Friday, September 5, 2008

Never disappoint, be sturdy

စိတ်မပျက်နဲ့ အားတင်းပါ

၂၀၀၈ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့ထုတ်၊ အခွင့် အလမ်း ဂျာနယ်၊ အမှတ်စဉ် (၁၄၆) မှ ဆရာကြီး လူထု စိန်ဝင်း ၏ ဆောင်းပါး အား ပြန်လည် ကူးယူ ဖေါ်ပြပါသည်။

မတွေ့တာ ဆယ့်လေးငါးနှစ်လောက် ကြာပြီဖြစ်တဲ့ မိတ်ဟောင်း၊ ဆွေဟောင်း တစ်ယောက် လာလည်ပါတယ်။ သူက ရာထူးကြီး တစ်ခု ကနေ ပင်စင် ယူပြီးတဲ့ နောက် အနားမယူဘဲ ကုမ္ပဏီတစ်ခုတည် ထောင်ပြီး စီးပွားရေး လုပ်နေတာကြောင့် မတွေ့ဖြစ် ကြတော့ တာပါ။ အခုမှ အသက် ကလည်း ၇ဝ ကောင်းကောင်းကြီး ကျော် နေပြီဖြစ်တာကြောင့် သားသမီးတွေလက် ထဲ အားလုံး လွှဲပြီး လုံးလုံးကြီး အနားယူ လိုက်တာ လို့ ပြောပါတယ်။

အအိုမြန်လိုက်တာ

‘ကျုပ်တို့ သက်တမ်းက လူတွေ တယ် မတွေ့ရတော့ဘူးဗျ၊ ဆုံးသွားတဲ့လူနဲ့၊ ဘုန်း ကြီးဝတ်သွားတဲ့လူနဲ့၊ ရိပ်သာ မှာပဲ အမြဲနေ တဲ့လူနဲ့ အားလုံး ဆုံကြဖို့တော့ မလွယ် တော့ဘူး’

သူက မန္တလေးကိုလည်း ရောက် သေးတဲ့အကြောင်း၊ မိတ်ဆွေဟောင်း တချို့ ကို သွားတွေ့ ခဲ့တဲ့အကြောင်း ဆက်ပြော ပြပါတယ်။ အတော်များများက စိတ်ရော လူပါကျပြီး လူအိုကြီးတွေ ဖြစ်ကုန်ကြပြီ လို့လည်း ပြောပါတယ်။

‘ကျုပ်တို့ ဗမာတွေဟာ ပင်စင်ယူပြီး တာနဲ့ သေဖို့ပဲ စဉ်းစား နေကြလို့နဲ့ တူပါရဲ့ ဗျာ။ အအိုမြန် လိုက်ကြတာ’

သူက ညည်း သလိုလို စကားဆိုပါ တယ်။ သူကတော့ အရွယ်တော်တော် တင်ပါတယ်။ ဖျတ်ဖျတ် လတ်လတ်၊ သွက်သွက် လက်လက် ရှိဆဲပါပဲ။ မကြောင့်မကြ မတောင့်မတ နေနိုင်တာ ကြောင့်လား မဆို နိုင်ဘူး။ ၇၆နှစ်လို့ကို မထင်ရ ပါဘူး။ ၆ဝ လောက်လို့သာ ထင်ရ ပါတယ်။ အခုချိန်ထိ ပြည်တွင်း ပြည်ပခရီးတွေ သွားနေဆဲပါပဲ။ သမီးရှိတဲ့ အင်္ဂလန်က ပြန်ရောက် လာတာ တစ်လ ကျော်ကျော်သာ ရှိသေး တယ် လို့ လည်း သိရပါတယ်။

