျနော့် အနေနဲ့ တောင်းဆိုချင်တာလေးတစ်ခုပေါ့ အဲဒါဘာလဲဆိုတော့ mmentrepreneur@gmail.com ကိုပေါ့လေလိုအပ်သလိုဆက်သွယ်ပြီးတော့ ကိုယ့် ရဲ့ ရောက်နေတဲ့နိုင်ငံ ကိုယ့်သက်ဆိုင်ရာနယ်ပါယ် နဲ့ ကျွမ်းကျင်မှုလေးတွေကို ဖြစ်နိုင်ရင် လာရောက် မိတ်ဆက်ပေး ကြပါဦး ။ ဒါမှ ကျနော်တို့ ပိုပြီး စည်းစည်းလုံးလုံးနဲ့ အလုပ်အကိုင်အခွင့်လမ်းသစ်တွေ ဖန်တီပေး နိုင်အောင်လို့ ပါ ခင်ဗျာ... နောက်ဒီဘလောက်လေးမှာ ၀င်ရောက်ရေးသားပြီး အတွေးအမြင် တွေလည်းလာရောက်ဖလှယ်ဖို့ လုပ် ငန်းနယ်ပါယ် အသီးသီးက ပညာရှင် အားလုံးကိုလဲ ဖိတ်ခေါ်ပါတယ်...

လေးစားစွာဖြင့်
ကိုဝေ

Friday, July 25, 2008

Think Global Work Local :D


အဲဒီ့ခေါင်းစဉ်တော့ကြိုက်တယ်။ လန်းလွန်းလို့ ဒါလဲ အမှန်ပဲလေ။ ဟုတ်တယ် ကျွန်တော်တို့တွေ တွေးသင့်တယ် ကျွန်တော်တို့တွေ လုပ်သင့်တယ်။ ဒါကို အပြည့်အဝထောက်ခံပါတယ်။ ကျွန်တော်တို့ အတွေးတွေ International ဖြစ်သင့်တာပေါ့။ လုပ်ရင်လဲ နိုင်ငံတကာ စံချိန်စံညွှန်းအညီ လုပ်ကြရမှာပေါ့။ ဒါပေမယ့် အဲဒီ့မှာ ပြဿနာတစ်ခု တက်လာတယ်။ မြန်မာမှု ပြန်ပြုရတော့မယ်လေ။ အင်္ဂလန်မှာ ဖြစ်နေသလို ကျွန်တော်တို့ လုပ်လို့ရပါ့မလား။ အမေရိကားလို customer ကျွန်တော်တို့ တွေ့ပါ့မလား။ ဒါတွေကတော့ အတော်ကြီးကို စဉ်းစားရမယ့် အချက်ပါပဲ။

အခုနောက်ပိုင်း ကျွန်တော်နဲ့ သီအိုရီ ကျွမ်းကျင်တဲ့ စာတတ်ပေတတ် လူငယ်ပိုင်းတွေ ဆုံဖြစ်ကြတယ်။ သူတို့လည်း ကျွန်တော် အရင်က တွေးတဲ့ ပုံစံမျိုးတွေးကြ ပြောကြတယ်။ ကျွန်တော့်ထက်တော့ ပိုသပ်ရပ်ပါတယ်။ အတွေးတွေကအစ ပိုပြီး international ဖြစ်ပါတယ်။ တစ်ခုပဲ သူတို့ကျွန်တော့်လို လက်တွေ့ပိုင်းမှာ သိပ်မရှိကြသေးဘူး။ ကျောင်းပြီးခါစတွေ လုပ်ငန်းခွင်ထဲ ဝင်ခါစတွေပေါ့။ အဲဒီ့မှာ ကျွန်တော်သူတို့ကို ပုံစံပြောင်းရပါတယ်။ လက်တွေ့မှာ အလုပ်ဖြစ်တဲ့ ကိစ္စနဲ့ အလုပ်မဖြစ်တဲ့ ကိစ္စတွေကို ယှဉ်ပြရပါတယ်။ ဟုတ်တယ်လေ အဲလိုမှ မပြရင် သူတို့ သိမှာ မဟုတ်ဘူးကိုး။ ကျွန်တော်လဲ ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော့်တုန်းကလဲ အဲလိုတွေးပြီး ဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့လုပ်ခဲ့တာပါ။ တကယ်တမ်းမှာတော့ ယဉ်ကျေးမှုတွေ ထုံးတမ်းစဉ်လာတွေ လူနေမှုအဆင့်တွေ အင်မတန် ကွာခြားလွန်းတော့ လုပ်ငန်းက အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ပါဘူး။ တချို့အရာတွေဆို စလို့ကို မရခဲ့တာပါ project ကတော့ stay in charter ပေါ့။ အဲလို project တွေ ကျွန်တော့်မှာ တစ်ပုံကြီးပါ။ လွန်ခဲ့တဲ့ ၄ နှစ်လောက်က စဉ်းစားခဲ့တာ တချို့ကို အခုမှ ပြန်လုပ်နေရတာလဲ ရှိပါတယ်။ ဘာပဲ ဖြစ်ဖြစ် အိုင်ဒီယာ အသစ်တစ်ခုရရင်တော့ ရဲရဲရင့်ရင့်တွေးပြီး အနည်းဆုံး document အနေနဲ့ သိမ်းထားရင် နောင်ကိုယ်တကယ်လုပ်မယ့် အချိန်မှာ အကျိုးများတာ သေချာပါတယ်။ (မယုံရင်လုပ်ကြည့်)

