Friday, July 25, 2008

Old Skool and New Skool

ကဲ ကိုစိုးထက်က ကြိုက်တာရေးဆိုလို့ ဝင်ရေးလိုက်ပါပြီ။ စစချင်းဆောက်နဲ့ ထွင်းသလို ဖြစ်ရင် ခွင့်လွှတ်ပါ။ ဘာရေးရမလဲ စဉ်းစားနေတာ ခုတော့ Old Skool နဲ့ New Skool ဆိုတာလေး ရေးလိုက်ပါတယ်။ ကျွန်တော် တွေ့တွေ့နေရတဲ့ ပြဿနာတွေထဲက အဓိကအကြောင်းအရင်းပါပဲ။ ကျွန်တော်အလုပ်လုပ်တဲ့ သက်တမ်းတစ်လျှောက်မှာ တက်နေတဲ့ ပြဿနာကလဲ အဲဒါပဲ။ လုပ်ငန်းရှင် အသစ်နဲ့ အဟောင်းဆိုတာထက် အသက်ကြီးကြီး လုပ်ငန်းရှင်တွေနဲ့ အသက်ငယ်ငယ်လုပ်ငန်းရှင်တွေ ကြားထဲက ပြဿနာလို့ ပြောရင် ပိုသင့်တော်မယ် ထင်တာပဲ။ အားလုံးကို ပတ်ရမ်းပြီးပြောတာတော့ မဟုတ်ဘူး ကျွန်တော် ကြုံခဲ့ဖူးတာတွေကို ပြောပြတာပါ။ တခြားသူတွေအတွက် အယူအဆမှန်ချင်မှ မှန်မယ် ကျွန်တော့်အတွက်တော့ မှန်ခဲ့ပါတယ်။

ဒီလိုဗျ။ ကျွန်တော် အလုပ်တွေလုပ်တော့ လူတွေတော်တော်များများနဲ့ ဆက်ဆံရတယ်။ company တစ်ခုနဲ့ တစ်ခု ဆက်ဆံကြပြီဆိုတာနဲ့ ဟိုဘက်ပိုင်ရှင် ဒီဘက်ပိုင်ရှင် ပါလာတဲ့ အခန်းကဏ္ဍရောက်ရင် စပြီ အဲဒီ့ဇာတ်က။ ကျွန်တော် အသက်၂၃ လောက်ကထဲက ကျွန်တော့် ကိုယ်ပိုင်လုပ်ငန်းတွေ ကျွန်တော်လုပ်တယ်။ အသက်က ၂၃ နှစ် လုပ်တဲ့ အလုပ်က တခါတလေ ကြီးနေတော့ ပြဿနာကတက်ပါတယ်။ ဝန်ထမ်းတွေကို လွှတ်ပြီးတော့ appointment တွေယူတယ် ပြီးရင် ကျွန်တော်ဝင်ပါရမယ့် နေရာရောက်ရင် ဝင်ပါပါတယ်။ ဘာပြဿနာက စသလဲဆိုရင်။ နှစ်ဘက်တွေ့ကြရင် ကျွန်တော်က ချာတိတ်လေး ပြောနေတဲ့ စကားလုံးတွေက ကြီးတယ်ပေါ့။ လူကို မြင်ကထဲက ဟိုဘက်က နည်းနည်းတော့ ကျွဲမြီးတိုချင်နေပြီ။ ချာတိတ်လေး တစ်ယောက်က အစည်းအဝေးထဲမှာ presentation တွေလုပ် လုပ်ငန်းသဘောတရားတွေပြော အင်းတချို့ကလဲ စိတ်ဝင်တစား နားထောင်ကြသလို တချို့လဲ သူတို့ သိပြီးသားပါဆိုတဲ့ အချိုးတွေနဲ့။ ကျွန်တော်ကတော့ အားရပါးရ တက်တက်ကြွကြွ ရှင်းပြတယ် နည်းပညာပိုင်းက ဘယ်လို လုပ်ငန်းသဘာဝကဘယ်လို ဒီနေ့လူငယ်တွေက ဘယ်လို ဘာညာပေါ့လေ။ အဲဒီ့အစည်းအဝေးတွေမှာ Old Skool ကြီးတွေက လုံးဝကို အသံထွက်မလာတော့ဘူး ပြီးရင်တော့ လာပါပြီ negative view တွေနဲ့ ဆော်တော့တာပါပဲ။ ကျွန်တော်လဲ တတ်သလောက် မှတ်သလောက် ပြန်ရှင်းပြပါတယ်။ ဒါပေမယ့် မရပါဘူး ငြင်းပါတယ်။ တခါတလေ သူတို့ ငြင်းတာက အဓိပ္ပါယ်လုံးဝ မရှိဘူးဆိုတာ သူတို့ကိုယ်တိုင်သိပါတယ်။ ဒါပေမယ့် အသက်အရွယ်အရ ငါလူကြီးပဲဆိုပြီး ဆော်တာများပါတယ်။ ကျွန်တော် တော်တော် စိတ်ပျက်ပါတယ်။ နောက်တော့ အဲဒီ့အလုပ်တွေကိုပဲ သူတို့ဘာသာ ဆက်လုပ်ကြတယ်။ ကျွန်တော် ဦးနှောက်ကို ဖောက်စားသွားတာပါပဲ။ သူတို့က အင်အားကလဲကြီး လူလည်လဲဖြစ်နေတော့ ခံပေါ့။ ကျွန်တော့်လို ခုမှစတဲ့ ချာတိတ်က ဘာပြန်ပြောနိုင်မှာလဲ။ ဟင်း . . . ငါ့အိုင်ဒီယာကြီးကွာ တောက် . . . ဆိုတာကလွဲပြီး အဲဒီ့အချိန်တွေမှာ ပြန်ကို မပြောနိုင်ခဲ့ပါဘူး။