သူများတွေနဲ့ ကွာလိုက်တာ

သူပြန်သွားတဲ့အထိ ‘အအိုမြန်လိုက် ကြတာ’ ဆိုတဲ့ သူ့စကားကို ဆက်စဉ်းစား နေမိတယ်။ သူများ နိုင်ငံက ၇ဝကျော် ပင် စင်စားကြီးတွေ စုဝေးပြီး ကမ္ဘာ့လှည့် လည် ပတ်ကြတာတွေ မြင်ရ၊ တွေ့ရတော့ တို့ ဆီကနဲ့များ ကွာလိုက်တာ’ လို့ မကြာမကြာ တွေးမိ ခဲ့ရတယ်။ ဒီမှာကတော့ မိတ်ဆွေ ပြောသလို ပင်စင်ယူ ပြီးတာနဲ့ သေဖို့ပဲ စဉ်းစား နေကြတယ်နဲ့ တူပါရဲ့။ မိတ်ဆွေ ဖြစ်သူ လို ပင်စင် ယူပြီး ကုမ္ပဏီမထောင်နိုင်ကြ တာလည်း အဓိက အကြောင်း တစ်ရပ်ဖြစ် မယ်ထင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ပင်စင်ယူ ပြီးပြီ ဆိုတာနဲ့ လူရောစိတ်ပါ ကျ သွား ကြတာ တော့ အမှန်ပဲ။ ရပ်ရေး၊ ရွာ ရေး၊ လူမှုရေး ကိစ္စတွေကို တက်တက်ကြွကြွ ပါဝင် လုပ်ဆောင် တတ်သူ တချို့က လွဲ ရင် အများစုက အအိုမြန်ကြ၊ အသေမြန် ကြတာကို သတိပြုမိတယ်။

‘ဒုက္ခသုက္ခတွေ များလွန်းလို့ အသက် မရှည်ချင်ပါဘူး၊ မြန်မြန်သွားလေ ကောင်း လေပါပဲ’ လို့လည်း ပြောတတ် ကြပါတယ်။ လောကမှာ ဒုက္ခနဲ့ကင်းသူ ဘယ်သူရှိလို့ လဲ။ တကယ်က ဒုက္ခက လူကိုသေစေတာ မဟုတ်ပါဘူး။ ဒုက္ခကိုကြောက်ပြီး စိတ်ကျ လို့ အသေမြန် ရတာဖြစ်တယ်။

လူငယ်တွေလည်း စိတ်ကျတာပဲ

လူကြီးတွေသာ စိတ်ကျတတ်တာ မထင်နဲ့။ လူငယ်တွေလည်း စိတ်ကျတတ် ကြတာပဲ။ ကျောင်းဆရာ တစ်ယောက် အနေနဲ့ လူငယ်လူရွယ် လေးတွေနဲ့အထိ အတွေ့များလေတော့ ဒီခေတ်လူငယ်လေး တွေ တော်တော် များများဟာ အရွယ်နဲ့ မလိုက်အောင်ကို လောကကြီးကို အဆိုး မြင်ပြီး စိတ်ကျနေတတ်ကြတာကို သတိ ပြုမိပါတယ်။ သူတို့တစ်တွေမှာ လူငယ့် အားမာန်၊ လူငယ့်ဇွဲသတ္တိ အတော်လျော့ နည်းကြတယ်။ ဘာမဆို မလုပ်ခင်က အရှုံးပေးစိတ် များနေကြတယ်။ ‘အား မတန် မာန်လျှော့’ ဆိုတဲ့စကား၊ ‘ခါချဉ် ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမယ်ကြံ၊ ခါးကမသန်’ ဆိုစကားမျိုးတွေ လွယ်လွယ် သုံးပြီး အရှုံးပေး၊ အညံ့ခံ လိုက်တတ်ကြ တယ်။ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်မျိုး တစ်နေ့တခြား ခေါင်းပါးလာနေတယ်လို့ ထင်မိတယ်။ ထောက်ပြ ပြောဆိုလိုက်ရင် လည်း သူတို့မှာ အကြောင်းပြချက် တွေက တစ်ပုံတစ်ပင်ကြီး။ သူတို့က သူတို့နေထိုင် ရတဲ့ ခေတ်ကြီး တစ်ခုလုံးကို ကျေနပ်ကြတာ မဟုတ်ဘူး။ တချို့လူငယ်များဆိုရင် အဆိုး မြင်စိတ်တွေ လွန်ကဲပြီး ဘယ်လောက်ပဲ ကောင်းတာလုပ်လုပ် ဘာမှအရာရောက် မှာမဟုတ်ဘူး။ ဘာမှ မလုပ်ဘဲ နေလိုက်တာ ပဲ အေးတယ် ဆိုတဲ့ အတွေးအခေါ် မျိုးတွေ တောင် ရှိနေ ကြတာ တွေ့ရတယ်။

