Monday, August 4, 2008

အောင်မြင်မှုနှင့် စိတ်ဓာတ် (၁)

ကျွန်တော်ကတော့ ဒီအဖွဲ့ထဲကို နောက်ဆုံးနားလောက်မှ ရောက်တဲ့လူပေါ့။ ပထမ ကိုစိုးထက်ကြီးနဲ့ online ပေါ်မှာ စကားပြောဖြစ်တော့ စပ်မိစမ်ရာတွေပြောကြရင်း သူကဒီ site လေးလုပ်နေကြောင်းပြောပါတယ်။ ပြီးတော့ပါဝင်ပြီးရေးမလားတဲ့။ သူ Invite လုပ်လိုက်မယ်တဲ့။ ကျွန်တော်သွားကြည့်လိုက်တော့ post တစ်ခုပဲရှိသေးတယ်။ စာတွေဖတ်ကြည့်တော့လည်း ကိုယ့် ပတ်ဝန်းကျင်နဲ့ ကသိပ်ပြီးမပတ်သက်၊ နားလည်းမလည်။ ပြီးတော့ ကိုယ့်အရင် ရောက်နှင့်နေတဲ့သူတွေကလည်း ကိုလို ငချွတ်က တစ်ယောက်မှမပါဘူးဗျ။ အဲဒါနဲ့ ကျွန်တော်ပြန်ပြောလိုက်ပါတယ်။ မဖြစ်လောက်ဘူးဗျ။ ကျွန်တော်နဲ့က ဘယ်လိုမှနီးစပ်မှုမရှိဘူးလို့။ သူကလည်း ကျွန်တော့်အကြောင်းသိနေတော့ ထပ်မတွန်းပါဘူး။ အင်းလေ ဟုတ်ပါတယ်ဆိုပြီး ပြီးသွားရော။

ဒါပေမယ့် ကျွန်တော်သွားသွား ကြည့်ဖြစ်တယ်။ ကြည့်ဖြစ်တဲ့အကြောင်းက Think Global and Work Local ဆိုတဲ့ ရည်ရွယ်ချက်ကို အရမ်းကြိုက်လို့ပါ။ ဘာတွေထူးလာမလဲဆိုပြီးတော့။ အဲဒီလိုနဲ့စိတ်ဝင်စားလာတာ။ အဲဒီလိုနေရင်းနဲ့ နောက်တစ်ကြိမ် ကိုစိုးထက်နဲ့စကားပြောဖြစ်ပြန်ရော။ အဲဒီမှာစကားစပ်မိရင်းနဲ့ပဲ ကျွန်တော်က ပြန်ပြီးတောင်းဆိုရတော့တာ။ ကျွန်တော်စိတ်ဝင်စားတယ်ဗျာ။ ကျွန်တော့်ကို Invite လုပ်ပေးပါလို့။ ကျွန်တော် တတ်နိုင်သရွေ့ကူညီပါ့မယ်လို့ တောင်းယူပြီးမှ ဒီကိုရောက်လာတာပါ။ သူကလဲဝမ်းသာအားရ ချက်ချင်းကို Invite လိုက်တာပဲ။ ဒီအထဲရောက်လာတော့လဲ စာတွေလိုက်ဖတ်ကြည့်တယ်။ ဘယ်ကစရေးရမှန်းမသိဘူး။

အဲဒီတော့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်နဲ့ ရင်းနှီးတာကတော့ လူတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေပဲလို့။ ဒါကြောင့်လူတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ကျွန်တော်ဖတ်ဖူးတာတွေ ကျွန်တော်ကြုံဖူး၊ သင်ဖူးတာတွေကို ဆက်စပ်ပြီး ရေးပေးပါ့မယ်။ ဒီ Post မှာတော့ ကျွန်တော်ဖတ်ဖူးတဲ့ ကောင်းသန့်ရဲ့ စာအုပ်ထဲက စာလေးကို ပြန်တင်ပြလိုက်ပါ့မယ်။ စာအုပ်ကလက်ထဲမှာမရှိတော့ မှတ်မိသလိုပဲ ဆက်စပ်ပြီးရေးပေးလိုက်ပါ့မယ်။

လုပ်ငန်းတစ်ခု အောင်မြင်ဖို့အတွက် အောက်ပါ အချက်(၄)ချက်နှင့် ပြည့်စုံဖို့ လိုအပ်ပါတယ်။ အဲတာတွေကတော့

၁။ ပြင်းပြသော စိတ်ဆန္ဒရှိရမည်။
၂။ ခိုင်မာသောဆုံးဖြတ်ချက်ရှိရမည်။
၃။ ဇွဲ၊ လုံ့လ၊ ၀ီရိယ ရှိရမည်။
၎။ မိမိကိုယ်ကို ယုံကြည်မှုရှိရမည်။

