Saturday, September 20, 2008

Opportunity Cost for Opportunity

အခွင့်အလမ်း အတွက် အခွင့်အလမ်း စရိတ်


အဓိက စီးပွားရေး ပြဿနာသည် ရှားပါးမှု (Scarcity) ပင် ဖြစ်သည်။ ဘောဂဗေဒ တွင် ဆိုရိုးတစ်ခု ရှိသည်။ "ထမင်း တစ်နပ်သည် အလကား ဘယ်တော့မှ မရနိုင်" (There is no such thing as a free lunch) ဟူသော စကားဖြစ်သည်။ အရာရာ တိုင်းတွင် ပေးဆပ်မှုများ ရှိသည်။ ပေးဆပ်မှု တိုင်းနှင့် ပြန်ရမှု တိုင်းတွင် အတိုင်းအတာ ရှိသည်။ ထို အတိုင်းအတာ များသည်လည်း အကန့်အသတ် များကြား၊ ဘောင်များ အတွင်းတွင် ဖွဲ့စည်း တည်ရှိနေသည်။

သယံဇာတ များသည် အကန့်အသတ် ရှိသည်။ သဘာဝ သယံဇာတ ပင်ဖြစ်စေ၊ အရင်းအနှီး များပင်ဖြစ်စေ၊ လူ့စွမ်းအား များပင်ဖြစ်စေ အကန့်အသတ် ရှိသည်။ နေရောင် ပင်ဖြစ်စေ နေ့အချိန် တွင်သာ ရရှိ တတ်သည်။ လေ သည်လည်း ထို့အတူပင် ဖြစ်သည်။ ကမ္ဘာ မြေပြင် အထက် ပိုရောက် လေလေ၊ လေထု ပါးလွှာ လာလေလေ ဖြစ်သည်။ တောတောင် ပင်လယ် များသည်လည်း အကန့်အသတ် ရှိသည်။ ထို သယံဇာတများကို ဖန်တီး ပြုပြင်ခြင်းမှ ဖြစ်စေ၊ သဘာဝ အတိုင်း ဖြစ်စေ လူတို့ အတွက် အသုံးဝင်မှု ဖြစ်စေသည်။ လူတို့၏ လိုအင် ဆန္ဒများကို ဖြည့်ဆည်း ပေးသည်။ သို့သော်လည်း လူ့ဆန္ဒကား အတော မသတ်သော သဘော ရှိသည်။ လူ့အလိုကို နတ် မလိုက်နိုင် လောက်အောင် များလှသည်။ လိုတိုင်း ရသည့် ပဒေသာပင် ဆိုသည်ကား ပုံပြင်သာ ဖြစ်သည်။ ရလေ လိုလေ အိုတစ္ဆေ ဆိုသော စကားလည်း ရှိပါသည်။

ပဒေသာပင် ရှိလျှင်လည်း လူ့ဘဝသည် ပျော်စရာ ကောင်းမည် မထင်။ လိုတိုင်း ရသော ဘဝသည် အမှန်တကယ် ဖြစ်လာမည် ဆိုပါက စိတ်ညစ် ရမည် ဖြစ်သည်။ လိုတိုင်း မရသော ဘဝ ကတော့ ပိုဆိုးပါသည်။ သို့သော်လည်း လိုတိုင်း မရသော ဘဝတွင်ပင် အရာရာကို ပြေလည်အောင် ပြုပြင် နေထိုင် ရခြင်းသည် ပင်လျှင် လူ့ဘဝ ပင်ဖြစ်သည်။ ထိုသို့သော လူ့ဘဝတွင် အခွင့်အလမ်း စရိတ်များနှင့်သာ လည်ပတ် နေသော သဘော ရှိပါသည်။

