Saturday, October 18, 2008

စမာနဂိုရ်ကနွားမပေါင်ကျိုးလိမ့်မည်လော (အပိုင်း-၁)



စကားချီး

ငယ်ငယ်တုန်းက မြန်မာ့သမိုင်းမှာ တောင်သူလယ်သမားအရေးတော်ပုံကြီးအကြောင်း သင်ရတော့ ကမ္ဘာ့စီးပွားရေးပျက်ကပ်ဆိုတာ စကြားဖူးခဲ့တယ်။ စီးပွားရေးပျက်ကပ်ကြီးရဲ့ ဆိုးကျိုးတွေကို တစွန်းတစ မှတ်သားခဲ့ရဖူးတယ်။ ကျွန်မတို့ကျောင်းနေစဉ်ကာလ (၁၉၈၅-၁၉၉၆)တုန်းက သမိုင်းဘာသာမှာ ပုဂံခေတ်ကနေ ကုန်းဘောင်ခေတ်အထိ သမိုင်းတွေကို သုံးတန်း၊ ငါးတန်း၊ ခုနစ်တန်း၊ ကိုးတန်းတွေမှာ သင်ရပြီး၊ နယ်ချဲ့ခေတ်နောက်ပိုင်းကာလ သမိုင်းတွေကိုကျတော့ လေးတန်း၊ ခြောက်တန်း၊ ရှစ်တန်း၊ ဆယ်တန်းတွေမှာ သင်ရတယ်။ မြန်မာ့ပညာရေး အစဉ်အလာအတိုင်း အလွတ်ကျက်၊ အလွတ်ဖြေ လုပ်ရတဲ့ ကျောင်းသားဘ၀ပေါ့။ လေးတန်းသမိုင်းလောက် သင်ရတုန်းကတော့ ဟုတ်သလိုလိုပဲ။ ဘာရယ်လိုက်မတွေးတတ်သေးဘူး။ ကျက်ဆိုကျက်လိုက်တာပဲ။ ခြောက်တန်းလောက်ရောက်တော့ မရတော့ဘူး။ ဖတ်စာအုပ်က ဒီအတိုင်းပြောထားလို့ဆိုတာကို လက်မခံနိုင်တော့ဘူး။ ဖတ်စာအုပ်က “ညောင်ဦးကမ်းပါးပြိုတာ စမာနဂိုရ်က နွားမပေါင်ကျိုးတယ်” ဆိုတာနဲ့ မျက်စိမှိတ်လက်ခံရရောလား။ ဒါကို သဘာဝမကျဘူးတွေးမိတာနဲ့ သမိုင်းဆရာမကို သွားမေးမိတယ်။ ကမ္ဘာ့စီးပွားရေးပျက်ကပ်က မြန်မာပြည်အပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုရှိခဲ့တာလဲ ဆိုပြီးတော့ပေါ့။ ဆရာမဒေါ်မီမီက စိတ်ရှည်ပါတယ်။ ဖြစ်စဉ်လေးတွေကို သေချာရှင်းပြလို့ နားလည်သဘောပေါက်ခဲ့ရတယ်။ အဲ- အခုလဲ ညောင်ဦးကမ်းပါးက ထပ်ပြိုပြန်ပြီ။ ကမ္ဘာ့စီးပွားရေးပျက်ကပ်မဟုတ်ပေမယ့် Global financial crisis ဖြစ်လာတာဖြစ်တဲ့အတွက် ညောင်ဦးကမ်းပါးပြိုတာလို့ပဲဆိုရတော့မယ်။ စီးပွားရေးပျက်ကပ်တုန်းကလဲ အမေရိကန်ပြည်ထောင်စုက စတင်ခဲ့သလို ဒီတကြိမ်ကလဲ အမေရိကန်က စတင်ခဲ့တဲ့ ဂယက်ပဲဖြစ်တယ်။ အာရှဈေးကွက်ကို ထိခိုက်လာနိုင်မလား၊ မြန်မာပြည်ကိုကော ဘယ်လို သက်ရောက်မှုရှိနိုင်မလဲ ဆိုတာတွေက စဉ်းစားဆွေးနွေးစရာတွေ ဖြစ်လာတယ်။ ဒါတွေကို မဆွေးနွေးခင် ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ကမ္ဘာ့ဘဏ္ဍာရေးအခြေအနေလေးတွေကို အရင်ကြည့်ကြရအောင်ပါ။