သူငယ်ချင်းတစ်ယောက်ရှိတယ် သူနဲ့ကျွန်တော်အတော် ပြောဖူးတယ် အလုပ်တွေအကြောင်း အနောက်နိုင်ငံတွေအကြောင်း တော်တော်စုံပါတယ် ခုထိလဲ လက်တွဲအလုပ်လုပ်နေစဲပါပဲ။ သူပြောဖူးတာလေးက စဉ်းစားစရာဗျ။ ငါတို့တွေ ဖတ်နေတဲ့ Phlip Kotler တို့ Peter Druker တို့က သူတို့ နိုင်ငံတွေ အထူးသဖြင့် အမေရိကရဲ့ အောင်မြင်တဲ့ စီးပွါးရေးတွေပေါ့လေ အဲဒါတွေကို ရေးထားတာ ငါတို့က နေတာက အာရှ။ အာရှမှာတောင် ဖွံ့ဖြိုးမှု အားနည်းနေသေးတဲ့ နိုင်ငံမှာနေ နေကြတာလေတဲ့။ ငါတို့က သူတို့စာတွေ ဖတ်ပြီး တခါတခါ သူတို့လိုတွေ လျှောက်လျှောက်တွေးပြီး လုပ်နေတော့ ခံရတာပေါ့ တို့တွေဆီမှာ ဖြစ်ဖို့ လိုသေးတယ်တဲ့။ အင်မတန် မှန်သောစကားပါ။ နောက်ပြောတာ တစ်ခုက မင်းစဉ်းစားကြည့်တဲ့ မုန့်ဟင်းခါးစားပြီး ဟင်းရည် အဆစ်တောင်းတာ ငါတို့လူမျိုးပဲ ရှိတယ်တဲ့။ ဒါလဲမှန်တာပဲ။ အဲဒီ့နောက်ပိုင်း ကျွန်တော်တို့တွေ ကျွန်တော်တို့ နိုင်ငံမှာ အလုပ်ဖြစ်မယ့် ပုံစံတွေကို ဦးစားပေးစဉ်းစားဖြစ်တယ်။ စာအုပ်တွေ မဖတ်တော့ဘူးလားဆိုတော့ ဖတ်ပါတယ်။ ယူသင့်တာပဲ ယူတယ်။ တွေးတာကတော့ အင်တာနေရှင်နယ်ပါ သို့ပေမယ့် ဗမာမှုပြန်ပြုပေးရတယ်။ အဲလိုမှ မလုပ်ရင် ကျွန်တော်တို့တွေ အနေနဲ့ လိုက်လျောညီထွေ လုပ်နိုင်မှာမဟုတ်ဘူး။ အမေရိကားမှာ အဆင်ပြေတဲ့ service တစ်ခုက ဒီမှာ အဆင်ပြေချင်မှ ပြေမယ်။ ဒီမှာ အဆင်ပြေတဲ့ လုပ်ထုံးလုပ်နည်းက တရုတ်ပြည်အတွက် ဟာသ တစ်ခုဖြစ်ချင် ဖြစ်နေမယ်။ ဒါပေမယ့် သေချာတာကတော့ သူ့အရပ်နဲ့ သူ့ဇာတ်ဆိုတာကို ထည့်တွက်ရမှာပဲ။