သူတို့က အီရတ်နိုင်ငံတစ်ခုလုံး သွေး ချောင်းစီး ဖြစ်နေတာကို မနှစ်မြို့သလို ပါလက်စတိုင်း လူမျိုးတွေ ရာစုနှစ် တစ်ဝက် တိုင်တိုင် ဒုက္ခသည် စခန်းတွေမှာ နေထိုင် ခြင်း ပြုနေကြရတာကိုလည်း စိတ်မကောင်း ကြပါဘူး။ နျူကလီးယားလက်နက်များရဲ့ အန္တရာယ် တစ်နေ့တခြား ကြီးမားသထက် ကြီးမားလာနေတာကို စိုးရိမ်နေကြသလို ဖန်လုံအိမ်အာနိသင်လွန်ကဲမှုကြောင့် ကမ္ဘာကြီးတစ်ခုလုံး ပေါင်းအိုးကြီးထဲ ရောက်နေ သလို ခံစား နေရတာ ကိုလည်း မလိုလား ကြပါဘူး။

အနိဋ္ဌာရုံ ကမ္ဘာကြီး

လူငယ်တွေရဲ့ စိုးရိမ် ကြောင့်ကြမှု တွေနဲ့သူတို့ရဲ့ မကျေနပ်ချက် တွေဟာ သဘာဝ ကျပါတယ်။ မှန်လည်း မှန် ပါတယ်။ ဒီနေ့ ကမ္ဘာကြီးက အနိဋ္ဌာရုံတွေနဲ့ ပြည့်နှက် နေတဲ့ကမ္ဘာကြီး ဖြစ်နေတာကိုး။ ကမ္ဘာ ကြီးရဲ့ ဘယ်ထောင့် ဘယ်နေရာ ကို ကြည့် လိုက်ကြည့်လိုက် တိုက်ခိုက်သတ်ဖြတ်တာ တွေ၊ ကြီးနိုင် ငယ်ညှဉ်းလုပ်တာတွေ၊ ဘယ် သူသေသေ ငတေမာ ပြီးရော လုပ်တာ တွေချည်း မြင်တွေ့နေရပါတယ်။ အနိဋ္ဌာ ရုံတွေ ကင်းစင်တဲ့ နိုင်ငံရယ်လို့ လက်ညှိုးထိုး ပြစရာ တစ်ခုတောင် မရှိတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

ရေအောက် ရောက်သွားနိုင်တယ်

နိုင်ငံရေး၊ စစ်ရေး၊ မျက်နှာစာကို ထားတော့။ စီးပွားရေး မျက်နှာစာကိုကြည့် တော့လည်း မြင်တွေ့ နေရတာ တွေက စိတ် မချမ်းသာ စရာတွေ ချည်းပါပဲ။ ဖန်လုံအိမ် အာနိသင်ကြောင့် ဝင်ရိုးစွန်းက ရေခဲ တောင်ကြီးတွေ အရည်ပျော် ကျမှုနှုန်း ကြောက်စရာကောင်းလောက်အောင် မြင့် မားနေတယ်။ ဒီအတိုင်းဆက်သွားရင် ပင်လယ်ရေ မျက်နှာပြင် မြင့်သထက်မြင့် တက်လာပြီး တချို့နိုင်ငံတွေ ရေအောက် ရောက်သွားနိုင်တယ်လို့ ပညာရှင်များက အကြိမ်ကြိမ် သတိပေးနေကြတာများ ကြားသိနေရတယ်။ စက်ရုံ၊ အလုပ်ရုံတွေ က မီးခိုး ထုတ်လွှတ်မှု တွေ ကန့်သတ်တား ဆီးဖို့ လိုပြီလို့လည်း ထောက်ပြကြတယ်။

