ညောင်ဦးကမ်းပါး ပြိုခြင်းအစ
(၂၀၀၈)ခုနှစ် Global Financial Crisis ရဲ့ အစကနဦးကတော့ subprime crisis ပဲဖြစ်ပါတယ်။ ချေးငွေထုတ်ပေးသူတွေဟာ ကြွေးမြီပြဿနာရှိမှုနဲ့ လုံလောက်သောဝင်ငွေမရှိမှုတို့ကြောင့် ordinary prime loans တွေ မရနိုင်သူတွေကို subprime loans တွေ ထုတ်ချေးပါတယ်။ ဒီချေးငွေတွေရဲ့ အတိုးနှုန်းက ပထမပိုင်းနှစ်နှစ်၊ သုံးနှစ်မှာ teaser rate ဆိုတဲ့ လေးရာခိုင်နှုန်းပဲ သတ်မှတ်တာကြောင့် လစဉ်ပြန်ပေးချေရမယ့်ဆပ်ငွေက နည်းပါတယ်။ သုံးနှစ်လောက်လဲကြာရော prevailing rate အနေနဲ့ တက်သွားပါတယ်။ တခါတရံ ရှစ်ရာခိုင်နှုန်းလောက်အထိ တက်သွားတာကြောင့် လစဉ်ပြန်ပေးရမှာက နှစ်ဆလောက်ဖြစ်သွားပါတယ်။ များသောအားဖြင့် ချေးငွေထုတ်ပေးတဲ့ဘက်က down payment လဲ သတ်မှတ်ထားတာ မဟုတ်တာကြောင့် ဘဏ္ဍာရေးလောကမှာ negative amortization လို့ခေါ်ဆိုတဲ့ ဖြစ်စဉ်တရပ်ဖြစ်လာပါတယ်။ ဒီဖြစ်စဉ်ဟာ ချေးငှားသူတွေရဲ့ ကြွေးမြီတွေကို တစတစ မြင့်မားလာစေပါတယ်။ Standard Mortgage မှာ အကြွေးက တစတစ လျော့သွားတာ ဖြစ်သွားပေမယ့် Subprime Mortgage မှာကျတော့ အကြွေးက တစတစနဲ့ လည်ပင်းထိနစ်အောင် တက်လာတာမျိုးပါ။ ဒီလိုနဲ့ ၂၀၀၄ ခုနှစ်ထဲမှာ အိမ်ဈေးတွေက ၂၀ ရာခိုင်နှုန်းလောက် ထပ်တက်သွားတယ်။ ၂၀၀၅ ခုနှစ်မှာဆိုရင် အသစ် home mortgage များရဲ့ ၂၂ရာခိုင်နှုန်းဟာ subprime တွေဖြစ်နေပြီ။ အိမ်ဈေးတွေက တောက်လျောက်ဆက်တက်လာတယ်။ ဘဏ္ဍာရေးသဘောတရားအရ ဒီလိုဖြစ်လာတာဟာ bubble ဖြစ်လာတာ။ အမေရိကန်ပြည်သူတွေရဲ့ ၀င်ငွေကတော့ တက်မလာဘူး။ တန့်နေတယ်။ ဒီလို အတိုးနှုန်းမြင့်တာလာမှုနဲ့ ၀င်ငွေကတသမတ်တည်းဖြစ်နေမှုတွေ ဖြစ်လာတာနဲ့ foreclosures ဆိုတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ Foreclosure ဆိုတာက အကြွေးနဲ့ ၀ယ်ထားသူက လစဉ်ပေးဆောင်ရမယ့် ငွေကို မပေးတော့တဲ့အခါ ချေးငွေထုတ်ထားပေးတဲ့ ဘဏ် (သို့) အခြားသော lenders များက property ownership ကို လွှဲပြောင်းယူရတာဖြစ်တယ်။ ဘဏ္ဍာရေးဆိုင်ရာ ဘောဂဗေဒ ပညာရှင်တွေက ဒီပြဿနာကို သတိပေးလာကြရတယ်။ ဒါပေမယ့် lenders တွေက ဆက်ချေးနေဆဲပဲ။ foreclosures တွေက ပိုများလာတယ်။ lenders တွေက loans တွေကို mortgage-backed securities တွေအနေနဲ့ အသွင်ပြောင်းလိုက်ကြတယ်။ ဒီနည်းနဲ့ financial risks တွေကို investors တွေရဲ့ ပခုံးပေါ်လွှဲလိုက်ကြတယ်။ ဘဏ္ဍာရေးအင်ဂျင်နီယာတွေက mortgage pools တွေနဲ့ တခြား securities အမျိုးအစားတွေကို စုပေါင်းလိုက်ပြီး investment-grade securities ကို synthesize လုပ်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေလာကြတယ်။