ကမ္ဘာ့ကုန်သွယ်ရေး

နိုဘယ်ဆုရ ဘောဂဗေဒပညာရှင် Milton Friedman က " It has become possible to produce a product anywhere, using resources from anywhere, by a company located anywhere, to be sold anywhere' လို့ ဆိုမိန့်ခဲ့ဖူးတယ်။ ဒါဟာ Economic globalization ရဲ့ သွင်ပြင်လက္ခဏာတရပ်လို့လည်း ဆိုနိုင်ပါတယ်။ Globalization ရဲ့ ကမ္ဘာ့ကုန်သွယ်ရေးအပေါ်မှာ အဓိကသက်ရောက်မှုနှစ်ခုကတော့ နယ်စပ်ဖြတ်ကျော်ထုတ်လုပ်မှုနဲ့ နယ်စပ်ဖြတ်ကျော်ကုန်ပစ္စည်းများပဲ ဖြစ်တယ်။


နယ်စပ်ဖြတ်ကျော်ထုတ်လုပ်မှု (Transborder production) ဆိုတာက ထုတ်လုပ်မှုဖြစ်စဉ် အဆင့်တွေဟာ ပြည်တွင်းပြည်ပ နေရာများစွာမှာ ပျံ့နှံ့နေခြင်းဖြစ်တယ်။ Territorially centred production ပုံစံလိုမျိုး ထုတ်လုပ်မှုဖြစ်စဉ်အဆင့်ဆင့်ဟာ တနေရာတည်း၊ တနိုင်ငံတည်းမှာ ဖြစ်တည်တာ မဟုတ်ပါဘူး။ ဥပမာ- Levi Strauss ရဲ့ အကြီးအကဲ ဆိုခဲ့ဘူးသလို “ကာရိုလိုင်းနားမြောက်ပိုင်းကနေ denim ၀ယ်တယ်၊ ပြင်သစ်ကို ပို့တယ်။ ချုပ်လုပ်တယ်။ ဘယ်လ်ဂျီယံမှာ launder လုပ်တယ်။ အင်္ဂလန်က ရုပ်မြင်သံကြားစီးပွားရေး channels တွေကို သုံးပြီး ဂျာမနီမှာ ဈေးကွက်မြှင့်တင်ရေးလုပ်တယ်” ဆိုတာမျိုးပါပဲ။ ထုတ်လုပ်မှုဖြစ်စဉ်အဆင့်ဆင့်ဖြစ်တဲ့ initial research ကနေ after-sales services အထိ အဆင့်ဆင့်ဟာ နိုင်ငံပေါင်းများစွာမှာ ပျံ့နှံ့နေပါတယ်။


