Friday, September 26, 2008

Those with Obscure Relocation

အိမ်ပြန်ချိန် မသိသူများ

အရင် တစ်ခေါက် စင်ကာပူ ရောက်စဉ်က ကျောင်းတက် နေကြတဲ့၊ ဘွဲ့လွန် သင်တန်း တက်နေ ကြတဲ့ ကျောင်းသား တွေနဲ့ တွေ့ခဲ့ ပါတယ်။ ဒီ တစ်ခေါက် တော့ အလုပ်လုပ်နေတဲ့ သူတွေနဲ့ အတွေ့ များပါတယ်။ လွန်ခဲ့ တဲ့ လေး၊ ငါး၊ ခြောက်နှစ်လောက်က ထွက်သွားပြီး ထွက်သွားလို့ ထွက်သွား မှန်း မသိတဲ့သူ တောင်မှ ပါသေး။

သူက စီးပွားရေး တက္ကသိုလ် ဘွဲ့ရတွေ အတော်များများ လုပ်လေ့ လုပ်ထရှိတဲ့ စာရင်းကိုင် အလုပ်ကို လုပ်ပါတယ်။ ဒါပေမဲ့ လုပ်ရတာက စာရင်းကိုင် အလုပ် သာမက ကိုယ်နဲ့ မဆိုင်တဲ့ အင်ဂျင်နီယာ လုပ်ရမယ့် အလုပ်မျိုး တွေကိုပါ လုပ်ရ ပါသတဲ့။ ပေးထားတာက နည်းနည်း၊ ခိုင်းတာ က များများ၊ ဒါကြောင့် မကြာမီ နောက် အလုပ် တစ်ခုကို ပြောင်းတော့ မယ် လို့ ဆိုပါတယ်။


အလုပ်လုပ် နေတဲ့သူတွေနဲ့ တွေ့ ဖို့အရေးက မိုးချုပ်ချိန် အထိ စောင့်ရပါ တယ်။ ရုံးဆင်းချိန် ရောက်ပေမဲ့ ပေးထားတဲ့ အလုပ်တွေ၊ ခိုင်းထားတဲ့ အလုပ်တွေက မပြီးသေးလို့ ညဥ့်နက် မှ ပြန်ကြ ရတယ်။ နောက် တစ်နေ့ နံနက် စောစော ထပြီး ရုံးလာ ကြဦးမယ်။ သူ တို့ပြောနေတဲ့ ကြွက်တွင်း လို့ခေါ်တဲ့ မြေအောက် ဘူတာထဲကို ဆင်းရ၊ တက်ရ ဦးမယ်။

သမီး တစ်ယောက် အလုပ်ရတဲ့ ကုမ္ပဏီက ခပ်သေးသေးလေး။ တကယ့် တကယ်ကျတော့ နိုင်ငံခြားသား တစ်ယောက်ကို အလုပ်ခန့်ရ လောက်အောင် မကြီးကျယ် တော့ ထွက်ရ ပြန်ရော။ နောက်တစ်နေရာ ကတော့ ပညာ အရည်အချင်း နဲ့ အတွေ့အကြုံကို သဘောကျ ပေမဲ့ တရုတ် ဖောက်သည်တွေနဲ့ ဆက်ဆံ ရမှာ ဖြစ်တဲ့အတွက် တရုတ်လို တတ် ဖို့ လိုတယ် ဆိုတော့ မရ ပြန်ဘူး။ တခြား တပည့် တစ်ယောက် ကျပြန်တော့ ဂျပန်စာ အခြေခံလေး ရထားတာ ကြောင့် အဆင်ပြေ နေပြန်ရော။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခဲ့ ဖူးပြီး အခု စင်ကာပူမှာ အလုပ်လုပ် နေတဲ့သူ တစ်ယောက်ကို မေးကြည့်တော့ ထိုင်း မှာက ကျယ်ကျယ် ဝန်းဝန်း ရှိတယ်။ ဖိအား သိပ်မများဘူး။ လခလည်း သိပ် မများပါဘူး။ စင်ကာပူ ကုမ္ပဏီတွေရဲ့ အုပ်ချုပ်ပုံ၊ အုပ်ချုပ်နည်း တွေ အကြောင်း မေးကြည့်တော့ ထင်သ လောက် မကောင်း လှဘူး။ သူဌေး တွေက သူတို့ ကိုယ်တိုင် အုပ်ချုပ်တာ မျိုးမလုပ်ဘူး။ အတိုင်ပင်ခံ လုပ်ငန်း တွေ၊ အကြံပေး လုပ်ငန်းတွေ ငှားပြီးမှ လုပ်လေ့ရှိတယ်။ ဒါကြောင့် အတိုင်ပင်ခံ လုပ်ငန်း တွေလည်း များတယ်။ သူ ကိုယ်တိုင် တောင်မှ အတိုင်ပင်ခံ လုပ် ငန်း တစ်ခုမှာ ဝင်လုပ်ခဲ့တာ။ မိခင် ကုမ္ပဏီမှာ သိပ် မနေလိုက်ရဘဲ ဖောက်သည် ကုမ္ပဏီတွေမှာပဲ လုပ်ပေး ခဲ့ရ ပါသတဲ့။