ပြင်းပြသော စိတ်ဆန္ဒရှိရမည်

အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် အောင်မြင်အောင်လုပ်မယ်၊ မရ ရအောင်လုပ်မယ်ဆိုတဲ့ ပြင်းပြတဲ့ စိတ်ဓာတ်ရှိရပါ့မယ်။ လူတိုင်းမှာ ကိုယ်တိုင်မသိတဲ့ မွေးရာပါ စွမ်းရည်တွေ ရှိပါတယ်။ အဲဒီစွမ်းရည်တွေဟာ သာမန်အချိန်မှာ မသိနိုင်ပါဘူး။ ဘေးအန္တရာယ်နှင့် ကြုံသည့်အချိန်လိုမျိုး၊ အခက်အခဲ အကျပ်အတည်းနှင့် ရင်ဆိုင်ရတဲ့အချိန်ချိန်မျိုးတွေမှာ အဲဒီစွမ်းရည်တွေ ပေါ်လာတတ်ပါတယ်။ တစ်ကယ်တမ်း စိတ်ဆန္ဒပြင်းပြနေတဲ့ အချိန်တွေမှာ အဲဒီစွမ်းရည်တွေကြောင့် မဖြစ်နိုင်တာတွေတောင် ဖြစ်အောင်၊ အောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့သာဓကတွေ ရှိခဲ့ပါတယ်။

ခိုင်မာသောဆုံးဖြတ်ချက်ရှိရမည်

မိမိဖြစ်ချင်၊ လုပ်ချင်တဲ့အရာကို ပြင်းပြသော စိတ်ဆန္ဒရှိရုံနှင့်မပြီးနိုင်ပါဘူး။ သေခြာပေါက်ဖြစ်ကိုဖြစ်ရမယ်၊ ဖြစ်အောင်လုပ်မယ် ဆိုတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ လိုအပ်ပါတယ်။ ဆုံးဖြတ်ချက်ခိုင်မာတဲ့သူတစ်ယောက်ဟာ နောက်ဆုံးမှာ လိုချင်တာ ရယူသွားတတ်ကြပါတယ်။

ဇွဲ၊ လုံ့လ၊ ၀ီရိယ ရှိရမည်

ပြင်းပြသော စိတ်ဆန္ဒ၊ ခိုင်မာသောဆုံးဖြတ်ချက်ရှိတဲ့သူတစ်ယောက်ဟာ မဖြစ်မနေကြိုးစားမယ်ဆိုတဲ့ ဇွဲ၊ လုံ့လ၊ ၀ီရိယ ဟာအလိုလို ရှိလာတတ်ကြပါတယ်။ အောင်မြင်ချင်တဲ့သူ တစ်ယောက်အတွက် ရှိကိုရှိရမယ့်အရာပါ။

မိမိကိုယ်ကို ယုံကြည်မှုရှိရမည်

ဘာပဲလုပ်လုပ် မိမိကိုယ်ကို ယုံကြည်မှုရှိမှသာ အောင်မြင်နိုင်ပါမယ်။ မိမိကိုမိမိ ယုံကြည်မှုရှိခြင်းဟာ ကိစ္စတစ်ခုကို ၅၀% ပြီးမြောက်စေနိုင်တယ်လို့ အဆိုရှိပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုမရှိတဲ့သူတစ်ယောက်ဟာ ဘာပဲလုပ်လုပ် တလွဲတချော် ဖြစ်တတ်နေတတ်ပါတယ်။ ဒါကြောင့် အောင်မြင်မှု ရရှိဖို့ အတွက် မိမိကိုကိုယ် ယုံကြည်မှုရှိဖို့ကအဓိကလိုအပ်ပါတယ်။

မှားတာလေးတွေရှိရင်တော့ ပြောပေးကြပါ။ နောက်တစ်ခါ ပြင်လို့ရအောင်ပေါ့။ ဒီလိုစာမျိုးက တစ်ခါမှမရေးဖူးသေးပါဘူး။ ကျွန်တော့်အတွက် ပထမဆုံးလို့ပြောလို့ရပါတယ်။ နောက်ပိုင်းရေးသွားမယ့် စာတွေကလည်း စိတ်ဓာတ်နဲ့ပတ်သက်တာတွေကိုပဲ ရေးသွားမှာပါ။ ဒါကြောင့် ခေါင်းစဉ်ကို တစ်မျိုးတည်းပဲပေးသွားတော့မယ်။

အားလုံးကို လေးစားလျှက် .....

4 comments:

  1. ကောင်းပါတယ်ဗျာ။ဘာပဲဖြစ်ဖြစ်ကိုယ်ဝေမျှချင်တာလေးတွေပြန်လည်ဝေမျှ ရင်းနဲ့ပညာခေတ်ကိုဖြတ်သန်းရမှာပဲလေ။လူဆိုတာရုပ်နဲ့စိတ်သာရှိတာဆိုတော
    စိတ်ဓာတ်ကောင်းမွန်ဖို့၊မိမိစိတ်မိမိထိန်းချုပ်နိုင်ဖို့တို့ကအောင်မြင်ရေးသော့ ချက်လေ။ဆက်လက်ရေးသားဝေမျှပါလို့တောင်းဆိုရင်း..ကျေးဇူးတင်လျက်..

    ReplyDelete
  2. ကောင်းပါတယ် ဆက်ရေးပါ

    ReplyDelete
  3. စိတ်ရှည်သည်းခံ ဇွဲနှင့်မာန် အဟုတ်ကြီးပွားမည် တဲ့ ဆရာတော်ကြီးတပါးပြောတာ နာယူဖူးတယ် ကောင်းပါတယ် ပညာရတာပေါ့

    ReplyDelete