ဒီလိုနဲ့ နယ်စပ်ဖြတ်ကျော်ထုတ်လုပ်မှုကနေ ထွက်လာတဲ့ ကုန်ပစ္စည်းတွေဟာ globalizing economy ထဲက supraterritorial market ကို ရယူလိုက်ကြပါတယ်။ အချို့သော country-based production ကနေ ထွက်လာတဲ့ ကုန်ပစ္စည်းများလဲပါဝင်ပါတယ်။ နယ်စပ်ဖြတ်ကျော်ကုန်ပစ္စည်းများ (Transborder products) များဖြစ်တာကြောင့် ကမ္ဘာတ၀ှမ်းက စားသုံးသူများဟာ ပစ္စည်းတမျိုးကို တချိန်တည်းမှာ ၀ယ်ယူစားသုံးလာနိုင်ကြပါတယ်။ (၁၉၉၀) နှောင်းပိုင်းကာလတလျှောက်မှာကျတော့ electronic commerce စနစ်ကြောင့် supraterritorial market ဟာ ပိုမိုပြီး ကျယ်ဝန်းလာပါတယ်။ ဒီလို supraterritorality သဘောတရားပျံ့နှံ့လာတာနဲ့အမျှ ငွေကြေးအပေးအယူတွေနဲ့ ဘဏ်လုပ်ငန်းတွေ၊ securities, derivatives တွေနဲ့ အာမခံလုပ်ငန်းဈေးကွက်တွေရဲ့ ဆောင်ရွက်မှုအသွင်တွေဟာ ပြောင်းလဲလာကြပါတယ်။




ကမ္ဘာ့ဘဏ္ဍာရေး


Economic Globalization နဲ့ ကမ္ဘာ့ကုန်သွယ်ရေးအသွင်ပြောင်းမှုတွေကနေ ကမ္ဘာ့ဘဏ္ဍာရေး ဈေးကွက်အပေါ် သက်ရောက်မှုတွေကို Transworld money, Transworld banking, Transworld securities နဲ့ Transworld derivatives ဆိုပြီး ခွဲခြားတင်ပြချင်ပါတယ်။


ကမ္ဘာတ၀ှမ်းကုန်ထုတ်လုပ်မှုတွေနဲ့ ကမ္ဘာ့ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့် Transworld money ဆိုတာ ပေါ်ပေါက်လာပါတယ်။ အိုင်အမ်အက်ဖ်ကနေတဆင့် လည်ပတ်မှုလုပ်တဲ့ fixed and floating exchange regimes များအားလုံးဟာ ကမ္ဘာတ၀ှမ်းမှာ အသုံးပြုခွင့်ရှိပါတယ်။ နိုင်ငံတော်တော်များများမှာ 'bureau de change' ဆိုတဲ့ ဆိုင်းဘုတ်တပ်ဆင်ထားသော ဆိုင်များအများအပြားပေါ်ပေါက်နေပါပြီ။ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ဘုံငွေကြေးဆိုတာမရှိသေးပေမယ့် အမေရိကန်ဒေါ်လာလောက် ကမ္ဘာကို လွှမ်းမိုးနိုင်တဲ့ national denomination ဆိုတာ မရှိသေးပါဘူး။ ဒီတော့ အမေရိကန်ဒေါ်လာနဲ့ ပတ်သက်တဲ့ financial crisis ဖြစ်တာနဲ့ နိုင်ငံပေါင်းများစွာရဲ့ national economy ကို အနည်းနဲ့ အများ ထိခိုက်မှုတော့ ရှိစမြဲပါပဲ။ ဒီလို national currency အပြင် ရွှေကိုလည်း Transworld money အဖြစ် အသုံးပြုတတ်ကြပါတယ်။ Supraterritorial denomination အနေနဲ့ နောက်ထပ်အသုံးများတာကတော့ အိုင်အမ်အက်ဖ်ကတဆင့် ၁၉၆၉ နောက်ပိုင်းမှာ ထုတ်ဝေတဲ့ Special Drawing Rights ပါ။ ဒီအမျိုးအစားက ကွန်ပြူတာ မှတ်တမ်းအရသာရှိပြီး နေ့စဉ်သုံးစွဲဖို့ ပိုက်ဆံအိတ်ထဲမှာ ရှိတာမဟုတ်တဲ့အတွက် digital purse လို့လဲ ခေါ်တတ်ကြပါတယ်။ နောက်ထပ်ပုံစံတမျိုးကတော့ ပလတ်စတစ်ပုံစံ ပိုက်ဆံဖြစ်ပါတယ်။ နေ့စဉ်သုံးစွဲနေကျ ဘဏ်ကတ်များပါ။ smart card များ (ဥပမာ- Mondex, the Clip Card of Europay International) များဟာဆိုရင် မိုက်ခရို ချစ်ပ်ပြားလေးတွေ အပေါ်မှာတင် မြောက်မြားစွာသော currencies များကို digital cash အနေနဲ့ သိမ်းဆည်းထားပေးနိုင်ပါတယ်။


