Friday, August 1, 2008

ဒေါက်တာနုနုယဉ်ပြောပြတဲ့ Entrepreneurship (၂)

ပထမ post မှာတုန်းက entrepreneur ဆိုတာ ဘယ်လို လူတွေလဲဆိုတာ လေ့လာဖို့ ရှုထောင့် သုံးမျိုး ခွဲပြီး လေ့လာလို့ ရတယ်ဆိုတာ ဖော်ပြ ခဲ့ပြီး ပါပြီ။ အဲဒီ အထဲက သူတို့ ဘယ်လို လူမျိုး တွေလဲ ဆိုတဲ့ Personal Factor တွေ အကြောင်း ကို ဆက်လက် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဆရာမကြီးက ပိုပြီး မြင်လွယ် ထင်လွယ် ဖြစ်အောင် ပုံလေးတွေနဲ့ ရှင်းပြ သွားပါတယ်။



၁။ သဟဇာတဖြစ်မှု

ပုံကို သေချာအာရုံစိုက်ကြည့်ပါ။ သူ့အတိုင်း ကိုယ်လိုက်လုပ်နိုင်ပါ့မလား။ Physically အရင် စဉ်းစားကြည့်ကြပါ။ စီးပွားရေးလုပ်ငန်းမှာဆိုရင် ဒီ့ထက်ဆိုးတာမျိုး ကြုံရပါလိမ့်မယ်။ (ဒါကြောင့် ကို Zero Trash က ထိုင်ခုံပူကြီးလို့ သုံးသွားတာ ဖြစ်ပါတယ်။) ပုံထဲကလူဟာ တောင်ထိပ်ပေါ်မှာ ရပ်နေပါတယ်၊ ခြေတစ်ဖက်က စကိတ်ပေါ်မှာ၊ နောက်တစ်ဖက်က ကွင်းလှည့် ကစားနေပြီး၊ လက်ထဲမှာ ပုံသဏ္ဍာန်မတူတဲ့ ပစ္စည်း (၄) ခုကို မြှောက်ကစား နေပါတယ်။ ဒီအတိုင်းပဲ စီးပွားရေးလောကမှာ ကြုံတွေ့ရမှာပါ။ နည်းနည်းလေး ဟန်ချက်ပျက်တာနဲ့ ရှေ့ကို မှောက်ခုံကျနိုင်သလို နောက်ကိုလည်း ပက်လက်လန် လဲနိုင်ပါတယ်။ နောက်ပြီး လေတိုက်တဲ့ဘက်ကို မျက်နှာမူ ထားတဲ့အတွက် သူ့ဆံပင်ဟာ နောက်ကိုလွင့်နေတာ တွေ့ရမှာပါ။ ဒီလိုအခြေအနေမျိုးကြားထဲမှာ ဒီလူဟာ တောင်ထိပ်ပေါ်မှာ ရပ်တည်နိုင်တယ်ဆိုတဲ့သဘောကို Adaptability ဆိုတဲ့စကားနဲ့ ပြောထားပါတယ်။ Creative solution ဆိုတာ အင်မတန် အရေးကြီးပါတယ်။ သာမန် အဖြေရှာတာ မဟုတ်ပါဘူး။ အဖြေကိုတောင် တီထွင်ပြီးတော့ ရှာတတ်သူမျိုးပါ။ ဘာဖြစ်လို့လဲဆိုတော့ problem တွေက အမျိုးမျိုးဖြစ်နေလို့ပါ။ ပစ္စည်း (၄) ခုကို ဆော့နေရင်းနဲ့ အဲဒီထဲကို အာရုံတစ်ဖက်သတ်ဖြစ်သွားတာနဲ့တစ်ပြိုင်နက် ခြေထောက်က ဟန်ချက်ပျက်ချင် ပျက်သွားမယ်။ အဲဒီလို ဟန်ချက်ပျက်တာနဲ့ တစ်ပြိုင်နက် တောင်ထိပ်ပေါ်က လိမ့်ကျသွားနိုင်ပါတယ်။ ကိုယ် ဘယ်နေရာကို ရောက်နေလဲ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လို အန္တရာယ်တွေရှိမလဲ၊ ဒါဟာ ပြောလို့မရပါဘူး။ အဲဒီတော့ ဘာနဲ့ပဲတွေ့တွေ့ adaptability ရှိဖို့ အရမ်းလိုပါတယ်။ ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မှာ သဟဇာတ ဖြစ်အောင် လိုက်လျောညီထွေမှု ပြုနိုင်တယ်ဆိုတာ Entrepreneur တွေရဲ့ ထူးခြားတဲ့အင်္ဂါရပ်တစ်ခု ဖြစ်ပါ တယ်။