၂၀၀၇ ခုနှစ်အစပိုင်းလဲရောက်ရော အမေရိကန်ဈေးကွက်မှာ အိမ်ဈေးတွေထိုးကျလာတော့တယ်။ ဧပြီလမှာ နိုင်ငံရဲ့ အကြီးဆုံး subprime lender ဖြစ်တဲ့ New Century Financial က Chapter 11 bankruptcies ခံသွားတယ်။ သြဂုတ်လလဲရောက်ရော credit crunch ပြဿနာက financial institutions တွေဆီ ပျံ့ကုန်ပါလေရော။ Mortgage-backed securities တွေမှာ အရှုံးပြလာတယ်။ American Home Mortgage လဲ Chapter 11 bankruptcy ခံလိုက်တယ်။ နှစ်ကုန်ပိုင်းရောက်တော့ ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးတွေဖြစ်တဲ့ UBS, Citigroup, Merrill Lynch, HSBC တို့တွေမှာ ဘီလီယံနဲ့ချီပြီး အရှုံးပြလာတယ်။ ၂၀၀၈ခုနှစ်ထဲရောက်တော့ တစတစပိုဆိုးလာတယ်။ ဇန်န၀ါရီလ (၁၅)ရက်နေ့ထုတ် citigroup ရဲ့ report မှာပါခဲ့တဲ့ စတုတ္ထသုံးလပတ်အရှုံးဟာ ဒေါ်လာ ၁၈.၁ ဘီလီယံအထိ ဖြစ်လာတယ်။
ဒီလိုနဲ့ အတိုးနှုန်းမြင့်တက်လာမှု၊ အိမ်ဈေးထိုးကျမှုနဲ့ အမေရိကန်ပြည်သားများရဲ့ ၀င်ငွေတွေ flat ဖြစ်နေမှု အခြေအနေသုံးရပ်ဟာ Global Financial Crisis ကို trigger လုပ်ပစ်လိုက်ပါတော့တယ်။
ဘယ်သူလာလို့ကယ်ပါ့မယ်
၂၀၀၈ခုနှစ် နှစ်လည်ပိုင်းရောက်တော့ financial crisis ရဲ့ သက်ရောက်မှုတွေကို ထင်ရှားစွာ မြင်နေကြရပြီ။ စတော့ဈေးကွက်ကျဆင်းလာတယ်။ financial institutions ကြီးတွေ collapse ဖြစ်ကုန်တယ်။ တချို့ကျတော့ competitors တွေက ၀ယ်လိုက်ကြတယ်။ ချမ်းသာတဲ့နိုင်ငံကြီးတွေမှာ သက်ဆိုင်ရာအစိုးရတွေက bail out packages တွေ လုပ်လာကြရတဲ့။ Free Market သဘောတရားကို ဆန့်ကျင်ပြီးGovernment Intervention လုပ်လာကြရတယ်။
ပြဿနာနဲ့ပတ်သက်ပြီး စတင်ဖြစ်ပွားခဲ့တဲ့ Wall Street ကို လူတွေက အပြစ်ဆိုလာကြတယ်။ ဘွတ်ခ်ျအစိုးရရဲ့ အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးစနစ်အတွက် $700 billion bailout package နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အများအပြား ပေါ်ထွက်လာတယ်။ နိုဘယ်ဆုရ ဘောဂဗေဒပညာရှင် Joseph Stiglitz ကဆိုရင်
“The administration come up with a bill that is based on trickle-down economics. You throw enough money at Wall Street, and some of it will trickle down to the rest of the economy. It's like a patient suffering from giving a massive blood transfusion while there is internal bleeding; it doesn't do anything about the basic source of hemorrhaging, the foreclosure problem. But it is better than doing nothing and hopefully after the election, we can repair the very many mistakes in it” လို့ ရေးသားခဲ့ပါတယ်။ (Stiglitz, Bail out Wall Street Now, Change them later, Democracy Now!, October 2, 2008)
ဒီလို အမေရိကန်မှာ ရိုက်ခတ်နေတဲ့ ဘဏ္ဍာရေးပြဿနာဟာ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးရဲ့ Transworld character ကြောင့် ဥရောပတိုက်နဲ့ တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဆက်လက်ပျံ့နှံ့သွားတယ်။ ဥရောပတ၀ှမ်းမှာ Financial institutions တော်တော်များများ fail ဖြစ်ပြီး၊ တချို့ဟာဆိုရင် အလျင်အမြန်ကယ်ဆယ်ရမယ့် အခြေအနေတွေ ဖြစ်ကုန်တယ်။ crisis ပျံ့နှံ့မှုက အသွင်သဏ္ဍာန်နှစ်မျိုးနဲ့ဖြစ်လာတယ်။ ပထမတခုက အန္တလန်တိတ်ကနေ ဥရောပဖြစ်ပြီး နောက်ပုံစံတမျိုးကတော့ ဘဏ္ဍာရေးဈေးကွက်ကနေ စီးပွားရေးအဆောက်အအုံတခုလုံးဆီ ပျံ့နှံ့လာတာဖြစ်တယ်။