ဘဏ်လုပ်ငန်းပိုင်းမှာဆိုရင်လဲ ဂလိုဘယ်လိုင်းဇေးရှင်းကြောင့် transborder deposits လုပ်ငန်းတွေကြီးထွားလာပါတယ်။ ဥမာ- Eurocurrency deposits များဟာဆိုရင် ဘယ်နိုင်ငံရဲ့ money sypply နဲ့မှ ဆက်စပ်ထားခြင်းမရှိသလို ထုတ်ဝေတဲ့ အမျိုးသားဗဟိုဘဏ်ကနေ systematically regulated လုပ်လို့လဲ မရပါဘူး။ ဘဏ်လုပ်ငန်းများရဲ့ ချေးငွေပိုင်းမှာဆိုရင်လဲ နိုင်ငံတနိုင်ငံမှာ ချေးငွေထုတ်ပြီး၊ အခြားတနိုင်ငံရဲ့ national currency အနေနဲ့ denominated လုပ်တာ၊ ငွေချေးသူကကျတော့ နောက်ထပ်တနိုင်ငံက ဆိုတာမျိုးတွေ ဖြစ်နေကျပါ။ နိုင်ငံပေါင်းများစွာ ပါဝင်ပတ်သက်တာဖြစ်တဲ့အတွက် transworld အသွင်ဆောင်ပါတယ်။ တခါ လက်ရှိကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်ဟာ ရှေးရိုးစဉ်လာနေရာတွေဖြစ်တဲ့ လန်ဒန်၊ နယူးယောက်၊ တိုကျို၊ ဇူးရစ်ခ်ျတို့မှာတင် အခြေပြုတာမဟုတ်တော့ပဲ ရာပေါင်းများစွာရှိတဲ့ offshore finance centres များမှာပါ အခြေပြုထားပါတယ်။ ဒီ offshore finance centres များဟာ tax reductions, regulation waivers, secrecy guarantees စတဲ့ inducements များကို ပြုလုပ်ပေးနိုင်တဲ့ ဘဏ္ဍာစီးပွားရေးဆိုင်ရာ site များဖြစ်ကြပါတယ်။ ကမ္ဘာတ၀ှမ်းဘဏ်လုပ်ငန်းကြီးများမှာ အခွန်ကောက်ပြီး regulated လုပ်တဲ့ principal onshore ဌာနခွဲများရှိသလို အခွန်နဲ့ ထိန်းကွပ်မှုအဆင့်နည်းတဲ့ offshore financial arrangements များ လုပ်ကိုင်ပေးနိုင်တဲ့ offshore branches များလည်း ရှိပါတယ်။ Transworld banking မှာ နောက်တမျိုးထင်ရှားတာကတော့ Interbank fund transfer ပါ။ ၂၀၀၃ ခုနှစ်မှာ SWIFT လို့ ဘဏ္ဍာရေးလောကသားတွေက အတိုကောက်ခေါ်ကြတဲ့ Society for Worldwide Interbank Financial Telecommunications ဟာ နိုင်ငံပေါင်း (၁၉၉) နိုင်ငံက financial institutions ၇၅၀၀ ကျော်နဲ့ ဆက်စပ်ဆောင်ရွက်ရာမှာ နေ့စဉ် ဒေါ်လာ ကိုးသန်းပမာဏ ပျမ်းမျှရှိတဲ့ ငွေပေးချေမှုတွေကို ကိုင်တွယ်ဆောင်ရွက်ခဲ့ရပါတယ်။