နောက်တစ်ခု အသင်းအဖွဲ့တွေမှာ အဲဒီ့ Old Skool ကြီးတွေ ထိပ်ကနေ ထိုင်ပြီး ဘုပြောနေတဲ့ ကိစ္စ။ အဲဒါကို သောက်ညင်ကပ်လို့ ကျွန်တော် အသင်းအဖွဲ့တော်တော် များများကနေ ပေါ်တင်ပဲ ထွက်ခဲ့တယ်။ new comer ကို ကြိုဆိုဖို့ နေနေသာသာ သူတို့ ထိုင်ခုံပျောက်မှာ စိုးလို့ လိုက်ပြီးကာကွယ်နေတာ ကြာတော့ ကြည့်ရတာ စိတ်ပျက်လာတယ်။ သူတို့က ရှေ့ဘာဖြစ်မယ် ဘယ်လိုဆိုတာထက် သူတို့ အကျိုးအမြတ်ကိုပဲ အဓိကထားတတ်တယ် တချို့ကိုပြောတာနော် တချို့ကိုပြောတာ။ အကုန်လုံးကို သိမ်းကြုံးပြောနေတာမဟုတ်ဘူး။ ဘိုးတော်ကြီးတွေ ဘွားတော်ကြီးတွေထဲမှာ လူငယ်တွေနဲ့သင့်မြတ်တဲ့လူတွေ ရှိပါတယ်။ ဒါပေမယ့် ရှားပါတယ်။ ခုနောက်ပိုင်းတော့ အဲဒီ့ အဖြစ်အပျက်တွေ နည်းနည်းရှားသွားပါပြီ။ အင်းလေ ကျွန်တော် အလုပ်တွေလဲ သူ့ဘာသာသူ လည်ပတ်နေပြီကိုး အလုပ်တွေလဲ တွဲလုပ်ခဲ့ကြပြီးပြီဆိုတော့ အဆင်ပြေလာတာပေါ့။ အရင်ကလောက်တော့ မဆိုးတော့ဘူး။

နောက်ပိုင်းဘာလုပ်ရသလဲဆိုတော့ သူတို့နဲ့ အစည်းအဝေးလုပ်ရင် ဆွေးနွေးရင် ကိုယ့်ဘက်က အမြဲတမ်း တစ်ကွက်တော့ချန်ရတယ်။ သူတို့က ကိုယ့်ထက် ဓနအင်အား လုပ်သက် အကုန်သာတာကိုး သတိထားရတာပေါ့။ ကျွန်တော့် အထင်အရတော့ Old Skool တွေက New Skool တွေကို လက်ကမ်းကြိုသင့်တယ် ထင်တာပါပဲ။ လူငယ်ခြေတက်တွေ ပေါ်လာတိုင်း သူတို့ နေရာပျောက်သွားတာမှ မဟုတ်တာ နည်းပြတော့ ပြန်လုပ်လို့ ရပါသေးတယ်။ သူတို့ အတွေ့အကြုံတွေက ကျွန်တော်တို့ လူငယ်တွေအတွက် အင်မတန် တန်ဖိုးရှိပါတယ်။ သူတို့တွေ မှားခဲ့ဖူးရင် အဲဒီ့အမှားတွေထဲက ကျွန်တော်တို့ ပြန်ပြီး သင်ခန်းစာယူလို့ရပါတယ်။ ဒါပေမယ့်ပေါ့ဗျာ ကျွန်တော်တို့ ဆီမှာ အဲဒီ့ကိစ္စအင်မတန်မှ အားနည်းပါသေးတယ်။ ပင်လယ်ရေကို လုသောက်တုန်း ပင်လယ်ရေလို့ သဘောမထားနိုင်သေးဘူး။ ကျွန်တော်တို့ ကြီးလာရင်ရော သူတို့လို အဖြစ်ခံမလား ကျွန်တော်ကတော့ လုံးဝ မဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ Old Skool ကြီးကကွာဆိုတဲ့ ဟာမျိုးတွေကို အပြောမခံရအောင် ရှောင်ပါမယ်။ ဟုတ်တယ်ဟုတ် :D