ဥရောပမှာဆိုရင် သုံးရက်အတွင်းမှာကို နိုင်ငံခုနစ်ခုက ဘဏ်ငါးခုကို bail out လုပ်လိုက်ရတယ်။ ဂျာမဏီမှာ Hypo Real Estate, ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်ခ်နဲ့ နယ်သာလန်မှာ Fortis, ဗြိတိန်မှာ Bradford & Bingley, ဘယ်လ်ဂျီယံ၊ ပြင်သစ်နဲ့ လူဇင်ဘတ်ခ်မှာ Dexia, အိုက်စလန်မှာ Glitnir တို့ဖြစ်ကြပါတယ်။
The Economist Magazine က ဥရောပဘဏ်များဟာ အမေရိကန်ထက်ပိုပြီး vulnerable ဖြစ်ကြောင်း သုံးသပ်ရေးသားပါတယ်။ ဒါကလဲ ပြီးခဲ့တဲ့ အပတ်များတုန်းက အမေရိကန်ရဲ့ အကြီးဆုံး thrift တခုဖြစ်တဲ့ Washington Mutual နဲ့ စတုတ္ထမြောက်အကြီးဆုံး ကော်မာရှယ်ဘဏ်ဖြစ်တဲ့ Wochovia တို့ကို forced sale လုပ်ခဲ့တာကြောင့်ပါပဲ။
ဒီပြဿနာဟာ ဥရောပမှာတင် ရပ်နေတာတော့ မဟုတ်ပါဘူး။ ဟောင်ကောင်၊ အိန္ဒိယနဲ့ ရုရှားက ဘဏ်များကိုပါ ရိုက်ခတ်လာပါတယ်။ ပြဿနာအရပ်ရပ်ဟာ money market မှာ အမြစ်တွယ်နေတာကြောင့် ကမ္ဘာ့စီးပွားရေးအဆောက်အအုံကြီး တခုလုံးကို ကူးစက်နေပါပြီ။ စတော့ဈေးကွက်များ funck ဖြစ်နေပါတယ်။ Interbank market မှာ ဘဏ်အချင်းချင်း ချေးငွေအတွက်ပေးရတဲ့ ဈေးနှုန်းက အရမ်းမြင့်မားလာပါတယ်။ Emerging market တွေမှာ local currencies တွေ plunge ဖြစ်နေပါပြီ။ ဖွံ့ဖြိုးဆဲနိုင်ငံသုံးဆယ်အထိ Balance of Payment ပြဿနာတွေ ပေါ်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဌက ခန့်မှန်းပြောဆိုထားပါတယ်။
စားသောက်ကုန်ပစ္စည်းဈေးတက်မှုတွေ၊ ဖွံ့ဖြိုးပြီးနိုင်ငံများရဲ့ ဘဏ္ဍာရေးမတည်ငြိမ်မှု၊ မရေရာမှုကနေ ပေါ်ထွက်လာမယ့် Knock-on effects တွေ၊ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးအတွက် ပူပန်စိုးရိမ်မှုတွေဟာ ဖွံ့ဖြိုးဆဲတိုင်းပြည်များဆိုင်ရာ ဆန်းစစ်သူပညာရှင်တွေအတွက် စိုးရိမ်ဖွယ်ရာ လက္ခဏာရပ်တွေပဲ ဖြစ်ပါတယ်။
ဘောဂဗေဒပညာရှင် Kanaga Raja က နိုင်ငံတကာ commodity ဈေးကွက်မှာ ဖြစ်ပွားနေတဲ့ price booms တွေကြောင့် commodities-dependent economies တွေဟာ external shocks များကို ခံစားလာရဖွယ်ရှိကြောင်း ဆိုထားခဲ့ပါတယ်။ မက်စ်ဝါဒီများကတော့ စီးပွားရေး ကပ်ဆိုက်မှုများဟာ အရင်းရှင်စနစ်ရဲ့ သွင်ပြင်လက္ခဏာရပ်ဖြစ်ပြီး imperialism နဲ့ underdevelopment အကြား၊ capital နဲ့ labor ကြားက contradictions များအပေါ် အမြစ်တွယ်နေကြောင်း ရှင်းလင်းပြောဆိုကြပါတယ်။ အရင်းရှင်ဝါဒဟာ ဒီလို contradictions များကို အမြင့်ဆုံးအဆင့်ရောက်အောင် တွန်းပို့တာကြောင့် တခြားသော ကပ်ဆိုက်မှုများလဲ ထပ်မံဖြစ်ပွားလာရတယ်လို့ ဆိုကြတယ်။ ဥပမာ- စက်မှု နိုင်ငံကြီးများဟာ oil resources ရှားပါးမှုကို ကိုင်တွယ်နိုင်ဖို့ agricultural food ထုတ်လုပ်မှုကို ဇီဝလောင်စာထုတ်လုပ်နိုင်အောင် ပြောင်းလဲပစ်တာကြောင့် အစားအစာ ထုတ်လုပ်မှုမှာ shortage ဖြစ်ပြီး ဈေးနှုန်းတွေလဲ မြင့်တက်လာတယ်လို့ ထောက်ပြကြပါတယ်။ ဆက်လက်ပြီး အာရှဈေးကွက်ဂယက် ရိုက်ခတ်နိုင်မှုများ အကြောင်းကို ရေးသားဖော်ပြပါမယ်။
(ရှေ့ဆက်ဖော်ပြပါမည်)
ခင်မမမျိုး (၁၉၊ ၁၀၊ ၂၀၀၈)
No comments:
Post a Comment