မိုက်တွင်း နက်နေကြ

ဘယ်လိုပဲ ထောက်ပြ ထောက်ပြ၊ ဘယ်လိုပဲ သတိပေး သတိပေး၊ မီးခိုးတွေ အများဆုံး ထုတ်လွှတ် နေတဲ့ စက်မှု နိုင်ငံကြီး တွေက လတ်တလော အကျိုးစီးပွားလေး တစ်ခုတည်းကိုသာ မိုက်မဲစွာ ကြည့်ရှုပြီး နိုင်ငံတကာ သဘောတူ စာချုပ်နဲ့ ထိန်းချုပ် တာကို လက်မခံ ငြင်းဆန် နေကြတယ်။ ဒီလုပ်ရပ်ဟာ အင်မတန် အသိဉာဏ်ကင်း မဲ့ရာကျတယ်။ ဖန်လုံအိမ် အာနိသင် ကြောင့် အိုဇုန်းလွှာ ပါးလျား လာတဲ့ဒဏ်၊ အက်ဆစ်မိုးတွေ ရွာချတဲ့ဒဏ်၊ ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာတဲ့ဒဏ်၊ မုန် တိုင်းကြီးတွေ ကျရောက် လာတဲ့ဒဏ်၊ အပူ လှိုင်း၊ အအေးလှိုင်းကြီးတွေ ကျရောက် လာတဲ့ဒဏ်စတဲ့ အန္တရာယ်တွေကို ရင်ဆိုင် ရပြီဆိုလျှင် ဘယ်နိုင်ငံမှ လွတ်ကင်းနိုင် မယ် မဟုတ်ဘူးဆိုတာ သိပါလျက်နဲ့ မိုက် တွင်းနက်နေကြခြင်းသာဖြစ်တယ်။

ဖုန်းဆိုး တောတွေဖြစ်

ဒါတင်မက လတ်တလောအကျိုးစီး ပွားလေးတစ်ခုတည်းကိုကြည့်ပြီး မြေပေါ် မြေအောက် သယံဇာတတွေကို အဆီး အတားမရှိ ထုတ်ယူသုံးစွဲနေမှုကြောင့် ကမ္ဘာ့နိုင်ငံအားလုံးလိုလိုမှာ တောတွေ ပြုန်း၊ တောင်တွေပြိုပြီး တဖြည်းဖြည်းချင်း ကန္တာရ ဖုန်းဆိုးတောတွေ ဖြစ်လာနေတာ များလည်း မြင်တွေ့ကြားသိနေရတယ်။ လူတွေ သောင်းသိန်းချီ သေကြရတဲ့ငလျင် လှုပ်မှုကြီးတွေနဲ့ဆူနာမီလို၊ နာဂစ်လို အန္တရာယ်ကြီးတွေ ဘာ့ကြောင့် ပေါ်ပေါက် လာကြရ တာလဲဆိုတာများကို သေသေ ချာချာ၊ လေးလေးနက်နက် သုတေသနပြု ဖို့လည်း ပျက်ကွက် နေကြဆဲဖြစ်တယ်။

ပြဿနာက အန္တရာယ် မဟုတ်

ဒီအချက်တွေကြောင့် လူငယ်တွေက မျက်မှောက် ခေတ်ကြီးကို စိတ်ပျက်လက် ပျက် ဖြစ်နေတာ သဘာဝ ကျပါတယ်။ ဒါပေမဲ့လို့ ဒါတွေဟာ တားဆီးကာကွယ် လို့ မရနိုင်တာတွေ မဟုတ်ဘူးလို့ လူငယ် တွေ သိစေ ချင်ပါတယ်။ ပြဿနာတစ်ရပ် ဖြစ်လာ၊ ရှိလာတာဟာ ကြောက်စရာ မဟုတ်ပါဘူး။ ပြဿနာရှိနေတာကို ရှိနေ တယ်လို့ မသိခြင်းကသာ ကြောက်စရာ ကောင်းတာဖြစ်တယ်။ ပြဿနာရှိနေမှန်း သိရင် ပြဿနာကို ဖြေရှင်းဖို့နည်းလမ်းရှာ ရမှာပဲဖြစ်တယ်။ ရှာရင် တစ်ချိန်မဟုတ် တစ်ချိန်တော့ တွေ့လာရမှာဖြစ်တယ်။