3 comments:

  1. ကျွန်တော့် အမြင် က လူကြီးတွေ က လူငယ် မျိုးဆက်သစ်တွေ ကို ကဏ္ဍလေးတွေ ခွဲ ပြီး ဝေမျှ လက်တွဲ ပေးဖို့ ပါ ထည့် ရေးစေလိုပါတယ် ... :)

    ReplyDelete
  2. တိုတောင်းပေမယ့် ရှင်းလင်းထိမိတဲ့ အရေးအသားနဲ့ အတွေးအခေါ်တစ်ခုပါ။ ကိုဇီးရိုးပြောသလိုပဲ OldShool ကြီးတွေ အနေနဲ့ NewSchool လေးတွေကို ယုံကြည်မှု၊ လေးစားမှု နဲ့ နေရာပေးပြီး သူတို့ ရဲ့ အရည်အသွေးတွေကို ပိုမိုတောက်ပြောင် လာအောင် ထိန်းကျောင်းမွေးမြူ မှုပြီး လက်တွဲ ခေါ်ဆောင်မှုမျိုးတွေ လုပ်ပေးသင့်ပါတယ်။

    ဘယ်သူမဆို အို၊ နာ၊ သေ၊ ဘေး ဆိုတဲ့ လေးပါးသော တရား ကိုလွတ်ရိုး ထုံးစံမရှိကြတော့ လက်ရှိမှာ ကိုယ့် အတ္တကို ရှေ့တန်း တင်မိတဲ့ အတွက် တစ်ချိန်မှာ ကိုယ်ထားခဲ့ရမယ့် ကိုယ့် လောက ကို အရည် အသွေးပြည့်ဝတဲ့ NewSchool တွေလက်ထဲ မထားခဲ့ နိုင်ရင် OldShool ကြီးတွေ လက်ထက် သမိုင်း ဘယ်လောက်ပဲ လှခဲ့၊ လှခဲ့ သူတို့ လွန်ပြီးတဲ့ နောက် အဲဒီ သမိုင်းဟာ ဆက်လှနိုင်မှာ မဟုတ်ပါဘူး။

    အပြန်အလှန်အားဖြင့် NewShcool တွေ အနေနဲ့လည်း OldSchool ကြီးတွေ အပေါ်မှာ လိုအပ်တဲ့၊ ရှိသင့် ရှိထိုက်တဲ့ ဂါရ၀တရား၊ လေးစားမှု၊ ရိုးသားမှု၊ ကြိုးစားမှု တွေကို လက်ကိုင် ထား ဆက်ဆံကြမယ် ဆိုရင် အလွန့်ကို နေချင်စရာ ဖြစ်မယ့် စဉ်ဆက်မပြတ် တိုးတက် ထွန်းကားနေမယ့် လူ့ဘောင်လောက တစ်ခု ဖြစ်လာမယ် လို့ ယုံကြည်မိပါကြောင်း။

    ReplyDelete
  3. ဟုတ်တယ်ဗျို့။ ကျနော်လည်း အဲဒီ old skool ကြီးတွေဒဏ် ခံဖူးသဗျ။ ဒီလူကြီးတွေကို သခင်ကိုယ်တော်မှိုင်းရဲ့ လူကြီးနဲ့ လူငယ် ပေးဖတ်သင့်တယ်။ ကျနော်လည်း ကျနော့် အတွေ့အကြုံလေးတွေ ရေးပါဦးမယ်။

    ReplyDelete