လုံးဝမကိုက်ညီဘူးလို့ ပြောချင်တာ မဟုတ်ပါဘူး။ စုတုပြုဖို့ အကြံပေးတာပါ။ ဒါကိုလက်ခံချင်လဲ လက်ခံပါ လက်မခံလဲ ဘယ်သူမှ ရိုက်ပြီး အတင်းမလုပ်ခိုင်းပါဘူး။ ဆက်ပြောပါ့မယ်။ ခုပြောမယ့် ဟာကတော့ နဲနဲကီးမြင့်ပါတယ် မုန်းကြပါလိမ့်မယ် မတတ်နိုင်ပါ ကိုယ်ထင်တာ ကိုယ်ပြောတဲ့အတွက် မုန်းလဲ ခံပါမည်။ သေချာစဉ်းစားစေချင်တာကို ပြောတာပါ။ ကိုစိုးထက်ရေးသွားတဲ့ Glocalization ထဲမှာ ဖတ်လိုက်ရတယ် နိုင်ငံခြားထွက်တဲ့လူတွေ များတယ် ဒီမှာကျန်ခဲ့တဲ့ ပညာရှင်နည်းသွားတယ်။ ဟုတ်ကဲ့ ဒါကိုလက်ခံပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကြတယ် ပညာသင်ကြတယ်ပေါ့ဗျာ။ ပြီးရင်တော့ အားလုံးနီးပါး (တချို့လဲ ဟိုမှာ အခြေချမယ်) ဒီကိုပြန်လာပြီး အလုပ်ပြန်လုပ်ကြမယ်လို့ ခံယူကြတယ်။ တချို့ကတော့ professional တစ်ခု တတ်မြောက်ပြီး ပြန်လာမယ်ပေါ့။ တချို့ကတော့ ဒီမှာ စီးပွါးရေး ပြန်လာလုပ်ကြမယ်ပေါ့။ အဲဒီ့မှာ ပြောချင်တာက ဒီကိုပြန်လာပြီး ကိုယ်ပိုင်စီးပွါးရေးလုပ်မယ့်လူတွေကို အဓိကထားပြောချင်တာပါ။

စဉ်းစားပါ အခု သူများနိုင်ငံမှာ အလုပ်သွားလုပ်တယ် ဘာအနေနဲ့လဲ အလုပ်သမားအနေနဲ့ပါပဲ ပိုက်ဆံစုတယ် ပြန်လာတယ် ဒီမှာ အလုပ်လုပ်မယ်ဆိုတော့ အဟပ်ကကွာနေပြီ ကိုယ်ထိတွေ့လာတာက နိုင်ငံခြားက အတွေ့အကြုံ ဒီရောက်တော့ ဒီက ကိစ္စတွေနဲ့ အဟပ်ကွာသွားပါပြီ ဘာလုပ်ရကောင်းမလဲ ထိုင်စဉ်းစားရင်းနဲ့ ပါလာတဲ့ ပိုက်ဆံ ထိုင်သုံးလိုက်တာ နောက်ဆုံး ကုန်သွားတော့ ပြန်ပြီးသွား အလုပ်ပြန်လုပ် ပိုက်ဆံ ပြန်စု အဲဒါနဲ့ သံသရာလည်ရော ကျွန်တော်အဲဒီ့လို လူတွေ တော်တော်များများ တွေ့ဖူးပါတယ်။ ကျွန်တော့် အဖေ အပါအဝင်ပါပဲ။ ကျွန်တော့်အဖေလဲ အဲလိုပဲ ဖြစ်ခဲ့တယ်။ သူကျွန်တော့်ကို အဲလို မဖြစ်စေချင်ဘူး။ ဟိုမှာ အလုပ်လုပ်နေပြီ ဆိုကထဲက ဒီမှာ ဘာပြန်လုပ်လို့ရမလဲ ဆိုတာမျိုးကို သေသေချာချာ ရည်မှန်းချက်ထားသင့်တယ်။ စွန့်ဦးတီထွင်ဆိုတာထက် ရင်းနှီးမြှုပ်နှံဖို့ကိုပဲ စဉ်းစားကြည့်ပါအုံး။ ဟိုမှာ အလုပ်လုပ်တုန်းက ပုံမှန်ဝင်ငွေရတယ် ဒီပြန်ရောက်တော့ အဲလို မဟုတ်တော့ဘူး အလုပ်လုပ်ရင် အရှုံးအမြတ်ဆိုတာ ရှိတယ် risk ရှိပါတယ်။ ဒါပေမယ့် မရင်းချင်ကြတော့ဘူး ဒါကမဖြစ်သင့်တဲ့ ကိစ္စပါ။ အဲဒီ့ အကြောင်းကို ကျွန်တော် risk taking မှာ သေချာပြန်ရေးပါ့မယ်။ ခုကထဲက သေချာစဉ်းစားပါ ငါ ငါ့နိုင်ငံပြန်အလုပ်လုပ်မှာက လုပ်ငန်းရှင်အနေနဲ့လား အလုပ်သမားအနေနဲ့လား သေချာစဉ်းစားကြစေချင်တယ်။ ငါ့မှာတော့ ပိုက်ဆံတွေပါလာပြီ ဗမာပြည်ပြန်ရောက်ရင် ငါတော့ ကုမ္ပဏီတစ်ခု ထောင်ပြီး အလုပ်လုပ်လိုက်မဟဲ့ဆိုရင် သေချာလေ့လာခဲ့ ပြီးရင် ဒီက လုပ်ငန်းတွေ (ကိုယ်လုပ်မယ့် ကိုယ်ရည်ရွယ်ထားတဲ့ လုပ်ငန်းတွေ) ကို မျက်ချည်မပြတ် လေ့လာပါ။ ခု အင်တာနက်ခေတ်ပါ enter တစ်ချက်ခေါက်ရင် ဟိုဘက် ဒီဘက် ဆွဲချုံ့လို့ ရနေပါပြီ။ အဲလိုမှ မလုပ်ထားရင်တော့ ကိုယ်ဟိုမှာ ပင်ပင်ပန်းပန်းလုပ်ထားတဲ့ ငွေတွေကို ရေထဲ အားရပါးရ ပစ်ချလိုက်ပါ "ပလုံ" ဆိုတာလေး ကြားရပါလိမ့်မယ်။ ဒါက ကျွန်တော့်အယူအဆပါ ဒါကို ငြင်းနိုင်ပါတယ် တွေးမိတာလေး ပြောပြတာပါ ဆရာလုပ်တာ မဟုတ်ဘူး။