၂။ ပြိုင်ဆိုင်မှု

ဒုတိယပုံကတော့ တစ်ယောက်နဲ့တစ်ယောက် တွန်းပြီး ပြိုင်ဆိုင်နေကြတဲ့ပုံပါ။ ခုခေတ်မှာ စီးပွားရေးလုပ်ငန်းတွေဟာ ပြိုင်ဆိုင်မှု (Competitiveness) မရှိဘဲ လုပ်နေတယ်ဆိုတာ မရှိပါဘူး။ ဒီပုံကိုကြည့်ပြီး ကိုယ်တိုင် ပြန်စဉ်းစားကြည့်ပါ။ လူတွေဟာ ပြိုင်ရမှာကို ကြောက်ကြပါတယ်။ ဒါပေမယ့် စီးပွားရေးမှာတော့ ပြိုင်ရမှာကို ကြောက်လို့မဖြစ်ပါဘူး။ ကိုယ့်ရဲ့ပြိုင်ဘက်နဲ့ ကိုယ့်ရဲ့အခြေအနေဟာ ဘယ်လိုရှိသလဲဆိုတာကို အမြဲတမ်း ချိန်ကိုက်ဖို့လိုပါတယ်။ ကိုယ်နဲ့အလားတူ ပစ္စည်းထုတ်နေတဲ့ ကုမ္ပဏီအနေအထားကို ကိုယ်ပြိုင်နိုင်ပြီလား။ ၀န်ထမ်းတိုင်းကတော့ အဲဒီလို စဉ်းစားမှာ မဟုတ်ပါဘူး။ စဉ်းစားနေတဲ့သူရှိရင် အဲဒီလူဟာ Entrepreneurial spirit အင်္ဂါရပ်တစ်ခု သူ့ဆီမှာပါလာပြီလို့ ပြောလို့ရပါတယ်။

၃။ မိမိကိုယ်ကိုယုံကြည်မှု

တတိယပုံကတော့ နည်းနည်းချဲ့ကားဆွဲထားတာပါ။ ကိုယ့်ကိုယ်ကို ဘယ်လောက်ထိ ယုံကြည်စိတ်ချသလဲ။ ဒါကိုလုပ်မယ်ဆိုရင် ဖြစ်အောင်လုပ်မယ်ဆိုတဲ့ confidence ဟာ entrepreneur တွေမှာ ရှိပါတယ်။ ဒါကြောင့် ပုံမှာ ကမ္ဘာလုံးကိုတောင် ကိုင်မြှောက်ထားပါတယ်။

၎။ ရိုးသားမှု

ဒီပုံကတော့ ရှေ့ကလူရဲ့ ကျသွားတဲ့ပိုက်ဆံတွေကို သူက နောက်ကနေ ကောက်ပေးတယ်၊ ပါးစပ်ကလည်း သတိပေးနေတယ်ဆိုတဲ့ ပုံပါ။ အမှန်တရားကို ပြောနိုင်ရမယ်၊ လူတွေကို မျှမျှတတ ဆက်ဆံနိုင်ရမယ်။ အခုလောလောဆယ် မြန်မာပြည်စီးပွားရေးလောကမှာ ဒါဟာ အရမ်းလိုအပ်ပါတယ်။ ခုခေတ်မှာ ရိုက်စားသွားတယ်၊ လိမ်သွားတယ် စသဖြင့် ခဏခဏကြားရပါတယ်။ အဲဒါဟာ entrepreneur တွေ မလုပ်တဲ့ ကိစ္စပါ။ သူတို့ဟာ honesty အပြည့်အ၀ ရှိကြပါတယ်။

