Wednesday, July 30, 2008

ခုံပူကြီးပေါ်ကလူ (၁)


“ ခင်ဗျား အလုပ်က အေးဆေး ပဲနော်။ သက်သက် သာသာပဲ။ ကျွန်တော်တောင် အဲလို လုပ်ရ ကောင်းမလား ပဲ ဟား ဟား ဟား . . . ”

“ မင်းကိုတော့ အားကျ တယ်ကွာ။ အခန်းထဲမှာ အဲကွန်းလေးနဲ့၊ စားပွဲ ကုလားထိုင်နဲ့၊ ကွန်ပျူတာနဲ့ ဘာမှ ပူစရာ မလိုဘူး။ တို့မှာတော့ တနေ့တနေ့ ပြေးလွှား နေရတာ။ မင်းလိုမျိုး သက်သာတဲ့ အလုပ်တော့ လုပ်ချင်သားပဲ ”

“ အကိုက အခန်းထဲမှာ အေးဆေးလေး နေရတာလေ။ သမီးတို့က ရင်ဆိုင် နေရတာလေ။ အကို့လိုတော့ တခါတခါ နေရရင် ကောင်းမှာပဲလို့ တွေးမိတယ် ”

“ သူက ဘာသိမှာတုန်း ရုံးထဲမှာ ထိုင်ပြီး ဟိုလူ့ခိုင်း ဒီလူ့ခိုင်းနဲ့ သူ့လိုတော့ လူတိုင်း လုပ်တတ်တယ် ပြောမကောင်း လို့သာ ဟွန်း ”

အဲဒီ့အသံတွေကို ကျွန်တော် ကြားနေကျ ဖြစ်သွားတော့ ရိုးသွားတယ်။ ပျင်းသွားတယ် ပေါ့ဗျာ။ ကျွန်တော်ထင်ပါတယ်။ အရာရှိ တော်တော် များများ၊ CEO တော်တော် များများ၊ ပိုင်ရှင် တော်တော်များများ ဒီလို အသံတွေကို ကြားတိုင်း ပြုံးကြ လိမ့်မယ်လို့။ ဒီအသံ တွေက အဲဒီ့လူတွေ အတွက် နေ့စဉ် နေ့တိုင်း နီးပါး “မင်္ဂလာပါ” လို့ နှုတ်ခွန်းဆက် နေသလို ဖြစ်နေမယ် ဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး။ ဒါဟာ ပတ်ဝန်းကျင်က ရုတ်တရက် ကြည့်ပြီး ဖြစ်စေ၊ သေချာ မသိလို့ ဖြစ်စေ ဝေဖန်ကြတဲ့ ပြောဆို နေကြတဲ့ စောင်းမြောင်း နေကြတဲ့ စကားသံ တွေပါပဲ။ ဟုတ်ကဲ့ သူတို့တွေ အဲဒီလိုသာ ပြောနေကြတာပါ အဲဒီ့နေရာရဲ့ တကယ့်အစစ်အမှန် အရသာ၊ အစစ်အမှန် အတွေ့အကြုံတွေကို မကြုံဖူး ကြသေးလို့ပါ။ အဲဒီ့နေရာတွေကို မရောက်သေးလို့ပါ။ တကယ်တမ်း အဲဒီ့ နေရာတွေကို ရောက်သွားတဲ့ လူတစ်ယောက်၊ အဲဒီ့တာဝန်တွေကို ယူရတဲ့လူတစ်ယောက် ဖြစ်ခဲ့ရင် ဒီစကားမျိုး ဘယ်တော့မှ ထွက်လာမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် ကျိန်းသေ ပြောရဲပါတယ်။ အဲဒီ့လူ အားလုံးဆီကနေ တညီတညာထဲ ထွက်လာမယ့် အသံက တစ်ခွန်းထဲပါ “ ထိုင်ကြည့်စမ်းပါ ဒီနေရာက ခုံပူကြီးရယ် ” အဲဒီ့စကားပဲ ပြောဖြစ်မှာပါ။ ဗေဒင်မေးရင် ဆန်ကုန်တယ်။