မြန်မာနိုင်ငံက အလုပ်အများဆုံး သွားလုပ်ကြတာက အိုင်တီ နယ်ပယ် မှာပါ။ ကိုယ့်ရုံးက ထွက်သွားပြီး အလုပ် လုပ်တဲ့ သူတောင် သုံးယောက် ရှိပြီ။

သူတို့ လုပ်ရတဲ့ အလုပ်မျိုးက တစ်နေ့ လာလည်း ဒါပဲ၊ နောက်တစ်နေ့ လာလည်း ဒါပဲ ဆိုတဲ့ အလုပ်မျိုး မို့ အဲဒီ ဇောက်ချ လုပ်ရတဲ့ အလုပ်နဲ့ ပတ်သက် ရင်တော့ ကောင်းကောင်း ကျွမ်းကျင် ပေမဲ့ တခြား လုပ်ငန်း၊ တခြား ဘာသာရပ် နဲ့ ပတ်သက် ရင်တော့ ဘာ မှ လေ့လာချိန်၊ ဆည်းပူးချိန် မရဘူး လို့ ဆိုပါတယ်။

အိုင်တီ ဆရာလည်း လုပ်ခဲ့၊ သတင်းစာ ဆရာ လည်း လုပ်ခဲ့တဲ့ မိတ်ဆွေ အိုင်တီ မောင်မောင် ကတော့ အဆင်ပြေ နေပုံ ရပါတယ်။

မြန်မာနိုင်ငံမှာ ဈေးကွက် သုတေသန လုပ်ငန်းတွေ လုပ်ခဲ့ပြီး အခု စင်ကာပူ မှာလည်း ဈေးကွက် သုတေသန လုပ်ငန်းတွေကိုပဲ ဆက် လုပ်ခွင့်ရတဲ့ တပည့်ဟောင်း တစ် ယောက်နဲ့ လည်း တွေ့ပါတယ်။ ဒီမှာ တစ်လ တစ်ခါလောက် လုပ်ရတဲ့ အလုပ်မျိုးကို အပတ်တိုင်း လုပ်နေရ တယ်။ လုပ်တာ များတော့ အတွေ့ အကြုံများများ ရပြီး အရည်အသွေး တွေလည်း တက်လာတယ်။ ဒါပေမဲ့ သူတွေ့နေရတဲ့ သုတေသန တွေရဲ့ အရည်အသွေးက မြန်မာနိုင်ငံမှာ လုပ် ခဲ့တဲ့ သုတေသန ရဲ့ အဆင့်အတန်းကို မမီဘူး။ သူ့လုပ်ငန်းထဲမှာ ရာထူးအရ ဦးဆောင် နေရာမှာ မရှိပေမဲ့ ကျွမ်းကျင်မှု အတွေ့အကြုံ အရ သူက ဦးဆောင် နေရတော့ အထက်စီးက နေနိုင်တဲ့ သဘော ရှိပါတယ်။