၅။ မဆုတ်မနစ်စိတ်ရှိမှု

ဒီပုံကတော့ အားကြိုးမာန်တက်နဲ့ တံခါးပေါက်ကို ရောက်အောင်သွားနေတာ တွေ့ရပါမယ်။ သူဟာ လှေကားထစ်တွေ အများကြီးနဲ့ အချိုးအကွေ့တွေ အများကြီးကို ကျော်လွှားပြီး နောက်ဆုံးရောက်ခါနီး အနေအထားမှာတောင်မှ နှစ်ထစ်လောက်ကို ကွက်ကျော်နင်းကာ လူမရောက်ခင် လက်က အရင်ရောက်အောင် လှမ်းထားပါတယ်။ ဒါဟာ entrepreneur တွေရဲ့ perserverance ကိစ္စပါ။ ဘယ်လောက် ခဲရာခဲဆစ် အလုပ်ဖြစ်ပါစေ၊ ဘယ်တော့မှ နောက်မဆုတ်ဘူး။ အခက်အခဲတွေ ဘယ်လောက်ပဲရှိပါစေ၊ ကိုယ်သွားမယ် ကိုယ်လုပ်မယ်လို့ သတ်မှတ်ထားတဲ့ ရည်မှန်းချက်ကို ရောက်အောင် အကောင်အထည်ဖော်တဲ့ စိတ်ဓါတ်ပါ။

၆။ ဆွဲဆောင်စည်းရုံးမှု

ဒီပုံမှာတော့ ကုန်းပေါ်မှာရှိနေတဲ့ အမျိုးသမီးကို ရေထဲကလူက လက်ညှိုးညွှန်ကာ ကောင်းတဲ့နေရာကိုသွားမယ်၊ မင်းခုန်ဆင်းခဲ့ပါလို့ ဆွဲဆောင်စည်းရုံးနေတာပါ။ Entrepreneur တွေဟာ ဆွဲဆောင်တဲ့နေရာမှာ သိပ်အားကောင်းပါတယ်။ ကိုယ်ဟာ entrepreneur တစ်ယောက်ဖြစ်ရင် idea အသစ်ရှိမယ်။ အဲဒီ idea ကို လူတွေ လက်ခံလာအောင် စည်းရုံးမယ်၊ ဆွဲဆောင်မယ်။ အဲဒီ အင်္ဂါရပ်လည်း entrepreneur တွေမှာ ရှိပါတယ်။

၇။ စွန့်စားမှု

ဒီပုံကတော့ မိချောင်းရဲ့ပါးစပ်ထဲမှာ တန်ဖိုးရှိတဲ့ အရာဝတ္ထုတစ်ခု ရှိနေတယ်ဆိုပါစို့။ ဒါကိုရမယ်ဆိုရင် ဒီလူ အတွက် တော်တော်ကိုက်သွားမယ်။ သို့သော်လည်း မိချောင်းက ပါးစပ်ပိတ်လိုက်တာနဲ့ ဒီလူ လက်ပြတ် သွားမယ်။ ဒါဟာ စွန့်စားတဲ့ အနေအထားပါ။ တစ်ခုခုဖြစ်သွားမှာကို သိသော်လည်းပဲ ဒီဟာကို စွန့်စားပြီးတော့ ရအောင်ကြိုးစားမယ်ဆိုတဲ့စိတ် ဖြစ်ပါတယ်။ ဒီလူရဲ့ စွန့်စားမှုကိုကြည့်ရင် ဒီလူဟာ ဆုံးမယ့်ဆုံး ဘယ်လက်ကိုပဲ အဆုံးခံမယ်လို့ စဉ်းစားပြီးလုပ်သလား၊ ဒါမှမဟုတ် သူကိုယ်နှိုက်က ဘယ်သန်လား၊ မိချောင်းရဲ့ အိပ်နေတဲ့ အချိန်နဲ့ ဘယ်အချိန်မှာ ပါးစပ်ပိတ်မယ်ဆိုတာ စမ်းချင်တဲ့အတွက် လက်နဲ့အယောင်ပြသလား။ ဒါတွေအားလုံး ဟာ အဖိုးတန်တဲ့ ရလာဒ်တစ်ခုကို ရဖို့အတွက် စွန့်စားမှုမှာ possible losses တွေ ရှိပေမယ့် သေချာတွက်ချက်ပြီး လုပ်မယ်ဆိုတဲ့ ကိစ္စရပ်ပဲ ဖြစ်ပါတယ်။