“ အပင်မြင့်ရင် လေပို တိုက်ခံရတယ် ” အဲဒီ့စကားကို ကျွန်တော် တော်တော် နှစ်သက်ပါတယ်။ တကယ်လည်း မှန်တဲ့စကားပါ။ ရာထူးကြီး လာလေလေ တိုက်ခိုက် ခံရတာ များလာလေလေပါပဲ။ လူတွေ အမြင်မှာ အဲဒီ့လူတွေဟာ ဘာမှမသိတဲ့ သူတွေလို၊ ကိုယ်ချင်းစာ တရား မရှိတဲ့ လူတွေလို၊ သက်တောင့်သက်သာ နေချင်တဲ့ သူတွေလို ထင်မြင် နေကြတာပါ။ တကယ်တော့ သူတို့ တာဝန် တွေဟာ သူများတွေ ထင်တာထက် ပိုပြီး ကြီးပါတယ်။ CEO တစ်ယောက်၊ ပိုင်ရှင် တစ်ယောက်ဟာ သူကျင်လည်နေရတဲ့ Organization တစ်ခုလုံးရဲ့ ဝင်ရိုးပါ။ သူဟာ အဓိက အကျဆုံး အပိုင်းကနေ လှုပ်ရှားနေတာပါ။ သူထလုပ်မှ အလုပ်လုပ်တာ မဟုတ်ပါဘူး။ ထိုင်နေရင်းကလဲ သူ အလုပ်လုပ် နေတာပါပဲ။ သူတို့မှာ သူများတွေ ထက် ပိုပြီး pressure များပါတယ်။ သူတို့ဟာ ကျန်တဲ့ သူတွေထက် ပိုပြီး reponsibility များပါတယ်။ သူတို့တွေဟာ စကားတစ်ခွန်း၊ ဆုံးဖြတ်ချက်တစ်ခု အဲဒါတွေကို လွယ်လွယ် ကူကူ ပြောလို့၊ ဆုံးဖြတ်လို့ မရပါဘူး။ ဒါကို သူတို့ အောက်က ဝန်ထမ်းတွေ သူတို့ ပတ်ဝန်းကျင်က လူတွေ သတိ ထားမိချင်မှ ထားမိ ပါမယ်။ သိချင်မှလည်း သိပါလိမ့်မယ်။ သတိ မထားမိတာ၊ မသိကြတာ များပါတယ်။ ဒါကြောင့်လဲ ခုနကလို စကားသံတွေ ထွက် လာတာပေါ့။

ကိုယ့်ထက်သာရင် မနာလိုတာ လူ့သဘာဝပါ။ ဝန်ထမ်း တော်တော်များများဟာ ကိုယ့်အထက်ကလူဆိုရင် မုန်းတတ်ကြပါတယ်။ CEO အဆင့် ပိုင်ရှင် အဆင့်ဆိုရင်တော့ ဆိုဖွယ်ရာ မရှိပေါ့။ အဲဒီ့လူတွေဆိုရင် ရွံကြောက်ကြီး ဖြစ်ကြတာ များပါတယ်။ ကိုယ့်ထက် ရာထူးကြီးတော့ ကြောက်တယ်။ ကိုယ့်ကို ခိုင်းတော့ မုန်းတယ် ရွံတယ်။ သူတို့ မတွေးတဲံ အချက် တစ်ချက်ကိုတော့ ပြောပြ ချင် ပါတယ်။ အဲဒီ့ လူတွေက သူတို့ကို ဦးဆောင်နေပြီ ဆိုကထဲ အဲဒီ့လူတွေမှာ သူတို့ထက် သာတဲ့ အချက်တွေ ရှိတယ်ဆိုတာကို မတွေး တော့ ပါဘူး။ အဲဒီ့ လူတွေ ဆီကနေ ကိုယ့်မှာ လိုအပ်နေတဲ့ ပညာတွေ၊ ကိုယ့်ထက် သာနေတဲ့ အချက်တွေကို ဓမ္မဓိဌာန် ကျကျ သင်ယူ ဖို့၊ လေ့လာဖို့ မစဉ်စားတော့ပဲ ကွယ်ရာမှာ အပြစ်တွေပြော၊ ဘယ်လိုပြန်ပြီး အကြောင်းပြရမလဲ ဒါပဲ အချိန်ပြည့် စဉ်းစား နေကြ လို့ သူတို့လို နေရာမျိုး မရောက်ပဲ သူတို့ကို အတင်းပြော နေရတဲ့ ဘဝမှာပဲ ရပ်တန့် နေကြရ တာပါ။ ဒါလေးကို သေချာ သတိ ပြုမိ စေချင် ပါတယ်။ တကယ်လို့ ခင်ဗျားဟာ ခင်ဗျား အထက်ကလူကို နေ့စဉ် ဒါမှမဟုတ် အလုပ်တစ်ခု ပေးတိုင်း ကျိန်ဆဲမိ နေပြီ ဆိုရင်တော့ အပြန်ဆုံး ရပ်ပြီး ကျွန်တော် ပြောတာကို တစ်ချက် ပြန်စဉ်းစား ကြည့်ပါ။ အဖြေ တစ်ခုတော့ ရပါလိမ့်မယ်။ အဲဒီ့ အဖြေကို သေချာ သုံးသပ်နိုင်ရင် ခင်ဗျားမှာ တက်နေတဲ့ ပြဿနာတွေ အနည်းနဲ့အများ ဆိုသလို ပြေပျောက် သွားပါလိမ့်မယ်။ မယုံရင် စမ်းကြည့်ပါ။ လက်တွေ့ အကျိုးရှိ ပါလိမ့်မယ်။