အနိုင်ရမှာ သေချာတယ်

ဒီနေ့ ကမ္ဘာတစ်လွှားမှာ ပြဿနာမျိုး စုံ၊ အနိဋ္ဌာရုံပေါင်းစုံ ဖြစ်ပွားပေါ်ပေါက်နေ တာကို လူတိုင်း တွေ့မြင် နေကြရတယ်။ ပြဿနာတွေ ဖြစ်လာရတဲ့ ဇာစ်မြစ် အကြောင်းရင်းကိုလည်း လူတိုင်း သိကြ တယ်။ ဥပမာ - ဖန်လုံအိမ် အာနိသင်ရဲ့ဆိုး ပြစ်တွေကို လူတိုင်း သိသလို ဖန်လုံအိမ် အာနိသင် ဖြစ်ပေါ် လာရခြင်းရဲ့ အကြောင်းရင်း ကိုလည်း လူတိုင်းသိမြင်သဘော ပေါက်နေကြတာဖြစ်တယ်။ ဒီတော့ ဘာ ကြောင့် မဖြေရှင်း နိုင်ရ မှာလဲ။ ကမ္ဘာပေါ် က စစ်ပွဲကြီးတွေကို ဖန်တီးသူတွေနဲ့ကမ္ဘာ ကြီးရဲ့သာယာလှပမှုကို ဖျက်ဆီး နေသူတွေ က လက်တစ်ဆုပ်စာ လောက်သာ ရှိတဲ့လူ တွေဖြစ်ကြတယ်။ ရှိလှမှ ကမ္ဘာ့လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်းပေါ့။ ကျန် ၉ဝ ရာခိုင်နှုန်းက ညီညာဖြဖြနဲ့ ဝိုင်းဝန်း လုပ်ဆောင်ကြရင် ဒီ ၁ဝရာခိုင်နှုန်းရဲ့အန္တရာယ်ကို ဘာ့ကြောင့် မကာကွယ် နိုင်ရမှာလဲ၊ ဒါကြောင့် လူငယ် တွေကိုပြောချင်တယ်။ စိတ်မပျက်ပါနဲ့။ ကမ္ဘာ့လူဦးရေရဲ့ ၉ဝရာခိုင်နှုန်းနဲ့ ခိုင်ခိုင်မြဲ မြဲ လက်တွဲ ဆောင်ရွက်ပါ။ နောက်ဆုံးမှာ ကောင်းမြတ်ခြင်း တရားက အနိုင်ရမှာ သေချာ ပါတယ်။

4 comments:

  1. စိတ်ပျက်နေဖို့ဆိုရင် တွေးလိုက်တိုင်း စိတ်ပျက်စရာချည်းပဲ ပေါ်လာမှာပါ။
    ပျော်ရွှင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆိုရင် ပျော်စရာတွေကိုပဲ တွေးဖြစ်ကြမှာပါ။
    ဘယ်လိုပဲ အခြေအနေတွေရှိပါစေ လူငယ်တွေဟာ ဖြစ်ပေါ်လာတဲ့အခြေအနေမှာ မိမိအတွက်သော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်အတွက်သော်လည်းကောင်း အကောင်းဆုံးဖြစ်စဉ်ကို ရအောင် ဖန်တီးကြိုးစားဖို့က youth's responsibility ပါ.......

    ReplyDelete
  2. ဖတ်သွားသည်.။ယနေ့ အတန်ငယ် ညည်းငွေ့နေသည်.
    (ထာက်ပြ ပြောဆိုလိုက်ရင် လည်း သူတို့မှာ အကြောင်းပြချက် တွေက တစ်ပုံတစ်ပင်ကြီး။)

    ReplyDelete
  3. ဒီဆောင်ပါးကိုတော့ ကြိုက်ပါတယ်... ဒါဟာ အရေးကြီးပါတယ်...

    ReplyDelete