နိုင်ငံခြားကို အလုပ်ရှင်အနေနဲ့ သွားတဲ့လူဦးရေ ကျွန်တော်ထင်တယ် လက်ချိုးရည်လို့ရတယ်။ အလုပ်သမား အဖြစ်နဲ့သွားကြရတာပါ။ တနေ့မှာ ကိုယ့်နိုင်ငံပြန်အလုပ်လုပ်ကြမယ်ဆိုရင် အလုပ်ရှင်ပဲ ဖြစ်ချင်ကြတာမဟုတ်လား အင်း ဒါဆို ဒီက လုပ်ငန်းတွေ အခြေအနေတွေကိုလည်း မျက်ချည်မပြတ်ပါစေနဲ့ Think Global ဟုတ်ကဲ့ ကြိုက်သလောက်တွေးပါ။ Work Local ဒီအပိုဒ်တော့ နည်းနည်းခက်တယ် ထင်တာပါပဲ။ နောက်မှ ကျွန်တော်သိတဲံ risk taking အကြောင်းကို ထည့်ရေးပြီး ထပ်ဆွေးနွေးပါအုံးမယ်။ ကဲ ဒီလောက် ဖတ်လိုက်ရတော့ ကျွန်တော့်ကိုလည်း အတော် သောက်ညင်ကပ်လောက်ပြီ။ တော်သေးပြီ :D။

Thursday, July 24, 2008

Glocalization !



Think Global and Work Local ဆိုပြီး ဆောင်ပုဒ်လို လုပ်ထားပေမယ့် ကျွန်တော် တို့ တစ်ကယ် သုံးနေကျ စကားက Think Globally and Act Locally ဖြစ်ပါတယ်။ တစ်နေ့ ကိုဝေ နဲ့ အွန်လိုင်းမှာတွေ့ တော့ ကျွန်တော် တို့ မြန်မာ နိုင်ငံ က လူငယ် တွေ နိုင်ငံ ပြင်ပ ကို ပဲ အလုပ် ထွက် လုပ် နေကြတာ များနေပါတယ်။ ပြည်တွင်း မှာ ကျန်ခဲ့တဲ့ လူငယ် ပညာရှင်တွေ အရမ်း နည်းလာတဲ့ အကြောင်း ပြောဆို ဆွေးနွေး ဖြစ်ပါတယ်။ အဲဒီ နောက် မှာ ဘလော့ လေး တစ်ခုလုပ် အကြံဉာဏ် နဲ့ သတင်း အချက်အလက် လေးတွေ စုပြီး တင်ပေး ထားနိုင် အောင် လုပ်ဖြစ်ဖို့ စလိုက်ပါတယ်။ တစ်ကယ် စဖြစ်ဖို့ တွေ့တဲ့ လူတွေ လိုက်ပြော စည်းရုံး ပါတယ်။ စိတ်ဝင်စား ကြပေမယ့် တစ်ကယ် လုပ်ဖို့ ကျ လုပ်လက်စလေး ကို မရှိတော့ အားနည်း နေပါတယ်။ ကိုဝေ က အသက် ကြီးတဲ့ ကိုစိုးထက် ကြီး ကပဲ စရေး ပေးပါ ဆိုတာ နဲ့ စရေးဖြစ် သွားပါတယ်။ ဒါတောင် ... စပြောဖြစ်တဲ့ အချိန်ကနေဆို တစ်လကျော် ကြာသွားပါပြီ။ အဟဲ ... ကိုဝေ ကို တောင်းပန်ပါတယ်။