၈။ မျှော်မှန်းချက်မြင့်မားမှု

ဒီပုံကတော့ အဝေးကို မှန်ဘီလူးနဲ့ကြည့်နေတဲ့အချိန်မှာ မြေပြင်က မကြည့်ဘဲ နည်းနည်းမြင့်တဲ့ တုံးပေါ်ကနေတောင် ထပ်တက်ကြည့်ပါတယ်။ ဒါဆိုရင် သူက ပိုပြီးမြင်နိုင်မယ်ဆိုတဲ့ အနေအထားပါ။ ကိုယ်သွားချင်တဲ့ ရည်မှန်းချက်၊ အလှမ်းဝေးတဲ့ အနာဂါတ်ကို မျှော်မှန်းပြီးတော့ကို ကြည့်တတ်တဲ့စိတ်ဓါတ် ရှိတယ်ဆိုတာကို ဖော်ညွှန်းပါတယ်။ စဉ်းစားကြည့်ကြပါ။ ခုခေတ် စီးပွားရေးလုပ်ရင် ရိုက်စားလုပ်သွားတာပဲ၊ ရေရှည်ကိုကြည့်နေလို့ မြန်မာပြည်မှာ မဖြစ်ဘူး၊ ကာလတိုအတွက်ပဲ၊ ကနေ့မနက်ဖြန် ကောင်းစားဖို့ပဲဆိုပြီး အခြေအနေပေါ်မူတည်ပြီး ကြည့်ကြတာများပါတယ်။ ဒီလိုအခြေအနေဖြစ်နေရင်းနဲ့တောင်မှ entrepreneur spirit ရှိတဲ့သူတွေဆိုရင် vision ထားတဲ့အလေ့အထ ရှိပါတယ်။ အခု ဒီလို မကောင်းတာတွေဖြစ်နေပေမယ့် နောင်ကောင်းလာဖို့အတွက် ကာလရှည်မှာ ဘယ်လိုဖြစ်မလဲကြည့်တာ သူ့ရဲ့ ထူးခြားတဲ့ အင်္ဂါရပ်ဖြစ်ပါတယ်

(အခုပြောခဲ့တဲ့ (၈) မျိုးထဲမှာ ငါကတော့ ဘယ်အင်္ဂါရပ်တွေမှာ အားသာပြီးသား၊ ဘယ်အင်္ဂါရပ် တွေမှာတော့ အားနည်းနေသေးတဲ့အတွက် ထပ်ပြီးကြိုးစားရဦးမယ်ဆိုတာ ကိုယ့်ကိုယ်ကို မညှာမတာ ဝေဖန်ကြည့်ပါလား။ အကျိုးရှိမယ်လို့ထင်ပါတယ်။ နောက်ထပ် ဆက်ရေးစရာတွေ အများကြီးရှိပါတယ်။ ဆက်ပြီး ဖတ်ချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။)

7 comments:

  1. တော်တယ် ဗျာ ... သေချာ လေး စုဆောင်း တင်ပြ ပေးထားတာ ... အရမ်း ကျေးဇူး တင်ပါတယ် ခင်ဗျာ :)

    ReplyDelete
  2. အင်း.. ပြောရတာတော့ခက်တယ် ခုဆယ်စုနှစ်ပိုင်းမှာ နိုင်ငံတကာမှာ (ကြီးပါတယ်) regional မှာပေါ့ entrepreneur တွေတော်တော်များများ တွေ့ရတာ ပညာလူ့အဖွဲ့အစည်းထဲကထွက်လာတာ တွေ့ရပါတယ် သူတို့ risk လုပ်တဲ့ပတ်ဝန်းကျင်က policy ပိုင်းဆိုင်ရာ အပြောင်းအလဲသိပ်မရှိလှဘူး law and regulation အပိုင်းကျတော့လဲ တရားမျှတမှုရှိတယ် အလွန်ကောင်းတဲ့ ဘဏ်စနစ်က ကျြားခံထားတယ် သူတို့မှာ ဈေးကွက်ပြိုင်ဆိုင်မှုနဲ့ ဈေးကွက်လက်ဦးမှုယူနဲ့ customer တွေအတွက် အကောင်းဆုံးထုတ်ကုန်တစ်ခု ငါဘယ်လိုလုပ်ပေးမလဲ ဆိုတဲ့ Idea competition ဘဲအရေးကြီးတာပါ local ပေါ့ ကျွန်တော်တို့နိုင်ငံကျ တော့ မိုးကျရွှေကိုယ် တွေက entrepreneur ဖြစ်နေတယ် သူတို့က risk လုပ်ရဲတယ် policy ချိန်းမှာကြိုသိနေတယ် ကောင်းမွန်တဲ့ ဘဏ်စနစ်မရှိဘူး ငွေလဲလှယ်နှုန်းက black Market ထဲရောက်နေတယ် illegal ဖြစ်နေတယ် ကိုယ်ကျင်းတရားနယ်ဘောင် ကျော်နေတယ် နိုင်ငံတကာ ပိတ်ဆို့တာဟုတ်ပါပြီ regional မှာလွတ်နေတာဘဲ။ policy ချိန်းတာ ကြိုသိခွင့်မရှိတဲ့ policy ဟိုချိန်းဒီချိန်းမလုပ်တဲ့ မျှတတဲ့ competition ရှိရင် ကောင်းမယ်ထင်တယ်