ဘဏ္ဍာရေးကဏ္ဍအကြောင်းပြောရင် ဘဏ်လုပ်ငန်းအပြင် မပါမဖြစ် နောက်တခုကတော့ transworld securities များအကြောင်းပါပဲ။ security ဆိုတာက ရင်းနှီးမြှုပ်နှံသူနဲ့ ချေးငွေရယူသူအကြားမှာ တိုက်ရိုက်ဆက်စပ်မှုရှိတဲ့ future payment claim နဲ့ အတူ ချုပ်ဆိုထားတဲ့ contract တခုဖြစ်ပါတယ်။ bonds နဲ့ equity များအနေနဲ့ပြောရင် လူသိပိုများမယ်ထင်ပါတယ်။ ဘဏ်ချေးငွေနဲ့ မတူတဲ့အချက်က securities များကို ဈေးကွက်ထဲမှာ ကုန်သွယ်မှုပြုလုပ်ပါတယ်။ ဂလိုဘယ်လိုင်ဇေးရှင်းဟာ ဒီလို securities markets များရဲ့ အသွင်ကို ပြောင်းလဲပစ်လိုက်ပါတယ်။ securities instruments တော်တော်များများဟာ transborder character အသွင်ဆောင်လာကြပါတယ်။ investment portfolios များမှာလဲ ဒီအတိုင်းပါပဲ။ ပြင်သစ်က ရင်းနှီးမြှုပ်နှံသူတယောက်ဟာ စကော့တလန်က fund manager နဲ့ assets များကို ထားခဲ့ပြီး ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံပါတယ်။ collection လုပ်တာကျတော့ ဂျာမနီမှာ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ telecommunication networks များ အားကောင်းလာတာနဲ့အမျှ securities markets မှာ remote trading ဆိုတာက တစတစနေရာယူလာခဲ့ပါပြီ။ ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးများဖြစ်ကြတဲ့ Diawa securities, Merill Lynch ဆိုတဲ့ ဘဏ်ကြီးများမှာ bonds နဲ့ ရှယ်ယာများကို ကုန်သွယ်မှုလုပ်ဖို့အတွက် ကမ္ဘာ့နေရာအနှံ့မှာ ရုံးခွဲပေါင်းများစွာ ရှိနေပါတယ်။ ရာနဲ့ချီတဲ့ နိုင်ငံပေါင်းများစွာက firms များစွာမှာရှိတဲ့ သောင်းဂဏန်းရှိတဲ့ traders များအားလုံးကို ချိတ်ဆက်ထားတဲ့ Nasdaq လို့ အတိုကောက်ခေါ်ကြတဲ့ National Association of Securities Dealers Automated Quotation System ဟာဆိုရင် transborder cyberspatial network အနေနဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး စတော့ဈေးကွက်ကြီး ဖြစ်လို့လာပါတယ်။


ကမ္ဘာ့ဘဏ္ဍာရေးအကြောင်းပြောရင် နောက်တခု မပါမဖြစ်တာကတော့ derivatives များအကြောင်းပါပဲ။ derivative ဆိုတာက ကွန်ထရက်တခုပါပဲ။ သူ့ရဲ့ တန်ဖိုးကို တချို့ underlying asset (ဥပမာ- ကုန်ကြမ်း၊ equity )စတာတွေကတဆင့်၊ ဒါမှမဟုတ် particular reference rate (ဥပမာ- stock market index) စတာတွေကနေတဆင့် derived လုပ်ရတာဖြစ်ပါတယ်။ များသောအားဖြင့် futures နဲ့ options ဆိုပြီး ပုံစံနှစ်မျိုးရှိပါတယ်။ swaps, warrants ဆိုတဲ့အမျိုးအစားတွေလဲ ရှိပါသေးတယ်။ ဂလိုဘယ်လိုင်ဇေးရှင်းကနေ ကမ္ဘာ့ဘဏ္ဍာရေးအပေါ်သက်ရောက်မှုတွေကို ဆွေးနွေးနေတာ ဖြစ်တဲ့အတွက် အသေးစိတ် technical details တွေကို ထပ်မရှင်းတော့ပါဘူး။