ခုံပူကြီးပေါ်က လူတွေဟာ အောက်က လူတွေရဲ့ တီးတိုးသံတွေ၊ အမူအယာတွေ၊ အပြုအမူတွေကို မသိ မရှိပါဘူး။ တနည်းနည်း နဲ့တော့ သိကြ တာပါပဲ။ ထုတ်ပြောချင်မှ ပြောကြမှာပါ။ တခါတလေလဲ စကားကြုံလို့ ပြောသလို ပြောကြ ပါလိမ့်မယ်။ ဒါမှမဟုတ် တခြား တစ်ခုခုနဲ့ ဥပမာပေးပြီး ပြောကြ ပါလိမ့်မယ်။ ပြောချင်မှလဲ ပြောလိမ့်မယ်။ သူတို့က ပေါ်တင် ထုတ်ပြောလာတာမျိုးလဲ ရှိပါ လိမ့်မယ်။ အဲဒါတွေ ကတော့ သူတို့တွေ အခြေအနေနဲ့ ကိုင်တွယ်ပုံတွေမှာ စဉ်းစားပြီး ပြုမူ ဆောင်ရွက်ကြတာပါ။ တစ်ဦးနဲ့တစ်ဦးတော့ မတူနိုင်ပါဘူး။ ဒါပေမယ့် သိတာတွေကတော့ တူကြပါတယ်။ ကိုယ်က သူမသိဘူးထင်လို့ ပြောတာဖြစ်စေ၊ လုပ်တာဖြစ်စေ လုပ်ပြီးလို့ အဲဒီ့လူကို ခုံပူကြီးပေါ်က လူတွေက ခေါ်ပြောလိုက်ရင် အံ့သြ သွားကြတာ များပါတယ်။ မအံ့သြပါနဲ့ သူတို့တို့တွေ အဲဒီ့လို သိနိုင်ကြားနိုင် လုပ်နိုင်လို့လဲ အဲဒီ့ နေရာတွေမှာ မြဲနေကြတာပါ။ မျက်စိ တစ်သိန်း၊ နားတစ်သိန်း ရှိကြပါတယ်။ မပြောရင်သာ ရှိမယ် သိပြီး ကြားပြီး သားပါ။