အခွင့်အလမ်း စရိတ်နှင့် ပတ်သက်ပြီး ဝေါဟာရအချို့ကို တင်ပြလိုပါသည်။ ဘောဂဗေဒတွင် စီးပွားရေး ကုန်စည် (Economic Goods) နှင့် အခမဲ့ ကုန်စည် (Free Goods) ဆိုပြီး သတ်မှတ် ထားပါသည်။ (Economic Goods) များသည် အခွင့်အလမ်း စရိတ် ပါဝင်သော ကုန်စည် များကို ဆိုလိုပြီး၊ (Free Goods) များ ကိုတော့ အခွင့်အလမ်း စရိတ် မပါဝင်သော ကုန်စည်မျိုးကို ဆိုလိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆို ထားပါသည်။ ဥပမာ ဆောက်လုပ်ရေး လုပ်ငန်းတွင် ပုံထားသော သဲများကို စီးပွားရေး ကုန်စည်များ ဟု သတ်မှတ် ပါသည်။ အကြောင်း ကတော့ လုပ်ငန်းသုံး သဲများဖြစ်နေပြီး ဝယ်ထား ရသောကြောင့် (Opport -unity Cost) များ ပါဝင်နေ၍ ဖြစ်သည်။ ဆာဟာရ သဲကန္တာရ အတွင်းရှိ သဲများ ကိုတော့ သဘာဝအတိုင်း ဖြစ်နေသောကြောင့် အခမဲ့ ကုန်စည်ဟု သတ်မှတ်သော သဘော ဖြစ်သည်။ သဘာဝ အတိုင်း ရှိနေ သေးသောကြောင့် လည်းကောင်း၊ အသုံး မပြုသေးသောကြောင့် လည်းကောင်း သတ်မှတ်ခြင်း ဖြစ်သည်။ ထိုဆာဟာရမှ သဲများကို သယ်ယူပြီး ဆောက်လုပ်ရေး အတွက် သုံးမည်ဆိုလျှင် ယင်းကို အခမဲ့ကုန်စည်ဟု မခေါ်ဆို နိုင်တော့ပါ။ Opportunity Cost ပါနေပြီဖြစ်၍ Economic Goods ဖြစ်သွား ပါလိမ့်မည်။ ယင်း သည်ပင်လျှင် ဘောဂဗေဒ အတွက် တွေးဆ စရာများ လာပါသည်။

ဖလှယ်ခြင်း (Exchange) လုံးဝ မရှိသေးသော ကုန်စည်များ၊ တစ်နည်း အားဖြင့် သဘာဝ အတိုင်းရှိနေသော ကုန်စည်များကို အခမဲ့ ကုန်စည်ဟု သတ်မှတ် မည် ဆိုလျှင် စီးပွားရေး ရှုထောင့် အရကုန်စည် (Goods) ဟု ခေါ်ထိုက်၊ မခေါ်ထိုက် သော ပြဿနာ ဝင်လာ ပါသည်။ ဥပမာ - သဘာဝအတိုင်း ရှိနေသော လေကို အခမဲ့ ကုန်စည်ဟု သတ်မှတ်သည်။ ယင်းလေကို အကျွန်ုပ်တို့ ရှူနေပါသည်။ ရှူလိုက်ခြင်းဖြင့် ယင်းလေသည် အခမဲ့ မဟုတ်တော့ပါ။ အကြောင်းကတော့ အကျွန်ုပ်တို့ ရှူလိုက် သောကြောင့် ဖြစ်သည်။ လေသည် အလိုလို နှာခေါင်းထဲ၊ ပါးစပ်ထဲသို့ တိုးဝင်လာခြင်း မဟုတ်ပါ။ အကျွန်ုပ်တို့ ရှူလိုက်ခြင်းသာ ဖြစ်ပါသည်။ ရှူလိုက် သည့်အတွက် အင်အား စိုက်ထုတ် ရပါသည်။ အင်အား စိုက်ထုတ် သုံးလိုက်သည့်အတွက် Exchange ပါသွားသည်။ Exchange ပါသွားလျှင် Opportunity Cost လည်း ပါလာပါသည်။ ယင်းလေသည် အခမဲ့ကုန်စည် မဟုတ်တော့ပါ။ ထိုသို့ စဉ်းစားလျှင် အရာရာတိုင်းသည် Free Goods ဖြစ်ပါတော့ မလား ဟူသော အတွေးလည်း ရှိလာ ပါမည်။ Free Goods ဖြစ်ဆဲသာ ရှိနေ သေးလျှင်လည်း လူတို့အတွက် အသုံးဝင်မှု မရှိသေး သော အရာ ကိုလည်း ကုန်စည် (Goods) ဟု ခေါ်မည် လားဆိုသည့် စဉ်းစား စရာလည်း ရှိနေပါသည်။

