Wednesday, August 13, 2008

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားမှ စည်းမျဉ်းဆိုင်ရာကစားပွဲများ (အပိုင်း -၁)


နိဒါန်း

အချိန်ကား (၁၉၉၉) ခု၊ ဒီဇင်ဘာလ။

နေရာကား အမေရိကန်ပြည်ထောင်စုမှ စီးတယ်လ် မြို့။

နိုင်ငံပေါင်းတစ်ရာကျော်မှ ကုန်သွယ်ရေးဝန်ကြီးများ စုဝေးရောက်ရှိနေကြသည်။ အကြောင်းအရာကား လွန်ခဲ့သော ငါးနှစ်က ဖွဲ့စည်းထားသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ၀န်ကြီးများအဆင့်အစည်းအဝေးသို့ တက်ရောက်ကြရန်ဖြစ်သည်။ သာမန်အားဖြင့်ကြည့်လျှင် နိုင်ငံတကာအဖွဲ့အစည်းတခု၏ ၀န်ကြီးများအဆင့်အစည်းအဝေးတခုသာဖြစ်သည်။ သို့ပေမယ့် ထိုအစည်းအဝေးကြီးသည် ကမ္ဘာတ၀ှမ်းမှ လူအများ၏ အာရုံကို ဆွဲယူနိုင်ခဲ့သည်။ ဆန္ဒပြပွဲများ၊ အဓိကရုဏ်းဖြစ်မှုများသည် အမေရိကန်ပြည်ထောင်စု စီးတယ်လ်မြို့ငယ်လေး၏ လမ်းများပေါ်တွင် ပြည့်နှက်နေခဲ့သည်။


ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးကို ဖွဲ့စည်းခြင်းအားဖြင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးကို စောင့်ကြည့်ထိန်းချုပ်နိုင်သော သတ်မှတ်ချက်များပါဝင်သည့် စနစ်တခုပေါ်ပေါက်လာကာ တကမ္ဘာလုံး၌ စီးပွားရေးအကျိုးအမြတ်များ ဖြစ်ထွန်းလာစေရန် ရည်ရွယ်ခဲ့ကြသော်လည်း၊ လူတိုင်းသည် ထိုအမြင်အား လက်ခံခြင်းမရှိကြောင်း စီးတယ်လ်ဖြစ်ရပ်က သက်သေပြနေခဲ့သည်။


စီးတယ်လ်ဆန္ဒပြပွဲတွင် မီဒီယာများမှ အဓိကအာရုံစိုက်ခြင်းခံခဲ့ရသည့် အုပ်စုနှစ်ခုမှာ အမေရိကန်အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုံဆော်သူများ ဖြစ်ကြသည်။ ပထမတမျိုးက ဈေးပေါသော သွင်းကုန်များကြောင့် အလုပ်များဆုံးရှုံးမှုကို ထောက်ပြဝေဖန်ခဲ့ကြပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုံ့ဆော်သူများကတော့ လွတ်လပ်စွာကုန်သွယ်မှုကြောင့် ဖြစ်ပေါ်လာသော ecological damage ကို ထောက်ပြခဲ့ကြသည်။ ဖွံ့ဖြိုးဆဲတိုင်းပြည်များမှ ဆင်းရဲနွမ်းပါးသော ပြည်သူများအရေးကိုလည်း ပြောဆိုခဲ့ကြသည်။


မီဒီယာများကို အံ့အားသင့်အာရုံစိုက်စေခဲ့သည့် အချက်ကား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ဆုံးဖြတ်ချက်များချမှတ်ရာဖြစ်စဉ်တွင်းမှ ဖယ်ရှားခြင်းခံထားရသည်ဟု ခံစားနေရသော ဖွံ့ဖြိုးဆဲနိုင်ငံများမှ တရားဝင်ကိုယ်စားလှယ်များ၏ စကားသံများဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကုန်သွယ်ရေးဝန်ကြီးများတွင်လည်း အဖွဲ့ကြီးနှင့်ပတ်သက်၍ ကြီးမားသော စိုးရိမ်မှုများ ရှိနေခဲ့လေသည်။ သို့ဖြစ်ရာ protests များသည် စီးတယ်လ်မြို့လမ်းများပေါ်တွင်သာမက ကွန်ဖရင့်ခန်းမများအတွင်းထိပင် ရှိနေခဲ့ပြီး၊ စီးတယ်လ်ဝန်ကြီးများအဆင့်အစည်းအဝေးသည် မည်သည့်သဘောတူညီချက်မျှမရပဲ ပြီးဆုံးသွားခဲ့ရလေသည်။ "The Battle in Seattle” ဟူ၍တော့ အမည်တွင်ကျန်ရစ်ခဲ့ပါသည်။


ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ကုန်သွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးကို နှစ်နှစ်လျှင်တကြိမ် ကျင်းပလေ့ရှိရာ နောက်တကြိမ်တွင်ကား စီးတယ်လ်သင်ခန်းစာကိုယူ၍၊ ဆန္ဒပြသူများ၏ အ၀င်အထွက်နှင့် ပြုမူဆောင်ရွက်ပုံကို ထိန်းချုပ်နိုင်သော အရှေ့အလယ်ပိုင်းဒေသ Qatar နိုင်ငံ၊ ဒိုဟာမြို့တော်၌ (၂၀၀၁)၊ နိုဝင်ဘာလတွင် ထပ်မံကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေးတွင် နိုင်ငံတကာညှိနှိုင်းဆွေးနွေးမှု new round ဖြစ်သော Development Round ကို ပြုလုပ်နိုင်ခဲ့သော်လည်း၊ ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှ မကျေမနပ်ဖြစ်နေကြဆဲပင်ဖြစ်သည်။


ယခုဆောင်းပါးတွင် အဆိုပါကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားမှ စည်းမျဉ်းဆိုင်ရာကစားပွဲများ၊ မကျေလည်မှုများအကြောင်းကို ရေးသားတင်ပြမည်ဖြစ်ပါသည်။


ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization)


ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့်ပတ်သက်၍ အချို့က အချုပ်အခြာအာဏာရှိသော နိုင်ငံများအပေါ်တွင် ပေါ်လစီများချမှတ်နေသည့် supranational government ဟု ထင်မှတ်နေကြပါသည်။ လက်တွေ့မှာမူ အဆိုပါအဖွဲ့သည် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးကို ထိန်းကျောင်းနိုင်သည့် သတ်မှတ်ချက်များနှင့် ပတ်သက်သောအဖွဲ့တခုသာဖြစ်ပါသည်။ နိုင်ငံတကာညှိနှိုင်းဆွေးနွေးမှုများကျင်းပရာ ဖိုရမ်တခုသာ ဖြစ်ပါသည်။ သတ်မှတ်ချက်စည်းမျဉ်းများကိုကား များသောအားဖြင့် consensus ဖြင့် သဘောတူလေ့ရှိရာ အဆုံးသတ်တွင် အားလုံးပျော်ရွှင်ရလိမ့်မည်ဟုကား မဆိုနိုင်ပါ။


နိုင်ငံရေး၊ စီးပွားရေးစနစ်များကွဲပြားမှုရှိသော ကမ္ဘာကြီးကို ကိုယ်စားပြုသည့် အဖွဲ့အစည်းတရပ်ဖြစ်သဖြင့် ခက်ခဲသော bargaining များရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် နိုင်ငံများအပေါ်၌ တွန်းအားပေးသော WTO အမြင်တခုအနေဖြင့် သီးသန့်မရှိပါ။ အခြေခံဖွဲ့စည်းပုံအရ ဆိုလျှင်တော့ စည်းမျဉ်းများအားလုံးသည် အဖွဲ့ဝင်နိုင်ငံများအကြားမှ သဘောတူညီချက်များဖြစ်ပြီး၊ သက်ဆိုင်ရာ အစိုးရပါလီမန်များမှ သတ်မှတ်ပေးထားသော စည်းမျဉ်းများဖြစ်ပါသည်။ မည်သည့်နိုင်ငံကိုမျှ အဖွဲ့ဝင်နိုင်ငံဖြစ်ရန် တွန်းအားပေးထားခြင်းမရှိပါ။