ယေဘုယျအားဖြင့် ဆိုရရင်တော့ derivatives တွေဟာ ဆယ့်ကိုးရာစု အလယ်ပိုင်းကာလကစတင်ပြီး tangible assets တွေဖြစ်တဲ့ raw minerals တွေ၊ land တွေနဲ့ ဆက်စပ်မှုရှိပြီး၊ ၁၉၇၂ နောက်ပိုင်းမှာကျတော့ financial indicators တွေအပေါ်မှာ အခြေခံတဲ့ derivatives တွေပါ ပေါ်ပေါက်လာပါတယ်။ derivative instruments တွေကို global securities houses တွေနဲ့ transnational telecommunication links တွေကတဆင့် ကမ္ဘာတ၀ှမ်းမှာ trading လုပ်ပါတယ်။ ဥပမာ- eurodollar အတိုးနှုန်းသုံးလကို Derivative Exchange များဖြစ်ကြတဲ့ LIFFE (London International Financial Futures and Options Exchange), NYFE (New York Futures Exchange), SFE (Sydney Future Exchange) နဲ့ SIMEX (Singapore international Monetary Exchange) တွေမှာ trading လုပ်ပါတယ်။ ကမ္ဘာ့ဈေးကွက်အသွင်သဏ္ဍာန်ဆောင်တာအတွက်ကြောင့် derivative markets မှာ ဆုံးရှုံးမှုများဟာ worldwide repercussions ကိုဖြစ်စေနိုင်ပါတယ်။ ဥမာ- ၁၉၉၅ ခုနှစ်တုန်းက စင်ကာပူအခြေစိုက် futures trader Nick Leeson ရဲ့ ဒေါ်လာ ၁.၃ သန်း deficit ဟာ Barings Investment Bank ကို collapse ဖြစ်စေခဲ့ပါတယ်။


ဒါကြောင့် ကမ္ဘာ့ဘဏ္ဍာရေးကဏ္ဍဟာ ကမ္ဘာတ၀ှမ်းလုံးအတွက် အရေးအကြီးဆုံး ကဏ္ဍတရပ်အနေနဲ့ ပါဝင်ပါတယ်။ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီးကို trigger လုပ်ပစ်နိုင်ပါတယ်။ ကမ္ဘာတ၀ှမ်းနိုင်ငံများကို အနည်းနှင့်အများသက်ရောက်မှုရှိနိုင်ပါတယ်။ အမေရိကန်ကစတင်တာမို့၊ ဥရောပဈေးကွက်မှာ ရိုက်ခတ်နေတာမို့၊ အာရှကို မကူးစက်သွားနိုင်ဘူးလို့ ဆိုလိုမရနိုင်ပါဘူး။ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးက အထက်မှာဆိုခဲ့သလို Transworld အသွင်ဆောင်နေပြီဖြစ်ပါတယ်။ ဆက်လက်ပြီး Global Financial Crisis (2008) ဖြစ်ပေါ်လာပုံနဲ့ သက်ရောက်မှုတွေကို ရေးသားဖော်ပြပါမယ်။


(ရှေ့ဆက်ဖော်ပြပါမည်)

ခင်မမမျိုး (၁၈၊ ၁၀၊ ၂၀၀၈)


1 comment:

  1. ဆက် တင်ပေးပါ ခင်ဗျာ ... အရမ်း စိတ်ဝင်စားဖို့ ကောင်းတဲ့ ခေါင်းစဉ် တစ်ခုပါ ... :)

    ReplyDelete