လူ့လောကသည် အကန့်အသတ်ဖြင့်သာ တည်ဆောက် ထားသည်။ ထို အကန့်အသတ် သည်ပင်လျှင် ရှားပါးမှု သဘောကို ဆောင် နေပါသည်။ ရှားပါးသော သဘာဝ ကြောင့်လည်း လူတို့၏ အတော မသတ်နိုင်သော ဆန္ဒကို မဖြည့်ဆည်း နိုင်တော့ပါ။ ထို့ကြောင့် တစ်ခု လိုချင်လျှင် တူညီသော နောက်တစ်ခုကို စွန့်လွှတ် လိုက်ရသည်။ The Next Best Alternative Forgone ဖြစ်သည်။ The Next Best သည် The Second Best မဟုတ်ပါ။ တူလည်း မတူနိုင်ကြပါ။ ဥပမာ - လက်ထဲတွင် ငွေနှစ်ထောင် ကျပ်ရှိမည် ဆိုပါစို့။ စတိတ်ရှိုး လက်မှတ် တစ်စောင်ကို ၂ဝဝဝိ ဖြစ်သလို၊ ဘာဘီကျူ လက်မှတ် တစ်စောင် လည်း ၂ဝဝဝိ ဖြစ်မည်။ အချိန်ကလည်း တစ်ချိန်တည်း ကျင်းပမည်။ နေရာတော့ မတူပါ။ ကန့်သတ် မှု အတိုင်းအတာ အရ စတိတ်ရှိုး ကြည့်ချင်လျှင် ဘာဘီကျူကို လက်လွှတ် ရမည် ဖြစ်သည်။ ဘာဘီကျူ စားမည်ဆိုပါက စတိတ်ရှိုးကို လက်လွှတ် ရမည်ဖြစ်သည်။ ယင်းသည် ငွေ အကန့်အသတ် ကြောင့် လည်းကောင်း၊ အချိန် အကန့် အသတ် ကြောင့် သော်လည်းကောင်း၊ စသည့် ကန့်သတ်မှု များကြားမှ ကြိုက်ရာနှင့် သင့်ရာကို ရွေးချယ် လိုက်ရခြင်း ဖြစ်သည်။ တစ်ခု လိုချင်လျှင် အခြား တူညီသော အရာ တစ်ခုကို စွန့်လွှတ် လိုက်ရသော သဘော ရှိသော်လည်း The Next Best ဆိုသည့် အတွေး ကို လူ့ သဘာဝအရ The Second Best ဟု ဇွတ် သတ်မှတ်လေ့ ရှိပါသည်။ စပျစ်သီး ချဉ်သည့် ဥပမာ မျိုး ဖြစ်သည်။

အခွင့်အလမ်း စရိတ် သည် တန်ရာတန်ကြေး ပေးဆပ်ရသော သဘော ရှိပါသည်။ ထို တန်ရာတန်ကြေး ပေးဆပ်မှု၏ နောက်ကွယ် တွင်လည်း စရိတ်နှင့် အကျိုး ဆန်းစစ်ဖို့လည်း လိုပါသည်။ မိမိနှင့် လိုက်ဖက်မည့် အခြေအနေကို ရယူရာတွင် ပေးဆပ် သင့်သည့် အခွင့်အလမ်း စရိတ်ကိုလည်း ပေးဆပ် တတ်ရန် လိုပါသေးသည်။ အခွင့်အရေး တစ်ခု ရရှိဖို့အတွက် မတန်မရာ ပေးဆပ် လိုက်ရ မှုများလည်း ရှိနိုင်ပါသည်။

အချို့ ကလည်း ပြန်ရ ချက်များကို တွက်ဆ ကြရာတွင် ပိုသာ သော ပြန်ရ ချက်ကိုသာ မျှော်ကိုး တွက်ဆ ကြပါသည်။ လူ့ သဘာဝ ဖြစ်သောကြောင့် အပြစ်ဟု မဆို နိုင်သော်လည်း ပိုသာ သော ပြန်ရချက် ဖြစ် မဖြစ် တော့ ဆန်းစစ်ရန် လိုပါသည်။ Opportunity Cost သဘောအရ ဆန်းစစ်မည်ဆိုပါက တူညီသော ပေးဆပ်မှု များနှင့် တူညီသော ရယူမှု များသာ ဖြစ်နေ တတ်ပါသည်။ သာသည် ဟု ထင်နေ ကြသူများ လည်း မသာကြပါ၊ နာသည် ဟု ထင် နေကြသူများလည်း ... မနာကြပါ။ သဘာဝ တရားသည် မျှတပါသည်။