Glocalization ဆိုတဲ့ စကားလုံး က ကမ္ဘာမှု ပြုခြင်း လို့ ပြောပြောနေကြတဲ့ Globalization နဲ့ ဒေသန္တရမှု ပြုခြင်း Localization ကို ပေါင်းထားတဲ့ ဖက်စပ် စကားလုံး တစ်ခု ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ် ၀န်းကျင် ကတည်းက ဂျပန် စီးပွားရေး ပညာရှင်တွေ စတင် သုံးစွဲခဲ့တဲ့ စကားလုံး ဖြစ်ပါတယ်။ နိုင်ငံတစ်ကာ စံချိန်မီ အဆင့် အတန်းရှိ ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှု တစ်ခု ထုတ်လုပ် လိုက်ပေမယ့် ဒေသ က သတ်မှတ်တဲ့ စံနဲ့ လက်ခံတဲ့ ယဉ်ကျေးမှု အစဉ်အလာ ကို ကိုက်ညီအောင် လုပ်ဖို့ က မလွယ်ပါဘူး။ ဒေသန္တရ ဈေးကွက်နဲ့ အဆင်ပြေ ညီညွတ်စွာ လက်ခံ လာအောင် ပြုလုပ်ပေးရတဲ့ ဒီ Gocalization အခြေအနေ ကို တွန်းပို့ ပေးလိုက် ပါတယ်။

မက်ဒေါနယ် McDonald ဆိုင်တွေ ကမ္ဘာအနှံ့ လျင်မြန်စွာ တိုးတက် များပြားလာတာ ကို Globalization နဲ့ ဥပမာပေးထားပြီး အဲဒီ ဆိုင်တွေ ရဲ့ အစားအသောက် စာရင်း နဲ့ အရသာ ပုံစံ ကို ဒေသ အလိုက် လက်ခံ လာအောင် ကြိုးစား ညှိနှိုင်း ပြင်ဆင် ပေးတာကို တော့ Glocalization လို့ သာဓက ပြပါတယ်။

အခု ကျွန်တော်တို့ ရဲ့ ရည်ရွယ်ချက်က ဒင်္ဂါး တစ်ပြားရဲ့ နှစ်ဖက်လုံးက Global နဲ့ Local ကို ပူးပေါင်းပြီး စဉ်ဆက်မပြတ် တိုးတက် လက်ခံလာကြတဲ့ Glocalization ဖြစ်စဉ်မှာ ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းတွေ ကို မိမိနိုင်ငံ တွင်းကနေ အမိအရ ရှာဖွေ ဆုပ်ကိုင် ဆောင်ရွက် နိုင်စေလိုတာ ဖြစ်ပါတယ်။

ကမ္ဘာ့ အဆင့် လုပ်ငန်းကြီးတွေ ကနေ Outsourcing ထွက်လာတာ ကို လက်ခံ လုပ်ကိုင် တာက အစပြုပြီး Franchising လုပ် ပြီး ပြည်တွင်းမှာ နိုင်ငံတစ်ကာ အဆင့်မီ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု တွေ ထုတ်လုပ် သုံးစွဲ နိုင်ပြီး ဝင်ငွေ ယှဉ်လာနိုင်တဲ့ အထိ ရည်ရွယ် ပါတယ်။

ကျွန်တော် က စီးပွားရေး ပညာရှင် မဟုတ်သလို လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အပိုင်း လည်း မကျွမ်းကျင် ပါဘူး။ ဈေးကွက် အကြောင်း နားမလည် သလို နည်းပညာ က လည်း ချို့ တဲ့ပါတယ်။ ဘယ်သူမှ တော့ ပြီးပြည့်စုံတဲ့ လူရယ် မရှိပါဘူး။ ဒါကြောင့် အားလုံးကို ဖိတ်ခေါ် ပါတယ်။ တတ်နိုင် သလောက် ဝိုင်းဝန်း ကူညီပြီးတော့ ပါဝင် ရေးသား ပေးကြပါ ... သတင်း အချက်အလက် ကလေးတွေ ပို့ပေးကြပါ ... လို့ မေတ္တာရပ်ခံ တိုက်တွန်း နှိုးဆော် လိုက်ရ ပါတယ် ခင်ဗျာ ...