ညီမငယ် တစ်ယောက် ကတော့ အဝေးသင် တက္ကသိုလ်ဘွဲ့လက်မှတ်လေး တောင် မရှိ လေတော့ အလုပ်ပေး ချင်တဲ့သူ ရှိတာ တောင် ပေးလို့ မရ။ အခု တော့ ဒီပလိုမာ သင်တန်း တက်နေ တယ်။ ဒီပလိုမာ လက်မှတ် ရရင် တက္ကသိုလ် တစ်ခုခုကို ဆက် တက်ချင် လည်း တက်လို့ ရမယ်။ အလုပ်လုပ် ချင်ရင်လည်း လုပ်လို့ ရမယ်လို့ ပြော တာပါပဲ။

သူတို့ အားလုံးက အိမ်ပြန်ချင်တဲ့ နေရာ မှာတော့ တူညီ ကြတယ်။ ပျော် ရာမှာ မနေကြ ရပေမဲ့ ကိုယ့်အိမ်ကို အမြဲ လွမ်းနေတဲ့ သူတွေ။


သေချာတာတစ်ခုက ကိုယ့် ဘက်က အရည်အချင်းနဲ့ အတွေ့ အကြုံရှိတယ်။ သူတို့ လိုအပ်ချက် နဲ့ လည်း ကိုက်ညီတယ် ဆိုရင် အထက် စီးက နေနိုင် လုပ်နိုင် ကြတယ်။ လေယာဉ်ပေါ်မှာ သာမန် ဝန်ထမ်း လောက်ပဲ လုပ်ခဲ့ပုံ ရပြီး အဆင်ပြေပုံ မရ ခဲ့တဲ့ သားငယ် တစ် ယောက် နဲ့ တွေ့ တယ်။ ဆယ်တန်းတောင် အောင်ပုံမရ၊ ဟိုမှာလည်း ဟုတ်တိပတ်တိ အလုပ်လုပ် ခဲ့ရပုံမရ၊ ဘာမှလည်း ပါလာပုံ မရ တာက စောစောက သုံးသပ်ချက် ကို ထောက်ခံ နေသလို ပါပဲ။

၂၀၀၈ ခုနှစ်၊ မေ လ (၁၃) ရက်နေ့ ထုတ်၊ အခွင့် အလမ်း ဂျာနယ်၊ အမှတ်စဉ် (၁၃၅) မှ ဆရာ ခင်မောင်ညို (ဘောဂဗေဒ) ၏ ဆောင်းပါး အား ပြန်လည် ကူးယူ ဖေါ်ပြပါသည်။

4 comments:

  1. သူများဟာ ကူးချတာတောင် ရေးသားသူ ဘယ်သူဘယ်ဝါဆိုတော့ လေးစားတယ်မောင်ရေ.......?

    ReplyDelete
  2. ကူးထားကြောင်း ဖေါ်ပြပြီးသားပါ ... Format က အဲလို ချထား တာလေ ... ပြန်ပြင်ဖို့ ခက်လို့ပါ ... ကျွန်တော် ကြိုးစား ပြင်ကြည့် ပါဦးမယ် ... ဘလော့ ရေးနေရင် ဒီလောက် တော့ သိပြီးသား လို့ ထင်ပါတယ် ...

    ခင်ဗျား စိတ်ဓါတ် ကို လည်း လေးစား ပါတယ် ဗျာ :)

    နာမည်ရင်းဖြင့်
    စိုးထက်

    ReplyDelete
  3. ကျွန်မကတော့ အိမ်ကထွက်လာတဲ့ အချိန်က ဒီလောက်ကြာမယ်ဆိုတာ မထင်ခဲ့လို့ အခုချိန်မှာ အိမ်ပြန်ချိန်ရော အိမ်ပြန်လမ်းပါ မသိတော့တာ ၀န်ခံပါတယ်။

    ReplyDelete