ဥပမာ - ရသင့်သည် ဟု ထင်ထားသော မျှော်မှန်းချက် ဖြစ်မလာ သောအခါ နာသည်ဟု ထင်ကြပါသည်။ သို့သော် ပေးဆပ် လိုက်သော၊ တူညီ သည်ဟု ထင်ထား သော စွန့်လွှတ်မှု အခွင့်အလမ်း စရိတ် (Opportunity Cost) သည် တူညီ သည် မညီ သည် ကိုတော့ စဉ်းစား ရန် မေ့နေ တတ်ပါသည်။ လူသည် ပြန်ရ တာလောက်သာ ကြည့်တတ် သည်။ ပေးလိုက် သည်ကိုတော့ များပင် များနေ သေးသည်ဟု ထင်တတ် ကြသည်။ အမှန်အားဖြင့် ထိုမျှ ရင်းနှီး ထားသည့် အတွက်ကြောင့်သာ ထိုသို့ ပြန်ရခြင်း ဖြစ်ပါသည်။ အခွင့်အလမ်း စရိတ် သဘော နားလည်လျှင် ကျေနပ် နိုင်ကြပါသည်။

အခွင့်အလမ်း နှင့် ပတ်သက် လာလျှင် ရယူ ပိုင်ဆိုင်ခြင်း အတွက် ပေးဆပ်ခြင်း မှ အခြေ တည်ပါသည်။ ပေးမှ ရသော သဘော ရှိပါသည်။ ရမှ ပေးမှာပေါ့ ဟူသော သဘောသည် မသေချာ မရေရာ သော သဘောဖြစ်သည်။ Give and Take ဆိုသော စကားကိုသာ သုံးကြသည်။ Take and Give ဟူသော စကားကိုမူ ကား သုံးခဲသည်။ ဥပမာ - ကျောင်းသား တစ်ဦးသည် တက္ကသိုလ် တက်ရောက် ပညာ သင်ကြားမည် ဆိုပါစို့။ ယင်း အတွက်တော့ အရင် ပေးဆပ်မှု ရှိရ မည်ဖြစ်သည်။ ပေးဆပ်မှု များကား အခြား သုံးစွဲမည့်ငွေများကို တက္ကသိုလ် ပညာရေး အတွက် သုံးစွဲ လိုက်ရမည် ဖြစ်သည်။ အပျော်အပါး ထက် စာကို တစိုက်မတ်မတ် ကြိုးစား ရမည်ဖြစ်သည်။ အချိန်ကိုလည်း ပညာရေး အတွက် တန်ဖိုးထားပြီး သုံးစွဲ ရမည် ဖြစ်သည်။ ထိုသို့ မှန်မှန် ပေးဆပ် လိုက်သည်နှင့်အမျှ ပြန်ရချက် သည်လည်း မှန်လာမည် ဖြစ်သည်။ အခွင့်အလမ်း စရိတ်သဘော သည် ညာ၍ မရပါ။ တူသော အကျိုးကို ပေးမည် ဆိုသည်ကား အခွင့်အလမ်း စရိတ် သဘောဖြစ်သည်။ အခွင့်အလမ်း စရိတ်သဘောသည် အရာရာတွင် ရှိသည်။ လူမှုရေး နယ်ပယ်တွင် အရေးကြီး သည်။ အခွင့်အလမ်း စရိတ် သဘောကို လွှဲရှောင်၍ မရနိုင်ပါ။ လူကြီးလူကောင်း ဖြစ်လာသူများ၊ အများက ကြည်ညို လေးစားခြင်း ခံရ သူများ လည်း အများအတွက် အနစ်နာခံမှုများ၊ တော်တည့် မှန်ကန် ဖြောင့်မတ်မှုများ ကို ပြုလုပ်ခဲ့ကြ ခြင်းကြောင့် သာ ဖြစ်လာ ရသော သဘော ရှိပါသည်။ လူတို့သည် လူအချင်းချင်း အလကား အထင်ကြီးလေ့ မရှိပါ။