    ReplyDelete
  3. ဆိုလိုတာက ဒီလိုမျိုးလေးရှိရင် ခင်ဗျားပြောသလို ကိုယ့်အားနည်းချက် ကိုယ့်အားသားချက်ကို အချက်ရှစ်ချက်ထဲ ရှာလို့ သုံးသပ်လို့ရတယ် အခုဟာက မြန်မာပြည်မှာစီးပွားရေး လုပ်တဲ့နေရာ ကြုံသလိုဖြစ်နေတယ်

    ReplyDelete
  4. ကျွန်တော် ဒီပို့စ်တွေကို အမြဲစောင့်ဖတ်နေပါတယ်။ ကြိုက်လဲကြိုက်ပါတယ်။ Entrepreneur တွေအတွက် လိုအပ်နေတဲ့ အချက်တွေကို အခြေခံပြီး ပြန်စဉ်းစားလို့ရပါတယ်။ Myanmar Armydog ပြောသွားသလို မြန်မာပြည်မှာ မိုးကျရွှေကိုတွေ များပါတယ်။ ဟုတ်ပါတယ် သူတို့ကို ယှဉ်ရတာ တခါတခါ အုတ်နံရံကို ခေါင်းနဲ့စောင့်ရသလိုပါပဲ။ ပြီးတော့ မြင်းမိုရ်တောင်ကြီးကို ဇီးစေ့နဲ့ပေါက်သလိုလဲ ဖြစ်နေတတ်သေးတယ်။ ကျွန်တော့် ခံယူချက်ကတော့ ဇီးစေ့နဲ့ပေါက်လဲ အဲဒီ့ဇီးစေ့စာလောက် နာတာပဲလေ။ အဲဒါပါပဲ :D

    ReplyDelete
  5. ကျေးဇူးတင်ပါတယ် ခင်ဗျာ.. အခုလိုတွေ တင်ပြပေးတာ မိမိကိုယ်ကို ပြန်လည် သုံးသပ်မိစေပါတယ်။ Entrepreneur မဖြစ်ရင်တောင် ဒီအချက်အလက်တွေအတိုင်း

    နေထိုင်နိုင်မယ်ဆိုရင် နေရာတိုင်းမှာ အောင်မြင်တဲ့သူတစ်ယောက်ဘဝတော့ ပိုင်ဆိုင်ရမှာ သေချာပါတယ်။

    ReplyDelete
  6.ူဦးနှောက်အဟာရဖြစ်စေတဲ့ ပိုစ်လေးကို စိတ်ဝင်တစားဖတ်သွားပါတယ်ဗျာ.. ဒီတင်ပြမှုတွေ.. သုံးသပ်ထားမှုတွေအားလုံးဟာ အင်မတန်မှကောင်းမွန်လှပါတယ်... နောင်လည်းဆက်ဖတ်ချင်ပါသေးတယ်.. စောင့်မျှော်နေပါရစေ..

    ReplyDelete
  7. တင်ပြပုံ အရမ်းသပ်ရပ်ပါတယ်။စွန့်ဦးတီထွင်လုပ်ငန်းတွေအကြောင်း အသေးစိတ် ဆက်လက်တင်ပြနိုင်မယ်ဆိုရင် ဖတ်ချင်ပါသေးတယ်။

    ReplyDelete