ရာထူးကြီး လာလေလေ ခုံပေါ်က မထရလေလေ။ ခုံကပိုပြီး ပူလာလေလေပါပဲ။ သူတို့ဟာ သင်္ဘော ကပ္ပတိန်တွေနဲ့ ပိုပြီးတူပါတယ်။ သင်္ဘော စထွက်ရင် ထိပ်ဆုံးက တက်ရသလို၊ သင်္ဘောဆိုက်ရင် (သို့) သင်္ဘောပျက်ရင် နောက်ဆုံးမှ ဆင်းရ သူတွေပါပဲ။ အောက်ခြေ က တက်လာသမျှ ပြဿနာတွေ အားလုံးဟာ ကြီးကျယ် လာတာနဲ့ အမျှ ခုံပူကြီး ပေါ်ကလူက ပိုပြီး ပင်ပန်းသလို သူကပဲ အဖြေ ထုတ်ပေး၊ တာဝန်ယူပေးရတာပါ။ သူဝင်ပါရမယ့် အချိန်၊ သူဖြေရှင်းပေးရမယ့် အချိန်ကို ခုံပူကြီးပေါ်ကလူက အမြဲတမ်း စောင့်ကြည့် နေတာပါ။ ဒါကို တချို့က ဘာမှ မလုပ်သေးဘူး၊ မလုပ်တတ်ဘူးလို့ ထင်မြင် ယူဆ ကြတာကတော့ အံ့သြစရာပါပဲ။ ခုံပူကြီးပေါ်က လူဟာ သူဝင်ပါရမယ့် အချိန်၊ သူကိုင်တွယ်ရမယ့် ချိန်ကို အမြဲတမ်း သိပါတယ်။ ခုံပူကြီးပေါ်ကလူဟာ သူဝင်ပါရပြီဆိုကထဲက အဖြေထုတ် ပေးရပါပြီ။ အဲဒီ့အတွက် သူ့မှာ တာဝန်တွေ၊ ဆုံးဖြတ်ချက်တွေ၊ ကတိတွေ ပါပြီးသားပါ။ သူ လွယ်လွယ်ကူကူ ဝင်မပါ တတ်ပါဘူး။

ခုံပူကြီးပေါ်က လူတွေ အကြောင်းကို သေချာမသိ၊ အဲဒီ့လို နေရာကိုသာ လိုချင်နေတဲ့ လူတွေကို မြင်တိုင်း ရီ(ရယ်)ချင်ပါတယ်။ အဲဒီ့ လူ ခိုင်းတာ ကိုတောင် မလုပ်နိုင် သေးပဲနဲ့ သူ့နေရာ၊ သူ့အလုပ်တွေ တာဝန်တွေကို ယူချင်တယ် ဆိုရင်တော့ လှေကားထစ်ကို ပထမထစ်ကနေ စပြီးမတက်ပဲ ထိပ်ဆုံး တန်းရောက်ချင်တဲ့ သူလို ဖြစ်နေ ပါလိမ့်မယ်။ “ စိုင်ကော်လို့ ခြုံပေါ်ရောက်တဲ့ လူ” တွေ အတွက် တော့ မပြောတတ်ဘူး ပေါ့လေ။ ဒါပေမယ့် အဲဒါကလဲ သေချာ စဉ်းစားကြည့်ပါအုံး။ စိုင်ကော်လိုက်လို့ အမြင့်ပေါ် ရောက်သွား တယ် ပေါ့လေ။ ဒါပေမယ့် ရောက်တဲ့ အမြင့်ကလဲ ခြုံ။ ခြုံဆိုမှတော့ ဘယ်မှာ လာပြီး အောက်ခြေ ခိုင်ပါ့မလဲ။ အင်း အဲဒီလိုလူတွေ ခြုံပေါ်က ပြုတ်ကျရင် “ဘုန်း” ကနဲ အသံကြီးကြားရပြီး အကျ နာတတ်ပါတယ်။ သတိထား စေချင်ပါတယ်။ ကျွန်တော်ပြောနေကျ စကား တစ်ခွန်းရှိပါတယ် “ ထိုင်ကြည့်လေ၊ ဒါပေမဲ့ ခုံကတော့ပူတယ် ” လို့။ ကျွန်တော့်လိုပဲ ခုံပူကြီးပေါ်က လူတွေလဲ ပြောကြ မယ်လို့ ထင်ပါတယ်။ နောက်မှ ပဲဆက်ပြီး အဲဒီ့ အတွေ့အကြုံတွေကို ဆက်ရေးပါ့မယ့်။ အခုတော့ ဒီလောက်ပဲပေါ့။ တော်သေးပြီ။

5 comments:

  1. ကောင်းလိုက်တဲ့ ခုံပူကြီး ။ စာတွေ များများရေးနိုင်ပါစေ ကိုဇီးရိုးကြီး

    ReplyDelete
  2. ကောင်းလိုက်တဲ့ ခုံပူကြီး ။ စာတွေ များများရေးနိုင်ပါစေ ကိုဇီးရိုးကြီး

    ReplyDelete
  3. မိုက်တယ် ဗျာ ခုံပူကြီး ဒါပေမယ့် ပန်ကာထိုးပြီး ထိုင်နိုင်အောင် တော့လုပ်ရမယ် ဟဲ ဟဲ

    ReplyDelete