ထို့ကြောင့် အခွင့်အလမ်း (Opportunity) ထက် အခွင့်အလမ်း စရိတ် (Opportunity Cost) က ပို အရေးကြီး ပါသည်။ ရယူခြင်း များသည် ပေးဆပ်ခြင်း မှသာ ဖြစ်ပေါ်ပါသည်။ ပေးဆပ်ခြင်း မရှိသော ရယူခြင်းများ ဘဝတွင် ရှိခဲ့ပါမူ ပြန်လည် ဆန်းစစ် သင့်ပါသည်။ ပေးဆပ်မှု များ ရှိတတ် ပါသည်။ ပေးဆပ် လိုက်ရသော အခြေအနေ များကို မိမိ ကိုယ်တိုင် မသိသေးသော အခြေအနေ ကြောင့်သာ ဖြစ်သည်။ ဆန်းစစ် နိုင်မှု၊ သုံးသပ်နိုင်မှု၊ ဆင်ခြင်တုံတရား နည်းသူများတွင် ဖြစ်တတ် ပါသည်။

အခွင့်အလမ်း နှင့် အခွင့်အလမ်း စရိတ် သဘောကို လူတို့ မှန်ကန်စွာ သုံးသပ် နိုင်ရန်အတွက် လူတို့၏ မျှော်လင့်ချက်များ ပီပြင်ရန်လည်း အရေးကြီး ပါသည်။ Rational Expectations များ ဟု ခေါ်နိုင် ပါသည်။ အမြင်မှန် တတ် စေရန်လည်း အမှန်မြင် နိုင်သော ဘဝမျိုးများ ရှိရမည် ဖြစ်သည်။ ထိုသို့သော ဘဝမျိုးများတွင် လူတို့သည် မည်သည့် အရာများကို စွန့်လွှတ် အနစ်နာခံပြီး မည်သည့်အရာများကို ရယူ ပိုင်ဆိုင် ကြမည်ကို စဉ်းစား ဆုံးဖြတ် လာကြမည်ဖြစ်သည်။ သူတို့၏ မျှော်လင့်ချက် ပန်းတိုင် များသည် ပီပြင် နေရမည် ဖြစ်သည်။ တံလျှပ်များ ကြားတွင် နေထိုင်သော ဘဝ မျိုးများတွင် လူတို့သည် အခွင့်အလမ်းကို အခွင့်အလမ်း စရိတ်ဖြင့် ရယူရန် စဉ်းစား ခဲကြ ပါသည်။ အခွင့်အလမ်း စရိတ် မရှိဘဲနှင့် အခွင့်အလမ်းများ ရယူရန် ကြိုးစား ရမည်ဖြစ်သည်။ သို့သော်လည်း ထို ရယူ လိုက်သည့် အခွင့်အလမ်း များ သည်ပင်လျှင် အခွင့်အလမ်းစရိတ် မှ မလွတ်နိုင်ပါ။ မိမိ ပေးဆပ် လိုက်ရသော အခွင့်အလမ်း စရိတ်ကို မိမိ ကိုယ်တိုင် မသိသေး သောကြောင့်သာ ဖြစ်ပါသည်။

၂၀၀၅ ခုနှစ်၊ စက်တင်ဘာ လ (၁၃) ရက်နေ့ ထုတ်၊ အခွင့် အလမ်း ဂျာနယ်၊ အမှတ်စဉ် (၁) မှ ဆရာ ဒေါက်တာ မောင်မောင်စိုး (ဘောဂဗေဒ) ၏ ဆောင်းပါး အား ပြန်လည် ကူးယူ ဖေါ်ပြပါသည်။

1 comment:

  1. ဒီပိုစ်အတွက် ကျေးဇူးတင်ပါတယ်။ စာရေးသူကိုရော ပိုစ်တင်ပေးတဲ့ ကိုကြီးစိုးထက်ကိုရော... ကျေးဇူးပါ :)

    ReplyDelete