များသောအားဖြင့် WTO အဖွဲ့ဝင်များသည် နိုင်ငံများဖြစ်ကြပါသည်။ သဘောတူညီချက်များသည် ကုန်သွယ်ရေးမူဝါဒနှင့် သက်ဆိုင်ရာများဖြစ်သဖြင့် ဒေသတခုချင်း၏ ကုန်သွယ်ရေးမူဝါဒကို ထိန်းကျောင်းသော အုပ်ချုပ်ရေးဆိုင်ရာယူနစ်များအနေဖြင့်လည်း အဖွဲ့ဝင်ဖြစ်နိုင်ပါသည်။ ဥပမာ- ဥရောပ သမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများအကြားတွင် လွတ်လပ်စွာကုန်သွယ်မှုပြုနိုင်ခြင်းနှင့် အခြားအဖွဲ့ဝင်မဟုတ်သောနိုင်ငံများနှင့် ကုန်သွယ်ရာ၌ တူညီသော မူဝါဒ ရှိခြင်း စသည်တို့ကြောင့် WTO ၏ အဖွဲ့ဝင်ဖြစ်ပါသည်။ ထို့အပြင် (၁၉၉၅)ခုနှစ်တွင် WTO ဖွဲ့စဉ်က founding member ဖြစ်သော ဟောင်ကောင်သည် တရုတ်ပြည်မနှင့် ပြန်လည်ပေါင်းစည်းပြီး ဖြစ်လင့်ကစား၊ WTO ၏ အဖွဲ့ဝင်အဖြစ် သီးခြားရပ်တည်နေဆဲဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကား (၂၀၀၁) ခုနှစ်တွင် ခြားနားသော ကုန်သွယ်ရေးမူဝါဒရှိသည့် distinct member အဖြစ် WTO သို့ ၀င်ရောက်ခဲ့ပါသည်။


ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးတွင် အဖွဲ့ဝင်များ၏ စည်းမျဉ်းများလိုက်နာမှုကို အချိန်နှင့်အညီ စောင့်ကြည့်သုံးသပ်ရန် mechanism နှင့် အဖွဲ့ဝင်များအကြား အငြင်းပွားမှုများဖြစ်ပွားပါက settle လုပ်ရန် mechanism များရှိသော်လည်း၊ စည်းမျဉ်းများကိုကား enforce လုပ်ခွင့်မရှိပါ။ ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်များကဲ့သို့ အချုပ်အခြာအာဏာပိုင်နိုင်ငံများမှ ၄င်းတို့၏အကြံကို လိုက်နာရန် elements of consensus များသတ်မှတ်ထားခြင်းမရှိပါ။ principle အရကြည့်လျှင်တော့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများအကြားမှ ကုန်သွယ်မှုအတားအဆီးများ ကို လျှော့ချနိုင်ရန်နှင့် စည်းမျဉ်းသတ်မှတ်ထားသော ကုန်သွယ်မှုစနစ်တခုကို အဖွဲ့ဝင်နိုင်ငံများမှ ၄င်းတို့ဘာသာ လိုက်နာရန်သာဖြစ်သည်။


သို့ပေမယ့် ဝေဖန်သူအများကတော့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် အဖွဲ့အစည်း၏ autonomous bureaucracy အနေဖြင့်မဟုတ်ပဲ၊ ချမ်းသာသောနိုင်ငံများအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မူဝါဒရေဒရာများတွင် ၀င်ရောက်လွှမ်းမိုးနေပါသည်ဟု အဆိုပြုလာကြလေပြီ။ အဘယ်ကြောင့်နည်း။ ဝေဖန်ချက်များကို မဆန်းစစ်မီ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး ဖြစ်တည်လာရာ မူလအစသမိုင်းကြောင်းကို လေ့လာကြည့်ကြပါစို့။

(ဆက်လက်ဖော်ပြပါမည်)


ခင်မမမျိုး (၁၂၊ ၈၊ ၂၀၀၈)




1 comment:

  1. ဒီသမိုင်း က သေချာ မဖတ်ဖူးသေးလို့ ပြီးအောင် ရေးပေးပါ ဗျို့ ... စုံစုံ လင်လင် ... :P

    ReplyDelete